#DailyNews
Published _ 8 October 2022
၁။ ငါးဒန်ကို အဆင့်မြင့်မွေးမြူ၍ ပြည်ပသို့တင်ပို့သွားမည်
၂။ ယခုဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း ပိုကုန်ရငွေ ကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံခန့်ရရှိထားပြီး ယမန်နှစ်ထက် ဒေါ်လာတစ်ဘီလျံကျော်ပိုမိုရရှိ
၃။ တစ်ပါတ်ကြာရပ်နားထားပြီးမှ မူဆယ်ကုန်သွယ်ရေးလုပ်ငန်းများပြန်လည်စတင်
၄။ ဘယ်လ်ဂျီယမ်ဘီယာထုတ်လုပ်ရေးမှထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများဖြင့် မှိုစိုက်ပျိုးသောလုပ်ငန်းတိုးတက်မှုရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 8 Oct 2022
အိန္ဒိယဗဟိုဘဏ်က အီး-ရူပီးဆိုတဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို အသုံးပြုနိုင်ဖို့ ဆောင်ရွက်နေရာ ကြီးမားတဲ့ ရှေ့ပြေးစီမံကိန်းတွေ လုပ်ဆောင်ခဲ့ပြီးနောက် နောက်ဆုံးဒီဇိုင်းတစ်ခုကို ရရှိတော့မှာဖြစ်ပါတယ်။
အိန္ဒိယ အရန်ငွေကြေးဘဏ်ဟာ လက်ကားလုပ်ငန်းတွေအတွက် ဘဏ်စာရင်းအခြေပြု ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး သို့မဟုတ် CBDC နှင့် လက်လီလုပ်ငန်းတွေအတွက် တိုကင် အခြေပြု ငွေကြေးတစ်ခုကို အကောင်အထည်ဖော်ဖို့ လုပ် ဆောင်နေပါတယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ စာတမ်းတစ်ခုထဲမှာ ဖော်ပြထားပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးကို အီး-ရူပီးအဖြစ် လွှဲပြောင်းမှာဖြစ်ပြီး ငွေကြေးပုံစံအားလုံးအတွက် နောက်ထပ်ရွေးချယ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်လို့ လည်းဖော်ပြထားပါတယ်။
ငွေသားကို မှီခိုနေတဲ့ အိန္ဒိယဟာ ငွေကြေး ပေးချေမှုတွေမှာ ပိုပြီး အကျိုးရှိစေအောင် သူတို့ရဲ့ ငွေကြေးတွေကို ဒစ်ဂျစ်တယ်ပုံစံဦးတည်လုပ်ဆောင်နေကြတဲ့ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတွေလို ဦးတည်ကြိုးပမ်းလာတာဖြစ်ပါတယ်။ အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နီယာမာလာ ဆီသာရာမန်က ဒီနှစ်အတွင်းမှာ အိန္ဒိယအရန်ငွေကြေးဘဏ်ဟာ ဒစ်ဂျစ်တယ်ငွေကြေးကို စတင်ဆောင်ရွက်တော့မယ်လို့ကြေညာပါတယ်။
“ ဒစ်ဂျစ်တယ်ငွေကြေးအတွက် လက်ရှိမှာ မဟာဗျူဟာအဆင့်အကောင်အထည်ဖော်မှုကို ဦးတည်ဆောင်ရွက်နေပြီး တစ်ဆင့်ပြီးတစ်ဆင့် ရှေ့ပြေးလုပ်ငန်းတွေလုပ်ဆောင်ပြီးနောက်ဆုံးမှာ ဒစ်ဂျစ်တယ်ငွေကြေးအဆင့် စတင်မှာဖြစ်တယ်” လို့ သူမကပြောပါတယ်။
ဒါပေမယ့် လုံးဝဗဟိုချုပ်ကိုင်မှုကင်းတဲ့ ပုံစံကိုတော့ ဗဟိုဘဏ်တွေက စိတ်ပူနေကြဆဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲသလိုလုပ်ရင် ရာဇဝတ်လုပ်ငန်းတွေကို ငွေကြေးထောက်ပံ့တာတွေကို နောက်ယောင်ခံလိုက်ဖို့ ခက်ခဲသွားနိုင်တယ်လို့ မြင်ထားကြလို့ဖြစ်တဲ့အကြောင်း SCMP သတင်းစာကရေးသားပါတယ်။
