#Daily_News
Published_ 2 August 2023
၁။ ၂၀၂၃ ခုနှစ်အတွင်း ဗိုလ်တထောင်စေတီတော်တွင် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်မည်
၂။ မုန်တိုင်းငယ်အရှိန်ကြောင့် မိုးသက်လေပြင်းကျရောက်ခြင်းနှင့် မိုးကြီးခြင်းများဖြစ်ပေါ်နိုင်
၃။ နိုင်ငံ့ဂုဏ်ဆောင် မြန်မာစကိတ်သမားနှစ်ဦး ပြည်တော်ပြန်ရောက်ရှိ
၄။ အယ်လ်ဂျီးရီးယားကန္တာရ အိုအေစစ်တွင်ကျင်းပသည့် ရှေးဟောင်းပွဲတော်သို့တူအာရက်လူမျိုးအများအပြားလာရောက် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
၂ ဩဂုတ်၊၂၀၂၃
အထွေထွေရွေးကောက်ပွဲတွင် ဒုတိယရရှိခဲ့သည့် ဖွေထိုင်းပါတီသည် ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ Move Forward Party MFP ဟာ ဘုရင်နှင့်တော်ဝင်မိသားစုအပေါ်ဝေဖန်သူတွေကို အပြစ်ပေးအရေးယူသည့် ဥပဒေများကို ပြင်ဆင်ရေးအပေါ် ဆက်လက်ရပ်တည်ထားတာကြောင့် MFP ကို ထားရစ်ခဲ့ကာ ယင်း၏ကိုယ်ပိုင်ညွန့်ပေါင်းအစိုးရဖွဲ့စည်းပါတော့မယ်။
ဖွေထိုင်းပါတီခေါင်းဆောင် ချိုနန်ဆရီကောက MFP ညွန့်ပေါင်းကနေ ထွက်ပြီး ကိုယ်ပိုင်ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းမယ်ဆိုတာကို ယနေ့ ဩဂုတ်၂ရက်နေ့မှာကြေညာခဲ့တာဖြစ်ပါတယ်။
ပါတီနှစ်ခုသည် အစိုးရဖွဲ့ရန် ကြိုးပမ်းရာတွင် MFP မှ ဖွဲ့စည်းထားတဲ့ ရှစ်ပါတီ မဟာမိတ်အဖွဲ့တွင် အဓိကပါဝင်သူတွေဖြစ်ကြပါတယ်။ MFP ကအောက်လွှတ်တော် ၁၅၁ နေရာနှင့် ဖွေထိုင်းက၁၄၁ နေရာရရှိထားပါတယ်။ ယင်းတို့ရဲ့ မဟာမိတ်အဖွဲ့ဟာ အောက်လွှတ်တော်အမတ်နေရာ ၅၀၀နေရာ တွင် ၃၁၂ နေရာရရှိထားတာဖြစ်ပါတယ်။
MFP သည် ယင်းရဲ့ ခေါင်းဆောင် ပီတ လင်ဂျာရွန်ရတ် Pita Limjaroenrat ကို ဇူလိုင် ၁၃ ရက်က ၀န်ကြီးချုပ်အဖြစ် အဆိုပြုခဲ့ပြီးနောက် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်နှစ်ရပ်ပေါင်းမဲပေးခဲ့ရာမှာ အများစုမဲဖြင့် အနိုင်မရရှိဖြစ်ခဲ့ရပါတယ်။ အဲဒီနောက် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရာတွင် ဖွေထိုင်းက ဦးဆောင်ခွင့်ရခဲ့ပါတယ်။
ခန့်အပ်ခံရသော အထက်လွှတ်တော်အမတ်အများစုနှင့် အခြားပါတီများမှ ရွေးကောက်ခံအမတ်အများအပြားသည် ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၂ ဖြစ်တဲ့ the lese majeste law ကို ပြင်ဆင်ပြောင်းလဲရေးအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။
