#World_Health
Published 16 January 2023
အိန္ဒိယအမျိုးသားတစ်ဦးဟာ သူ့ရဲ့မျက်နှာမှာ အရည်ပျော်နေကျသကဲ့သို့ဖြစ်ပေါ်နေတဲ့ ရှားပါးရောဂါတစ်ခုခံစားနေရတာကြောင့် လှောင်ပြောင်ခံနေရပါတယ်။
"လူတွေက ကျွန်တော့်ကိုလှောင်ပြောင်ပြီး အမျိုးမျိုးခေါ်ဝေါ်နေကြပေမယ့် ဂရုမစိုက်ပါဘူး" လို့ အသက် ၅၂ နှစ်အရွယ် 'ဂိုဗာဒန်ဒက်စ်'က Jam Press ကို ပြောကြားခဲ့ပါတယ်။
ဈေးဆိုင်ဖွင့်တဲ့ထိုအမျိုးသားကြီးဟာ neurofibromatosis လို့ခေါ်တဲ့ အလွန်ရှားပါးမျိုးဗီဇရောဂါဖြစ်နေကာ အရေပြားအရောင်ပြောင်းလဲခြင်း၊ အရေပြား ဦးနှောက် အခြားအစိတ်အပိုင်းတလျှောက်ရှိ အာရုံကြောတွေမှာ အကျိတ်တွေကြီးထွားလာတာဖြစ်ပါတယ်။
Von Recklinghausen’s ရောဂါလို့လည်းခေါ်ပြီး မျက်နှာပျက်စီးယိုယွင်းတဲ့အခြေအနေဟာ လူ ၄,၀၀၀ မှာ ၁ ယောက်ဖြစ်နိုင်ချေရှိပါတယ်။
'ဒက်စ်'ဟာ အသက် ၂၀ မတိုင်ခင်အထိ လက္ခဏာမပြသေးဘဲ နောက်ပိုင်းမှာတော့ မျက်နှာပေါ်မှာ အကျိတ်များဖောထွက်လာကာ မျက်နှာညာဘက်တစ်ခြမ်းလုံး ဖုံးလွှမ်းသွားပါတယ်။
ဆယ်စုနှစ် ၃ ခုလောက်အတွင်း အကျိတ်ထုထည်ကြီးက ညာဘက်နားရွက်၊ မျက်လုံး၊ ပါးစပ်တခြမ်းပျောက်ကွယ်တဲ့အထိ တွဲကျလာကာ နှာခေါင်းကလည်း အတော်ရှည်ထွက်လာပါတယ်။
ဗီဒီယိုရိုက်ကူးချက်ထဲမှာ ဆိုင်ရှင်ရဲ့အကျိတ်တွေက မျက်နှာပေါ်မှာ အတွဲလိုက်ကျနေပါတယ်။
သူ့ရဲ့ရောဂါပြဿနာက အမြင်မသင့်ရုံမက မြင်ရ စားရ စကားပြောရာမှာခက်ခဲပြီး ချွေးထွက်တဲ့အခါ အရေပြားပူစပ်ပြီး ယားယံနေရပါတယ်။
အဆိုးဆုံးကတော့ ဒီရောဂါအတွက် ကုသနည်းမရှိတာပါပဲ။
ရောဂါအခြေအနေက ဦးနှောက်နဲ့ဆက်စပ်နေတာကြောင့် ဆရာဝန်တွေက ခွဲစိတ်ပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
"လူတွေက ကျုပ်ကိုဝိုင်းကြည့်ကြပြီး ကလေးတွေက လန့်နေကြတာကြောင့် ဈေးသွားရင် မသက်မသာဖြစ်ရပါတယ်၊ ဒါပေမဲ့ မိသားစုဝင်တွေနဲ့ နယ်ခံတွေကတော့ ကျုပ်ကိုချစ်ခင်လေးစားကြပါတယ်" လို့ ပြောကြားလိုက်ပါတယ်။
ဒီရောဂါကိုခံစားရပြီး ဘဝကိုအရှုံးမပေးတဲ့သူတွေထဲမှာ 'ဒက်စ်'က ပထမဆုံးမဟုတ်သေးပါဘူး။
အင်္ဂလန် မန်ချက်စတာမှ အမျိုးသမီးတစ်ဦးကလည်း ဒီဝေဒနာကြောင့် မျက်စိဆုံးရှုံးလိုက်ရပေမယ့် အကောင်းမြင်စိတ်နဲ့ ဆက်လက်ရှင်သန်လျက်ရှိပုံကို TikTok မှာမြင်တွေ့နိုင်ပါတယ်။
Source: NY Post
