#World_Politics
Published 25 March 2023
ဗြိတိန်ဘုရင်ဖြစ်ပြီးနောက် ပထမဆုံးအကြိမ်နိုင်ငံခြားလည်ပတ်မှုအဖြစ် ပြင်သစ်နိုင်ငံသို့ သွားရောက်ရန်စီစဉ်ထားတဲ့ ချားလ်စ်ဘုရင်ရဲ့ခရီးစဉ်ဟာ သောကြာနေ့က ရွှေ့ဆိုင်းလိုက်ရပါတယ်။
အကြောင်းအရင်းကတော့ ပြင်သစ်မှာ နေရာအနှံ့လူထုမငြိမ်မသက်ဖြစ်နေကြတာကြောင့် ဖြစ်ပါတယ်။
ဗြိတိန်ဘုရင်ရဲ့ခရီးစဉ်ဟာ အင်္ဂလန်နဲ့ပြင်သစ်ကြား သဟဇာတဆက်ဆံရေး ကဏ္ဍအသစ်အထိမ်းအမှတ်အဖြစ် ကျင်းပဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။
ထိုခရီးစဉ်အတွင်း ဗာဆေးလ်ရှိ တော်ဝင်နန်းတော်ဟောင်းမှာ ဧည့်ခံစားသောက်ပွဲပြုလုပ်မှာ ဖြစ်တဲ့အပြင် ဝိုင်ထွက်ရှိရာ ဘော်ဒိုးကိုလည်း သွားရောက်ရမှာဖြစ်ပေမယ့် ထိုနေရာတွေမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေကာ လူအုပ်ကြီးက အဆောက်အအုံတွေကို မီးရှို့ပြီး ရဲတွေကိုတိုက်ခိုက်နေကြပါတယ်။
ခရီးစဉ်ရွှေ့ဆိုင်းရမှုက ချားလ်စ်အတွက် စိတ်ပျက်စရာဖြစ်ရသလို ပြင်သစ်သမ္မတ'အီမန်နျူယယ်မက်ခရွန်'အတွက်လည်း အရှက်ရစရာဖြစ်ရပါတယ်။
ဘုရင်နဲ့ဘုရင်မတို့က အလည်အပတ်ခရီးသွားဖို့ အရမ်းမျှော်လင့်ထားကြတာပါလို့ ဘက်ကင်ဟမ်နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ပြင်သစ်သမ္မတနဲ့ စကားပြောဆိုခဲ့တဲ့အကြောင်း ယူကေဝန်ကြီးချုပ်က ဘုရင်ကိုအသိပေးခဲ့ကာ ပြင်သစ်သမ္မတက ခရီးစဉ်ရွှေ့ဆိုင်းဖို့အကြံပြုခဲ့သလို ဘုရင်ကလည်း ဝန်ကြီးချုပ်ရဲ့အကြံဉာဏ်ကို နားလည်သဘောပေါက်ကို ရွှေ့ဆိုင်းဖို့လက်ခံခဲ့ပါတယ်။
ချားလ်စ်က သူ့ကြင်ယာတော်'ကာမယ်လာ'နဲ့အတူ ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် ပြင်သစ်ကိုအရင်ဆုံးသွားရောက်ပြီး ဂျာမနီသို့ဆက်လက်သွားရောက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ချားလ်စ်က လွှတ်တော်အမတ်များနဲ့ မိန့်ခွန်းပြောကြားဖို့လည်း စီစဉ်ထားကာ ဘော်ဒိုးကိုဆက်လက်သွားရောက်မှာဖြစ်ပါတယ်။
မက်ခရွန်အစိုးရအဖွဲ့က ပင်စင်ဥပဒေကြမ်းတစ်ရပ်နဲ့ပတ်သက်ပြီး အယုံအကြည်မရှိမဲခွဲရာမှာ ပွတ်ကာသီကာဖြင့် ဆက်လက်တည်မြဲနေတာဖြစ်ပါတယ်။