ဖွေထိုင်းခေါင်းဆောင်က MFP သည် လိုအပ်သောပါလီမန်ထောက်ခံမှုမရပြီးနောက်တွင် ရှစ်ပါတီမဟာမိတ်အဖွဲ့က အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရေးအတွက် အခြားပါတီများနှင့် အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမှုကို ပိုမိုရယူရန် ဖြူထိုင်းကို တာဝန်ပေးအပ်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ပုဒ်မ ၁၁၂ ကို ဘယ်လိုပြောင်းလဲတာမျိုးမဆို လက်မခံဘူးဆိုပြီး သူတို့ကပြောကြတယ်။ တချို့ပါတီတွေဆိုရင် Move Forward နဲ့ အတူ အစိုးရအဖွဲ့ထဲပါဝင်မှာမဟုတ်ဘူးလို့တောင်ပြောကြတယ်” ဟု ဒေါက်တာ ချိုနန်က ပြောပါတယ်။
အဲဒါကြောင့် ဖွေထိုင်းပါတီဟာ ရှစ်ပါတီ မဟာမိတ်အဖွဲ့မှ နှုတ်ထွက်ပြီး ယင်း၏ ကိုယ်ပိုင် ၀န်ကြီးချုပ်လောင်းအဖြစ် သာရက်တာ သာဗီဆင် Srettha Thavisin ကို လွှတ်တော်သို့ အမည်စာရင်းတင်သွင်းမယ်လို့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက Move Forward နှင့်တွေ့ဆုံ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ဖွေထိုင်းနဲ့ မစ္စတာ သာရက်တာ တို့ဟာ ပုဒ်မ ၁၁၂ ကို ဆက်လက် ထိန်းသိမ်းထားမှာဖြစ်ပြီး အစိုးရသစ်ရဲ့ ညွန့်ပေါင်းအဖွဲ့ထဲမှာ ရှေ့သို့ပါတီ MFPပါဝင်မှာမဟုတ်ဘူး” လို့ ဒေါက်တာ ချိုနန်က ဆက်လက်ပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက MFP နှင့် ဆွေးနွေးမှုသည် အပြုသဘောဆောင်သော အငွေ့အသက်များဖြင့် ကျင်းပခဲ့တာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။
"ဖွေထိုင်းဟာ လုံလောက်တဲ့ မဲများ (ပါလီမန်တွင်) ရရှိဖို့ ကြိုးစားမှာ ဖြစ်ပြီး MFP ဟာ အတိုက်အခံအဖြစ်ရှိသွားလိမ့်မယ်” လို့လည်း သူကပြောပါတယ်။
ညွန့်ပေါင်းထဲပါမယ့်ပါတီတွေအမည်ကို ကြာသပတေးနေ့မှာ သူကြေညာပေးမှာဖြစ်ပါတယ်။
ဖွေထိုင်းဦးဆောင်တဲ့အစိုးရအနေနှင့်အခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ အစိုးရဖွဲ့စည်းရာမှာ အတားအဆီးဖြစ်နေတာကြောင့်ပါ။ ပြီးရင် အစိုးရဟာ အာဏာကိုပြည်သူ့ထံပြန်အပ်ပြီး ရွေးကောက်ပွဲအသစ်တစ်ခုကျင်းပပေမယ်လို့လည်း ဒေါက်တာချိနန်ကပြောပါတယ်။
MFP ရဲ့ အကျိုးရှိမယ့်မူဝါဒတွေကို ထောက်ခံမယ်လို့လည်းသူကကတိပေးပါတယ်။ တကယ်လို့ MFPက မစ္စတာ သရက်တာကို မဲမပေးခဲ့ရင်လည်း သူ့အနေနှင့်ကိစ္စမရှိပါဘူးလို့ ဒေါက်တာချိုနန်ကပြောပါတယ်။
“ ဖွေထိုင်းဟာ နိုင်ငံကို အကျပ်အတည်းကနေ ဆွဲထုတ်မှာဖြစ်တယ်” လို့ ဒေါက်တာချိုနန်ကပြောပါတယ်။
Source: Bangkok Post
#ThailandPolitics
#World_Politic
Published 2 August 2023
အမေရိကန်သမ္မတဟောင်း 'ဒေါ်နယ်ထရမ့်'ဟာ ၂၀၂၀ ရွေးကောက်ပွဲကို ပြောင်းပြန်လှန်ရန် အားထုတ်ကြိုးပမ်းမှုဖြင့် အင်္ဂါနေ့က စွဲချက်တင်ခံရကာ ၄ လအတွင်း တတိယအကြိမ် စွဲချက်တင်ခံရတာဖြစ်ပြီး လာမယ့်နှစ် သမ္မတရွေးကောက်ခံခွင့် ပြန်လည်ရရှိရန် စည်းရုံးမှုများ ပြုလုပ်နေစဉ်ပင် ရာဇဝတ်မှုဖြင့် တရားစွဲဆိုခံထားရပါတယ်။