#Yangon_Media_Group
Published 15 January 2023
ကားတစ်စီးလုံး ရာနှုန်းပြည့် လျှပ်စစ်ကားဖြစ်တဲ့ ဂျစ် အက်ဗန်ဂျာ အက်ယူဗွီကား Jeep Avenger SUV ဟာ ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးကားအဖြစ် ဘရပ်ဆဲကားပြပွဲကပေးတဲ့ ဆုကိုရရှိသွားပါတယ်။
ဒါဟာ ဂျစ်ကားတစ်စီးအတွက် ပထမဆုံးရရှိတဲ့ဆုဖြစ်ပြီး အကောင်းဆုံးကား(၆)စီးကို ပြိုင်ဆိုင်ပြီးမှ ယခုဆုကို ရရှိသွားခြင်းဖြစ်ပါတယ်။
အက်ဗန်ဂျာဂျစ်ဟာ စုစုပေါင်း ၃၂၈မှတ်ရရှိပြီး အကဲဖြတ်ဒိုင်တွေရဲ အကောင်းဆုံး ၂၁မဲရရှိခဲ့ပါတယ်။
ဥရောပ ၂၂ နိုင်ငံက အကဲဖြတ်ဒိုင် ၅၇ ဦးပါတဲ့အဖွဲ့က ဗောက်စ်ဝက်ဂွန်အိုင်ဒီ Volkswagen ID နှင့် ဘတ်ဇ် Buzz တို့ကိုလည်း ဒုတိယဆုပေးခဲ့ပါတယ်။
Source AFP
#Jeep_Avenger
#Car_of the_Year_2023
#Brussels_International_Motor_Show
Published 15 Jan 2023
နီပေါနိုင်ငံ ပိုခါရာ နိုင်ငံတကာလေဆိပ်အနီး ခရီးသည် ၇၂ ဦးပါ ခရီးသည်တင် အေတီအာရ် -၇၂ လေယာဉ်တစ်စီး ဇန်နဝါရီ ၁၅ရက် ဒီကနေ့ ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၃၂ ဦးသေဆုံးခဲ့ပါတယ်။ ပျက်ကျတဲ့လေယာဉ်ဟာ ရတီ Yeti လေကြောင်းလိုင်းပိုင်လေယာဉ်ဖြစ်ပါတယ်။
သတင်းပေးပို့တဲ့အချိန်မှာ ကယ်ဆယ်ရေးတွေ လမ်းခုလတ်မှာရှိနေကြပြီး လေဆိပ်ကိုပိတ်လိုက်ပါတယ်။ သေဆုံးသူတွေ အရေအတွက်ဟာ ကြောက်ခမန်းလိလိတိုးလာနေပါတယ်။ လေယာဉ်ပေါ်မှာ မွေးကင်းစကလေးငယ် သုံးဦးနှင့် ကလေးငယ် သုံးဦးလည်းပါဝင်ပြီး အိန္ဒိယနိုင်ငံသား (၅)ဦးလည်း လိုက်ပါသွားပါတယ်။
လေယာဉ်ပျက်တွေကြားထဲက အနည်းဆုံး အလောင်း ၃၂ လောင်း ပြန်တွေ့တယ်လို့ ဟိမဝန္တာတိုင်းမ်သတင်းစာက သတင်းရေးသားပါတယ်။ရိုက်တာကတော့ အလောင်း(၄၀)ရှာတွေ့တယ်လို့ရေးသားပါတယ်။
ခရီးသည်တွေထဲမှာ နီပေါ(၅၃)ဦး၊အိန္ဒိယ(၅)ဦး၊ ရုရှား (၄)ဦး၊ကိုးရီးယား(၂)ဦးနှင့် အိုင်ယာလန်၊ဩစတြေလျ၊အာဂျင်တီးနားနှင့်ပြင်သစ်တို့မှ (၁)ဦးစီဖြစ်ကြတယ်လို့ နီပေါ လေကြောင်းအာဏာပိုင်က သတင်းထုတ်ပြန်ပါတယ်။
ပိုခါရာဟာ နီပေါနိုင်ငံမြို့တော် ကတ္တမန်ဒူကနေ ကီလိုမီတာ ၂၀၀အကွာမှာရှိတဲ့မြို့ဖြစ်ပါတယ်။ နီပေါဝန်ကြီးချုပ် ပရာချန်ဒရာ နှင့်ပြည်ထဲရေးဝန်ကြီး ရာဗီ လာမီချိန်းတို့ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကြီးကြပ်ဖို့ ကတ္တမန်ဒူက ထရိုင်ဗူဗန် နိုင်ငံတကာလေဆိပ်ကိုရောက်ရှိနေပါတယ်။
