#World_Politics
Published 26 April 2023
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က ၂၀၂၄ ပြန်လည်ရွေးကောက်ပွဲမှာ ပါဝင်ဦးမယ်လို့ ဧပြီ ၂၅ ရက်နေ့က ကြေညာလိုက်ကာ စံချိန်တင်အသက် ၈၀ နှစ်အရွယ်မှာ 'ဒေါ်နယ်ထရမ့်'နဲ့ မကျေပွဲပြန်လည်ယှဉ်ပြိုင်နိုင်ရန် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မဲဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်သွားဦးမှာဖြစ်ပါတယ်။
၂၀၂၀ မှာ ထရမ့်နဲ့စတင်ယှဉ်ပြိုင်ခဲ့တဲ့နေ့ကစလို့ ၄ နှစ်မြောက်တဲ့နေ့မှာ ဘိုင်ဒင်မိန့်ခွန်းပြောကြားရာမှာ ရီပတ်ဘလစ်ကန်အစွန်းရောက်တွေလက်ထဲကနေ အမေရိကန်ရဲ့ဒီမိုကရေစီကို ကယ်ဆယ်ရန် တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပထမဆုံးအကြိမ်ရွေးကောက်ခံခဲ့ရပြီးနောက် ဒီမိုကရေစီအတွက် တိုက်ခိုက်နေခဲ့ကာ အဆုံးသတ်သွားမယ်လို့ ဆိုခဲ့ပါတယ်။
ပြည်တွင်းဥပဒေပြုရေးရာမှာ ကြီးကြီးမားမားအနိုင်ရခြင်း၊ အရေးကြီးသောနိုင်ငံခြားရေးမူဝါဒရုန်းကန်မှုများ၊ ရုရှားကျူးကျော်မှုကို တွန်းလှန်နေတဲ့ယူကရိန်းအတွက် အနောက်ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ခြင်း စတာတွေပြုလုပ်ထားပြီးနောက် ဒီမိုကရက်တစ်ပါတီထဲမှာ ဘိုင်ဒင်ကိုယှဉ်မယ့်သူမရှိပါဘူး။
နောက်ထပ်အားထားရာတစ်ချက်က ကိုဗစ်ကပ်ရောဂါအပြီး အမေရိကန်စီးပွားရေးပြန်လည်ထူထောင်ရေး လုပ်ဆောင်ချက်များဖြစ်ပြီး အခြေခံအဆောက်အအုံများ သက်တမ်းတိုးခြင်း၊ နည်းပညာမြင့်လျှပ်စစ်ကားများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ရင်းနှီးမြှုပ်နှံမှုအားပေးခြင်းတို့မှာ ထောက်ပံ့ပေးခဲ့ပါတယ်။
ဘီလီယံနာတွေအတွက် အနည်းဆုံးအခွန်နှုန်းသတ်မှတ်ချက်ထားရှိသင့်ကြောင်း၊ ဆောက်လုပ်ရေးလုပ်သားတွေ ကျောင်းဆရာတွေ မီးသတ်သမားတွေ ရဲတွေ သူနာပြုတွေက ဘီလီယံနာတွေထက် အခွန်နှုန်းပိုမများသင့်ကြောင်း ပြောကြားခဲ့ရာ လက်ခုပ်သံများဆူညံသွားခဲ့ပြီး နောက်ထပ် ၄ နှစ်ဆိုပြီး အော်ဟစ်နေခဲ့ကြပါတယ်။
ဒီအတွက် ဘိုင်ဒင်ဟာထောက်ခံမှုတွေရခဲ့ပေမယ့် သူ့အသက်အရွယ်နဲ့မမျှတဲ့ စစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ဒုတိယအကြိမ်သမ္မတရာထူးသက်တမ်းကုန်ဆုံးချိန်မှာ အသက် ၈၆ နှစ်ရှိနေမှာဖြစ်တဲ့ ဘိုင်ဒင်အတွက် ဆေးစစ်အဖွဲ့ကစစ်ဆေးခဲ့ရာမှာ သမ္မတရာထူးထမ်းဆောင်ရန် ကျန်းမာကြံ့ခိုင်တယ်လို့ တွေ့ရှိခဲ့ပေမယ့် သူ့ကိုထောက်ခံသူအများစုကပင် ဘိုင်ဒင်ဟာအိုမင်းလွန်းနေပြီလို့ ယူဆနေကြပါတယ်။