ဒီမိုကရက်တစ် 'ဂျိုးဘိုင်ဒင်'ရဲ့ အောင်ပွဲကို အသိအမှတ်မပြုစေရန် ကွန်ဂရက်လွှတ်တော်ကို တားဆီးပြီး တိုင်းပြည်ကိုလိမ်ညာစေခြင်း၊ မဲဆန္ဒရှင်များ တရားမျှတစွာ ရွေးကောက်ပွဲ မဲပေးခွင့် ဆုံးရှုံးစေခြင်းတို့ဖြင့် ရီပတ်ဘလစ်ကန်'ထရမ့်'ကို အမှု ၄ မှု ၄၅ မျက်နှာပါ စွဲချက်တင်မှုမှာ ဖော်ပြထားပါတယ်။
ထရမ့်ဟာ ရွေးကောက်ပွဲရလဒ်များကို ပြောင်းလဲရန်၊ ဒုသမ္မတ'မိုက်ခ်ပန့်စ်'အပါအဝင် ပြည်နယ်နဲ့ ဖက်ဒရယ်အရာရှိများကို လိမ်လည်ပြောဆိုရန် တွန်းအားပေးခဲ့ပြီး နောက်ဆုံးမှာ အမေရိကန်လွှတ်တော် အဆောက်အအုံကပ်ပီတိုလ်ကို အကြမ်းဖက်တိုက်ခိုက်ရန် လှုံ့ဆော်ခဲ့ကာ အမေရိကန်ရဲ့ ဒီမိုကရေစီကို ပျက်ပြားစေရန်နဲ့ အာဏာရရှိရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားလိုက်ပါတယ်။
ကြာသပတေးနေ့မှာ ဝါရှင်တန်ရှိ ဖက်ဒရယ်တရားရုံးသို့ ဦးစွာလာရောက်ရန် ထရမ့်ကို အမိန့်ချခဲ့ပါတယ်။
အဆိုပါစွဲချက်တွေဟာ အထူးအကြံပေးပုဂ္ဂိုလ် 'ဂျက်ခ်စမစ်'ကနေ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးပြီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တရားရေးဆိုင်ရာ ပြဿနာတွေ ရှိနေပေမယ့် ထရမ့်ဟာ ရီပတ်ဘလစ်ကန် သမ္မတလောင်းအတွက် ရှေ့ပြေးဖြစ်နေဆဲဖြစ်ကြောင်း လူထုသဘောထားစစ်တမ်းများအရ သိရပါတယ်။
၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့မှာ ထရမ့်က သူ့ရဲ့ရွေးကောက်ပွဲအနိုင်ရပိုင်ခွင့် ခိုးယူခံလိုက်ရတယ်လို့ ပြင်းထန်တဲ့ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် မကြာခင်မှာပဲ ထရမ့်ထောက်ခံသူတွေက ဘိုင်ဒင်အနိုင်ရမှုကို တရားဝင်အသိအမှတ် မပြုနိုင်ရန် အမေရိကန်ကပ်ပီတိုလ်အဆောက်အအုံကို ဝင်ရောက်သောင်းကျန်းခဲ့ပါတယ်။
စမစ်က သတင်းထောက်တွေကို ပြောကြားရာမှာ အဆိုပါအကြမ်းဖက်မှုအတွက် 'ထရမ့်'အပေါ်ကို အပြစ်ပုံချခဲ့ပါတယ်။
"၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့ ကပ်ပီတိုလ်ကို တိုက်ခိုက်မှုဟာ အမေရိကန်ဒီမိုကရေစီအုတ်မြစ်ကို မကြုံစဖူးတိုက်ခိုက်မှု ဖြစ်ပါတယ်။ စွဲချက်မှာ ဖော်ပြထားတဲ့အတိုင်း တရားခံဟာ အမေရိကန်အစိုးရရဲ့ ပင်မလုပ်ဆောင်ချက်တွေကို ပိတ်ပင်ရန် ရည်ရွယ်ပြီး မုသားတွေနဲ့ ဖုံးလွှမ်းရန် ကြိုးပမ်းခဲ့ပါတယ်" လို့ စမစ်က ပြောပြပါတယ်။
အဆိုပါတိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး လူပေါင်း ၁ ထောင်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
စွဲချက်ထဲမှာ ပူးပေါင်းကြံစည်ပြီး တရားစွဲဆိုမခံရတဲ့ အမည်မဖော်သူ ၆ ဦးလည်း ပါဝင်နေပါတယ်။
ထရမ့်ဟာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်များနဲ့ ရင်ဆိုင်ရတဲ့ ပထမဆုံးအမေရိကန် သမ္မတဟောင်းဖြစ်နေပါတယ်။
