Published 9 Oct 2022
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဟာ ခက်ခဲတဲ့ လမ်းခွဆုံကို ရောက်နေပြီလို့ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ က သတိပေးလိုက်ပါတယ်။ ငွေကြေးဖောင်းပွမှု တစ်ဟုန်ထိုးမြင့်တက်ခြင်း၊အတိုးနှုန်းများတက်နေခြင်းနှင့် ကျယ်ပြန့်လာနေတဲ့ အကြွေးအကျပ်အတည်းတွေအပါအဝင် များလှစွာသော ဆိုးရွားမှုတွေရိုက်ခတ်နေတဲ့အတွက် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းတစ်ခုရောက်ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မန်နေဂျင်းဒါရိုက်တာ ခရစ်စတယ်လီနာ ဂျော့ဂီဗာ က ပြောပါတယ်။ ဒါပေမယ့် ဒီမုန်တိုင်းကို ခံနိုင်ရည်ရှိစေဖို့ အဖွဲ့အစည်းတွေဟာ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားနေတယ်လို့လည်း သူမက ပြောပါတယ်။
Source AFP
#IMF
#Global_Economy
#Global_Economy_Crisis
Published 9 October 2022
အသက်၂၃ နှစ်အရွယ် အင်္ဂလိပ်အမျိုးသားတစ်ဦးဟာ သူ့ဘဝတစ်လျောက်လုံးမှာ ဘယ်မိန်းကလေးကိုမှ မချိန်းတွေ့ဖူးပါဘူး။ သူ့မှာရည်းစားလည်းမရှိပါဘူး။ အဲဒါကြောင့် သူဟာ သူ့ရဲ့မြို့ကလေးအနီးက အဝေးပြေးလမ်းမကြီးပေါ်မှာ ဘီဘုတ်ခ် ကြေညာဆိုင်းဘုတ်ကြီးတစ်ခုကို ငှားပြီး သူ့ကိုယ်သူ ကြေညာလိုက်ပါတော့တယ်။
အက်ဒ်ချက်မင်းဟာ သူ့ရဲ့ဆယ်ကျော်သက်ရွယ်ဘဝ၊ အသက် ၂၀စွန်းစအထိ ရည်းစားကောင်မလေးကို သမားရိုးကျနည်းလမ်းမျိုးစုံနှင့် လူမှုပွဲလမ်းတွေနှင့် ချိန်းဆိုပေးတဲ့ အက်ပလီကေးရှင်းတွေလိုမျိုးနှင့် ရှာဖွေခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အဲဒါကြောင့် လိဒ်မြို့သား သူဟာ ဒီအချိန်မှာတော့ မတူတဲ့နည်းလမ်းသုံးမှပဲရတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီနောက်သူဟာ M621 အမြန်လမ်းမကြီးအနီးမှာ ကြီးမားတဲ့ ကြေညာဘုတ်ကြီးတစ်ခုကို ငှားလိုက်ပါတယ်။ အဲသလိုလုပ်လိုက်တဲ့အတွက် သူ့ဘဝမှာ တစ်ခါမျှမကြုံစဖူးတဲ့ အောင်မြင်မှုကိုရရှိလိုက်ပါတယ်။ သူ့ဆီကို ရည်းစားဖြစ်နိုင်တဲ့ ကောင်မလေးတွေ အများကြီးဆီက မက်ဆေ့ချ်တွေ ရောက်ရှိလာလို့ဖြစ်ပါတယ်။
