#Health_Tips
Published 13 August 2022
လူတွေဟာ အစာစားချင်လာတဲ့စိတ်ကို ဦးစားမပေးဘဲ အချိန်နဲ့စားသောက်သင့်ကြောင်း အကြံပေးကြလေ့ရှိပါတယ်။
တကယ်တမ်းကတော့ ကိုယ့်ရဲ့အစာစားချင်စိတ် အခြေအနေကိုကြည့်ပြီးမှ စားသောက်သင့်တယ်လို့ သိပ္ပံပညာရှင်များက ပြောလိုက်ပါတယ်။
ကိုယ်အလေးချိန်လျှော့ချတဲ့ စားသောက်ချိန်ဇယားမှာဆိုရင် ကယ်လိုရီတွက်ပြီး စားသောက်တာမျိုး၊ သတ်မှတ်ထားတဲ့အချိန်ကျမှ စားသောက်တာမျိုးတွေ ပြုလုပ်ကြပြီး ကိုယ့်ရဲ့အစာစားချင်စိတ် အခြေအနေကို လျစ်လျူရှုထားကြပါတယ်။
ဒါပေမဲ့ ကိုယ့်ရဲ့အစာစားချင်တဲ့စိတ်ကိုကြည့်ပြီး ဗိုက်ဆာမှစားသောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေတယ်လို့ အကြံပြုထားကြပါတယ်။
စားသောက်ချိန်ကို အချိန်နဲ့ဇယားနဲ့ သတ်မှတ်ပြီးစားသောက်တဲ့သူတွေထက်စာရင် ဆာလောင်တဲ့အချိန်မှ စားလေ့ရှိသူတွေက ကိုယ်အလေးချိန်လျော့ပြီး ပျော်ရွှင်ကျေနပ်မှုကို ခံစားရစေတယ်လို့ လေ့လာချက်မှာ တွေ့ရှိထားပါတယ်။
ခန္ဓာကိုယ်လိုအပ်ချက်အလိုက် နေထိုင်စားသောက်ခြင်းက အချိန်ဇယားနဲ့စားသုံးဖို့ထက် ပိုမိုအရေးကြီးကြောင်း သုတေသီတွေကဆိုပါတယ်။
နိုင်ငံ ၈ နိုင်ငံမှ လူလတ်ပိုင်းအယောက် ၆ ထောင်ကျော်ကို အွန်လိုင်းစစ်တမ်းကောက်ယူခဲ့ပြီး စားသောက်ခြင်းပုံစံတွေကို ဆာလောင်မှစားသောက်ခြင်း၊ စိတ်ခံစားမှုအရစားသောက်ခြင်းနဲ့ ထိန်းချုပ်စားသုံးခြင်းဆိုပြီး ခွဲခြားခဲ့ပါတယ်။
စိတ်ခံစားမှုဆိုတာက ဝမ်းနည်းခြင်းမျိုး၊ စိတ်ဖိစီးမှုမျိုးစတဲ့ ခံစားချက်တွေအပေါ်မူတည်ပြီး စားသောက်တတ်တဲ့ ပုံစံဖြစ်ပါတယ်။
ထိန်းချုပ်စားသုံးခြင်းကတော့ ကိုယ်အလေးချိန်ထိန်းသိမ်း လျှော့ချဖို့ရည်ရွယ်ပြီး အကန့်အသတ်နဲ့ စားသုံးတာမျိုးဖြစ်ပါတယ်။
ဆာလောင်စိတ်အတိုင်း စားသောက်တဲ့သူတွေက သူတို့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ကျေနပ်မှုရှိကြတာကို တွေ့ရှိရပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ်မြင့်မားကာ ပိုပြီးကိုယ်ရည်စစ်ကြပါတယ်။
အပြန်အလှန်အနေဖြင့် ထိန်းချုပ်စားသောက်တဲ့သူတွေနဲ့ စိတ်ခံစားချက်အရစားသောက်တဲ့သူတွေကတော့ ခန္ဓာကိုယ်အပေါ် ကျေနပ်ရောင့်ရဲမှု မရှိဘဲ ကိုယ်အလေးချိန်များနေတတ်ပါတယ်။