စာရွက်စာတမ်းများ ထိန်းသိမ်းထားမှုအတွက် စုံစမ်းစစ်ဆေးခံရစဉ် လုံခြုံရေးဗီဒီယိုများကို ဖျက်ပစ်ရန် ဝန်ထမ်းများကို အမိန့်ပေးခဲ့တယ်လို့လည်း ထရမ့်ကိုစွပ်စွဲထားကာ အစိုးရရှေ့နေများက နောက်ထပ်ရာဇဝတ်မှု ၃ ခု ထပ်တိုးတင်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်က ရွေးကောက်ပွဲရှုံးနိမ့်မှုကို ပြန်ပြောင်းရန်ကြိုးပမ်းမှုအပေါ် စွပ်စွဲတာတွေနဲ့ ပတ်သက်ပြီး ဂျော်ဂျီယာရှိ ခရိုင်ရှေ့နေမှ ထရမ့်ကို ရာဇဝတ်မှုဖြင့်တရားစွဲဆိုထားပါသေးတယ်။
နိုင်ငံရေးအရ အမှားအယွင်းမခံတဲ့ အမှုကိစ္စများ စုံစမ်းစစ်ဆေးရန် အထူးအကြံပေးများကို ခန့်အပ်လေ့ရှိပြီး တရားရေးဌာနခေါင်းဆောင်မှုမှ ပတ်သက်မှုမရှိတဲ့ အတိုင်းအတာဖြင့် လုပ်ဆောင်ကြမှာဖြစ်ပါတယ်။
#World_Politics #ဒေါ်နယ်ထရမ့် တရားစွဲဆိုခံရ
Source: Reuters
Published_ 2 August 2023
ကလေးတွေ ဘယ်အချိန်မှာ အိပ်ရာဝင်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်က မိဘတိုင်းသိချင်နေကြကာ အဖြေကလည်း အမျိုးမျိုးဖြစ်နေပါတယ်။
မွေးကာစကလေးတွေဟာ ပုံမှန်အိပ်ချိန်ရှိသင့်တယ်လို့ အများစုက သဘောတူထားကြပါတယ်။
ဒါကြောင့် မွေးကင်းစအရွယ်ကစလို့ ဆယ်ကျော်သက်အရွယ်အထိ ကလေးတွေ ဘယ်အချိန်အိပ်သင့်လဲဆိုတာကို ကျွမ်းကျင်သူများ ရှင်းပြထားချက်ကို Sleepsisters.com ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။
အသက် ၃ လအထိ မွေးကင်းစကလေးများ - နေ့နဲ့ညအချိန်တွေမှာ ၂ နာရီခန့်စီ အချိန်ပိုင်းခြား အိပ်စက်သင့်ပြီး ညဘက်ဆိုရင်တော့ ၈ နာရီနဲ့ ၁၁ နာရီကြား အိပ်ရာဝင်စေသင့်ပါတယ်။
အသက် ၄ လမှ ၈ လကြား - ပုံမှန်တရေးအိပ်ခြင်းများအပြင် ကောင်းစွာဖွံ့ဖြိုးနိုင်ရန်အတွက် ညနေ ၅ နာရီခွဲမှ ၇ နာရီခွဲအတွင်း ညသိပ်သင့်ပါပြီ။
၈ လမှ ၁၀ လကြား - နေ့ခင်းဘက် ဒုတိယတစ်ကြိမ် အိပ်စက်ပြီးနောက် ၅ နာရီထက် နောက်မကျစေဘဲ ညဘက်သိပ်သင့်ပါတယ်။
၁၀ လမှ ၁၅ လကြား - ထိုကလေးတွေက တရေးအိပ်ချိန်တိုတောင်းတာကြောင့် ညနေ ၆ နာရီမှ ၇ နာရီအတွင်း အိပ်စက်သင့်ပါတယ်။
အသက် ၁၅ လမှ ၃ နှစ်ကြား - ဒီအသက်အရွယ်မှာလည်း တရေးအိပ်ချိန်တိုတောင်းတာကြောင့် ညနေ ၆ နာရီနဲ့ ၇ နာရီကြား အိပ်ရာဝင်စေဖို့ လိုအပ်ပါတယ်။
၃ နှစ်မှ ၆ နှစ်ကြား - သူတို့က ည ၆ နာရီမှ ၈ နာရီကြား အိပ်ရာဝင်သင့်ပြီး တရေးမအိပ်ဘူးဆိုရင် ညဘက်မှာ နောက်ထပ်တစ်နာရီကြာအောင် ပိုအိပ်သင့်ပါတယ်။
၇ နှစ်မှ ၁၂ နှစ်ကြား - ကျောင်းတက်စဉ် ခွန်အားပြည့်ဖြိုးနေစေဖို့ အိပ်စက်ခြင်းက အလွန်အရေးကြီးလာပြီး ည ၇ နာရီခွဲမှ ၉ နာရီကြား အိပ်စက်သင့်ပါတယ်။
၉ နှစ်မှ ၁၈ နှစ်ကြား - ဒီအချိန်မှာ အရွယ်ရောက်တော့မှာဖြစ်တာကြောင့် ညစဉ် ၁၀ နာရီမှာ အိပ်ပေးသင့်ပါတယ်။
အိပ်ချိန်စုစုပေါင်းနဲ့ ပတ်သက်လို့..