ထရမ့်ကတော့ ရာဇဝတ်မှုဖြင့် စွဲချက်တင်ခံထားရတဲ့ ပထမဆုံးသမ္မတဟောင်းဖြစ်နေတဲ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘိုင်ဒင်ကိုရှုံးနိမ့်ခဲ့ခြင်းအား ပြောင်းလဲရန်ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရပေမယ့်လည်း ရီပတ်ဘလစ်ကန်ထဲမှာတော့ ရှေ့ဆုံးကဦးဆောင်နေသူဖြစ်ပါတယ်။
ထရမ့်က ဘိုင်ဒင်ကို ဆိုးရွားပြီးမအောင်မြင်တဲ့ သမ္မတလို့ သမုတ်ခဲ့ပါတယ်။
ဘိုင်ဒင်ဟာ ထရမ့်နဲ့ယှဉ်ရင် ပျော့ညံ့နေပုံပေါက်ပေမယ့် အစွန်းရောက်ဘက်ကိုဦးတည်နေတဲ့ခေတ်ကြီးမှာ သူ့ရဲ့အလယ်အလတ်လမ်းစဉ်ဟောင်းကြီးကို လျှို့ဝှက်လက်နက်အဖြစ် အသုံးပြုလာနိုင်ပါတယ်။
သူ့နေရာကိုယှဉ်ပြိုင်မယ့်သူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဘိုင်ဒင်က အားသာနေပြီး လူတွေကသူ့ကိုပဲ မဲဆန္ဒပေးလိမ့်မယ်ဆိုတာ စစ်တမ်းကောက်ခံချက်များအရ သိနိုင်ပါတယ်လို့ ဒီမိုကရက်တစ်လွှတ်တော်အမတ်'ခရစ္စကွန်းစ်'က CNN ကို ပြောကြားခဲ့ပါတယ်။
Source: CNA #World_Politics #ဂျိုးဘိုင်ဒင် #သမ္မတရွေးကောက်ပွဲ
#YMG #Yangon_Media_Group
#World_Health
Published 26 April 2023
ပြီးခဲ့တဲ့နှစ်များအတွင်း အဆီကျဆေးများအကြောင်း ပြောဆိုနေကြပြီး အစားအစာဖြင့် ကိုယ်အလေးချိန်ထိန်းချင်သူတွေဟာလည်း ပိုမိုလွယ်ကူတဲ့နည်းလမ်းကို လိုက်ချင်ကြပါတယ်။
လတ်တလောလေ့လာချက်အရ ဒီဆေးတွေမှာ အံ့အားသင့်ဖွယ်ကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိနေပါတယ်။
ထိုဆေးတွေကို ၁ နှစ်ကနေ ၃ နှစ်အတွင်းအသုံးပြုသူတွေဟာ သိုင်းရွိုက်ကင်ဆာဖြစ်နိုင်ချေ ၅၈ ရာခိုင်နှုန်းပိုများကြောင်း မှတ်ချက်ပြုခဲ့ကြပါတယ်။
သိုင်းရွိုက်ကင်ဆာက လက္ခဏာပျော့ပျောင်းပြီး ဖြည်းဖြည်းချင်းအဆင့်တက်လာကာ လည်ပင်းစစ်ဆေးမှုပြုလုပ်ခါမှ တွေ့ရှိတတ်ပါတယ်။
အဖြစ်များတဲ့လက္ခဏာတွေကတော့ ရုတ်တရက်အသံဝင်ခြင်း၊ မျိုချရ အသက်ရှူရခက်ခဲခြင်းတို့ဖြစ်ပါတယ်။
လက်ရှိမှာ အဝလွန်ခြင်းအတွက် ဈေးကွက်မှာရောင်းနေတဲ့ဆေးတွေဟာ ဆီးချိုကုသဖို့ နှစ်ပေါင်းများစွာအသုံးပြုနေတာဖြစ်ပါတယ်။
