#DailyNews
Published_ 21 March 2023
၁။ သင်္ကြန်ပိတ်ရက်ရှည်ကာလတွင် ပူတာအိုဒေသသို့ လာရောက်လည်ပတ်မည့်သူ များမည်ဟုဆို
၂။ ရွှေစျေးကစားလိုသူတွေရဲ့ဝါဒဖြန့်မူများကိုယုံကြည်ပြီး အရောင်းအဝယ်မလုပ်ဖို့ ရန်ကုန်ရွှေအသင်းထုတ်ပြန်
၃။ နွေရာသီမတ်လနှောင်းပိုင်း၌ လေဖိအားနည်းရပ်ဝန်းနှင့် မိုးရွာခြင်း၊ မြူကျခြင်းများ ဖြစ်ပေါ်ဦးမည်
၄။ အမေရိကန်အရီဇိုးနားတွင် ရေအနည်းငယ်ဖြင့် အထွက်နှုန်းကောင်းစေမည့်ရေသွင်းနည်းလမ်းများအား စိုက်ပျိုးရေးသိပ္ပံပညာရှင်များ အဖြေရှာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Health
Published 21 March 2023
အရိုးအကြောပြုပြင်သူ'အမ်ဘာရင်ဖား'ရဲ့အမေဖြစ်သူ ၂၀၁၈ ခုနှစ်မှာ အူမကြီးကင်ဆာခွဲစိတ်နေစဉ် အလျင်အမြန် ပြန်လည်သက်သာစေရန်အတွက် 'ဖား'က တတ်နိုင်သမျှ အကောင်းဆုံးပြင်ဆင်ခဲ့ပါတယ်။
ဒီအတွက် အောက်ဆီဂျင်ဖိအားပေးကုသနည်းလမ်း(HBOT)ကို အသုံးပြုခဲ့ပါတယ်။
HBOT ဆိုတာက အခန်းတစ်ခန်းထဲမှာ အောက်ဆီဂျင်သန့်သန့်ကို ဖိအားပေးလိုက်တာဖြစ်ပါတယ်။
ဒဏ်ရာတွေက တစ်ရှူးအနာကျက်ဖို့ဆိုရင် အောက်ဆီဂျင်လိုအပ်တာကြောင့် သွေးနဲ့တစ်ရှူးတွေထံ အောက်ဆီဂျင်ပိုမိုရောက်ရှိအောင် ၁၀၀ ရာခိုင်နှုန်းအောက်ဆီဂျင်ဖြင့် ရှူသွင်းခိုင်းတာဖြစ်ပြီး ထိုအချိန်အတွင်း အနာလျင်မြင်စွာ သက်သာလာတာဖြစ်ပါတယ်။
'ဖား'ရဲ့အမေကတော့ ခွဲစိတ်မှုမလုပ်ခင် HBOT မိနစ် ၆၀ ကြာဆက်ရှင် ၁၀ ကြိမ်ခံယူခဲ့ကာ ခွဲစိတ်မှုအပြီးမှာလည်း ၁၀ ကြိမ်ထပ်မံခံယူခဲ့ပါတယ်။
ခွဲစိတ်တဲ့အခါ ခန္ဓာကိုယ်အားပြည့်နေအောင် ပြုလုပ်ပေးချင်ခဲ့တာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
HBOT ရဲ့အကျိုးကျေးဇူးကြောင့် နာကျင်မှုနဲ့ နွမ်းနယ်မှုတွေကို သက်သာစေခဲ့ကြောင်း အထင်အရှားမြင်တွေ့ခဲ့ရပါတယ်။
အမ်ဘာရင်ဖားက ဗြိတိန်အရိုးအကြောပြုပြင်ရေးတက္ကသိုလ်မှာ လေ့လာပြီးနောက် ၁၉၉၇ မှာ ဘွဲ့ရခဲ့ပါတယ်။
နာမည်ကြီးအားကစားသမားတွေနဲ့ ၂၅ နှစ်ကြာအောင် အလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံရှိပြီး ၂၀၁၂ လန်ဒန်အိုလံပစ်အားကစားပြိုင်ပွဲမှာလည်း အဓိကဆေးအဖွဲ့မှာပါဝင်ခဲ့ပါတယ်။
'ဖား'က အောက်ဆီဂျင်ဖိအားပေးပညာရှင် ဒေါက်တာ'ရောဘတ်ပင်ဒါ'နဲ့အတူ အရိုးအကြောပြုပြင်ရေးမှာ HBOT နည်းလမ်းကို အမြဲတစေအသုံးပြုခဲ့ပါတယ်။