အသက် ၃ လအထိ မွေးကင်းစကလေးများ - ၁၄ နာရီမှ ၁၇ နာရီကြား
အသက် ၄ လမှ ၁၁ လကြား - ၁၂ နာရီမှ ၁၅ နာရီကြား
အသက် ၁ နှစ်မှ ၂ နှစ်ကြား - ၁၁ နာရီမှ ၁၄ နာရီကြား
အသက် ၃ နှစ်မှ ၅ နှစ်ကြား - ၁၀ နာရီမှ ၁၃ နာရီကြား
၆ နှစ်မှ ၁၃ နှစ်ကြား - ၉ နာရီမှ ၁၁ နာရီကြား
၁၄ နှစ်မှ ၁၇ နှစ်ကြား - ၈ နာရီမှ ၁၀ နာရီကြား
Source: The Jerusalem Post
#World_Health
Published_ 2 August 2023
ကျန်းမာရေးကောင်းမွန်ရန်အတွက် ရေပိုမိုသောက်သုံးဖို့၊ လမ်းလျှောက်ပေးဖို့၊ အရက်သေစာလျှော့သောက်ဖို့ လိုအပ်တာကို သိကြပြီးဖြစ်ပါတယ်။
တရားမှတ်ခြင်းကြောင့် စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို သက်သာစေတဲ့အပြင် ကောင်းစွာအိပ်စက်နိုင်ခြင်း၊ ဖိစီးမှုလျှော့ချခြင်း၊ နာကျင်ကိုက်ခဲမှုလျှော့ချပေးခြင်းတို့မှာ အကူအညီဖြစ်စေကြောင်း သုတေသန တွေ့ရှိထားပါတယ်။
အခုမှ တရားထိုင်ဖူးတာဆိုရင်တော့ ဘယ်လိုစလုပ်ရမလဲဆိုတာသိဖို့ ခက်ခဲနိုင်တာကြောင့် နံနက်တိုင်း စိတ်ချမ်းမြေ့တည်ငြိမ်စေရန် ၅ မိနစ်ခန့် အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် စတင်သင့်ပါတယ်။
ပထမဆုံးအနေနဲ့ တရားထိုင်မယ့် အချိန်နဲ့နေရာကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
ချီကာဂိုမှ နေနှင့်လတရားကျင့်စဉ်စတူဒီယိုပိုင်ရှင် 'အယ်လ်မာအီဗန်နိုဗစ်'က မနက်တိုင်း အိပ်ရာထပြီးနောက် အိပ်ရာနဲ့ဆန့်ကျင်ဘက်မှာ ထိုင်ပြီး တရားထိုင်လေ့ရှိကာ ထိုနေရာမှာပဲ တစိုက်မတ်မတ် ကျင့်ကြံနေပါတယ်။
မနက်ပိုင်းမှာ လုပ်စရာတွေများနေရင်တောင် ၅ မိနစ်ခန့်တရားထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချနိုင်ပါတယ်။
အီဗန်နိုဗစ်ကတော့ သဲနာရီဖြင့် အချိန်သတ်မှတ်လေ့ရှိသလို ဒီဂျစ်တယ်နာရီ လက်ကိုင်ဖုန်းတို့ဖြင့်လည်း နိုးစက်သတ်မှတ်ပေးနိုင်ပါတယ်။
ရှိသမျှအာရုံတွေကို ခန္ဓာကိုယ်မှာစုစည်းပြီး ကြမ်းပြင်နဲ့ခြေထောက် ထိနေတာမျိုး၊ ကျောကုန်းညောင်းညာလာတာမျိုး၊ ဆူညံသံများ၊ အနံ့အသက်များ၊ အလင်းရောင်၊ ပါးစပ်ထဲက အရသာတစ်ခုခုကို ခံစားတာမျိုး ပြုလုပ်နိုင်ပြီး အသုံးအဝင်ဆုံးကတော့ အသက်ရှူသွင်းရှူထုတ်ခြင်းကို အာရုံစိုက်နေသင့်ပါတယ်။
မန္တန်အခြေခံပြီး တရားထိုင်ခြင်းက စိတ်ကျန်းမာရေးကို အထောက်အကူဖြစ်နိုင်ပြီး သွေးတိုးအခြေအနေကိုပင် လျှော့ချနိုင်တယ်လို့ သုတေသနပြုချက်များအရ သိရပါတယ်။
