Published_ 6 September 2023
ဆိုရှယ်မီဒီယာတွေပေါ်မှာ ပို့စ်တွေ အများအပြားတင်တာက ပုံမှန်လိုဖြစ်နေကြပေမယ့် အလုပ်ရှင်တွေကတော့ အလုပ်လျှောက်သူတွေရဲ့ အွန်လိုင်းပေါ်က ထိခိုက်နာကျင်မှု အကြောင်းအရာတွေကို ကြည့်ပြီး သဘောကျညှာတာနေမှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူများက သတိပေးလိုက်ပါတယ်။
သုတေသနပြုချက်အရ အလုပ်လျှောက်သူတွေအနေနဲ့ အွန်လိုင်းမှာတင်တဲ့ အကြောင်းအရာတွေကို ပိုမိုသတိထားပြီးတင်ရန် တိုက်တွန်းလိုက်ပြီး အနာဂတ်မှာ အလုပ်လုပ်ရမယ့် အလုပ်ရှင်တွေက ဆိုရှယ်မီဒီယာအကောင့်တွေကို အကဲဖြတ်ပြီး စိတ်ကျန်းမာရေး အခြေအနေတွေကို လေ့လာနေနိုင်တယ်လို့ ဆိုပါတယ်။
ဆိုရှယ်မီဒီယာတွေမှာ အလွန်အကျွံပို့စ်တင်ခြင်းဖြင့် အလုပ်ရှင်တွေဘက်က အလုပ်လျှောက်ထားသူတွေအပေါ် သိမြင်နားလည်မှု၊ စိတ်ခံစားချက် တည်ငြိမ်မှုရှိမရှိ၊ တာဝန်သိတတ်စိတ်ရှိမရှိတို့ကို ထိခိုက်စေနိုင်တယ်လို့ သုတေသီများ တွေ့ရှိခဲ့ပါတယ်။
လူတွေက စိတ်ဒဏ်ရာရရှိမှုကို ပြေလျော့စေချင်တဲ့အနေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ စိတ်ခံစားမှုပြဿနာတွေကို ဖော်ပြလေ့ရှိကြကြောင်း မြောက်ကယ်ရိုလိုင်းနားပြည်နယ်တက္ကသိုလ်မှ စိတ်ကျန်းမာရေးပရော်ဖက်ဆာ လိုရီဖော်စတာက ပြောပြသွားပါတယ်။
စိတ်ဒဏ်ရာတွေကို ဖြေဖျောက်နိုင်ဖို့က အလွန်အရေးကြီးပေမယ့် Linkedlnလိုမျိုး ဆိုရှယ်မီဒီယာတွေမှာ စိတ်ခံစားချက်တွေကို ဖော်ပြတာက မမြင်နိုင်တဲ့ အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
အသုံးပြုသူပေါင်း သန်း ၉၃၀ ကျော်ရှိတဲ့ Linkedln နဲ့ အလုပ်ခန့်အပ်ဖူးသူ ၄၀၉ ဦးတို့ကို စစ်တမ်းကောက်ယူကြည့်ခဲ့ပါတယ်။
၂၅ ရာခိုင်နှုန်းလောက်က Linkedln မှာ စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းကို ဖော်ပြနေတဲ့ အကြောင်းအရာတွေ တင်ထားပြီး နောက်ထပ် ၂၅ ရာခိုင်နှုန်းကတော့ မတင်ထားပါဘူး။
နောက်ထပ် ၂၅ ရာခိုင်နှုန်းက စိတ်ကျန်းမာရေးအကြောင်း မကြည့်ဘဲ အသံပိုင်းအင်တာဗျူးကိုသာ နားထောင်ခဲ့ကာ ကျန် ၂၅ ရာခိုင်နှုန်းကတော့ စိတ်ကျန်းမာရေးပြဿနာ ပို့စ်အကြောင်းကြည့်ရှုခဲ့သလို အင်တာဗျူးအကြောင်းကိုလည်း နားထောင်ခဲ့ပါတယ်။
ထိုအခါ စိတ်ကျန်းမာရေးပြဿနာများအကြောင်း ဖော်ပြထားတဲ့သူတွေကို စိတ်ခံစားချက် မတည်ငြိမ်သူ တာဝန်သိစိတ်မရှိသူများအဖြစ် အလုပ်ခန့်အပ်မယ့်သူတွေက ရှုမြင်ခဲ့ကြတာကို မြင်တွေ့ခဲ့ရတယ်လို့ မယ်ရီဒစ်ကောလိပ်မှ စိတ်ကျန်းမာရေး တွဲဖက်ပရော်ဖက်ဆာ ယန်နာမက်ချက်စ်နေးက ရှင်းပြခဲ့ပါတယ်။
ဒီတွေ့ရှိချက်တွေက လူတွေအနေနဲ့ စိတ်ခံစားချက်များအကြောင်းကို ဆိုရှယ်မီဒီယာမှာ မတင်ဖို့ တားမြစ်ချင်တာမဟုတ်ဘဲ အလုပ်ရှင်တွေက ထိုကဲ့သို့ထင်မြင်တတ်တာကို သတိပေးချင်တာဖြစ်တယ်လို့ ပြောပြသွားပါတယ်။