ရတီလေကြောင်းလိုင်းပိုင်9N-ANC ATR-72 လေယာဉ်ဟာ ကတ္တမန်ဒူနိုင်ငံတကာလေဆိပ်ကနေ မနက် ၁၀နာရီ ၃၃မိနစ် မှထွက်ခွာခဲ့ပါတယ်လို့ လေကြောင်းအာဏာပိုင်ဌာနကပြောပါတယ်။
ပိုခါရာလေဆိပ်ကို ဆင်းသက်ဖို့ကြိုးစားနေစဉ် လေယာဉ်ပျက်ကျခဲ့ရတာဖြစ်ပြီး လေဆိပ်အဟောင်းနှင့်အသစ် အကြားရှိတဲ့ ဆတ္တီမြစ်ကမ်းပေါ်ပျက်ကျခဲ့တာပါ။
နီပေါနိုင်ငံမှာ လေယာဉ်ပျက်ကျတာဟာ သိပ်မထူးဆန်းတော့သလိုရှိပြီး ယခုပျက်ကျမှုအတွက် အစိုးရအဖွဲ့ အရေးပေါ်အစည်းခေါ်ယူထားပါတယ်။
Source WION
#Nepal_Plane_Crash
#Yeti Airlines'_9N-ANC ATR-72
#Pokhara_Nepal
#World_Health
Published 15 January 2023
ရုံးထိုင်ဝန်ထမ်းတွေ၊ ကွန်ပျူတာကျွမ်းကျင်သမားတွေ၊ သတင်းထောက်တွေလို လူတွေဟာ အထိုင်များပြီး လေ့ကျင့်ခန်းပုံမှန်ပြုလုပ်လေ့ရှိတာတောင် ကျန်းမာရေးထိခိုက်နိုင်တဲ့ အန္တရာယ်ရှိနေကြောင်း အထောက်အထားတွေ တွေ့လာရပါတယ်။
ဒါကြောင့် ဆရာဝန်တွေက အရွယ်ရောက်ပြီးသူအားလုံးကို လျှော့ထိုင်ရန်နဲ့ လှုပ်ရှားမှုပိုပြုလုပ်ရန် အကြံပေးလိုက်ပါတယ်။
ရုံးထိုင်ဝန်ထမ်းအများစုသိချင်နေကြတဲ့ ထိုင်ပြီးအလုပ်လုပ်ရခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးကို ကာမိဖို့ လှုပ်ရှားလေ့ကျင့်ခန်း အနည်းဆုံးဘယ်လောက်ပြုလုပ်သင့်သလဲဆိုတာကို သိရဖို့ နှိုင်းယှဉ်ချက်အနည်းငယ် ပြုလုပ်ထားကြပါတယ်။
နယူးယော့ခ်ရှိ ကိုလံဘီယာတက္ကသိုလ်မှ လေ့ကျင့်ခန်းဆိုင်ရာပညာရှင်တွေရဲ့ လေ့လာချက်အရ ကြာရှည်ထိုင်ရတဲ့အချိန်အတွင်း မိနစ် ၃၀ ကြာတိုင်း ၅ မိနစ်တစ်ခါ လမ်းလျှောက်ခြင်းဖြင့် အန္တရာယ်အများစုကို ကာကွယ်နိုင်ကြောင်း ဖြေကြားခဲ့ပါတယ်။
အရွယ်ရောက်ပြီးသူ ၁၁ ဦးကို စမ်းသပ်ရာမှာ စမ်းသပ်ခံသူတွေကို ကုလားထိုင်မှာထိုင်ကြပြီး သတ်မှတ်ထားတဲ့ လမ်းလျှောက်စက် ဒါမှမဟုတ် သန့်စင်ခန်းတို့ကိုသာ အသုံးပြုကြပါတယ်။
စမ်းသပ်ခံသူတွေ လေ့ကျင့်ခန်းပိုလုပ်မိသလား လျှော့လုပ်မိသလားဆိုတာကို စောင့်ကြည့်နေခဲ့ပြီး သွေးပေါင်ချိန် သွေးတွင်းသကြားဓာတ်တို့ကို တိုင်းတာခဲ့ကြပါတယ်။
စမ်းသပ်ကာလအတွင်း သူတို့ကို လက်ပ်တော့နဲ့ ဖုန်းအသုံးပြုစေကာ သတ်မှတ်ထားသော အစားအစာများ ထောက်ပံ့ပေးခဲ့ပါတယ်။