အရင်ခေတ်အဆက်ဆက်က သွားလာလည်ပတ်လို့ကောင်းတဲ့ ပြင်သစ်နေရာတွေမှာ အခုဆိုရင် ဆူပူအုံကြွနေကြပြီလို့ ပြင်သစ်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း'ပီတာရစ်ကတ်စ်'က Sky News ထံပြောကြားခဲ့ပါတယ်။
ပြင်သစ်အတွက် အလွန်ခက်ခဲတဲ့အနေအထားဖြစ်နေတာကို ဘက်ကင်ဟမ်နန်းတော်လည်း ရှင်းရှင်းလင်းလင်း သဘောပေါက်မှာပါလို့ ဆိုပါတယ်။
အခုလိုရွှေ့ဆိုင်းလိုက်ရတဲ့အတွက် အနာဂတ်မှာ တွေ့ဆုံလို့ရမယ့်နေ့ရက်ကို နှစ်ဖက်စလုံးမှ မျှော်လင့်နေပါတယ်။
"သူတို့နှစ်ယောက်တွေ့ဆုံဖို့အတွက် လပေါင်းများစွာကြာမြင့်နိုင်ပြီး ပြင်သစ်မှာ အခြေအနေတွေ တည်ငြိမ်သွားတဲ့အချိန်မှဖြစ်ပါလိမ့်မယ်၊ အဲဒီအချိန်ရောက်လာရင်တော့ တကယ်ကိုအောင်ပွဲခံဆင်နွှဲကြမှာပါ" လို့ ရစ်ကတ်စ်က ပြောပြသွားပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 25 March 2023
လှုပ်ရှားလေ့ကျင့်ခန်းအမျိုးမျိုးက ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိကြောင်း လေ့လာတွေ့ရှိထားပေမယ့် တစ်မျိုးကတော့ အားနည်းချက်ရှိနေပါတယ်။
တာဝေးပြေးခြင်းက မျက်နှာပိန်လှီပြီး အိုမင်းသွားနိုင်တယ်လို့ နယူးယော့ခ်အခြေစိုက် ပလတ်စ်တစ်ခွဲစိတ်ဆရာဝန်ဒေါက်တာ'ဂျရဲလ်အင်ဘာ'က ဗီဒီယိုမှာပြောကြားလိုက်ပါတယ်။
ဗီဒီယိုထဲမှာ အင်ဘာက အိုမင်းရင့်ရော်ခြင်းကို ကာကွယ်တဲ့အကြောင်းနဲ့ ရင့်ရော်ခြင်းကိုမြန်စေတဲ့အကြောင်းတို့ကို နှိုင်းယှဉ်ဆွေးနွေးခဲ့ပါတယ်။
တာဝေးပြေးခြင်းက မျက်နှာပိန်လျားပြီး ရင့်ရော်စေကာ ဒူး၊ ခြေကျင်းဝတ်၊ နောက်ကျောတို့ ထိခိုက်ပျက်စီးစေပါတယ်။
တာဝေးပြေးခြင်းကို အကြံမပြုပေမယ့် တစ်ပတ်ကို မကြာခဏ တာတိုပြေးခြင်းကိုတော့ အင်ဘာက အကြံပြုထားပါတယ်။
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ရန်နဲ့ ခန္ဓာကိုယ်လေ့ကျင့်ခန်းအတွက် အေရိုးဗစ်က အကောင်းဆုံးလေ့ကျင့်ခန်းလို့ ဆိုပါတယ်။
ပြေးခြင်းလို ပြင်းထန်တဲ့လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ဓာတ်တိုးဖိစီးမှုတွေကို တိုးများစေကြောင်း နယူးယော့ခ်ရှဝိုင်ဂါအရေးပြားဌာနမှ ဒေါက်တာ'ရေချယ်နာဇာရီယန်'က ပြောပြခဲ့ပါတယ်။
အရေပြားပေါ်မှာ ဓာတ်တိုးဖိစီးမှုဖြစ်ပေါ်လာပါက အိုမင်းရင့်ရော်ပုံပေါက်လာပြီး ကော်လာဂျင်နဲ့ အီလက်စ်တင်တို့ပြိုကွဲကာ အရေပြားတွဲကျလာကြပါတယ်။