ဒါ့အပြင် HBOT နည်းလမ်းဖြင့် အော်တစ်ဇင်၊ လေဖြတ်ခြင်း၊ နာတာရှည်ကိုက်ခဲခြင်း၊ အယ်လ်ဇိုင်းမား၊ ဒီမန်ရှာ၊ ဦးနှောက်ထိခိုက်ခြင်း၊ ကင်ဆာ၊ ကိုဗစ်နောက်ဆက်တွဲလက္ခဏာများမှာလည်း အကျိုးရှိစွာအသုံးပြုနိုင်ခဲ့ပါတယ်။
လေထုထဲမှာ သာမန်အားဖြင့် အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်းရရှိပေမယ့် ဖိအားပေးအခန်းထဲမှာတော့ ၁၀၀ ရာခိုင်နှုန်းအောက်ဆီဂျင်ပေးတာဖြစ်ပါတယ်။
သူ့ဆီလာတဲ့ လူနာတဝက်လောက်က HBOT နည်းလမ်းကို စိတ်ဝင်စားလာကြပြီး အောက်ဆီဂျင်ဖိအားပေးအခန်းကို အိမ်မှာတပ်ဆင်ဖို့အထိ စိတ်ကူးလာကြပါတယ်။
အောက်ဆီဂျင်ပေးခြင်းဖြင့် သက်ရှည်ကျန်းမာစေရုံမက ဦးနှောက်လုပ်ဆောင်ချက်ကို အကောင်းဆုံးဖြစ်စေပါတယ်လို့ ဆိုခဲ့ပါတယ်။
အိုမင်းရင့်ရော်ခြင်းကို ကာကွယ်တဲ့နေရာမှာလည်း HBOT ကိုအသုံးများလာကြပြီး သွေးကြောများနဲ့ အာရုံကြောအသစ်များကြီးထွားလာစေကာ သွေးကြောပျက်စီးမှုများကို ပြုပြင်ပေးပါတယ်။
အခုဆိုရင်သူ့အမေက အသက် ၇၈ နှစ်အရွယ်မှာ ကျန်းမာသန်စွမ်းနေပြီလို့ ဖော်ပြသွားပါတယ်။
Source: South China Morning Post
#Yangon_Media_Group
#World_Astronomy
Published 21 March 2023
အပူချိန်မအေးလွန်း မပူလွန်းတဲ့ ဝေးကွာတဲ့ အာကာသဂြိုဟ်တွေရဲ့ အလင်းအမှောင်ပိုင်းခြားရာနေရာတွေမှာ ဂြိုဟ်သားတွေ ပုန်းခိုနေနိုင်တယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ နက္ခတ္တဗေဒပညာရှင်များ လေ့လာမှုပြုလုပ်ခဲ့ပါတယ်။
နေစကြဝဠာအပြင်ဘက်မှာ တိတ်တဆိတ်ရှိနေတဲ့ ဂြိုဟ်အမျိုးမျိုးဟာ ဂြိုဟ်တစ်ဖက်ခြမ်းက ကြယ်တွေဘက်လှည့်နေပြီး အခြားတစ်ဖက်ခြမ်းကတော့ အမှောင်ဖက်မှာ အမြဲရှိနေပါတယ်။
ထိုဂြိုဟ်တွေထဲမှာ သက်ရှိအဖွဲ့အစည်းတစ်ခု တည်ရှိနေနိုင်ကာ သူတို့ရဲ့အဓိကလိုအပ်ချက်ဖြစ်တဲ့ အရည်ကို သိုလှောင်နိုင်တဲ့ အနေအထားဖြစ်နိုင်ချေ ရှိနေကြောင်း နက္ခတ္တဗေဒပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။
မှောင်မိုက်ချမ်းအေးတဲ့ ဘက်ခြမ်းမှာ ထိုရေတွေက အေးခဲနေနိုင်ပြီး ပူနွေးတဲ့နေ့ဘက်ခြမ်းမှာတော့ အငွေ့ပျံသွားနိုင်ပါတယ်။
နေ့ဘက်ခြမ်းက နေထိုင်လို့မရလောက်အောင် ခြစ်ခြစ်တောက်ပူနေနိုင်ပြီး ညဘက်ခြမ်းကတော့ ရေခဲများဖြင့် အေးခဲနေနိုင်ကြောင်း ဦးဆောင်စာတမ်းပြုစုသူ ဒေါက်တာ'အန်နာလိုဘို'က ပြောကြားလိုက်ပါတယ်။