ဗာမောင့်ရှိ မောင့်ပယ်လီယာတက္ကသိုလ်မှ သုတေသီများက ၂၀၀၆ မှ ၂၀၁၈ အတွင်း အဆိုပါဆေးများဖြင့် ကုသနေတဲ့ ဆီးချိုရောဂါသည်တွေကို လေ့လာခဲ့ကြပါတယ်။
ထိုအခါမှာ သိုင်းရွိုက်ကင်ဆာဖြစ်နိုင်ချေ အမှန်တကယ်များနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ထိုဆေးတွေဟာ ဘေးထွက်ဆိုးကျိုးထက် အကျိုးအာနိသင်ပိုများတယ်ဆိုမှ အသုံးပြုသင့်ပြီး ဆရာဝန်နဲ့လည်း ပုံမှန်ပြသသင့်ပါတယ်။
သိုင်းရွိုက်ကင်ဆာအပြင် အခြားဘေးထွက်ဆိုးကျိုးများပါရှိနေတာကိုလည်း သတိပြုသင့်ပါတယ်။
အဖြစ်အများဆုံးကတော့ မူးဝေခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းတို့ဖြစ်ပါတယ်။
ဒါတွေကလည်း လက္ခဏာအပျော့စားသာဖြစ်ပြီး အချိန်ကြာတာနဲ့အမျှ သက်သာသွားတတ်ပါတယ်။
နောက်ထပ်ရှားပါးဘေးထွက်ဆိုးကျိုးကတော့ ပန်ကရိယရောင်ရမ်းခြင်း၊ သည်းခြေအိတ်ရောင်ရမ်းခြင်းတို့ ဖြစ်တတ်ပါတယ်။
အစ္စရေးလ်မှာ အဆီကျဆေး ၂ မျိုးအသုံးပြုနေကြပြီး Liraglutide နဲ့ Semaglutide တို့ဖြစ်ပါတယ်။
ထိုဆေးတွေက အစာစားပြီးတဲ့အခါ အစာချေစနစ်မှဟော်မုန်းထုတ်လုပ်ပေးကာ အစာချေစနစ်နဲ့ဦးနှောက်ရှိ ဟော်မုန်းလက်ခံနေရာများနဲ့ ဆက်စပ်နေပြီး ဘေးထွက်ဆိုးကျိုးများစွာရှိပါတယ်။
ဦးနှောက်ထဲမှာ အစာစားချင်စိတ်ကို လျှော့ချပေးကာ အစာချေစနစ်မှာတော့ အစာရှင်းလင်းရေးနှောင့်နှေးအောင်ပြုလုပ်ပြီး အစာကိုပိုမိုကြာရှည်တည်ရှိစေပါတယ်။
ဒါ့အပြင် ပန်ကရိယကိုလည်းသက်ရောက်မှုရှိကာ အင်ဆူလင်ထုတ်လုပ်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။
ကိုယ်အလေးချိန်နှင့်အရပ်အမြင့်ညွှန်းကိန်း (BMI) ၃၀ နဲ့အထက်လူတွေမှာ ထိုဆေးတွေကို ညွှန်းပေးတတ်ကြပါတယ်။
ဒါပေမဲ့ ထိုဆေးတွေရဲ့သက်ရောက်မှုနဲ့ပတ်သက်ပြီး ကိုယ်အလေးချိန်အပေါ် ယုံကြည်စိတ်ချရတဲ့ အချက်အလက်မျိုးမတွေ့ရပါဘူး။
အခြားဆေးတွေလိုပဲ လူနာအနေနဲ့ မလိုအပ်ဘူးဆိုရင် ဘာအာနိသင်မှမရဘဲ ဘေးထွက်ဆိုးကျိုးတွေသာ ရလာပါလိမ့်မယ်။
#Source: The Jerusalem Post #World_Health #အဆီကျဆေးဝါး #ဘေးကင်းစိတ်ချ
#YMG#Yangon_Media_Group
#World_Health
Published 26 April 2023