ဒါ့အပြင် အပြင်ဘက်မှာ ပြေးခြင်းက နေရောင်ခြည်ထိတွေ့မှု ပိုများတာကြောင့် ခရမ်းလွန်ရောင်ခြည်က DNA ထိခိုက်ပျက်စီးကာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာဖြစ်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Health
Published 25 March 2023
ထမင်းမစားခင် ဗာဒံစေ့စားသုံးပေးခြင်းဖြင့် ဆီးချိုရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ဖွယ်ရှိပါတယ်။
ဆီးချိုနဲ့ အဝလွန်ခြင်းဖြစ်နိုင်ချေရှိနေတဲ့ အိန္ဒိယလူမျိုးတွေမှာ ဗာဒံစေ့စားခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သုတေသန ၂ ရပ်မှာ တွေ့ရှိခဲ့ပါတယ်။
စမ်းသပ်ရာမှာ မနက်စာ၊ နေ့လယ်စာ၊ ညစာမစားခင် မိနစ် ၃၀ အလိုမှာ ၂၀ ဂရမ်မျှရှိတဲ့ ဗာဒံစေ့လက်တစ်ဆုပ်စာကို စားသုံးစေခဲ့ပါတယ်။
စမ်းသပ်ကာလအတွင်း အခြားအစေ့အဆန်အားလုံးကိုတော့ ရှောင်ရှားခိုင်းခဲ့ပါတယ်။
ကယ်လီဖိုးနီးယားအယ်လ်မွန်ဘုတ်အဖွဲ့က ထောက်ပံ့ပြီးဒေါက်တာ'အေနုမစ္စရာ'နဲ့ ဒေါက်တာ'ဆီမာဂူလာတီ'တို့က စမ်းသပ်တာဖြစ်ပါတယ်။
ထိုသို့စားသုံးစေခြင်းဟာ ထမင်းစားပြီးနောက် ဂလူးကို့စ်နဲ့ အင်ဆူလင်အတက်အကျဖြစ်ခြင်းကို လျော့ကျစေနိုင်ပြီး သွေးထဲဂလူးကို့စ်တက်ခြင်းကို လျှော့ချပေးနိုင်တယ်လို့ သုတေသီများယူဆနေကြပါတယ်။
"ဗာဒံစေ့က သွေးတွင်းဂလူးကို့စ်ပမာဏကို ထိန်းချုပ်တဲ့နေရာမှာ အဓိကပတ်သက်နေပြီး အစာမစားခင်တိုင်း ဗာဒံအနည်းငယ်စားပေးခြင်းဖြင့် အိန္ဒိယလူမျိုးတွေမှာ ၃ ရက်အတွင်း ဂလူးကို့စ်ပမာဏထိန်းချုပ်ပေးနိုင်တယ်လို့ ဖော်ပြသွားပါတယ်။
ဗာဒံမှာပါဝင်တဲ့ အမျှင်၊ မိုနိုဆက်ကျူရိတ်တက်အဆီ၊ ဇင့်၊ မဂ္ဂနီဆီယမ် အာဟာရဓာတ်များက ဂလူးကို့စ်ကိုထိန်းချုပ်နိုင်စေပြီး ဆာလောင်ခြင်းကိုလျှော့ချပေးပါတယ်။
အစာအိမ်ရှင်းလင်းရာမှာ နှောင့်နှေးစေတဲ့အတွက် အစာတွေကို နှေးကွေးစွာချေဖျက်ပေးကာ ကိုယ်အလေးချိန်ထိန်းသိမ်းပေးနိုင်ပြီး ဆီးချိုဖြစ်နိုင်ချေရှိတဲ့သူတွေကို သွေးတွင်းသကြားဓာတ်ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။
Source: India Today