ဗြိတိန်စိတ်ကျန်းမာရေးဂျာနယ်မှာ သိပ္ပံပညာရှင်တွေဖော်ပြချက်အရ စားသောက်တဲ့အလေ့အကျင့်ပုံစံတွေက လူတွေသူတို့ကိုယ်သူတို့ ဘယ်လိုထင်မြင်ခံစားရလဲဆိုတာနဲ့ ဆက်စပ်နေပါတယ်။
ဆာလောင်ခြင်းနဲ့ စိတ်ဆိုးဒေါသထွက်ခြင်းတို့က ဆက်စပ်နေတယ်ဆိုတာ တကယ့်ဖြစ်ပျက်မှုတစ်ခုဖြစ်ပါတယ်။
ဆာလောင်လာတဲ့အခါမှာ ဒေါသထွက်ခြင်း၊ အထိမခံနိုင်ဖြစ်ခြင်းတို့အပြင် ကျေနပ်ရောင့်ရဲမှုနည်းပါးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Health_Tips
Published 13 August 2022
အစားမစားခင်မှာ မြေပဲစားသုံးပေးခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချခြင်းကို အကူအညီပေးနိုင်ကြောင်း Nutrients ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဆားအနည်းငယ်ဖြူးထားတဲ့ မြေပဲကို အစာမစားခင် တစ်နေ့နှစ်ကြိမ်စားသုံးခြင်းဟာ ကိုယ်အလေးချိန်လျော့ကျခြင်း၊ သွေးပေါင်ချိန်ကျစေခြင်း၊ အစာမရှိချိန် ဂလူးကိုစ်ပမာဏထိန်းညှိပေးခြင်း၊ သွေးတွင်းသကြားဓာတ် တည်ငြိမ်စေခြင်းတို့ကို အထောက်အပံ့ပေးပါတယ်။
တက္ကဆပ်နည်းပညာတက္ကသိုလ်နဲ့ ဩစတြေးလျတောင်ပိုင်းတက္ကသိုလ်တိုမှ သုတေသီများက ၂၀၂၁ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ဆီးချိုရောဂါဖြစ်လာနိုင်ချေရှိတဲ့ လူကြီးများကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး လေ့လာခဲ့ကြပါတယ်။
လူ ၅၀ ပါတဲ့အဖွဲ့တစ်ဖွဲ့ကို မြေပဲနဲ့ ထောပတ်မြေပဲတို့ကို မစားခိုင်းစေဘဲ ၅၇ ယောက်ပါတဲ့အဖွဲ့ကိုတော့ အစားမစားခင် မိနစ် ၃၀ အလိုမှာ လှော်ထားတဲ့မြေပဲ ၃၅ ဂရမ်ကို တစ်နေ့နှစ်ကြိမ် စားသုံးစေခဲ့ပါတယ်။
၆ လအပြီးမှာတော့ မြေပဲစားသုံးတဲ့အဖွဲ့က မြေပဲမစားတဲ့အဖွဲ့ထက် သွေးပေါင်ချိန်ပိုနည်းကာ သိသိသာသာ ကိုယ်အလေးချိန်ကျဆင်းလာခဲ့ပါတယ်။
"မြေပဲက ကျန်းမာရေးအတွက်သင့်တော်တဲ့ မပြည့်ဝဆီတွေ ကြွယ်ဝစွာပါဝင်ပြီး ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်"လို့ တက္ကဆပ်နည်းပညာတက္ကသိုလ်မှ လက်ထောက်ပရော်ဖက်ဆာ'ခရစ္စတီနာပီတာဆန်'က ပြောပြပါတယ်။