ကျယ်ပြန့်တဲ့သမုဒ္ဒရာတွေ၊ ရေကန်တွေမရှိပေမယ့် ရေအကန့်အသတ်သာရှိနေတဲ့ ဂြိုဟ်တွေကိုပိုမိုအာရုံစိုက်လာပြီး ထိုကဲ့သို့ရာသီဥတုတွေက အမှန်တကယ်အလားအလာရှိကြောင်း ဆိုပါတယ်။
ဂြိုဟ်ပေါ်မှာ မြေနေရာအများအပြားရှိတယ်ဆိုရင် နေထိုင်လို့ရတဲ့ နေရာတွေအများကြီးရှိနေနိုင်တာကို 'အန်နာ'က ပြသနိုင်ခဲ့တယ်လို့ UCI ရူပဗေဒနဲ့ နက္ခတ္တဗေဒတွဲဖက်ပရော်ဖက်ဆာ 'အိုမာဝါရှီးလ်'က ပြောပြခဲ့ပါတယ်။
အလင်းအမှောင်ပိုင်းခြားရာနေရာများကို သက်ရှိများနေထိုင်ရန် အလားအလာရှိတဲ့ နေရာအဖြစ် ခွဲခြားသတ်မှတ်ထားတာဟာလည်း ဂြိုဟ်လေထုအစိတ်အပိုင်းအနည်းငယ်မှာ သက်ရှိများရှိနေနိုင်တဲ့ လက္ခဏာများရှာဖွေရန်အတွက် ရာသီဥတုများလေ့လာဖို့ လိုအပ်ကြောင်း ဆိုလိုတာဖြစ်ပါတယ်။
Source: WION
#Yangon_Meida_Group
#World_Electricity
Published 20 March 2023
အမေရိကန်မှာ သန့်စင်စွမ်းအင်ကဏ္ဍကြီးထွားလာဖို တွန်းအားပေးနေတဲ့အချိန်မှာပဲ တိုင်းပြည်အတွင်း ကျွမ်းကျင်လျှပ်စစ်ပညာရှင်များ ရှားပါးပြတ်လပ်လာပါတယ်။
#YMG#Yangon_Media_Group
#World_Health
Published 20 March 2023
စစ်ဘက်ဆိုင်ရာလေယာဉ်မှူးတွေကြား ကင်ဆာဖြစ်ပွားနှုန်း မြင့်မားနေတာကို ပင်တဂွန်စစ်ဌာနချုပ်ရဲ့ လေ့လာချက်တစ်ခုမှာ တွေ့ရှိခဲ့ရပြီး လေယာဉ်တွေကို လောင်စာဆီဖြည့်၊ ထိန်းသိမ်းလွှတ်တင်ရတဲ့ မြေပြင်မှဝန်ထမ်းတွေဟာလည်း နာမကျန်းဖြစ်တတ်ကြကြောင်း ပထမဦးဆုံးတွေ့ရှိခဲ့ကြပါတယ်။
ကင်ဆာခံစားနေရတဲ့ ဝေဟင်နဲ့မြေပြင်ရှိဝန်ထမ်းများအကြောင်းကို အငြိမ်းစားလေတပ်သားများက နှစ်ပေါင်းများစွာတိုင်အောင် သတိပေးထားခဲ့တဲ့အပေါ်မှ အချက်အလက်များကို ရှာဖွေခဲ့တာဖြစ်ပါတယ်။
အစောပိုင်းလေ့လာမှုတွေမှာတော့ လေတပ်သားများက သာမန်အမေရိကန်ပြည်သူတွေထက် ကင်ဆာဖြစ်နိုင်ချေမများဘူးလို့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
၁၉၉၂ မှ ၂၀၁၇ အတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာလေတပ်မှ လေယာဉ်ဝန်ထမ်းတွေနဲ့ မြေပြင်ဝန်ထမ်းပေါင်း ၉ သိန်းနီးပါးကို နှစ်ရှည်လများလေ့လာခဲ့တဲ့အခါ လေယာဉ်ဝန်ထမ်းတွေဟာ အရေပြားကင်ဆာဖြစ်နိုင်ချေ ၈၇ ရာခိုင်နှုန်း၊ သိုင်းရွိုက်ကင်ဆာ ၃၉ ရာခိုင်နှုန်း၊ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ ၁၆ ရာခိုင်နှုန်း၊ အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ ၁၆ ရာခိုင်နှုန်းနဲ့ ကင်ဆာအမျိုးအစားမရွေးဖြစ်နိုင်ချေ ၂၄ ရာခိုင်နှုန်း အသီးသီးပိုများခဲ့ကြောင်း ပင်တဂွန်က တွေ့ရှိခဲ့ပါတယ်။