“ အနည်းဆုံးရည်စားတစ်ယောက်လောက်တော့ ရှိခဲ့သင့်ပြီဆိုတဲ့ အသက်ကို ကျွန်တော်ရောက်လာပြီ။ ဒါပေမယ့် ၂၃နှစ်လုံးလုံး ကျွန်တော့်မှာ တစ်ယောက်တည်းနေခဲ့ရတယ်။ အဲဒါကြောင့် ကျွန်တော်နှင့် ရည်စားတော်ချင်တဲ့ သူတစ်ဦးဦး ရှာဖို့ ကျွန်တော်အဆင်သင့်ဖြစ်ခဲ့တာပါ” လို့ ချက်မင်းကပြောပါတယ်။
“ ကျွန်တော် ချိန်းတွေတဲ့ ဒိတ်တင်း အက်ပလီကေးရှင်းတွေ သုံးကြည့်သေးတယ်။ ဒါပေမယ့် ကျွန်တော့် အတွက် အဆင်မပြေဘူးဗျ။ အဲဒါကြောင့် မတူတဲ့နည်းလမ်းနှင့်လုပ်ကြည့်မှရမယ်လို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ ကိုယ်ပိုင် ဘီဘုတ်နှင့်ဆိုရင် လူတွေကိုတွေ့နိုင်မယ့် နည်းလမ်းကောင်းတစ်ခုဖြစ်လိမ့်မယ်လို့ ကျွန်တော်တွေးမိပါတယ်” လို့ သူက ဖြည့်စွက်ပြောပါတယ်။
ကိုယ့်ရဲ့မျက်နှာကြီးကို ဘီဘုတ်ပေါ်တင်ပြီး “ ကျွန်တော်နှင့်ချိန်းတွေ့ပါ” လို့ စာရေးကြေညာရတဲ့အလုပ်အတွက် အတော်သတ္တိကောင်းဖို့တော့လိုပါတယ်။ အထူးသဖြင့် တစ်ခါမှ ချိန်းမတွေ့ဖူးတဲ့သူတွေအတွက်ပိုလိုပါတယ်။ ဒါပေမယ့် အက်ဒ်ရဲ့ကိစ္စမှာတော့ စွန့်စားရကျိုးနပ်သွားတဲ့သဘောရှိပါတယ်။ ဘီဘုတ်တင်လိုက်တဲ့ ပထမဆုံးနေ့မှာပဲ သူနှင့်ချိန်းတွေ့ဖို့ စိတ်ဝင်စားတဲ့ အမျိူးသမီးတစ်ဦးဆီက ပထမဆုံးမက်ဆေ့ချ်ကို သူရရှိလိုက်ပါတယ်။
“ ကြော်ငြာဘုတ်တင်တဲ့ ပထမနေ့မှာတင်ပဲ ပထမဆုံးမက်ဆေ့ရပါတယ်။ အဲဒီကတည်းက အသက် ၁၈နှစ်နှင့် ၄၈နှစ်အကြား အမျိုးသမီး တွေဆီက မက်ဆေ့အချို့ ကျွန်တော်ဆက်ပြီးရခဲ့ပါတယ်” လို့ သူက ကာတာစ် သတင်းဌာနကိုပြောပါတယ်။
“ ဒါဟာ ရောသမမွှေတစ်ခုပဲ၊ စိတ်လှုပ်ရှားဖို့တော့ တကယ်ကောင်းတယ်ဗျ။ ပြီးတော့ ဒါဟာ ကျွန်တော့်အတွက် အကောင်းတွေလာတော့မယ်ဆိုတဲ့ သဘောလက္ခဏာပဲ” လို့သူကပြောပါတယ်။
ဘီဘုတ်နှင့် အချစ်ကိုရှာတာ သူ့အရင်မှာလည်းရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒိတ်တင်း အပလီကေးရှင်းနှင့် အလုပ်မဖြစ်တဲ့ အင်္ဂလိပ်တစ်ယောက်အဲသလိုသုံးခဲ့ပါတယ်။ ၂၀၁၉မှာလည်း ဒီနည်းအတိုင်း ထူးခြားဆန်းကြယ်တဲ့ မာမွန်မီလျံနာတစ်ဦးလုပ်ခဲ့ပါတယ်။၂၀၁၃ခုနှစ်တုန်းက တစ်ခါ အိမ်ထောင်မရှိတဲ့ လုပ်ငန်းရှင်တစ်ဦးက ဘီဘုတ်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။
Source: dailymail.uk
#Ed_Chapman
#Billboard_find_love
#UK
Published 9 October 2022