ဒီအတွက် အလုပ်လျှောက်သူတွေရဲ့ အမှားသာဖြစ်တယ်လို့ မဆိုနိုင်ဘဲ စေ့စေ့စပ်စပ်ရှာဖွေတဲ့ အလုပ်ရှင်တွေကိုလည်း ထည့်သွင်းစဥ်းစားရမှာ ဖြစ်ပါတယ်။
အလုပ်ခန့်မယ့်သူတွေက ဆိုရှယ်မီဒီယာတွေမှာ အလုပ်လျှောက်ထားသူတွေအကြောင်း ရှာကြည့်မယ်ဆိုရင် သူတို့အပေါ် မကောင်းမြင်နိုင်တဲ့စိတ် မသိမသာပေါ်ပေါက်လာပါတယ်လို့ ဖော်စတာက ရှင်းပြသွားပါတယ်။
Source: New York Post.
#World_Jobs
#YMG #Yangon_Times
Published_ 6 September 2023
အသားအရေပေါ်မှာ ပေါ်လာတတ်တဲ့ အရေးကြောင်းအတွန့်တွေဟာ မျက်နှာနဲ့ လည်ပင်းတို့မှာ အဓိက ဖြစ်ပေါ်တတ်ပါတယ်။
အရေးကြောင်းတွေ ဖြစ်ပေါ်ရတာဟာ အသက်အရွယ်၊ မျိုးရိုးဗီဇ၊ မျက်နှာအမူအရာ အကြိမ်ကြိမ်ပြုလုပ်ခြင်း၊ နေရောင်ကြောင့်ပျက်စီးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရေပြားကျုံ့နိုင်ဆန့်နိုင်စွမ်း လျော့နည်းလာခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။
အရေပြားဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး ရှေးရိုးစွဲယုံကြည်ချက်တွေ အယူအဆမှားတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
(၁) အသက်ကြီးလာမှသာ အရေးကြောင်း ပေါ်တတ်တာမဟုတ်ဘဲ အသက်အရွယ်မရွေး ဖြစ်ပေါ်နိုင်ကာ မျိုးရိုးဗီဇ၊ နေထိုင်စားသောက်မှုပုံစံ၊ ပုံမှန်အရေပြား ထိန်းသိမ်းစောင့်ရှောက်မှု စတဲ့အချက်အလက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
(၂) အမျိုးသမီးတွေမှာသာ အရေးကြောင်း ပေါ်တတ်တယ်ဆိုတာ မဟုတ်ဘဲ အမျိုးသားရော အမျိုးသမီးတွေမှာပါ အသက်ကြီးလာတာနဲ့အမျှ အရေးကြောင်း ဖြစ်ပေါ်တတ်ပြီး အမျိုးသမီးတွေကတော့ အလှအပရေးရာ စံနှုန်းများကြောင့် ပိုမိုစိုးရိမ်တတ်ကြတာ ဖြစ်ပါတယ်။
(၃) မျက်မှောင်ကျုံ့ခြင်း နှာခေါင်းရှုံ့ခြင်းတို့ကြောင့်သာ အရေးကြောင်းဖြစ်တယ်ဆိုတာလည်း မဟုတ်မှန်ဘဲ နေရောင်ထိတွေ့ခြင်း ဆေးလိပ်သောက်ခြင်း ကော်လာဂျင်ဆုံးရှုံးခြင်းတို့ကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။
(၄) မျက်နှာလိမ်းခရင်မ်များက အရေးကြောင်းတွေကို လုံးဝဖယ်ရှားနိုင်တယ်ဆိုတာ မဟုတ်မှန်ဘဲ အစိုဓာတ်ထိန်းသိမ်းပေးတဲ့ အလှကုန်ပစ္စည်းတွေက အရေးကြောင်းလေးတွေကို ယာယီသာ ဖုံးအုပ်ပေးနိုင်တာ ဖြစ်ပါတယ်။
(၅) အရေးကြောင်းတွေက တသက်လုံးပြန်မပျောက်တော့ဘူးဆိုတာ အလုံးစုံမှန်ကန်ခြင်းမရှိဘဲ ဘိုတောက်စ်၊ အရေပြားဖြည့်တင်းဆေး၊ လေဆာကုသနည်း၊ ပလတ်စတစ်ခွဲစိတ်ခြင်းများဖြင့် အရေးကြောင်း အနည်းဆုံးကြောင်းဖြစ်အောင် ပြုပြင်နိုင်ပါတယ်။
(၆) မျိုးရိုးလိုက်တယ်ဆိုတာက အရေးကြောင်းပေါ်ပေါက်ရာမှာ အရေးပါပေမယ့် အခြားအချက်အလက်များကလည်း များစွာပါဝင် ပတ်သက်နေပါတယ်။
အရေးကြောင်းတွန့်များ ပေါ်ပေါက်ရတဲ့ အကြောင်းတရားအမှန်တွေကတော့..