အဲဒီနောက် မိနစ် ၃၀ ကြာတိုင်း ၅ မိနစ်လမ်းလျှောက်ခိုင်းခဲ့ပါတယ်။
ဒီပမာဏဖြင့်လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သွေးတွင်းသကြားဓာတ်ရော သွေးပေါင်ချိန်ပါ သိသိသာသာကျဆင်းစေပါတယ်။
နာရီဝက်ကြာတိုင်း တစ်မိနစ်လမ်းလျှောက်ခြင်းဖြင့်လည်း သကြားဓာတ်ပမာဏကို အကျိုးရှိစေပြီး မိနစ် ၆၀ နေမှ တစ်ခါလမ်းလျှောက်ခြင်းကတော့ အကျိုးအာနိသင်မရခဲ့ပါဘူး။
ဒါ့အပြင် လမ်းလျှောက်လှုပ်ရှားခြင်းဖြင့် နွမ်းနယ်ခြင်းကိုလျော့ကျစေကာ စိတ်အခြေအနေကို တိုးတက်စေပါတယ်။
ချုပ်ပြီးပြောရရင် ကျန်းမာရေးကောင်းမွန်ဖို့အတွက် အလုပ်မှာ ပုံမှန်လှုပ်ရှားနေဖို့လိုပါတယ်။
လက်တွေ့မကျဘူးထင်ရပေမယ့် လုပ်ငန်းခွင်မှာ လမ်းလျှောက်ပေးရုံဖြင့် နှလုံးရောဂါနဲ့ အခြားနာတာရှည်ရောဂါများ ဖြစ်နိုင်ချေကို သိသိသာသာလျော့ကျစေကြောင်း ကောက်ချက်ချလို့ရပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 15 January 2023
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါဟာ အမေရိကန်ရဲ့ ရှက်ဖွယ်ကောင်းတဲ့ အသုံးချခံဖြစ်တယ်လို့ ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်ဗ်က စွပ်စွဲလိုက်ပြီး သူ့အနေနှင့် သူ့ကိုယ်သူ ရင်ခွဲသတ်သေသင့်တယ်လို့ အကြံပြုလိုက်တဲ့ အကြောင်း နိုင်ငံတကာသတင်းတွေကရေးသားပါတယ်။
ဒါဟာ မက်ဗီဒက်စ်ဆီက တုန်လှုပ်စရာနှင့် ဆွပေးတဲ့ ကြေညာချက်တွေအများကြီးထဲက နောက်ဆုံးထုတ်ပြန်ချက်ဖြစ်ပါတယ်။ သူ့ကို တစ်ခါတုန်းက အနောက်နိုင်ငံပညာတတ်ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးလို့ မြင်ခဲ့ကြပေမယ့် ပြီးခဲ့တဲ့နှစ်က ယူကရိန်းကို ရုရှားကျူးကျော်ပြီးကတည်းက သူ့ကိုယ်သူ အဓိကသဘောထားတင်းမာသူအဖြစ် ပြန်လည်တည်ဆောက်ခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်ရုံးဖြစ်ဖြစ် နိုင်ငံခြားရေးဝန်ကြီးရုံးဖြစ်ဖြစ် ရုံးချိန်ပြင်ပမှာ ဘယ်သူတစ်ဦးတစ်ယောက်မျှ မှတ်ချက်ကို ချက်ခြင်းပေးလေ့မရှိကြပါဘူး။
မက်ဗီဒက်ဗ်ဟာ သမ္မတပူတင်ရဲ့ အရေးပါတဲ့ မဟာမိတ်တစ်ဦးဖြစ်ပြီး ရုရှားရဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်တဲ့ လုံခြုံရေးကောင်စီမှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