မြေပြင်ဝန်ထမ်းတွေကတော့ ဦးနှောက်နဲ့ အာရုံကြောကင်ဆာဖြစ်နိုင်ချေ ၁၉ ရာခိုင်နှုန်း၊ သိုင်းရွိုက်ကင်ဆာဖြစ်နိုင်ချေ ၁၅ ရာခိုင်နှုန်း၊ ကျောက်ကပ်ကင်ဆာ ၉ ရာခိုင်နှုန်း၊ အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ ၇ ရာခိုင်နှုန်း၊ ကင်ဆာအမျိုးအစားမရွေးဖြစ်နိုင်ချေ ၃ ရာခိုင်နှုန်းအသီးသီး မြင့်မားနေပါတယ်။
ဒါပေမဲ့ မြေပြင်ဝန်ထမ်းတွေရော လေယာဉ်ဝန်ထမ်းတွေမှာပါ အဆုတ်ကင်ဆာဖြစ်နိုင်ချေကတော့ နည်းပါးပြီး လေယာဉ်ဝန်ထမ်းတွေမှာ ဆီးကျိတ်နဲ့ အူမကြီးကင်ဆာတို့ဖြစ်နိုင်ချေပါ နည်းပါးသွားပါတယ်။
အချက်အလက်တွေထဲက ကွာဟချက်တွေကြောင့် ကင်ဆာအမှန်တကယ်ဖြစ်သူအရေအတွက်က ပိုများနေနိုင်ကြောင်း ပင်တဂွန်က သတိပေးလိုက်ပါတယ်။
ဒီလေ့လာချက်ကြောင့် ခေါင်းဆောင်တွေနဲ့ မူဝါဒချမှတ်သူတွေအနေနဲ့ စိတ်ချရတဲ့အနေအထားဖြစ်အောင် သက်သေပြဖို့အချိန်တန်ပြီဖြစ်ကြောင်း အငြိမ်းစားလေတပ်ဗိုလ်မှူးကြီး 'ဗင့်စ်အယ်ကာဇာ'က ပြောပြသွားပါတယ်။
ဒီလေ့လာချက်ကို ၂၀၂၁ ကာကွယ်ရေးဥပဒေမူကြမ်းမှာ ကွန်ဂရက်က တောင်းဆိုခဲ့ပါတယ်။
လေယာဉ်ဝန်ထမ်းတွေ ထိတွေ့နေရတဲ့ လောင်စာဆီတွေ၊ သန့်ရှင်းရေးပစ္စည်းတွေ၊ ဆင်ဆာတွေ၊ ပါဝါအရင်းအမြစ်တွေ၊ ရေဒါစနစ်တို့နဲ့ပတ်သက်ပြီး အနီးကပ်ကြည့်ရှုစစ်ဆေးပေးဖို့ ပင်တဂွန်ကို တောင်းဆိုထားတာကြာပါပြီ။
လေယာဉ်ဝန်ထမ်းတွေဟာ သာမန်လူတွေထက် ကင်ဆာဖြစ်နိုင်ချေပိုများပေမယ့် စစ်ဘက်ဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ရခြင်းနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများကြောင့် ရောဂါစောစီးစွာသိရှိရကာ အသက်ရှင်နိုင်ချေပိုများပါတယ်။
စစ်ဘက်ဆိုင်ရာကျန်းမာရေးစနစ် ကင်ဆာအချက်အလက်တွေက ၁၉၉၀ မတိုင်ခင်အထိ ယုံကြည်စိတ်ချရတဲ့အနေအထားမဟုတ်ဘဲ ရှေ့ဆယ်စုနှစ်တွေက လေယာဉ်မှူးတွေ မပါဝင်ခဲ့ပါဘူး။
Source: abc News
#Yangon_Media_Group
#DailyNews
Published_ 20 March 2023
၁။ ရန်ကုန်ရွှေဈေး အကယ်ဒမီအခေါက်ရွှေ သိန်း ၃၀ နီးပါး ရှိလာ