တစ်ယောက်နှင့်တစ်ယောက်အမြဲ ယှဉ်ပြီးအပြောခံနေရတဲ့ ဂျပန်နိုင်ငံကအမြွှာညီအစ်မနှစ်ယောက်ဟာ အဲဒါကို မခံစားနိုင်တော့တဲ့အဆုံး နောက်ဆုံးမှာ နှစ်ယောက်စလုံး မျက်နှာပြင်ခွဲစိတ်ဖို့သဘောတူကြပြီး ခွဲစိတ်မှုခံခဲ့ကြပါတယ်။
အမြွှာညီအစ်မ ချီနှင့် ချီကာယိုရှီကာဝါတို့ဟာ သူတို့လိုချင်တဲ့ မျက်နှာသွင်ပြင်ရရှိအောင် မျက်နှာပြင်ခွဲစိတ်မှုကို ထပ်ကာလုပ်ခဲ့ကြတာတွေကြောင့် သူတို့ရဲ့ မွေးရပ်မြေ ဂျပန်နိုင်ငံမှာ လူသိများကျော်ကြားနေကြပါတယ်။
အသက်နှစ်ဆယ်စွန်းတုန်းက သူတို့ပုံတွေနှင့် ယခုအသက် ၃၄နှစ်အရွယ်ပုံတွေကြည့်လိုက်ရင် သူတို့နှစ်ဦးဟာ လုံးဝမတူတဲ့ အမျိုးသမီးငယ်တွေအဖြစ် အသွင်ပြောင်းလဲသွားကြတာကိုတွေ့နိုင်ပါတယ်။သူတို့ဟာ အင်စတာဂရမ်နှင့် တွစ်တာမှာပုံတွေတင်ဖို့ မိတ်ကပ်တွေနှင့် အလှပြင်ခဲ့ကြပေမယ့် သေသေချာချာကြည့်ရင် သူတို့ရဲ့ မျက်လုံးနှင့် နှာခေါင်း ပုံသဏ္ဍာန်တွေဟာ မူလရုပ်နှင့်လုံးဝမတူကွဲပြားသွားတာသိသာပါတယ်။
ညီအစ်မနှစ်ယောက်ဟာ မျက်နှာပြင်ခွဲစိတ်အလှပြုပြင်ရေးအတွက် တစ်ဦးကို ယန်းသန်း၄၀ (ဒေါ်လာ နှစ်သိန်းခုနှစ်သောင်း ငါးထောင်) အကုန်အကျခံခဲ့ကြတာပါ။ အဲဒီခွဲစိတ်မှုတွေမှာ filler injections ၊မျက်နှာပြင်မတင်တာက အစ နှာခေါင်းပြုပြင်တာ မျက်ရစ်ခွဲစိတ်တာတွေအထိပါဝင်ပါတယ်။
သူတို့နှစ်ဦးဟာ ငယ်စဉ်တုန်းက အမြဲယှဉ်အပြောခံရတာကို သတိရနေကြပါတယ်။ တစ်ယောက်ကို ပိုချစ်စရာ ကောင်းတယ်လို့ အပြောခံရတာမျိုး၊ တစ်ယောက်ကစာပိုတော်တယ်အပြောခံရတာမျိုး၊ တစ်ယောက်က ပိုပြီးစမတ်ဖြစ်တယ်ဆိုတာမျိုး၊ တစ်ယောက်က အားကစားပိုတော်တယ်လိုမျိုး အမြဲအပြောခံခဲ့ကြရတာလို့ သူတို့ကပြောပါတယ်။
အဲသလိုနှိုင်းအပြောခံရတာတွေဟာ သူတို့ရဲ့စိတ်ကျန်းမာရေးအပေါ် မကောင်းတဲ့ဆိုးကျိုးဖြစ်စေပါတယ်။ သူတို့ဟာ သူတို့ရဲ့မျက်နှာတွေကို မှန်မှာကြည့်ပြီး မလှတဲ့အစိတ်အပိုင်းတွေကို ရှာခဲ့ကြပါတယ်တဲ့။ သူတို့ဟာ ခွဲစိတ်လို့ရတဲ့ အရွယ်ရောက်တဲ့အခါ အကြီးမ ချီက အရင်ဆုံးခွဲစိတ်ခံပါတယ်။ ချီရဲ့ ရလာဒ်ကိုကြည့်ပြီး အငယ်မ ချီကာက ဆက်ပြီး ခွဲစိတ်ခံတာဖြစ်ပါတယ်။ နှစ်ယောက်ခွဲစိတ်ခံရတဲ့ အဆင့်တွေမတူကြပေမယ့် နှစ်ယောက်စလုံးက တစ်ယောက်ကို ယန်းသန်း၃၀ဆီမျှခံကြတာပါလို့ပြောပါတယ်။