သူက ကီရှီဒါနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ သောကြနေ့ကတွေ့ဆုံကြပြီး ပူးတွဲသတင်းထုတ်ပြန်ချက် ထုတ်ပြန် အပြီးမှာ တုန့်ပြန်လိုက်ခြင်းဖြစ်ပါတယ်။
အဆိုပါကြေညာချက်ထဲမှာ “ ယူကရိန်းမှာ ရုရှားက နျူကလီးယားလက်နက်မည်သည့်လက်နက်မဆို အသုံးပြုခြင်းကို လူသားတွေကို ဆန့်ကျင်တဲ့လုပ်ဆောင်မှုဖြစ်ပြီး မည်သည့်နည်းနှင့်မျှလက်ခံနိုင်စရာမရှိ” လို့ဖော်ပြထားပါတယ်။
ဒီကြေညာချက်ဟာ ရုရှားရန်မူမှာကို အစိုးရိမ်လွန်တဲ့စိတ်ဖောက်ပြန်မှုဖြစ်ပြီး ဟီရိုရှီးမားနှင့်နာကာစကီတို့ နျူကလီးယား မီးလောင်တိုက်သွင်းခံရတဲ့အပေါ် ရာထောင်များစွာသော ဂျပန်လူမျိုးတို့ရဲ့ အမှတ်ရစရာတွေကို သစ္စာဖောက်တာ ဖြစ်တယ်လို့ မက်ဗီဒက်ဗ်က ပြောပါတယ်။ သူက ဒုတိယကမ္ဘာစစ်အဆုံးသတ်ဖို့ ဂျပန်ကို အတင်းအကျပ်လက်နက်ချစေ ခဲ့ရတဲ့ အမေရိကန်ကြဲချနဲ့ နျူကလီယားဗုံးတွေကို ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်အတွက် အမေရိကန်ဆီက နောင်တစကားကို တောင်းဆိုရမယ့်အစား ကီရှီဒါဟာ “ အမေရိကန်တွေအတွက် အစေခံတစ်ဦးမျှသာ” ဖြစ်တယ်ဆိုတာကို ပြသခဲ့တယ်လို့ သူကဝေဖန်ပါတယ်။
အဲဒီလို ရှက်စရာကောင်းတဲ့အပြစ် ကို ကီရှီဒါ ဂျပန်ပြန်ရောက်လို့ ဝန်ကြီးအဖွဲ့အစည်းအဝေးလုပ်တဲ့အခါ ဂျပန်လို ဟာရာကီရီလိုခေါ်တဲ့ ဆက်ပူကူ seppuku ပုံစံနှင့်ကိုယ့်ရင်ခွဲ ကိုယ့်ကိုကိုယ် သတ်သေသင့်ပြီး ဆေးကြောမှသာ ရလိမ့်မယ်လို့ သူကပြောပါတယ်။
ယူကရိန်းကို ရုရှားကျုုးကျော်ပြီးကတည်းက အနောက်နိုင်ငံက အကျပ်အတည်းကို စွက်ဖက်ခြယ်လှယ်ရင် အဲဒါဟာ နျူကလီယားစစ်ပွဲကို ဦးတည်သွာနိုင်တယ်လို့ မက်ဗီဒက်ဗ်က မကြာခဏသတိပေးနေတာပါ။နျူကလီးယားစစ်ပွဲတစ်ခု ဟာ ဖြစ်ဖို့အခွင့်အလမ်းများလာနေပေမယ့် ရုရှားဟာ မမိုက်မဲပါဘူး။နျူးကလီးယားလက်နက်ကို ခုခံကာကွယ်ဖို့ အတွက်သာရှုမြင်ထားတယ်လို့ ပူတင်ကပြောခဲ့ပါတယ်။
Source: South China Morning Post
#Medvedev_said_ Japan_PM_should_ritually disembowel himself
#Russia_Japan
#Russia_Ukraine_War
#World_Health
Published 15 January 2023
တကယ့်အသက်အရွယ်ထက် အသက်ပိုကြီးတယ်လို့ ထင်ရတဲ့သူတွေဟာ အသက်အရွယ်နဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်တဲ့ အတွင်းတိမ်နဲ့ အရိုးပွရောဂါတို့ ပိုမိုဖြစ်နိုင်ချေရှိကြောင်း British Journal of Dermatology ဂျာနယ်မှာ အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။