Source SCMP
#Digital_Currency_India
#e-Rupee
#India_ Reserve_Bank
#World_Health
Published 9 October 2022
မျိုးရိုးစဉ်ဆက်ကျောင်းသားကျောင်းသူတွေဟာ မနက်စောစောအိပ်ရာကထပြီး ကျောင်းကိုအပြေးအလွှား သွားကြရပါတယ်။
ကျောင်းအသီးသီးက ကျောင်းတက်ချိန်ဘယ်အချိန်ချိန်ပဲဖြစ်ဖြစ် ရောက်လာတဲ့ကျောင်းသားတွေကို အားအင်အပြည့်နဲ့ သင်ကြားသမျှကို ရယူနိုင်စေချင်ကြပါတယ်။
အချို့က စောစောကျောင်းလာဖို့ စိတ်အားထက်သန်ကြပေမယ့် အချို့ကတော့ စောစောကျောင်းလာဖို့ ရုန်းကန်လူးလှိမ့်နေရပါတယ်။၂၀၂၀ အစောပိုင်း ကိုဗစ်ကပ်ရောဂါကာလအစတုန်းက ကျောင်းတွေဟာ သင်ရိုးညွှန်းတမ်းကို အကောင်အထည်ဖော်ဖို့ အခြားနည်းလမ်းများ ရှာဖွေခဲ့ရပါတယ်။
ကျောင်းတွေက လိုအပ်ချက်အတိုင်း ပြောင်းလဲလာရပြီး ကျောင်းသားတွေကလည်း အချိန်ဇယားအမျိုးမျိုးမှာ ပြောင်းလဲသင်ယူကြရပါတယ်။
အဲဒီအခါ မနက် ၈ နာရီမတိုင်ခင် စာသင်ချိန်စတင်ခြင်းက ကောင်းကျိုးထက် ဆိုးကျိုးပိုများကြောင်း သိရှိခဲ့ရပါတယ်။
ကျောင်းသားတွေရဲ့ အိပ်ချိန်၊ အိပ်ရာထချိန်၊ အိပ်ရေးကောင်းကောင်းရရှိမှုတို့ကို လေ့လာခဲ့ကြပါတယ်။
အရေးကြီးတဲ့ အခြားအချက်အလက်တွေနဲ့လည်း နှိုင်းယှဉ်ခဲ့ကြပါတယ်။
ကျောင်းကို လူကိုယ်တိုင်တက်ရောက်ရတဲ့အခါ ကျောင်းရောက်ဖို့ သွားလာရတဲ့အချိန်ကိုလည်း ထည့်တွက်ရပါတယ်။
ကျောင်းတက်ချိန်ပေါ်မူတည်ပြီး အိပ်ချိန်လည်း အတော်လေးပြောင်းလဲလေ့ရှိပါတယ်။
စောစောကျောင်းတက်ရတဲ့အခါ စောစောအိပ်၊ စောစောထရတာကြောင့် မနက်ခင်းမှာ သက်တောင့်သက်သာ မရှိလှပါဘူး။
၈ နာရီနောက်ပိုင်းမှ တက်ရတဲ့ကျောင်းသားတွေကတော့ ကိုယ်တိုင်တက်ရတာဖြစ်ဖြစ်၊ အွန်လိုင်းကနေပဲဖြစ်ဖြစ် ကောင်းစွာအိပ်ရေးဝပြီး အသိပညာရယူဖို့ အကောင်းဆုံးအနေအထားရှိပါတယ်။
အိပ်ရေးဝအောင် အိပ်ရတဲ့အခါ ကျောင်းမှာတစ်နေ့လုံး လှုပ်ရှားနိုင်ပြီး ပညာရေးအောင်မြင်မှု လမ်းစပွင့်သွားပါတယ်။
ကျောင်းစာတွေပြီးဆုံးဖို့ မပူပန်ရတဲ့အပြင် အိပ်ချိန်မတိုင်ခင် တခြားအကြောင်းအရာပညာတွေကိုပါ လေ့လာနိုင်ပါတယ်။
တစ်နေ့တာမှာ အနည်းငယ်မျှနောက်ကျပြီးမှ သွားဖြစ်ရင်တောင် ကျောင်းမှာ ကွဲပြားချက်တွေကို တွေ့ရှိနိုင်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_News
Published 8 October 2022
ဘီလျံနာသူဌေးကြီး'အီလွန်မတ်စ်'က ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ရန် ဖြစ်နိုင်ချေရှိတဲ့ သဘောတူညီချက်တစ်ခုဆိုပြီး အကြုံပြုခဲ့ရာ ရှုတ်ချဝေဖန်မှုများ ခံခဲ့ရပြီးနောက် ရက်ပိုင်းအကြာမှာ တရုတ်နဲ့ထိုင်ဝမ်အရေးမှာလည်း ထိုင်ဝမ်အပေါ် ထိန်းချုပ်နိုင်မှုအချို့ တရုတ်ကိုပေးလိုက်ခြင်းဖြင့် ဖြေရှင်းနိုင်တယ်လို့ အကြံပြုလိုက်ပါတယ်။