ခံတွင်းအထဲကနေရာဟာ မှောင်မည်း၊ ပူနွေးတာကြောင့် ဘက်တီးရီးယားများ ပေါက်ဖွားရန်အကောင်းဆုံးနေရာဖြစ်ပြီး စားလိုက်တဲ့ စားစရာသောက်စရာတွေက သူတို့အတွက် အာဟာရဖြည့်တင်းပေးသလို ဖြစ်နေပါတယ်။
သွားနဲ့သွားဖုံးတွေမှာ အန္တရာယ်ပြုဘက်တီးရီးယားများ စုပြုံလာတဲ့အခါ သွားအနားတဝိုက်ရှိ သွားဖုံးနဲ့အရိုးတွေမှာ ရောဂါပိုးကူးစက်လာနိုင်ပြီး ရောဂါဖြစ်ပွားနိုင်ပါတယ်။
ပါးစပ်ထဲမှာ ဒီလိုမျိုးရောဂါပိုးဝင်ရောက်ခြင်းကနေ ခန္ဓာကိုယ်အခြားအစိတ်အပိုင်းတွေကိုပါ သက်ရောက်လာနိုင်ကြောင်း မစ်ဆူရီကန်းဆက်စ်မြို့တက္ကသိုလ်မှ ခံတွင်းကျန်းမာရေးပရော်ဖက်ဆာ'ကင်ဘာလီဘရေး'က ပြောပြပါတယ်။
သွားဖုံးရောင်ရောဂါကနေ ဆီးချို၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ၊ ဒီမန်ရှာတို့နဲ့ပါ ဆက်စပ်နေကြောင်း တွေ့ရှိထားပါတယ်။
အမေရိကန်မှာ အသက် ၃၀ နှင့်အထက် လူဦးရေ ၄၇ ရာခိုင်နှုန်းဟာ သွားဖုံးရောင်ရောဂါခံစားနေရကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ပြောကြားလိုက်ပါတယ်။
အစောပိုင်းမှာ သွားဖုံးတွေ ရောင်ရမ်းနီရဲတတ်ကာ အလွယ်တကူသွေးထွက်တတ်တဲ့ သွားဖုံးရောင်ရောဂါဖြစ်နိုင်ပါတယ်။
မကုသဘဲထားလိုက်ရင် သွားဖုံးတွေ လျော့ရဲလာပြီး အရိုးဆုံးရှုံးကာ သွားတွေကျွတ်ထွက်လာတဲ့ ရေစီးကမ်းပြိုရောဂါအထိ ဖြစ်လာနိုင်ပါတယ်။
ထိုအခါမှာ သွားဖုံးနဲ့သွားများရှိ ဘက်တီးရီးယားများနဲ့ အဆိပ်အတောက်ပစ္စည်းတွေက သွေးထဲသို့ရောက်ကာ အင်္ဂါအနှံ့အပြားသို့ ပျံ့နှံ့သွားကြောင်း နယူးယော့ခ်ခံတွင်းကောလိပ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'အာနန်ဒါဒါဆန်ယာကီ'က ပြောပြခဲ့ပါတယ်။
- ဆီးချို
ခံတွင်းကျန်းမာရေးနဲ့ ရောဂါဘယကြား အထင်ရှားဆုံးတစ်ခုကတော့ ဆီးချိုရောဂါပါပဲ။
သွားဖုံးရောင်ခြင်းအခြေအနေကနေ အင်ဆူလင်တုန့်ပြန်နိုင်စွမ်းကိုဆိုးရွားစေပြီး ဆီးချိုတက်စေတာဖြစ်ပါတယ်။
- အဆုတ်ရောင်ရောဂါ
ပါးစပ်မှ ဘက်တီးရီးယားအမြောက်အများက အဆုတ်ထဲရှူသွင်းမိပြီး ဝင်ရောက်လာတဲ့အခါ အဆုတ်ရောင်ရောဂါဖြစ်တတ်ပါတယ်။
သွားသန့်ရှင်းရေးပြုလုပ်ခြင်း၊ ပိုးသတ်ဆေးဖြင့်ကုသခြင်းတို့ဖြင့် ထိုကဲ့သို့အဆုတ်ရောင်ဖြစ်ပွားနိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။
- နှလုံးသွေးကြောရောဂါများ