အခြားအဓိပ္ပာယ်ကတော့ တကယ့်အသက်အရွယ်ထက် ငယ်တယ်ထင်ရတဲ့အခါ ကိုယ်တွင်းအင်္ဂါစနစ်တွေ၊ စိတ်ကျန်းမာရေးတွေ ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ကြောင်း ရော့တာဒမ် အီရတ်စ်မတ်စ်ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ အရေပြားအထူးကု'တာမာနစ်ဂျ်စတန်'က Daily Mail ကို ပြောပြခဲ့ပါတယ်။
နယ်သာလန်လေ့လာမှုတစ်ခုမှာ အသက် ၅၁ မှ ၈၇ နှစ်ကြားဥရောပသား ၂,၆၇၉ ဦးရဲ့ ဓာတ်ပုံတွေနဲ့ ဆေးဘက်ဆိုင်ရာသမိုင်းများကို စုဆောင်းကာ သီးခြားအဖွဲ့အစည်းတစ်ခုက ဓာတ်ပုံတွေကို အကဲဖြတ်ခဲ့ပါတယ်။
တကယ့်အသက်ထက် ၅ နှစ်မျှငယ်တယ်လို့ ထင်ရတဲ့သူတွေဟာ မှတ်ဉာဏ်စမ်းသပ်မှုတွေမှာ ပိုမိုကောင်းမွန်ပြီး အရိုးပွခြင်း ၂၄ ရာခိုင်နှုန်းဖြစ်နိုင်ချေပိုနည်းကာ နာတာရှည်အဆုတ်ရောဂါဖြစ်နိုင်ချေ ၁၅ ရာခိုင်နှုန်းပိုနည်းပါတယ်။
ငယ်ရွယ်တဲ့ပုံစံပေါက်သူတွေက အတွင်းတိမ်နဲ့ အသက်အရွယ်အရ အကြားအာရုံဆုံးရှုံးမှုတွေ ဖြစ်နိုင်ချေနည်းပါးသွားကြောင်း လေ့လာတွေ့ရှိထားပါတယ်။
၂၇ ယောက်ပါဝင်တဲ့ အကဲဖြတ်အဖွဲ့ကို ဓာတ်ပုံပြပြီး အသက်ခန့်မှန်းခိုင်းခဲ့ပါတယ်။
ဓာတ်ပုံထဲကလူတွေရဲ့ ကျန်းမာရေးနဲ့ နေထိုင်မှုပုံစံတို့ကို လေ့လာခဲ့ကာ ငယ်ရွယ်တယ်လို့ထင်ရတဲ့သူတွေက ရလဒ်ပိုကောင်းနေခဲ့ပါတယ်။
ကျန်းမာရေးအခြေအနေ၊ မျက်နှာအိုမင်းခြင်းဖြစ်စဉ်၊ အရိုးသိပ်သည်းဆနဲ့ တစ်ရှူးပြောင်းလဲမှုတို့ကြား ဆက်စပ်မှုရှိတယ်လို့ ယုံကြည်နေကြပါတယ်။
ခရမ်းလွန်ရောင်ခြည်ထိတွေ့မှု၊ ဆေးလိပ်သောက်ခြင်းတို့ကဲ့သို့ လူနေမှုပုံစံတွေထက် ပိုတဲ့အချက်အလက်တွေရှိနေသေးကြောင်း သက်သေပြရာရောက်နေကြောင်း ပြောပြသွားပါတယ်။
Source: NY Post
#Yangon_Media_Group
#World_Disaster
Published 14 January 2023
ပဋိပက္ခနဲ့ ပထဝီဝင်စီးပွားရေးတင်းမာမှုများကြောင့် လာမယ့် ၂ နှစ်အတွင်း တစ်ကမ္ဘာလုံးမှာ အဆိုးရွားဆုံးအန္တရာယ်ဖြစ်လာပြီး လူနေထိုင်မှုစရိတ်အကျပ်အတည်း အမြင့်ဆုံးဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF)က ဗုဒ္ဓဟူးနေ့ကထုတ်ပြန်တဲ့ ၂၀၂၃ တစ်ကမ္ဘာလုံးဆိုင်ရာအန္တရာယ်သတင်းတင်ပို့မှုအရ သိရှိရပါတယ်။
#Yangon_Media_Group
Page 615 of 953