"ကျွန်တော့်ရဲ့အကြံပြုချက်က ထိုင်ဝမ်အတွက် အထူးအုပ်ချုပ်ခွင့်ရေဇုံတစ်ခုသတ်မှတ်ပေးလိုက်တာပဲဖြစ်တယ်။ ဒါဟာ အကျိုးအကြောင်းဆီလျော်တဲ့ နှစ်လိုဖွယ်တစ်ခုပါ။ ဒါပေမယ့် လူတိုင်းကိုတော့ ပျော်ရွှင်စေနိုင်မယ့်ပုံတော့မရှိဘူး”လို့ ကမ္ဘာ့အချမ်းသာဆုံး မတ်စ်က ဖိုင်နယ်ရှယ်တိုင်းသတင်းစာရဲ့အင်တာဗျူးမှာပြောကြားခဲ့တာပါ။ သတင်းစာက တရုတ်အကြောင်းမေးမြန်းတဲ့အခါ ရှန်ဟိုင်းမှာ စက်ရုံကြီးဖွင့်ထားတဲ့ မတ်ခ်က မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
ဒီမိုကရေစီနည်းကျအုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်က သူတို့ပိုင်ပြည်နယ်ဟု ပြောကြားနေခဲ့ပြီး ထိုင်ဝမ်ကို တရုတ်လက်အောက်သိမ်းသွင်းကာ လိုအပ်ပါက အင်အားသုံးသိမ်းယူဖို့ကိုလည်း ကာလရှည်အဆိုပြုထားပါတယ်။
ထိုင်ဝမ်ကတော့ တရုတ်ရဲ့အချုပ်အခြာအာဏာရပိုင်ခွင့်အဆိုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ထားကာ ပြည်သူ ၂၃ သန်းကသာ တိုင်းပြည်ရဲ့အနာဂတ်ကို ဆုံးဖြတ်လိမ့်မယ်လို့ ဆိုထားပါတယ်။
“ ပြီးတော့ ဒါဟာဖြစ်နိုင်တယ်။ သူတို့အနေနှင့် ဟောင်ကောင်ထက်ပိုပြီး သက်သက်ညှာညှာရှိမယ့် အစီအစဉ်မျိုးရနိုင်တယ်..ကျွန်တော်တော့ဖြစ်နိုင်တယ်ထင်တယ်” လို့ သူကသတင်းစာကိုပြောခဲ့ပါတယ်၊
ရှန်ဟိုင်းမှစက်ရုံဟာ မနှစ်က တက်စ်လာရဲ့ တစ်ကမ္ဘာလုံးပို့ဆောင်မှုတွေထဲက တဝက်လောက်အထိ ပါဝင်ပတ်သက်နေပါတယ်။ အဲဒီမှာရှိတဲ့ SpaceX ဒုံးပျံရဲ့ Starlink အင်တာနက်ဝန်ဆောင်မှုကိုလည်း 'မတ်စ်'က တရုတ်ကိုထောက်ပံ့မှာမဟုတ်ကြောင်း တရုတ်က အာမခံချက်ပေးထားတယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်အရေးကိစ္စက ရှောင်လွှဲလို့မရနိုင်ကြောင်း၊ အကျိုးရိုက်ခတ်မှုက တက်စ်လာကိုသာမက iPhone ထုတ်လုပ်သူ Apple ကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းများအပေါ်ပါ သက်ရောက်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
ဒီမှတ်ချက်တွေကို အင်တာဗျူးမှာ အကျယ်တဝင့်ဖော်ပြခြင်း မရှိပါဘူး။
အစောပိုင်းရက်သတ္တပတ်တုန်းကလည်း ယူကရိန်းက ခရိုင်းမီးယားကို ရုရှားထံ အပြီးအပိုင်ပေးအပ်ဖို့၊ ရုရှားထိန်းချုပ်ထားတဲ့ နယ်မြေအဆုံးအဖြတ်အတွက် ကုလပံ့ပိုးကူညီမှုဖြင့် လူထုဆန္ဒခံယူပွဲများကျင်းပဖို့နဲ့ ယူကရိန်းက ကြားနေနိုင်ငံအဖြစ်သဘောတူဖို့ 'မတ်စ်'က အကြံပြုလိုက်ပါတယ်။
တွစ်တာပေါ်ကနေ 'မတ်စ်'က သူ့ရဲ့အကြံပြုချက်တွေကို အလေးထားရန် တောင်းဆိုခဲ့ရာ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။
"အီလွန်မက်စ်ကို ဘယ်လိုလူဖြစ်စေချင်လဲ? ယူကရိန်းကို ထောက်ခံတဲ့သူလား ဒါမှမဟုတ် ရုရှားကို ထောက်ခံတဲ့သူလား?"