ရေစီးကမ်းပြိုရောဂါနဲ့ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ သွေးကြောပိတ်ဆို့ခြင်းတို့ကြား ဆက်စပ်နေပုံကို ၂၀၂၀ က ဖော်ပြထားပါတယ်။
ပါးစပ်မှာရောဂါဖြစ်စေတဲ့ဘက်တီးရီးယားတွေက နှလုံးရောဂါသည်တွေမှာ သွေးကြောတွေထံရောက်ရှိစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်ပွားစေတာဖြစ်ပါတယ်။
- ကိုယ်ဝန်ဆောင်ပြဿနာများ
ကိုယ်ဝန်ဆောင်စဉ် သွားဖုံးရောင်ရောဂါပြင်းထန်ပါက လမစေ့ဘဲမွေးခြင်း၊ ကလေးကိုယ်အလေးချိန်နည်းပါးခြင်း၊ ကလေးအသေမွေးခြင်းတို့ ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ခံတွင်းမှ ဘက်တီးရီးယားတွေက ခုခံအားဆဲလ်တွေကို လှုံ့ဆော်စေကာ သားအိမ်အတွင်း ရောင်ရမ်းခြင်းကို ဖြစ်စေပြီး အချင်းနဲ့ သန္ဓေသားတစ်ရှူးတို့ကို ဖိနှိပ်စေပါတယ်။
- ဒီမန်ရှာ
ရေစီးကမ်းပြိုရောဂါကနေ ဗဟိုအာရုံကြောစနစ်ဖြင့် ဦးနှောက်သို့တိုက်ရိုက်ကူးစက်ခြင်း ဒါမှမဟုတ် နာတာရှည်ရောင်ရမ်းခြင်းကနေ သွယ်ဝိုက်ပြီးကူးစက်တာမျိုးဖြစ်နိုင်ပါတယ်။
ခံတွင်းဘက်တီးရီးယားသက်သက်ကြောင့်တော့ အယ်လ်ဇိုင်းမားဖြစ်စေတာမဟုတ်ဘဲ ထိုကဲ့သို့အခြေအနေရှိသူတွေမှာ အဖြစ်များနိုင်တဲ့သဘောသာဖြစ်ပါတယ်။
ခံတွင်းကျန်းမာရေးထိန်းသိမ်းရန် အကောင်းဆုံးနည်းလမ်းကတော့ ခံတွင်းထိန်းသိမ်းစောင့်ရှောက်ရေးနည်းလမ်းအတိုင်း လိုက်နာခြင်း၊ တစ်နေ့ ၂ ခါသွားတိုက်ခြင်းတို့ပဲဖြစ်ပါတယ်။
Source: CNA #World_Health #ကျန်းမာရေး # ခံတွင်းနှင့်သွားဖုံးသန့်ရှင်းရေး
#YMG#Yangon_Media_Group
#World_Automobile
Published 25 April 2023
ယခုနှစ်ရှန်ဟိုင်းမော်တော်ယာဉ်ပြပွဲမှာ တရုတ်နိုင်ငံရှိ လောင်စာဆီမော်တော်ကားခေတ် ကုန်ဆုံးသွားတဲ့အရိပ်အယောင် မြင်တွေ့နေရပါတယ်။
#World_Automobile #တရုတ်လျှပ်စစ်ကား #လောင်စာဆီ
#YMG#Yangon_Media_Group
#Daily_News
Published_ 25 April 2023
၁။ မူဆယ်နယ်စပ်ကတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန်တွေထဲမှာ ငါးရှဉ့်တင်ပို့မှု အများဆုံးဖြစ်နေ
၂။ စားသုံးဆီတစ်ပိဿာ ၄၆၈၀ကျပ် ရည်ညွှန်းသတ်မှတ်သော်လည်း ပြင်ပပေါက်ဈေး ငွေကျပ် ၇၀၀၀ ဝန်းကျင်ခန့်ရှိနေ
၃။ ဧပြီလကုန်ပိုင်းတွင် မုတ်သုန်ကြိုမိုးနှင့် မိုးသက်လေပြင်းတိုက်ခတ်မှုများ ထပ်ကြုံနိုင်