"မြေပဲက ကယ်လိုရီအများကြီးပါဝင်တယ်ဆိုပြီး လူတွေက မစားကြပါဘူး၊ ဒါပေမဲ့ ဒါဟာ စားချင်စိတ်ကိုလျော့ကျစေပြီး ဗိုက်ပြည့်နေတယ်လို့ ခံစားရစေတဲ့အတွက် ကိုယ်အလေးချိန်လျော့ကျချင်သူတွေအတွက် အကျိုးရှိပါတယ်"လို့ ပြောပြခဲ့ပါတယ်။
မြေပဲတစ်ခါစားတဲ့အခါ ပရိုတိန်း ၇ ဂရမ်၊ အမျှင်ဓာတ် ၃ ဂရမ်၊ ဗိုက်တာမင်နဲ့သတ္တုဓာတ် ၁၉ မျိုးပါဝင်ပါတယ်။
မြေပဲတွေက အဟာရရှိစေပြီး ဆားအနည်းငယ်ဖြူးလိုက်ရင် အပေါ်သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။
မြေပဲကိုဆားအနည်းငယ်ဖြူးပြီးစားရင် ဆိုဒီယမ်အနည်းငယ်ပါဝင်တဲ့အပြင် အာဂျင်နင်းလိုခေါ်တဲ့ အမိုင်နိုအက်ဆစ်က သွေးကြောတွေကိုကျယ်စေကာ သွေးပေါင်ချိန်လျှော့ချပေးပါတယ်။
ဒါ့အပြင် မဂ္ဂနီဆီယမ်ကလည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Entertainment
Published 12 August 2022
အိန္ဒိယမှာ အားပေးမှုနည်းပါးတဲ့ ရုံတင်ဇာတ်ကားများပြသခဲ့ပြီးနောက် ဟိန္ဒူဘာသာစကားဖြင့်ရိုက်ကူးတဲ့ ဘောလိဝုဒ်ဇာတ်ကားများ ပြန်လည်ကျော်ကြားလာစေရန် ရည်ရွယ်ပြီး ဟောလိဝုဒ်ဇာတ်ကားဟောင်း Forrest Gump ကို မွမ်းမံရိုက်ကူးထားတဲ့ဇာတ်ကားကို ပြသနေပြီဖြစ်ပါတယ်။
#Yangon_Media_Group
Published 12 August 2022
အင်ဒိုနီးရှားတပ်ဖွဲ့တွေနှင့် အမေရိကန်နှင့်သူ့မဟာမိတ်တပ်ဖွဲ့တွေဟာ သောကြာနေ့က လက်တွေ့ပစ်ခတ်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါဟာ ဒေသဆိုင်ရာ ပဋိပက္ခတစ်ခုကို ဟန့်တားဖို့ဖြစ်တယ်လို့ အမေရိကန်ထိပ်တန်းဗိုလ်ချူပ်ကြီးတစ်ဦးကပြောပါတယ်။
ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ အခိုင်အမာဆောင်ရွက်မှုတွေတိုးမြှင့်လာတဲ့အပေါ် အမေရိကန်နှင့် အာရှမဟာမိတ်တွေက စိုးရိမ်မှုတွေကြီးထွားလာပါတယ်။ ဒါပေမယ့် ယခင်စစ်ရေးလေ့ကျင့်ရေးတွေထက် ယခုလေ့ကျင်မှုက ကြီးမားပေမယ့် ဒါဟာ ဘယ်နိုင်ငံတစ်နိုင်ငံကိုမှ မရည်ရွယ်ပါဘူးလို့ အမေရိကန်ကပြောပါတယ်။
ဒီလေ့ကျင့်ခန်းကို အင်ဒိုနီးရှားက စူပါ ဂရုဒါ ဒိုင်း (Super Garuda Shield) လို့ အမည်ပေးထားပြီး တရုတ်က ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်အပြီး သိပ်မကြာခင်လုပ်ဆောင်လာကြတာပါ။
“ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မတည်မငြိမ်ဖြစ်စေတဲ့လှုပ်ရှားဆေင်ရွက်မှုတွေဟာ ထိုင်ဝမ်ကို ခြိမ်းခြောက်မှုတွေ ဖြစ်နေပြီး ဒါမျိုးကို ကျွန်တော်တို့ရှောင်ရှားလိုတာဖြစ်တယ်။ ကျွန်တော်တို့ဟာနေ့တိုင်း စစ်ပွဲမဖြစ်ဖို့ ကြိုးစားတားဆီးနေတယ်” လို့ အမေရိကန် အာရှပစိဖိတ်စစ်တိုင်းမှူး ရေတပ်ဗိုလ်ချူပ်ကြီး ဂျွန် အက်ကွီလီနိုကပြောပါတယ်။
သောကြာနေ့လေ့ကျင့်မှုကိုတော့ ဩစတြေလျနှင့်စင်္ကာပူတပ်ဖွဲ့တွေက အမေရိကန်နှင့်အင်ဒိုနီးရှားတပ်ဖွဲ့တွေနှင့်အတူ ပါဝင်ခဲ့ကြပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အပါချီရဟတ်ယာဉ်တွေက စနစ်တကျပျံသန်းပြီး စက်သေနတ်တွေ၊ ဒုံးပျံတွေနှင့် တောင်ထူထပ်တဲ့လေ့ကျင့်ရေးဧရိယာမှာ ပစ်ခတ်ကြပြီး ဂျဗီလင် တင့်ကားဖျက်ဒုံကျည်တွေကိုလည်း ပစ်ခတ်လေ့ကျင့်ခဲ့ကြပါတယ်။
ဒီစစ်ရေးလေ့ကျင့်ခန်းဟာ ထိုင်ဝမ်အခြေအနေကြောင့် ပြုလုပ်တယ်ဆိုတဲ့ အချက်ကို အင်ဒိုနီးရှား တပ်ချုပ် အန်ဒီကာ ပတ်ကာဆာက ငြင်းဆိုလိုက်ပြီး ဒီပွဲကို စီစဉ်ထားခဲ့တာကြာပြီလို့ပြောပါတယ်။
အက်ကွီလီနိုက အင်ဒိုနီးရှားမိတ်ဆွေပြောတဲ့နောက် သံယောက်လိုက်ပြောရမှာပဲလို့ဆိုလိုက်ပြီး အမေရိကန်ပြည်ထောင်စုဟာ တစ်နှစ်ပတ်လုံးမှာ ဒီလိုလေ့ကျင့်ခန်းတွေ ၁၂၀ ခန့်အထိလုပ်ဆောင်နေတယ်။ ဒေသထဲက နိုင်ငံတွေ ပိုအခြေအနေကောင်းလာတဲ့အတွက် ဒီလိုလေ့ကျင့်ခန်းတွေ ပိုပြီး လွတ်လပ်လာပြီး ခက်ခဲရှုပ်ထွေးတာတွေပါလာလိမ့်မယ်လို့ ပြောသွားပါတယ်။
ကနေဒါ၊ပြင်သစ်၊အိန္ဒိယ၊မလေးရှား၊တောင်ကိုးရီးယား၊ပါပေါနယူးဂီနီ၊ အရှေ့တီမော်လ်၊နှင့်ဗြိတိန်တို့က စောင့်ကြည့်လေ့လာသူအဆင့်အဖြစ် ယခုစစ်ရေးလေ့ကျင့်မှုမှာပါဝင်ခဲ့ကြပါတယ်။
Source: AFP
#Indonesia_US_Joint_Live_Drill
#US_China
#Asia_Pacific
#DailyNews
Published - 12 August 2022
၁။ စက်သုံးဆီဈေးနှုန်းဆက်တိုက်မြင့်တက်လာ၊ မြို့နယ်အချို့စက်သုံးဆီ ပြတ်လပ်နေ၍ ဝယ်ယူရခက်နေ
၂။ ရွှေအသင်းမှ ထုတ်ပြန်သည့်ဈေးထက် ပြင်ပပေါက်ဈေးတွင် ရွှေဈေးကျပ်၂၅ သိန်း အထက်ရှိနေ