Source: Reuters
#Yangon_Media_Group
#World_Health
Published 8 October 2022
နေ့ခင်းနေ့လယ် တရေးအိပ်ခြင်းက နေရာတော်တော်များများမှာ အစဉ်အလာတစ်ခုလို ဖြစ်နေပြီး ယနေ့ခေတ်အလုပ်ခွင်တွေမှာပါ လက်ခံလာကြပါပြီ။
တရေးအိပ်တတ်တဲ့သူတွေကို မေးကြည့်ရင် ဒီလိုအိပ်ခြင်းဖြင့် အာရုံစူးစိုက်မှု၊ ဖန်တီးနိုင်မှု၊ အလုပ်လုပ်ကိုင်နိုင်စွမ်း ပိုမိုကောင်းမွန်လာစေကြောင်း ပြောကြမှာပါ။
အခုလေ့လာချက်အသစ်မှာတော့ တရေးတမောအိပ်ခြင်းက ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ချေနဲ့ ဆက်စပ်နေကြောင်း အံ့အားသင့်ဖွယ်တွေ့ရှိခဲ့ရပါတယ်။
ပုံမှန်အားဖြင့် နေ့ခင်းတရေးအိပ်သူတွေဟာ သွေးပေါင်ချိန်တိုးပြီး လေဖြတ်ခြင်းအန္တရာယ် ဖြစ်နိုင်ချေများကြောင်း ၂၀၂၂ ခုနှစ် Hypertension ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
တရေးအိပ်ခြင်းဖြင့် တရေးမအိပ်သူတွေထက် သွေးတိုးရောဂါဖြစ်နိုင်ချေ ၁၂ ရာခိုင်နှုန်းပိုများပြီး လေဖြတ်ခြင်းအန္တရာယ် ၂၄ ရာခိုင်နှုန်းပိုများကြောင်း ချန်ရှာရှိတက္ကသိုလ်မှ သုတေသီများက တွေ့ရှိခဲ့ပါတယ်။
ဒါတွေဟာ UK Biobank မှ အချက်အလက်များနဲ့ လူသန်းတဝက်ခန့်ရဲ့ ဆေးပညာအချက်အလက်များထံမှ အခြေခံထားတာဖြစ်ပါတယ်။
တရေးအိပ်တတ်တဲ့သူတွေထဲမှာ အမျိုးသားများက ပိုများပြီး ပညာရေးအသိ၊ ဝင်ငွေ စသည်တို့မှာ နည်းပါးပြီး ဆေးလိပ်သောက်တတ်သူ၊ အရက်သောက်သူ၊ အိပ်မပျော်တတ်သူတို့ပိုများပြီး ညဘက်မှာတော်တော်နဲ့ မအိပ်တတ်သူတွေဖြစ်ပါတယ်။
ကျန်းမာရေးထိခိုက်စေတဲ့ အကြောင်းအရင်းကတော့ နေ့ခင်းမှာ တရေးအိပ်တဲ့အတွက် ညဘက်မှာအိပ်ရေးပျက်ပြီး ကျန်းမာရေးထိခိုက်လာတာပါပဲ။
ညဘက်ကောင်းကောင်းအိပ်မပျော်တဲ့အခါ မှတ်ဉာဏ်ချို့ယွင်းခြင်းလည်း ဖြစ်လာတတ်ပါတယ်။
ခဏတဖြုတ်အိပ်စက်ခြင်းက ကြံရည်ဖန်ရည်ကောင်းမွန်စေပေမယ့် တစ်ပတ်အတွင်း တစ်ခါနှစ်ခါထက်တော့ ပိုမအိပ်သင့်ကြောင်း ပြင်သစ်မှာလေ့လာတွေ့ရှိထားပါတယ်။
တရုတ်မှာဆိုရင် အလုပ်ခွင်တွေနဲ့ စာသင်ကျောင်းတွေမှာ နေ့လယ်စာစားအပြီး တရေးအိပ်ချိန်ကိုပါ ထည့်သွင်းထားကြပါတယ်။
တရေးအိပ်သင့်တဲ့သူတွေကတော့ မနက်စောစောထရသူများ၊ အိပ်ချိန်မမှန်သူများနဲ့ မျိုးရိုးအရ အိပ်ချိန်ပိုမိုလိုအပ်သူများဖြစ်ပါတယ်။