၄။ တရုတ်လျှပ်စစ်ကားများ တွင်ကျယ်လာခြင်းကြောင့် လောင်စာဆီသုံးယာဉ်များ အဆုံးသတ်ရန်နီးစပ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 24 April 2023
ပါကစ္စတန်ရဲ့လက်ရှိ နိုင်ငံရေးနှင့်စီးပွားရေးအကျပ်အတည်းတွေက စစ်တပ်က အာဏာရယူမည့်အခြေအနေသို့ ဦးတည်သွားနိုင်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းက သတိပေးပြောကြားလိုက်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေ ခပ်မြန်မြန်အဆုံးမသတ်ဘူးဆိုရင် စစ်တပ်က အာဏာယူဖို့ ဖြစ်နိုင်ချေရှိနေတယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှာဟစ်ခါကန်အက်ဘာဆီက အရုဏ်ဦးသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဘက်ဘာဆီက ပါကစ္စတန်ရဲ့ စစ်အုပ်ချုပ်ရေးရှည်ကြာခဲ့တဲ့ကာလတွေကို ရည်ညွှန်းပြောဆိုခဲ့ပြီး စစ်တပ်ဟာ သိပ်ပြီးဆိုးရွားမှုမရှိတဲ့အခြေအနေမှာတောင် အာဏာကို ထိန်းချုပ်ရယူတာမျိုးတွေရှိခဲ့တယ်လို့ပြောပါတယ်။
ဒီလိုအဖြစ်မျိုးကို ဟန့်တားနိုင်ဖို့အတွက် ထိပ်ပိုင်းခေါင်းဆောင်တွေဟာ တွေ့ဆုံဆွေးနွေးမှုတွေစတင်ဖို့လိုအပ်နေပြီလို့ သူကအလေးပေးပြောဆိုပါတယ်။ အဖွဲ့အစည်းတွေနှင့်အခြေအနေအကြား ပဋိပက္ခကို မဖြေရှင်းနိုင်ဘူးဆိုရင် စစ်အုပ်ချုပ် ရေးဥပဒေဟာ ဖြစ်လာနိုင်တယ်လို့လည်း သူကပြောပါတယ်။
“ စနစ်က အလုပ်မဖြစ်တော့တဲ့အခါ ဒါမှမဟုတ် အဖွဲ့အစည်း institutions တွေနှင့် နိုင်ငံရေးခေါင်းဆောင်မှုအကြား ပဋိပက္ခတစ်ခုရှိနေတဲ့အခါ ပြီးတော့ နိုင်ငံရေးခေါင်းဆောင်တွေက ရှေ့ကိုမတိုးနိုင်တော့ရင် စစ်အုပ်ချုပ်ရေးဟာ ဖြစ်နိုင်ချေ ရှိနေတုန်းပဲ” လို့ ပါကစ္စတန်အာဏာရပါတီဖြစ်တဲ့ ပါကစ္စတန်မူစလင်အဖွဲ့ချုပ်-နာဝက်ဇ်ရဲ့ အကြီးတန်းခေါင်းဆောင် လည်းဖြစ်တဲ့ သူကပြောပါတယ်။
ပါကစ္စတန်ရဲ့လက်ရှိအကျပ်အတည်းမှာ အဓိကကစားသမား(၃)ဦးရှိနေတယ်လို့သူကပြောပါတယ်။ အဲဒီသူတွေက ပါကစ္စတန်တီဟရက်အိုင်အင်ဆပ်(ပီတီအိုင်)ရဲ့ ဥက္ကဋ္ဌ အင်မရန်ခန်၊ ပါကစ္စတန်မူစလင်အဖွဲ့ချုပ် နာဝက်ဇ်ရဲ့ ခေါင်းဆောင် နာဝက်ဇ်ရှာရစ်နှင့် စစ်တပ်အကြီးအကဲ ဗိုလ်ချူပ်ကြီး အာဆင်မူနီယာတို့ဖြစ်ကြပြီး သူတို့ဟာ ကိုယ့်ရဲ့အကျိုးစီးပွားတွေ ကိုဘေးဖယ်ထားပြီး အတူတကွထိုင်ဆွေးနွေးဖို့လိုအပ်တယ်လို့လည်း ဆက်ပြောပါတယ်။