၂။ ရန်ကုန်၊ မန္တလေးနှင့် ထိုင်းနိုင်ငံများတွင် သင်္ကြန်တွင်းတရားစခန်းများ ပြန်ဖွင့်မည်
၃။ ဓာတ်ဆီဈေး တစ်လီတာ ၂၀၃၅ ကျပ်အထိ ပြန်လည်ကျဆင်းလာ
၄။ သန့်စင်စွမ်းအင်ကဏ္ဍကိုဦးစားပေးလာသော်ငြား လျှပ်စစ်ကျွမ်းကျင်ပညာရှင်များ အမေရိကန်တွင် ရှားပါးလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Health
Published 20 March 2023
ညဘက်အိပ်ရေးပျက်တာတွေ၊ ခြေထောက်တုန်လှုပ်တာတွေဟာ အိမ်မွေးတိရိစ္ဆာန်တွေကြောင့်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။
ခွေးမမွေးသူတွေနဲ့ယှဉ်ရင် ခွေးပိုင်ရှင်တွေဟာ အိပ်စက်မှုပိုင်းမှာပြဿနာများရှိတတ်ပြီး ကြောင်ပိုင်ရှင်တွေကတော့ ညအိပ်တဲ့အခါ ခြေထောက်တုန်လှုပ်တာမျိုး ပိုအဖြစ်များပါတယ်။
အိမ်မွေးတိရိစ္ဆာန်မွေးထားခြင်းဟာ လုံခြုံမှုနဲ့ အဖော်ရတယ်လို့ ထင်မှတ်ထားကြပေမယ့် ရလဒ်တွေအရတော့ အိပ်စက်မှုကို ပိုဆိုးရွားစေပါတယ်။
လေ့လာချက်တွေအရ ခွေးပိုင်ရှင်တွေဟာ ခွေးမမွေးသူတွေထက် အိပ်မပျော်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ မငြိမ်မသက်ဖြစ်ခြင်း၊ အိပ်ငိုက်ခြင်း၊ အိပ်ဆေးလိုအပ်ခြင်း၊ ခြေထောက်တုန်လှုပ်ခြင်းတို့ ပိုပြီးဖြစ်နိုင်ချေရှိပါတယ်။
ကြောင်ပိုင်ရှင်တွေကတော့ ကြောင်မမွေးသူတွေထက် အိပ်ပျော်ဖို့ခက်ခဲခြင်း၊ ခြေထောက်တုန်လှုပ်ခြင်းတို့ ပိုဖြစ်တတ်ပါတယ်။
ဒီအကြောင်းအရင်းက ကြောင်တွေဟာ ညဘက်မှာ ပိုပြီးလှုပ်ရှားတာကြောင့်လို့ ယူဆပေမယ့် အတည်မပြုနိုင်သေးပါဘူး။
အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ပတ်သက်ပြီး အိပ်စက်မှုပြဿနာများနဲ့ ဖြေရှင်းနည်းတို့အကြောင်း နားလည်သိရှိလာနိုင်ပါသေးတယ်။
ဒီလိုတွေတွေ့ရှိထားပေမယ့် အိမ်မွေးတိရိစ္ဆာန်တွေကို အိပ်ရာမှာခေါ်သိပ်ခြင်းဖြင့် အိပ်စက်မှုကိုကူညီပေးနိုင်တယ်လို့ မိုင်ယိုဆေးရုံက တွေ့ရှိထားပါတယ်။
သူတို့ဘေးနားထားပြီးအိပ်စက်တဲ့အခါ လုံခြုံမှုနဲ့ သက်တောင့်သက်သာဖြစ်မှုကို ခံစားရစေတယ်လို့ ဒေါက်တာ'လွိုက်စ်ခရန်'က ပြောပြခဲ့ပါတယ်။
အခုခေတ်မှာ လူတွေက နေ့ဘက်တွေမှာ အပြင်ရောက်နေတာကြောင့် အိမ်မွေးလေးတွေနဲ့ ဝေးကွာနေရပြီး အိမ်ရောက်တဲ့အခါ ညဘက်အိပ်ရာပေါ်ထားခြင်းဖြင့် သူတို့နဲ့အတူ ရှိနေစေပါတယ်။
Source: Daliy Mail #World_Health #အိမ်မွေးတိရိစ္ဆာန်
#YMG #Yangon_Media_Group
Page 488 of 868