အစပထမမှာတော့ သူတို့ဟာ နှိုင်းယှဉ်အပြောခံရတာတွေမုန်းလို့ နှစ်ယောက်စလုံးချွတ်စွတ်တူအောင်လုပ်ချင်ကြပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနှင့်အမျှ သူတို့တစ်ယောက်စီမှာမတူတဲ့ အလှကလေးတွေရှိတယ်လို့ သဘောပေါက်သွားကြပါတယ်တဲ့။
သူတို့ဟာ ပထမအကြိမ်မျက်နှာပြင်ခွဲစိတ်ပြုပြင်ပြိးနောက် ဆိုရှယ်မီဒီယာတွေပေါပုံတွဲတင်ပါတယ်။ ကြည့်ရသူတွေက ဝေဖန်ကြတာကိုနားထောင်ပြီး ပြန်ပြင်လိုက် နားထောင်လိုက်ခဏခဏလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ လူ့အလို နတ်မလိုက်နိုင်တာလို အားလုံးအကြိုက်တော့မဖြစ်နိုင်ဘူးဆိုတာသိလို့ အဲဒီအလုပ်ကိုရပ်လိုက်တယ်လို့ ပြောပါတယ်။
အခုအသက် ၃၄နှစ်အရွယ်ရောက်ပြီဖြစ်တော့ ချီနှင့်ချီကာတို့က အလှအပစံညွှန်းတွေနှင့် လူကြိုက်ဦးတည်ရာတွေဟာ အမြဲပြောင်းလဲနေလို့ ကိုယ့်ကိုကိုယ်စိတ်ကျေနပ်ဖို့အတွက် အဲဒီအပြောင်းအလဲတွေနောက် အမြဲလိုက်စရာမလိုတော့ဘူးဆိုတာကို သိမြင်သဘောပေါက်လာကြပါတယ်လို့ သတင်းကရေးသားပါတယ်။
Source: aramajapan.com
#Chie_Chika
#Twin_Girls_plastic_surgery
#Japan_Beauty_industry
#World_Health
Published 9 October 2022
အမျိုးသမီးတွေ အသက် ၅၀ ကျော်လာတာနဲ့အမျှ ရင်သားကင်ဆာဖြစ်လာနိုင်တယ်လို့ သိထားကြပေမယ့် ဒီရောဂါက အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။
စိုးရိမ်စရာရှိတာက အမျိုးသား ၇၃ ရာခိုင်နှုန်းလောက်က ရင်သားမှာ အဖုတွေအကျိတ်တွေ ထွက်သလားဆိုတာကို မစစ်ဆေးကြကြောင်း သုံးသပ်ထားပါတယ်။
ယခုနှစ်အတွင်း ယူကေမှာ ရင်သားကင်ဆာတွေ့ရှိသူ အမျိုးသား ၃၅၀ ခန့်ရှိခဲ့တာကြောင့် အမျိုးသားတွေအနေနဲ့ လက္ခဏာတွေကို သတိထားသင့်ထားပါတယ်။
စောစောစီးစီးသိရရင် စောစီးစွာ ဆေးကုသမှုခံယူနိုင်မှာဖြစ်ပါတယ်။
အခြားကင်ဆာအများစုလိုပဲ စောစောသိရရင် အသက်ကယ်တင်နိုင်မှာဖြစ်ပြီး သတိထားရမယ့်လက္ခဏာတွေပေါ်လာတာဟာ ရောဂါနဲ့ဆက်စပ်နေတယ်ဆိုတာကို သိထားဖို့ အရေးကြီးကြောင်း ဓာတ်ရောင်ခြည်ကင်ဆာအထူးကု ဒေါက်တာ'အဲလက်ဇန်ဒရာဟားစ်'က ရှင်းပြခဲ့ပါတယ်။
အမျိုးသားတွေက လက္ခဏာတွေကို မသိဘာသာနေကြတာကြောင့် နောက်ကျမှ ရောဂါရှိကြောင်းသိရပြီး အမျိုးသမီးလူနာတွေထက် ပိုမိုနောက်ကျပြီးမှ ကုသတတ်ကြပါတယ်။
ရင်သားကင်ဆာအတွက် အမျိုးသားတွေသတိထားရမယ့် လက္ခဏာတွေကတော့..