ဩစတြေးလျသုတေသီများ အကြံပြုထားတာက တရေးမအိပ်ခင်မှာ ကော်ဖီသောက်ကာ နောက်ထပ်မိနစ် ၂၀ ကြာချိန်မှာ နှိုးစက်ပေးထားခြင်းဖြင့် ကဖင်းဓာတ်က ထကြွလာမှာဖြစ်ပါတယ်။
Source: South China Morning Post
#Yangon_Media_Group
#Health_Tips
Published 8 October 2022
ကြက်ဥကို ပြုတ်စားသည်ဖြစ်စေ၊ ကြော်စားသည်ဖြစ်စေ ဘယ်လိုပဲစားစား တစ်ပတ်ကို ငါးရက်စားသုံးသင့်တယ်လို့ သုတေသီများက ဆိုပါတယ်။
ကြက်ဥကို နေ့တိုင်းနီးပါးစားသူတွေဟာ ပိုမိုသွယ်လျကြောင်း တွေ့ရှိခဲ့ကြတာကြောင့် ဖြစ်ပါတယ်။
ကြက်ဥက အဟာရရှိပြီး သွယ်လျစေတယ်ဆိုတဲ့ ခိုင်မာတဲ့အထောက်အထား မတွေ့ရှိရပေမယ့် လေ့လာချက်တွေအရတော့ ကြက်ဥများများစားရင် ပိုမိုကျန်းမာစေကြောင်း တွေ့ရှိရပါတယ်။
အသက် ၁၈ နှစ်မှ ၃၀ ကြား တက္ကသိုလ်ကျောင်းသား ၃၅၅ ယောက်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုလေ့လာကာ သူတို့ရဲ့ အရပ်၊ အလေးချိန်၊ ခါးအတိုင်းတို့ကို တိုင်းတာပြီး BMI တွက်ချက်ကြည့်ကြပါတယ်။
ကြက်ဥအများဆုံးစားလေ့ရှိသူတွေက ကျန်တဲ့သူတွေထက် BMI နဲ့ အဆီပမာဏ သိသိသာသာနည်းပါးပြီး ၂၂.၅ ခန့်သာရှိပါတယ်။
တစ်ပတ်ကို ကြက်ဥ ၄ လုံးစားလေ့ရှိတဲ့သူတွေကတော့ ၂၃.၅ ရှိပြီး ကြက်ဥတစ်လုံးလောက်သာ စားလေ့ရှိသူတွေကတော့ ၂၃.၅ ရှိပါတယ်။
အသက်နဲ့ ကျား/မ ခွဲခြားတဲ့အခါမှာလည်း ကြက်ဥအနည်းဆုံးစားသူတွေက ခါးနဲ့အရပ်အတိုင်းအတာများခဲ့ပါတယ်။
ဒီရလာဒ်များအရ ကြက်ဥစားခြင်းရဲ့ အကျိုးကျေးဇူးတွေက သူတို့မှာပါဝင်တဲ့ ပရိုတိန်းဓာတ်ကြောင့်ဖြစ်ပြီး ကြက်ဥကြီးကြီးတစ်လုံးဆိုရင် ပရိုတိန်း ၆ ဂရမ်ပါဝင်ပါတယ်။
တစ်ပတ်ကို ကြက်ဥငါးကြိမ်စားသုံးခြင်းဖြင့် ကျန်းမာစေကြောင်း ဒေါက်တာ'မီရီယမ်ဂါရီဒိုမီဂွယ်'က အကြံပြုလိုက်ပါတယ်။
ခန္ဓာကိုယ်က ကြက်ဥရဲ့ပရိုတိန်းဓာတ်ကို စုပ်ယူတာကြောင့် ကြက်ဥများများစားရင် ပိုမိုကျန်းမာကျစ်လစ်တဲ့ခန္ဓာကိုယ်ရရှိစေတယ်လို့ လေ့လာချက်မှာ သုံးသပ်ထားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Industry
Published 7 October 2022
ကုန်ကြမ်းပစ္စည်းများဈေးတက်ပြီး ဆက်သွယ်ရေးမကောင်းပေမယ့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်ရှိ အရုပ်စက်ရုံလုပ်ငန်းကတော့ အဆင့်မြှင့်တင်ခြင်းနဲ့ ဆန်းသစ်တီထွင်မှုများမှတဆင့် ပုံမှန်တိုးတက်လျက်ရှိပါတယ်။
#Yangon_Media_Group
Page 617 of 864