(၁) အသက်အရွယ် ရလာတာနဲ့အမျှ အရေပြားက ခြောက်သွေ့လာပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်း လျော့ကျလာကာ အရေးကြောင်းများ ဖြစ်ပေါ်လာပါတယ်။
(၂) အကာကွယ်မပါဘဲ နေရောင်ခြည်နဲ့ ထိတွေ့တာများတဲ့အခါ ကော်လာဂျင်နဲ့ အီလက်စ်တင်ဆုံးရှုံးပြီး ငယ်ရွယ်စဥ်မှာပင် အရေးကြောင်းများ ဖြစ်ပေါ်လာစေပါတယ်။
(၃) ဆေးလိပ်ကြောင့် အရေပြားကျုံ့နိုင်ဆန့်နိုင်စွမ်း လျော့ကျလာကာ စောစီးစွာ အရေးကြောင်းပေါ်ပေါက်လာတတ်ပြီး ဆေးလိပ်မသောက်သူများထက် အရေးကြောင်းက ပိုပြီးထင်ရှားတတ်ပါတယ်။
(၄) မျက်နှာမှာ ရေဓာတ်ထိန်းသိမ်းခြင်း၊ ပုံမှန်ထိန်းသိမ်း စောင့်ရှောက်ခြင်းတို့ မပြုလုပ်ပါက အရေးကြောင်းပေါ်ခြင်းကို ပိုမိုဆိုးရွားစေပါတယ်။
(၅) မျက်နှာကို ခေါင်းအုံးပေါ်ဖိပြီး အိပ်စက်ခြင်းဖြင့် အချိန်ကြာလာတာနဲ့အမျှ အရေးကြောင်း ဖြစ်ပေါ်လာတတ်ပါတယ်။
(၆) စိတ်ဖိစီးမှုကြောင့် ကော်တီဆောလ်ဟော်မုန်း ထွက်ရှိကာ အရေပြားရှိ ကော်လာဂျင်ကို ဖြိုခွဲတဲ့အတွက် အရေးကြောင်းပိုမို ဖြစ်ပေါ်စေတတ်ပါတယ်။
Source: DoctorNDTV.