၃။ ကရင်ပြည်နယ်၊ မြဝတီဒေသတွင်ရေဘေးနှင့် သဘာဝဘေးအတွက်စိုးရိမ်နေရ
၄။ Forrest_Gump ဇာတ်ကားအား မွမ်းမံရိုက်ကူးထားသည့် ဘောလိဝုဒ်ဇာတ်ကားဖြင့် အိန္ဒိယရုပ်ရှင်လောက ပြန်လည်ဦးမော့လာရန်မျှော်လင့် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_News
Published 12 August 2022
ကျည်ကာအင်္ကျီဝတ်ဆင်ထားတဲ့ လက်နက်ကိုင်လူတစ်ဦးဟာ ကြာသပတေးနေ့က စင်စင်နာတီရှိ အက်ဖ်ဘီအိုင်ရုံးကို ဖောက်ထွင်းဝင်ရောက်ဖို့ကြိုးစားခဲ့ပြီးနောက် ကျေးလက်နေရာတစ်ခုမှာ အိုဟိုင်ယိုပြည်နယ်အဝေးပြေး လမ်းထိန်းရဲတပ်ဖွဲ့နဲ့ အချိန်ကြာမြင့်သည်အထိ ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖလော်ရီဒါရှိ သမ္မတဟောင်း'ဒေါ်နယ်ထရမ့်'ရဲ့ မာရာလာဂိုအိမ်ယာကို အက်ဖ်ဘီအိုင်က ဝင်ရောက်စီးနင်းပြီးနောက် အက်ဖ်ဘီအိုင်အေးဂျင့်တွေကို ခြိမ်းခြောက်မှုတွေ ပြုလုပ်လာလိမ့်မယ်လို့ အရာရှိများက ကြိုတင်သတိပေးထားပါတယ်။
ထိုလူဟာ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့ လွှတ်တော်အဆောက်အအုံ တိုက်ခိုက်သောင်းကျန်းမှုဖြစ်ခဲ့တဲ့ ရက်များအတွင်း ဝါရှင်တန်မှာရှိခဲ့ပုံရပြီး တိုက်ခိုက်တဲ့အထဲမှာလည်း ပါဝင်ခဲ့တယ်လို့ ယူဆရကြောင်း တရားဥပဒေစိုးမိုးရေးအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
ထိုအရာရှိက စုံစမ်းစစ်ဆေးရေးအသေးစိတ်များကို လူသိရှင်ကြားမထုတ်ဖော်ခဲ့ပါဘူး။
တရားခံဟာ အသက် ၄၂ နှစ်အရွယ် 'ရစ်ကီရှစ်ဖာ'လိုအမည်ရပြီး ဇန်နဝါရီ ၆ ရက်နေ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခံရခြင်းမရှိခဲ့ပါဘူး။
'ရှစ်ဖာ'က လက်ယာနိုင်ငံရေးအစွန်းရောက်အဖွဲ့များနဲ့ ဆက်စပ်မှုရှိလားဆိုတာကိုတော့ အစိုးရစုံစမ်းရေးမှူးများက စစ်ဆေးနေကြပါတယ်။
'ရှစ်ဖာ'ဟာ မနက် ၉ နာရီ ၁၅ မိနစ်အချိန်မှာ အက်ဖ်ဘီအိုင်ရုံး ဧည့်တွေ့နေရာသို့ ဝင်ရောက်ရန်ကြိုးပမ်းခဲ့ကြောင်း၊ အေးဂျင့်တွေရောက်လာတဲ့အခါ ထွက်ပြေးသွားကြောင်း၊ ကြားပြည်နယ်-၇၁ သို့ထွက်ပြေးရာမှာ တပ်ဖွဲ့ဝင်တွေက သူ့နောက်လိုက်ဖမ်းခဲ့ကြပြီး တပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ခဲ့ကြောင်း အိုဟိုင်ယိုပြည်နယ်အဝေးပြေးလမ်းစောင့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူး'နသန်ဒင်းနစ်'က ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