(၁) ရင်ဘတ်အရွယ်အစား ပုံသဏ္ဍာန်ပြောင်းလဲခြင်း
(၂) ရင်ဘတ်နဲ့ ချိုင်းနားတဝိုက် အဖုအသေးလေးများထွက်လာခြင်း
(၃) ရင်ဘတ်နဲ့ ချိုင်းနားတဝိုက် ရောင်ရမ်းခြင်း
(၄) နို့သီးခေါင်း ထိုးထွက်လာခြင်း
(၅) နီရဲခြင်း
(၆) နို့သီးခေါင်းမှ သွေးစိမ့်ထွက်ခြင်း
(၇) အရေပြားအနာဖြစ်ခြင်း တို့ဖြစ်ပါတယ်။
ဒီလက္ခဏာတွေထဲက တစ်ခုခုဖြစ်ပြီဆိုရင် ဆရာဝန်နဲ့ပြသပြီး တိုင်ပင်သင့်ပါတယ်။
အသက်ကြီးသူတွေမှာ ပိုဖြစ်တတ်ပေမယ့် အသက်အရွယ်မရွေးဖြစ်တတ်တာမို့လို့ အမြဲစစ်ဆေးနေသင့်ပါတယ်။
မိသားစုထဲမှာ ရင်သားကင်ဆာဖြစ်ဖူးသူတွေပါရင် အထူးဂရုစိုက်သတိထားသင့်ပါတယ်။
အမျိုးသားတွေမှာ အီစထရိုဂျင်ဟော်မုန်းက အနည်းငယ်သာရှိပေမယ့် များလာရင်တော့ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်ချေရှိပါတယ်။
အဝလွန်ခြင်း၊ အသည်းရောဂါ၊ မျိုးရိုးရောဂါရှိတဲ့ အမျိုးသားတွေမှာ အီစထရိုဂျင်ဟော်မုန်းများနေတတ်ပါတယ်။ကုသမှုအနေနဲ့ ကင်ဆာဖြစ်နေတဲ့ တစ်ရှူးနေရာကို ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်၊ ဓာတုကုထုံးတို့ဖြင့် ဖယ်ရှားနိုင်ပါတယ်။အမျိုးသမီးတွေမှာကဲ့သို့ပင် စောစီးစွာသိရှိရပါက ရင်သားကင်ဆာကို အောင်မြင်စွာကုသနိုင်ပါတယ်။
Source: The Sun
#Yangon_Media_Group
Published 9 October 2022
စင်္ကာပူ အစားအစာ အေဂျင်စီက Mie Sedaap အသင့်စားခေါက်ဆွဲထုတ်နှစ်မျိုးမှာ ပိုးသတ်ဆေးတွေ့လို့ ပြန်သိမ်းယူစေပြီးနောက် ( သတင်းဖော်ပြခဲ့ပြီး)အဲဒီအမှတ်တံဆိပ်မှာပဲ နောက်ထပ် နှစ်မျိုးမှာ အလားတူပိုးသတ်ဆေးတွေ့ခဲ့တဲ့ အတွက် ထပ်မံသိမ်းယူဖို့ ညွှန်ကြားခဲ့တယ်လို့ Channel News Asia က သတင်းထုတ်ပြန်ပါတယ်။
ခွင့်မပြုတဲ့ပိုးသတ်ဆေးတစ်မျိုးဖြစ်တဲ့ အက်သလင်းအောက်ဆိုက်ကို Mie Sedaap အသင့်ခေါက်ဆွဲအမျိုးအစားနှစ်ခုမှာ ထပ်မံတွေ့ခဲ့တာဖြစ်ပါတယ်။ စင်္ကာပူ အစားအစာ အေဂျင်စီ SFA က ဖြန့်ချိတဲ့ Arklife Distributors ကုမ္ပဏီကို Mie Sedaap Soto အသင့်စားခေါက်ဆွဲထုတ်တွေနှင့် Mie Sedaap Curry အသင့်စားခေါက်ဆွဲထုတ်တွေကို ထပ်မံသိမ်းဆည်း ဖို့ ညွှန်ကြားခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။