#Yangon_Media_Group
#World_SocialMedia
Published 24 March 2023
မက်ဒရစ်ဆင်ခြေဖုံးရပ်ကွက်ရှိ အမျိုးသမီးငယ် ၄ ဦးဟာ တစ်တော့ပေါ်မှာ လူသန်းပေါင်းများစွာကြည့်ရှုနေတဲ့ သတင်းများကိုအကျဉ်းချုပ်ပြီး ဗီဒီယိုများဖန်တီးရန် ကြိုးစားနေကြပါတယ်။
#YMG#Yangon_Media_Group
Published 24 March 2023
ပြင်သစ်နိုင်ငံမှာ ပင်စင်ပြုပြင်ပြောင်းလဲမှုအပေါ် မကျေနပ်ကြတဲ့သန်းနှင့်ချီတဲ့ ဆန္ဒပြသူများနှင့် ပြင်သစ် လုံခြုံရေးတပ်ဖွဲ့တွေအကြား မတ်လ၂၃ရက်ကြာသပတေးနေ့က ရုန့်ရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ပြင်သစ်ပြည်သူတွေဟာ သမ္မတ မက်ခရွန်ရဲ့ အကြီးအကျယ်အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ ပင်စင်ပြုပြင်ပြောင်းလဲရေး အပေါ် ဆန့်ကျင်လာခဲ့ကြတာ သုံးလရှိပြီလည်းဖြစ်ပါတယ်။
ရဲအရာရှိ၁၅၀ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး များစွာသော ဆန္ဒပြသူတွေလည်း အဖမ်းခံခဲ့ကြရပါတယ်။ ပါရီမြို့အပါအဝင် မြို့တော်တော်များများမှာ ဆန္ဒပြမှုတွေကနေ ရုန့်ရင်းဆန်ခတ်မှုတွေဖြ်လာခဲ့ကြပြီး ဆန္ဒပြသူတွေက မီးကွင်းတွေနှင့် ပစ်ပေါက်ခဲ့ကြပါတယ်။
Source AFP
#ပြင်သစ်ပင်စင်ကိစ္စဆန္ဒပြပွဲ
#ပြင်သစ်ပင်စင်ပြုပြင်ပြောင်းလဲရေး
#YangonMediaGroup
#DailyNews
Published_ 23 March 2023
၁။ကမ္ဘာ့အမွေအနှစ်စာရင်းတင်နိုင်ရန် သင်္ကြန်ပွဲတော်များကို မှတ်တမ်းတင် documentary များ ရိုက်ကူးမှတ်တမ်းတင်ထားမည်ဟုဆို
၂။တရုတ်နိုင်ငံမှ မြန်မာနိုင်ငံမှာ လျှပ်စစ်ကားထုတ်လုပ်မယ်ဆိုရင် နှစ်နိုင်ငံလုပ်ငန်းရှင်များအကြား ခိုင်မာသည့် MOU တွေချုပ်ဆိုရန်လိုအပ်ဟုဆို
၃။ တစ်ရက်အတွင်း ဓာတ်ဆီဈေး တစ်လီတာလျှင် ၂၁၀၀ ကျပ်သို့ ပြန်တက်လာ
၄။တစ်တော့၊ ယူကျုတို့တွင် သတင်းများစုစည်းတင်ဆက်ပေးနေသည့် အမျိုးသမီးငယ်အဖွဲ့ အောင်မြင်မှုရနေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Military
Published 24 March 2023
ရန်သူရဲ့ ရေတပ်သင်္ဘောတွေနဲ့ ဆိပ်ကမ်းတွေကို ဖျက်ဆီးပစ်နိုင်တဲ့ ရေဒီယိုသတ္တိကြွဆူနာမီကို ဖန်တီးပေးနိုင်တဲ့ ရေအောက်နျူကလီးယားဒရုန်းတစ်ခုကို မြောက်ကိုရီးယားက ကြာသပတေးနေ့မှာ စမ်းသပ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