'ရှစ်ဖာ'က စင်စင်နာတီမြောက်ပိုင်းကြားပြည်နယ်မှ ထွက်ပြေးကာ သူ့ကားကို ကျေးလက်လမ်းတစ်နေရာမှာထားခဲ့ပြီး ထိုနေရာမှာပင် ရဲတွေနဲ့အပြန်အလှန်ပစ်ခတ်ကာ ဒဏ်ရာရရှိခဲ့ကြောင်း၊ အခြားဘယ်သူမှ မထိခိုက်ခဲ့ကြောင်း 'ဒင်းနစ်'က ဆိုပါတယ်။
ညနေ ၃ နာရီလောက်မှာ 'ရှစ်ဖာ'က ရဲတွေကိုသေနတ်ဖြင့် ချိန်ရွယ်လိုက်စဉ်မှာ သူ့ကိုပစ်သတ်ခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က ပိုပြီးအန္တရာယ်ကင်းစိတ်ချရတဲ့ နည်းလမ်းတွေနဲ့ ညှိနှိုင်းမှုပြုလုပ်ရာမှာ မအောင်မြင်ခဲ့ဘဲ အသေပစ်သတ်ရတဲ့အထိ ဖြစ်ပျက်ခဲ့ပုံရပါတယ်။
အခင်းဖြစ်ပွားရာနေရာသို့ သွားတဲ့လမ်းတွေကို ပိတ်ပင်ခဲ့ရပြီး ရဟတ်ယာဉ်ဖြင့် အနားတဝိုက်ကိုစောင့်ကြည့်ခဲ့ကြပါတယ်။
တစ်မိုင်ပတ်လည်ဝန်းကျင်ကို အသွားအလာပိတ်ပင်ကာ လူနေအိမ်များနဲ့ လုပ်ငန်းဆိုင်များကို တံခါးပိတ်ပြီး အထဲမှာနေဖို့ ညွှန်ကြားခဲ့ကြပါတယ်။
'ထရမ့်'ရဲ့ မာရာလာဂိုအိမ်ယာကို အစိုးရအေးဂျင့်များက ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ပြီးကတည်းက နိုင်ငံအနှံရှိ အက်ဖ်ဘီအိုင်အေးဂျင့်များနဲ့ ရုံးများကို ခြိမ်းခြောက်မှုများ ပြုလုပ်လာကြပါတယ်။
နာမည်ကြီး Gab ဆိုရှယ်မီဒီယာပေါ်မှာ လူဖြူဝါဒီသမားများနဲ့ ဂျူးဆန့်ကျင်ရေးသမားများက လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲဖို့ ပြင်ဆင်နေကြကြောင်း သတိပေးထားပါတယ်။
အစိုးရအေးဂျင့်အဖွဲ့အစည်းတွေကို အကြမ်းဖက်ခြိမ်းခြောက်နေသူများကို ဆိုရှယ်မီဒီယာများမှတဆင့် အရာရှိများက ခြေရာခံစောင့်ကြည့်နေပါတယ်။
အေးဂျင့်များအနေနဲ့ ဆန္ဒပြမှုများကိုရှောင်ရှားရန်၊ အက်ဖ်ဘီအိုင်ပြင်ပနေရာတွေမှာ သူတို့ရဲ့လုံခြုံရေးကတ်ပြားများကို လူမမြင်အောင်ထိန်းသိမ်းထားရန် အက်ဖ်ဘီအိုင်က ဗုဒ္ဓဟူးနေ့မှာ သတိပေးခဲ့ပါတယ်။
Source: AP News
#Yangon_Media_Group
#World_Science