ယခုထပ်မံသိမ်းဆည်းတဲ့ အသင့်စား ခေါက်ဆွဲထုတ်တွေကတော့ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၁၁ရက်မှာ သက်တမ်းကုန်တဲ့ Mie Sedaap Soto နှင့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၂၂ရက်မှာ သက်တမ်းကုန်တဲ့ Mie Sedaap Curry အသင့်ခေါက်ဆွဲထုတ်တွေ ဖြစ်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။ အဲဒီနှစ်မျိုးစလုံးကလည်း အင်ဒိုနီးရှားက တင်သွင်းတာဖြစ်ပါတယ်။
အဲဒါကြောင့် အေဂျင်စီဟာ အခြားသော Mie Sedaap အသင့်စားခေါက်ဆွဲတွေကို ဆက်လက်ပြီး စစ်ဆေးသွားမယ်လို့ စနေနေ့က ကြေညာပါတယ်။ တင်သွင်းသူတွေနှင့် အင်ဒိုနီးရှားအာဏာပိုင်တွေနှင့် လက်တွဲအလုပ်လုပ်ပြီး အက်သလင်း အောက်ဆိုက်ပါဝင်နေတဲ့အပေါ် စုံစမ်းဖော်ထုတ်မှုတွေလုပ်သွားမယ်လို့ ပြောပါတယ်။
“ ယခုကြေညာထားတဲ့ ခေါက်ဆွဲထုတ်တွေ ဝယ်ယူထားမိတဲ့သူတွေ မစားသုံးမိကြဖို့အကြံပြုပါတယ်” လို့ SFA က ကြေညာပါတယ်။
“ ယခုကြေညာထားတဲ့ထုတ်ကုန်တွေကို စားသုံးမိသူတွေဟာ သူတို့ကျန်းမာရေးနှင့်ပတ်သက်လို စိတ်ပူစရာရှိပြီး ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေရယူကြသင့်ပါတယ်။ ဝယ်ယူခဲ့သူတွေအနေနှင့် သူတို့ဝယ်ခဲ့တဲ့နေရာတွေမှာ သွားရောက်စုံစမ်းမေးမြန်းကြပါ” လို့လည်း စင်ကာပူအစားအစာ အေဂျင်စီက နှိုးဆော်ထားပါတယ်။
Source CNA
#Mie_Sedaap_Soto
#Mie_Sedaap_Curry
#Ethylene_oxide
Published 8 October
အမေရိကန်ရေတပ်ရဲ့ အသစ်လွင်ဆုံး လေယာဉ်တင်သင်္ဘောဟာ အင်္ဂါနေ့က ပထမဆုံးခရီးကို စတင်ခဲ့ပါတယ်။ ဒါဟာ ခေတ်မီနည်းပညာအချို့နှင့်ပတ်သက်တဲ့ ပြဿနာတွေဖြစ်ခဲ့ရတဲ့ သင်္ဘောကြီးအတွက် အထင်ကရမှတ်တိုင်တစ်ခုဖြစ်ခဲ့ ပါတယ်။
USS Gerald R. Ford ယူအက်က်စ်အက်စ် ဂါးရက် အာရ် ဖို့ဒ် လို့အမည်ပေးထားတဲ့ သင်္ဘောကြီးဟာ ဒေါ်လာ ၁၃ ဘီလျံကျော်ကုန်ကျခံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီလေယာဉ်တင်သင်္ဘောကြီးဟာ တပ်ဖြန့်ခရီးမှာ ကနေဒါ၊ပြင်သစ်နှင့် ဂျာမနီတို့ အပါအဝင် နိုင်ငံတွေနှင့်အတူ လက်တွဲလုပ်ဆောင်မှာဖြစ်ပါတယ်။အဲဒီအထဲမှာ လေကြောင်းကာကွယ်ရေး၊ ရေငုပ်သင်္ဘော တန်ပြန်စစ်ပွဲနှင့် ကုန်းနှင့်ရေ စစ်ဆင်ရေးတို့ကို သင်တန်းပေးမှာတွေ ပါဝင်ပါတယ်။
အမေရိကန်ရေတပ်ဖေ့စ်ဘုတ်ပေ့ချ်က ဗွီဒီယိုမှာ တွန်းသင်္ဘောတွေက မီးခိုရောင်ဆေးသုတ်ထားတဲ့ သင်္ဘောကြီးကို ဗာဂျင်နီးယားပြည်နယ် နော်ဖောက် ရေတပ်စခန်းဆိပ်ခံတံတားကနေ တွန်းပြီးထွက်ခွာနေတာကိုပြသထားပါတယ်။