လက်ရှိ ပါကစ္စတန်ရဲ့ စီးပွားရေးနှင့်နိုင်ငံရေးအခြေအနေတွေဟာ အရင်တွေထက် ပိုပြီးဆိုရွားနေပြီး ဒီလိုအခြေအနေမျိုး ယခင်ကရှိခဲ့တိုင်း စစ်တပ်က အာဏာရယူလေ့ရှိတယ်လို့လည်း သူက အလေးပေးပြောဆိုပါတယ်။
ပါကစ္စတန်ရဲ့လက်ရှိ စီးပွားရေးနှင့်နိုင်ငံရေးအခြေအနေတွေက တိုးတက်လာမယ့် အရိပ်အယောင်မတွေ့ရဖြစ်နေပါတယ်။ စစ်တပ်က ကြားဝင်တာဖြစ်လာမှာမဟုတ်ဘူးလို့ သူမျှော်လင့်ကြောင်းနှင့် ကြားဝင်စွက်ဖက်လိုက်ရင် အခြေအနေက ပိုဆိုး သွားလိမ့်မယ်လို့လည်းသူကဆိုပါတယ်။
နိုင်ငံရေးအရအဖြေရှာခြင်းကသာ တိုးတက်မှဒရှိစေနိုင်မှာဖြစ်တယ်လို့လည်း သူကဆက်လက်ပြောဆိုပါတယ်။
အဲဒီအပြင် အမေရိကန်တို့၊ဗြိတိန်တို့လို နိုင်ငံခြားတိုင်းပြည်တွေက ပြဿနာတွေပြေငြိမ်းအောင် ဝင်ရောက် ဖျန်ဖြေပေးတဲ့ စိတ်ကူးကိုလည်း အက်ဘာဆီက ပယ်ချခဲ့ပါတယ်။ အဖြေဟာ ပြည်တွင်းထဲကပဲ လာဖို့လိုအပ်တယ်လို့ သူကပြောပါတယ်။
Source WION
#ပါကစ္စတန်အကျပ်အတည်း
#ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းရှာဟစ်ခါကန်အက်ဘာဆီ
#YangonMediaGroup
#World_Population
Published 25 April 2023
အိန္ဒိယနိုင်ငံဟာ လာမယ့်ရက်သတ္တပတ်အတွင်း ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် တရုတ်ထံကနေ လွှဲပြောင်းတော့မှာဖြစ်ပြီး လူဦးရေ ၁.၄၃ ဘီလီယံနီးပါးရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂက ဧပြီ ၂၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
"ယခုလအကုန်မှာ အိန္ဒိယလူဦးရေ ၁,၄၂၅,၇၇၅,၈၅၀ ယောက်ရှိလာရန်နဲ့ တရုတ်ပြည်မကြီးရဲ့လူဦးရေကို ကျော်လွန်သွားရန် ခန့်မှန်းထားပါတယ်" လို့ ကုလစီးပွားရေးနှင့်လူမှုရေးရာဌာနက ပြောပြလိုက်ပါတယ်။
ဒါဟာ အိန္ဒိယကိုယ်တိုင်က လူဦးရေအလွန်များပြားလာခြင်းနဲ့အတူ တရုတ်ကလည်း ပြီးခဲ့တဲ့နှစ်က လူဦးရေ ၁.၄၂၆ ဘီလီယံအထိ ကျဆင်းခဲ့တာကြောင့် ဖြစ်ပါတယ်။
ခရစ်နှစ် ၅ ရာစု ရောမအင်ပါယာကျဆုံးပြီးကတည်းက ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံအဖြစ် တရုတ်ကိုသတ်မှတ်ထားရာ ယခုရာစုနှစ်အကုန်မှာ တရုတ်လူဦးရေ ၁ ဘီလီယံခန့်အထိ ပုံမှန်ကျဆင်းသွားနိုင်တယ်လို့ ကုလကခန့်မှန်းထားပါတယ်။