Published 12 August 2022
ပင့်ကူတွေက အိပ်နေစဉ် လူသားတွေလိုမျိုး အကြောဆွဲတတ်ပြီး အိပ်မက်တွေပါ မက်လောက်ဖွယ်ရှိတယ်လို့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။
ဂျာမနီမှသုတေသီများက ဓာတ်ရောင်ခြည်ကင်မရာဖြင့် ခုန်ကူးတတ်တဲ့ပင့်ကူပေါက် ၃၀ ကျော်လောက်ကို မှတ်တမ်းတင်ရိုက်ကူးခဲ့ပါတယ်။
သူတို့နားနေစဉ်မှာ ခြေလက်အကြောဆွဲခြင်းနဲ့ ခြေထောက်ကွေးဆန့်ခြင်းတို့ ပြုလုပ်တတ်ကြပါတယ်။
ဒါဟာ လူသားတွေမှာ အိပ်နေစဉ် အိပ်မက်မက်တတ်ချိန်မှာ ပိတ်ထားတဲ့မျက်ခွံနောက်မှာ မျက်လုံးရွေ့လျားခြင်း(REM)မျိုးနဲ့ ဆင်တူပါတယ်။
ဒါကြောင့် ပင့်ကူတွေဟာလည်း REM အိပ်စက်ခြင်းအဆင့်မျိုးကြုံတွေ့ရပြီး အိပ်မက်လည်းမက်လောက်တယ်လို့ ယူဆရပါတယ်။
မျက်လုံးရွေ့လျားခြင်းဖြစ်စဉ်ဟာ ခြားခြားပြီးဖြစ်ပျက်တတ်ကာ ညဉ့်နက်လာတာနဲ့အမျှ အကြိမ်ရေ ပိုများလာပါတယ်။
အချို့ငှက်တွေနဲ့ နို့တိုက်သတ္တဝါတွေဟာလည်း REM အိပ်စက်ခြင်းမျိုးရှိကြောင်း တွေ့ရှိထားပါသေးတယ်။
ပင့်ကူတွေကတော့ သူတို့လောက် အာရုံစိုက်ခြင်းမခံရတာကြောင့် ထိုအကြောင်းအရာများကို သိပ်ပြီးမသိရှိခဲ့ကြတာပါ။
ခုန်ကူးတတ်တဲ့ Evarcha arcuata ပင့်ကူမျိုးစိတ်ကို လေ့လာရာမှာ သူတို့က နားနေတဲ့အခါ ပင့်ကူမျှင်ကြိုးအတိုင်း ဇောက်ထိုးအနေအထားဖြင့် တွဲလောင်းနေကြပါတယ်။
ပင့်ကူနဲ့ဆင်တူတဲ့ မျိုးစိတ်သတ္တဝါအများအပြားဟာ ရွေ့လျားနိုင်တဲ့မျက်လုံးမရှိတာကြောင့် သူတို့ရဲ့အိပ်စက်ပုံနဲ့နှိုင်းယှဉ်ဖို့ခက်နေပါတယ်။
ထိုပင့်ကူမျိုးစိတ်တွေကတော့ သားကောင်လိုက်ချိန်မှာ မျက်စိကိုရွေ့လျားအသုံးချရပါတယ်။
ပင့်ကူတွေရဲ့ REM အိပ်စက်ခြင်းပုံစံက လူသားတွေနဲ့သာမက ခွေးတွေ ကြောင်တွေနဲ့ပါ ဆင်တူနေပါတယ်။
ပင့်ကူတွေက လူသားတွေနဲ့ မျိုးရိုးချင်းအလွန်ကွာခြားတာကြောင့် အခုလို အိပ်စက်တဲ့ ပုံစံဆက်စပ်နေတာက စဉ်းစားစရာဖြစ်နေပါတယ်။
ပင့်ကူတွေနားနေချိန်မှာ တကယ်အိပ်နေတာလားဆိုတာကိုလည်း သုတေသီတွေ အဖြေရှာရဦးမှာပါ။
ဒါနဲ့ပတ်သက်ပြီး REM အိပ်စက်ခြင်းအဆင့်က အဓိကသော့ချက်ဖြစ်လာနိုင်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
Page 671 of 864