“ ဒီသင်္ဘောကြီးရဲ့တပ်ဖြန့်မှုဟာ အတ္တလန်တစ်ထဲမှာ ပြိုင်ဘက်ကင်းတဲ့၊ နယ်ပယ်စုံတဲ့၊ သေကြေပျက်စီးစေလောက်တဲ့ နယ်ဝန်းပြည့်ဖြစ်တဲ့ တပ်ဖြန့်မှု ဆိုတာ ထင်ရှားနေပါတယ်” လို့ ရေတပ်ဗိုလ်ချူပ်ကြီး ဒါးကောဒဲလ်က သင်္ဘောမထွက်ခွာခင် သတင်းထုတ်ပြန်ချက်ထဲ ပြောထားပါတယ်။
ဒီတပ်ဖြန့်မှုခရီးမှာ နိုင်ငံပေါင်းကိုးနိုင်ငံက စစ်သင်္ဘောအစီး၂၀နှင့် လေယာဉ်အစီး ၆၀ပါဝင်ကြတယ်လို့ အမေရိကန်ရေတပ်ကပြောပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံတွေလဲဆိုတာကိုတော့ ထုတ်ပြောမသွားပါဘူး။
၂၀၁၇ခုနှစ်မှာ အဲဒီသင်္ဘောဟာ စတင်တာဝန်ပေးအပ်ခံရပါတယ်။ သင်္ဘောရဲ့ အလျားဟာ ပေ ၁၁၀၀ရှိပြီး ဝန်အပြည့် တန်ချိန် တစ်သိန်းတစ်ထောင် တင်နိုင်ပါတယ်။ ဒါပေမယ့် ဝန်အပြည့်နှင့် တစ်နာရီကို ၅၄ ကီလိုမီတာကျော် အမြန်နှုန်းနှင့် ခုတ်မောင်းနိုင်ပါတယ်။
အမေရိကန်ရဲ့ ၃၈ ဦးမြောက် သမ္မတရဲ့အမည်ပေးထားတဲ့ ယခုလေယာဉ်တင်သင်္ဘောဟာ အရင် လေယာဉ်တင်သင်္ဘောတွေလောက် သင်္ဘောသား မလိုအပ်ဘဲ မောင်းနှင်နိုင်အောင် ဒီဇိုင်းလုပ်ထားပါတယ်။ အဲဒီအပြင် ယခုမှစမ်းသပ်နေတုန်းဖြစ်တဲ့ အနာဂတ်စွမ်းအင်လက်နက်တွေကိုလည်းသယ်ဆောင်နိုင်အောင်ပါ ဒီဇိုင်းလုပ်ထားပါတယ်။
ယခင် လေယာဉ်တင်သင်္ဘောတွေထက် သာတဲ့ အဓိကအချက်က လေယာဉ်တွေ အတက်အဆင်းနှုန်းပိုပြီးမြန်လာစေတာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၂ခုနှစ်ဇွန်လတုန်းက ကွန်ဂရက်ကိုတင်ပြတဲ့ အစီရင်ခံစာမှာတော့ ဒီသင်္ဘောမှာ နည်းပညာ ပြဿနာအချို့ရှိတယ်လို့ ဖော်ပြထားပါတယ်။
သင်္ဘောကြီးရဲ့ လက်နက်မတင်စက်တွေ တပ်ဆင်မပြီးသေးတာနှင့် အချို့သော နည်းပညာပြဿနာတွေကို ဖြေရှင်းနေရတာကြောင့် လေယာဉ်တင်သင်္ဘောကြီးရဲ ပထမဆုံးတပ်ဖြန့်မှုခရီးဟာ နှောင့်နှေးခဲ့ရပါတယ်လို့ ဩဂုတ်လက ထုတ်ပြန်တဲ့ လေယာဉ်နှင့်ပတ်သက်တဲ့ ကွန်ဂရက်သုတေသနလုပ်ငန်းအစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
Source AFP
#USS_Gerald_R. Ford
#US_Navy
#Newest_aircraft_carrier
#World_Industry
Published 8 October 2022
ဘီယာထုတ်လုပ်ရာမှာ နာမည်ကြီးတဲ့ ဘယ်လ်ဂျီယမ်နိုင်ငံမှာ ဘီယာချက်ရာကနေထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေထဲ မှိုတွေပေါက်ရောက်လာပြီး စီးပွားရေးတွင်ကျယ်လျက်ရှိပါတယ်။
#Yangon_Media_Group
Page 616 of 864