တရုတ်ရဲ့လူဦးရေဆိုရာမှာ ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအိုတို့မှ လူဦးရေတို့ကို ထည့်မတွက်ထားပါဘူး။
ထိုအချိန်မှာပဲ အိန္ဒိယလူဦးရေကတော့ လာမယ့်ဆယ်စုနှစ်များအတွင်း ဆက်လက်မြင့်တက်နေဦးမယ်လို့လည်း ဖော်ပြထားပါတယ်။
ရာစုနှစ်ဝက်အရောက်မှာ အိန္ဒိယလူဦးရေ ၁.၅ ဘီလီယံရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
၂၀၁၆ ခုနှစ်မှာအဆုံးသတ်ခဲ့တဲ့ တရုတ်ရဲ့ကလေးတစ်ယောက်မူဝါဒကြောင့် တရုတ်တို့လူဦးရေ အလွန်အမင်းကျဆင်းလာရတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်မှာ နေထိုင်စရိတ်မြင့်တက်လာကာ အလုပ်ခွင်ဝင်ရောက်လာကြတဲ့ တရုတ်အမျိုးသမီး များပြားလာကြပြီး အဆင့်မြင့်ပညာရေးကို မျှော်မှန်းလာကြတာကြောင့်လည်း ပတ်သက်နေပါတယ်။
ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံရဲ့ကလေးမွေးဖွားနှုန်းဟာ ကမ္ဘာမှာ အနည်းဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ခဲ့ပြီး အမျိုးသမီးတစ်ဦးလျှင် ကလေး ၁.၂ ယောက်နှုန်းဖြစ်ခဲ့ပါတယ်။
လူဦးရေထိန်းချုပ်ရန် ခက်ခဲနေတဲ့အိန္ဒိယကတော့ အမျိုးသမီးတစ်ဦးလျှင် ၂ ယောက်နှုန်းမွေးဖွားခဲ့တာဖြစ်ပါတယ်။
တရုတ်နဲ့အိန္ဒိယကြား အဓိကကွာခြားချက်တစ်ခုက တရုတ်ကလေးတစ်ယောက်မူဝါဒဖြစ်ပြီး နောက်တစ်ချက်ကတော့ အိန္ဒိယရဲ့ နိမ့်ပါးတဲ့လူသားရင်းနှီးမြှုပ်နှံမှုနဲ့ ၁၉၇၀၊ ၁၉၈၀ ခုနှစ်များအတွင်း စီးပွားရေးတိုးတက်မှု နှောင့်နှေးတာကြောင့်ဖြစ်ပါတယ်။
အဆိုပါနှစ်နိုင်ငံစလုံးအနေနဲ့ သက်ကြီးလူဦးရေများလာတာကိုလည်း ရင်ဆိုင်နေရပြီး တရုတ်ကပိုဆိုးရွားနေပါတယ်။
အိန္ဒိယမှာ လူဦးရေများလာတာနဲ့အလျောက် လျှပ်စစ်၊ စားသောက်ကုန်၊ နေရာထိုင်ခင်းတို့နဲ့ပတ်သက်ပြီး အခက်အခဲများရှိလာကာ မြို့တွေမှာ ရေရှားပါးပြတ်လပ်ခြင်း၊ လေထုရေထုညစ်ညမ်းခြင်း၊ စွန့်ပစ်ပစ္စည်းများပြားခြင်းတို့ ဖြစ်ပေါ်နေပါတယ်။
များပြားလာတဲ့လူဦးရေအတွက် အလုပ်အကိုင်နေရာပေါင်းများစွာဖန်တီးဖို့လည်း ဝန်ကြီးချုပ်'နာရန်ဒရာမိုဒီ'မှာ တာဝန်ရှိနေပါတယ်။
တရုတ်မှာလည်း အသက်အရွယ်ကြီးလာတဲ့သူတွေနေရာမှာ အစားထိုးဖို့ပြဿနာတွေ မြင့်တက်နေပါတယ်။
Source: CNA #World_Population #ကမ္ဘာ့လူဦးရေ #အိန္ဒိယ #တရုတ်
#YMG#Yangon_Media_Group
Page 461 of 869