#World_Health
#YMG #Yangon_Times
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့၏ ကျူးကျော်ရက်စက်မှုသမိုင်းအမှန်ကို ဖော်ပြထားသည့်ပြပွဲ ယိုကိုဟားမားတွင်ခင်းကျင်းပြသ
တရုတ်နဲ့ ပစိဖိတ်စစ်ပွဲတို့မှာ ဂျပန်တိုရဲ့ကျူးကျော်မှုအကြောင်း ပြသထားတဲ့ပွဲကို ဂျပန်အလယ်ပိုင်း ယိုကိုဟားမားမြိုမှာ ပြုလုပ်နေပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ရဲ့ ကျူးကျော်မှု သမိုင်းကြောင်းတွေကို ထုတ်ဖော်ပြသနေပါတယ်။
#World_Event
#Published_ 5 September 2023
#YMG #Yangon_Times
#Daily_News
Published_ 5 September 2023
၁။ ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ပျှမ်းမျှ ၂ သိန်းခန့် ကျဆင်းလာ ဟုဆို
၂။ မူဆယ်-ကျင်စန်းကျော့ ဂိတ်ပေါက်က တရုတ်နိုင်ငံသို့ ပို့ကုန်တွဲကား အစီး ၃၀၀ ကျော် သွားနေ
၃။ ကြိုမှာယူသည့် EV မော်တော်ကားများ လက်ထဲမရောက်နိုင်သည့်ကိစ္စ တိုင်ကြားသူများရှိနေ
၄။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့၏ ကျူးကျော်ရက်စက်မှုသမိုင်းအမှန်ကို ဖော်ပြထားသည့်ပြပွဲ ယိုကိုဟားမားတွင် ခင်းကျင်းပြသ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published 5 September 2023
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ယခုလအတွင်း ရုရှားသို့သွားရောက်ကာ သမ္မတဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံရန် စီစဥ်ထားကြောင်း အမေရိကန်အရာရှိတစ်ဦးက BBC သတင်းဌာနမိတ်ဖက် CBS ထံ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားက ယူကရိန်းစစ်ပွဲမှာ ရုရှားအတွက် လက်နက်များ ထောက်ပံ့သွားဖွယ်ရှိနေတဲ့ ကိစ္စရပ်များအကြောင်း အဆိုပါခေါင်းဆောင်နှစ်ဦး ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ အမေရိကန်အရာရှိက ပြောပြခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးရန် စီစဥ်ထားတဲ့ နေရာအတိအကျကိုတော့ သေချာမသိရသေးပါဘူး။
ဒီလိုထွက်ပေါ်လာတဲ့ သတင်းနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားဘက်ကရော ရုရှားဘက်ကပါ မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပါဘူး။
ကင်မ်ဂျုံအန်းဟာ သံချပ်ကာရထားဖြင့် သွားရောက်ဖွယ်ရှိတယ်လို့ သတင်းရင်းမြစ်များက New York Times ကို ပြောကြားခဲ့ပါတယ်။
ထိုနှစ်နိုင်ငံကြား လက်နက်ညှိနှိုင်းရေးက အတော်လေးခရီးပေါက်နေတယ်လို့ အိမ်ဖြူတော်က သတင်းသစ်ရရှိပြီးနောက် အခုလိုတွေ့ဆုံမယ့် အစီအစဥ် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူ မကြာသေးမီက မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်စဥ် ရုရှားထံသို အမြှောက်ကျည်ဆံများ ရောင်းချပေးရန် မြောက်ကိုရီးယားကို စည်းရုံးကြိုးပမ်းခဲ့ကြောင်း အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပြသွားပါတယ်။
အဲဒီနောက် ပူတင်နဲ့ ကင်မ်ဂျုံအန်းတို့ဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်သွားရန် ကတိပြုကြတဲ့စာများ အပြန်အလှန် ပေးပို့ခဲ့ကြပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ရုရှားနဲ့ လက်နက်ညှိနှိုင်းတာတွေကို ရပ်တန့်ရန်၊ ရုရှားထံသို့ လက်နက်များ မရောင်းချဘူးလို့ လူအများကို ကတိပြုထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ရန် မြောက်ကိုရီးယားကို တိုက်တွန်းလိုပါတယ်လို့ မစ္စတာကာဘီက ပြောပြသွားပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ရုရှားကို လက်နက်ထောက်ပံ့ပါက အမေရိကန်က အရေးယူသွားမှာဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်သွားမှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။
ခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံမှုက ရုရှားအရှေ့ဘက်ကမ်းရိုးတန်း ဗလာဒီဗိုစတော့မြို့မှာ ဖြစ်နိုင်ချေရှိတယ်လို့ New York Times က ဖော်ပြထားပါတယ်။
လုံခြုံရေးအရာရှိများပါဝင်တဲ့ မြောက်ကိုရီးယားရှေ့ပြေးအဖွဲ့တစ်ဖွဲ့ဟာ ပြီးခဲ့တဲ့လက ဗလာဒီဗိုစတော့နဲ့ မော်စကိုတို့ထံ သွားရောက်လည်ပတ်ခဲ့တာကြောင့် တွေ့ဆုံရန်စီစဥ်နေတာ ဖြစ်နိုင်တယ်လို့ သံတမန်သတင်းထောက် အက်ဒ်ဝပ်ဝေါင်က BBC သတင်းချန်နယ်ထံ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားက ဂြိုဟ်တုနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအစီအစဥ်များအတွက် အထောက်အပံ့ရရန် ရုရှားထံမှ အဆင့်မြင့်နည်းပညာများ ရယူဖို့ကြိုးစားနေတာဖြစ်ကြောင်း၊ ဒါပေမဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်က အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပြီး ငတ်မွတ်ခေါင်းပါးမှုများ မကြာခဏကြုံတွေ့နေရကာ ရုရှားထံမှ စားနပ်ရိက္ခာ အကူအညီယူနေရကြောင်း သတင်းထောက်က ဆိုလိုက်ပါတယ်။
ရုရှားက လက်နက်ခဲယမ်း အသည်းအသန်လိုအပ်နေတာကို မြောက်ကိုရီးယားက သိရှိထားပြီး ဒီအတွက် တောင်းဆိုမယ့် တန်ကြေးက အလွန်မြင့်မားနိုင်ပါတယ်။
Source: BBC News
#World_News
#YMG #Yangon_Times
Published_ 5 September 2023
ကြောင်တွေက တူနာငါးကို စွဲလမ်းနှစ်သက်ရတဲ့ အကြောင်းအရင်းက အူမာမီလို့ခေါ်တဲ့ အနံ့အရသာကို ကြိုက်နှစ်သက်တာကြောင့် ဖြစ်နေနိုင်ကြောင်း Science မဂ္ဂဇင်းမှာ ဩဂုတ်လက ဖော်ပြခဲ့ပါတယ်။
ကြောင်လေးတွေက ငါးတွေ အထူးသဖြင့် တူနာကို စွဲလမ်းနှစ်သက်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေအတွက် စဥ်းစားစရာဖြစ်နေပါတယ်။
အူမာမီဆိုတဲ့ အခေါ်အဝေါ်က မချိုလွန်း မခါးလွန်း မချဥ်လွန်းတဲ့အပြင် အနံ့စူးရှတဲ့ အစားအစာမျိုးကို ဆိုလိုပါတယ်။
ယခုနောက်ဆုံးတွေ့ရှိချက်အရ ကြောင်တွေရဲ့ အရသာခံဖုတွေဟာ အူမာမီအရသာဘက်ကို ထူးထူးခြားခြား စွဲဆောင်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
အဆိုပါ တွေ့ရှိချက်က အိမ်မွေးတိရိစ္ဆာန်တွေ ကြိုက်နှစ်သက်တဲ့ အရာတွေကို ပိုမိုနားလည်လာစေရန် အရေးကြီးပြီး အိမ်မွေးတိရိစ္ဆာန် အစားအစာနဲ့ ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီများအနေဖြင့် ထုတ်လုပ်ရာမှာ တိုးတက်လာစေဖို့ ရည်ရွယ်ကြောင်း မဲဂျီတက္ကသိုလ်မှ မော်လီကျူးဇီဝပညာရှင် ယာဆူကာတိုဒါက ပြောပြသွားပါတယ်။
ကြောင်တစ်ကောင်ရဲ့ အရသာခံဖုလိုမျိုး ဆဲလ်တွေကို သုတေသီတွေက စမ်းသပ်ခဲ့ရာမှာ ကြောင်တွေရဲ့ အရသာခံဖုတွေက တူညီပေမယ့် အရသာလှုံ့ဆော်မှုကို တုန့်ပြန်ရာမှာတော့ မတူညီကြပါဘူး။
တူနာမှာတွေ့ရတဲ့ ဒြပ်ပေါင်းတွေ ပါဝင်တဲ့ အရည်နဲ့ မပါဝင်တဲ့အရည်တို့ကို စမ်းသပ်ခဲ့ရာမှာ ဒြပ်ပေါင်းပါဝင်တဲ့ အရည်ကို ကြောင်တွေက ပိုမိုနှစ်သက်ကြရာ အူမာမီအရသာကို ပိုမိုနှစ်သက်ကြတယ်လို့ ကောက်ချက်ချလို့ ရပါတယ်။
လူတွေ ချိုချဥ်ကြိုက်သလိုပဲ အူမာမီဟာလည်း ကြောင်တွေအတွက် ချိုချဥ်လို ဖြစ်နေကြောင်း၊ ခွေးတွေကတော့ အချိုရော အူမာမီရောပါ အရသာခံနိုင်ပြီး အစားမရွေးကြကြောင်း တိုဒါက ရှင်းပြသွားပါတယ်။
Source: The Jerusalem Post.