ရှူသွင်းရှူထုတ်ပြုလုပ်ခြင်းမှာ 'ဝင်လေ' 'ထွက်လေ'ဆိုပြီး မှတ်သားရွတ်ဆိုပေးခြင်းဖြင့် ပိုမိုအာရုံစိုက်နိုင်မှာဖြစ်ပါတယ်။
စိတ်က အခြားနေရာကို လွင့်ချင်ပြီဆိုလျှင် အသက်ရှူသွင်းရှူထုတ်ခြင်းဆီကို ပြန်လည်အာရုံစိုက်သင့်ပြီး တရားထိုင်ကျင့်ကြံလမ်းညွှန် နားထောင်ခြင်းဖြင့်လည်း ပိုမိုအာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။
၅ မိနစ်ကြာ တရားထိုင်ခြင်းကိုပင် သက်တောင့်သက်သာ မထိုင်နိုင်တဲ့သူတွေလည်း ရှိတဲ့အပြင် အတွေးတွေကို ငြိမ်ငြိမ်းလေးနဲ့ ထိုင်ဖို့က အလွန်ခက်ခဲပါတယ်။
လမ်းလျှောက်ပြီး တရားမှတ်ခြင်းဖြင့်လည်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ စိတ်ဓာတ်ကျခြင်းတို့ကို လျော့ပါးစေနိုင်ကြောင်း သုတေသန တွေ့ရှိထားပါတယ်။
အခြားအတွေးတွေဝင်လာရင် ပြန်လည်ထိန်းချုပ်ပြီး လမ်းလျှောက်နေစဉ် ခန္ဓာကိုယ်ခံစားရခြင်းကို သတိမူသင့်ပါတယ်။
Source: CNA
#World_Health
#Local_News
#YMG #Yangon_Times
တရုတ်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး SCO အဖွဲ့ စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာ အင်စတီကျုမှ နိုင်ငံတကာအိတ်စ်ချိန်းစင်တာ စတင်ဖွင့်လှစ်
တရုတ်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ (SCO) စီးပွားရေးကုန်သွယ်ရေးအဖွဲအစည်းရဲ့ နိုင်ငံတကာအိတ်စ်ချိန်းစင်တာကို တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမြို့ ချင်ဒေါင်မှာ သောကြာနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
#World_Development
#Published_ 1 August 2023
#Local_News
#YMG #Yangon_Times
#Daily_News
Published_ 1 August 2023
၁။ သင်္ဘောမတက်ခင် မိသားစုဝင်များကို သင်္ဘောသားရပိုင်ခွင့် အထောက်အထားစာရွက်များ ပေးထားသင့်ဟုဆို
၂။ ခရီးဝေး ရထားစီးနင်းသူများ မှတ်ပုံတင်ပြ၍ သုံးရက်ကြိုတင် လက်မှတ်ဝယ်ယူစီးနင်းနိုင်
၃။ တစ်နိုင်ငံလုံးတွင် ယနေ့နံနက်ပိုင်းမှစ၍ နောက်သုံးရက်အတွင်း မိုးကြီးနိုင်၊ မြစ်ဝကျွန်းပေါ်တွင် မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်
၄။တရုတ်-ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး SCO အဖွဲ့ စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ အင်စတီကျုမှ နိုင်ငံတကာအိတ်စ်ချိန်းစင်တာ စတင်ဖွင့်လှစ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 480 of 959