အင်္ဂါနေ့ကနေ ကြာသပတေးနေ့အထိ မြောက်ကိုရီးယားတို့က စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရာမှာ အဆိုပါလက်နက်စနစ်အသစ်ကို ထည့်သွင်းစမ်းသပ်ခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေက ကိုရီးယားကျွန်းဆွယ်မှာ မရှောင်လွှဲနိုင်လောက်အောင် တင်းမာမှုမြင့်တက်လာတယ်လို့ မြောက်ကိုရီးယားက အပြစ်တင်နေပါတယ်။
ဒါတွေကြောင့် မြောက်ကိုရီးယားတပ်တွေဟာ စစ်ပွဲဖြစ်လာနိုင်တဲ့အခြေအနေအတွက် အသင့်ပြင်နေကြပြီး နျူကလီးယားတပ်တွေမှာ အရေအတွက်အရရော အရည်အသွေးအရပါ အခြေခံဦးစားပေးအနေနဲ့ အင်အားဖြည့်တင်းနေကြပါတယ်။
KCNA သတင်းဌာနတင်ပြချက်အရ မြောက်ကိုရီးယားစစ်တပ်ဟာ ဖျက်ဆီးစွမ်းအားအလွန်ကျယ်ပြန့်တဲ့ ဆူနာမီလက်နက်စနစ်ကို နေရာချလိုက်ပြီဖြစ်ပါတယ်။
အဆိုပါရေအောက်ဒရုန်းဟာ ရေအနက် ၈၀ မှ ၁၅၀ မီတာမှာ ၅၉ နာရီ ၁၂ မိနစ်ကြာအောင် မောင်းနှင်နိုင်ခဲ့ပါတယ်။
ဒီရေအောက်နျူကလီးယားဒရုန်းဟာ မည်သည့်ဆိပ်ကမ်း၊ ကမ်းရိုးတန်းမှာမဆို နေရာချနိုင်သလို ရေပေါ်သင်္ဘောနဲ့လည်း ဆွဲထားနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် 'ကင်မ်ဂျုံအန်'က အဆိုပါစစ်ရေးလေ့ကျင့်မှုတွေကို ညွှန်ကြားခဲ့ကာ ဒီလေ့ကျင့်မှုတွေက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို သတိပေးတဲ့အနေဖြစ်ကြောင်း ဆိုလိုက်ပါတယ်။
အမေရိကန်အရင်းရှင်တွေနဲ့ တောင်ကိုရီးယားရုပ်သေးရုပ်တို့ ရွေးချယ်ရာလမ်းကြောင်းအတိုင်း ကျရှုံးသွားအောင် ပြုလုပ်ချင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နျူကလီးယားထိပ်ဖူးတပ် ပုံစံတူတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်တွေကိုလည်း ဗုဒ္ဓဟူးနေ့က စမ်းသပ်ခဲ့ကြောင်း KCNA က အတည်ပြုလိုက်ပါတယ်။
အဆိုပါစစ်ရေးလေ့ကျင့်မှုက မြောက်ကိုရီးယားရဲ့ နောက်ထပ်စစ်ရေးတိုက်ခိုက်စွမ်းရည်ကို ဖော်ပြလိုက်တာဖြစ်ပြီး လေထဲဖောက်ခွဲခြင်း၊ ထိန်းချုပ်ရေးကိရိယာတွေအပေါ် အားထားနိုင်စွမ်းကို ဖော်ပြနေတာဖြစ်ပါတယ်။
Source: WION
#Yangon_Media_Group
Page 485 of 868