#World_Science
#YMG #Yangon_Times
Published_ 5 September 2023
အရိုးပွရောဂါဆိုတာက အရိုးသိပ်သည်းဆ လျော့နည်းလာပြီး အရိုးတွေ ကြွပ်ဆတ်လာတာ ဖြစ်ပါတယ်။
ထိုအခါမှာ အနည်းငယ်ထိခိုက်မိရုံဖြင့်ပင် ကျိုးတတ်ပြီး များသာအားဖြင့် သက်ကြီးရွယ်အိုတွေမှာ ဖြစ်တတ်ပါတယ်။
ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ အာဟာရချို့တဲ့ခြင်း၊ မျိုးရိုးလိုက်ခြင်းတို့ကြောင့်လည်း အရိုးပွရောဂါ ဖြစ်နိုင်ချေများစေပါတယ်။
အရိုးပွရောဂါကို ကာကွယ်ပေးနိုင်မယ့် နေထိုင်စားသောက်မှုပုံစံများကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကယ်လ်စီယမ် လုံလောက်စွာစားသုံးပါ
နို့ထွက်ပစ္စည်းများ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ စတဲ့ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာများကို လုံလောက်စွာ စားသုံးပေးသင့်ပါတယ်။
(၂) ဗိုက်တာမင်-ဒီစားသုံးပါ
ငါး၊ ကြက်ဥအနှစ်များစတဲ့ ဗိုက်တာမင်-ဒီကြွယ်ဝတဲ့ အစားအစာများကို မျှတစွာ စားသုံးသင့်ပြီး လိုအပ်ရင် ဖြည့်စွက်စာပါ စားသုံးရပါမယ်။
(၃) လေ့ကျင့်ခန်းပြုလုပ်ပါ
လမ်းလျှောက်ခြင်း၊ ဝိတ်မခြင်းစတဲ့ လေ့ကျင့်ခန်းများပြုလုပ်ပြီး အရိုးသိပ်သည်းဆကို များပြားအောင် ပြုလုပ်ရပါမယ်။
(၄) ဆေးလိပ်ဖြတ်ပါ
ဆေလိပ်သောက်ခြင်းဟာ အရိုးပွစေတာကြောင့် အရိုးကျန်းမာရေး ထိန်းသိမ်းဖို့အတွက် ဆေးလိပ်ဖြတ်သင့်ပါတယ်။
(၅) အယ်လ်ကိုဟောကို ကန့်သတ်သောက်သုံးပါ
အရက် အလွန်အကျွံ သောက်ခြင်းက အရိုးကျန်းမာရေးကို ထိခိုက်စေတာကြောင့် အရိုးပွခြင်း လျှော့ချနိုင်ဖို့ အရက်ကို အကန့်အသတ်ဖြင့်သာ သောက်သုံးသင့်ပါတယ်။
(၆) ကော်ဖီအလွန်အကျူးသောက်ခြင်း ရှောင်ရှားပါ
ကော်ဖီ အများအပြားသောက်သုံးပါက ကယ်လ်စီယမ်စုပ်ယူမှုကို ကျဆင်းစေတာကြောင့် လျော်သင့်သလိုသာ သောက်သုံးသင့်ပါတယ်။
(၇) ပြုတ်ကျလဲကျခြင်းမဖြစ်အောင် ကာကွယ်ပါ
လူလဲကျခြင်းမျိုး မဖြစ်ရအောင် အိမ်ထဲမှာ လက်ရန်းများတပ်ဆင်ခြင်း၊ သင့်လျော်တဲ့ ခြေကာများ ဝတ်ဆင်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
(၈) ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်ပါ
ကျန်းမာရေး စောင့်ရှောက်မှုထံ ပုံမှန်သွားရောက်ကာ အရိုးကျန်းမာရေး စစ်ဆေးပြီး လိုအပ်ရင် ကုသမှုခံယူသင့်ပါတယ်။
(၉) ဟော်မုန်းအစားထိုးကုသနည်း (HRT)
ဟော်မုန်းအစားထိုးကုသခြင်းက တစ်ခါတရံမှာ အရိုးပွခြင်းဖြစ်နိုင်ချေ လျော့နည်းစေတာကြောင့် ကုသမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
(၁၀) ဆေးဝါးဖြင့်ထိန်းသိမ်းကုသခြင်း
အရိုးပွရောဂါအတွက် ဆေးဝါးသုံးစွဲနေရတယ်ဆိုရင် ညွှန်ကြားတဲ့အတိုင်း သုံးစွဲရန်နဲ့ ထိရောက်မှုကို သိရှိရန် အမြဲစစ်ဆေးနေရမှာ ဖြစ်ပါတယ်။
Source: DoctorNDTV
#World_Health
#YMG #Yangon_Times
Page 669 of 1176