#World_Military
Published 26 September 2023
အမေရိကန်အစိုးရအဖွဲ့က ယင်းရဲ့မဟာမိတ် ပိုလန်နိုင်ငံရဲ့ စစ်ကာကွယ်ရေး ခေတ်မီလာစေရန် ကူညီထောက်ပံ့တဲ့အနေနဲ့ အမေရိကန်ဒေါ်လာ ၂ ဘီလီယံချေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။
ပိုလန်နိုင်ငံဟာ ယူကရိန်းကို ပေးပို့မယ့်လက်နက်များ ထားရှိရာ အချက်အခြာနေရာလည်း ဖြစ်နေပါတယ်။
နေတိုး(NATO)အဖွဲ့အစည်း အရှေ့ဘက်ခြမ်းရှိ စုပေါင်းကာကွယ်ရေးမှာ မဟာမိတ်ပိုလန်ရဲ့ လုံခြုံရေးကလည်း အရေးပါပြီး ဒီလိုငွေမျိုးက အမေရိကန်ရဲ့ အရေးအကြီးဆုံး မဟာမိတ်တွေရဲ့ လုံခြုံရေးအတွက် ရည်ရွယ်ထားရှိတာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ကြေညာခဲ့ပါတယ်။
အမေရိကန်မှ ကာကွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ အရေးပေါ် ဝယ်ယူမှုကို အထောက်အကူ ဖြစ်စေမယ့် နိုင်ငံခြားစစ်ရေး ချေးငွေကုန်ကျစရိတ်အတွက်လည်း အမေရိကန်က ပိုလန်ကို ဒေါ်လာသန်း ၆၀ ထောက်ပံ့နေပါတယ်။
ပိုလန်ဟာ ယူကရိန်းကို အခိုင်အမာ ထောက်ခံနေသူဖြစ်ပြီး ရုရှားကျူးကျော်စစ်ကာလအတွင်း တင့်ကားများ၊ တိုက်လေယာဥ်များ၊ အခြားပစ္စည်းကိရိယာများ ထောက်ပံ့ပေးထားပါတယ်။
ယူကရိန်းကို ပေးပို့မယ့် အနောက်တိုင်းလက်နက်များကိုလည်း ပိုလန်မှာ စုဝေးထားရှိပါတယ်။
ဆိုဗီယက်နည်းပညာကို အခြေခံခဲ့တဲ့ လက်နက်ပစ္စည်းတွေနေရာမှာ ခေတ်မီနည်းပညာများဖြင့် အစားထိုးနိုင်ရန် အမေရိကန်၊ တောင်ကိုရီးယား ကာကွယ်ရေးတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
လက်ရှိမှာတော့ ယူကရိန်းကောက်ပဲသီးနှံနဲ့ ပတ်သက်ပြီး ကုန်သွယ်ရေး အငြင်းပွားမှုများကြောင့် ပိုလန်နဲ့ ယူကရိန်းတို့ကြား ဆက်ဆံရေး တင်းမာနေပါတယ်။
ပိုလန်ဝန်ကြီးချုပ် မာတူဇ်မိုရာဝီယက်ကီက ပိုလန်ဟာ ယူကရိန်းထံသို့ နောက်ထပ်လက်နက်များ ပေးပို့မနေတော့ဘူးလို့ ပြေကြားထားပါတယ်။
ဒါကြောင့် ယူကရိန်းအတွက် အနောက်နိုင်ငံမှ ထောက်ပံ့မှုတွေ အားလျော့နိုင်တာတယ်လို့ စိုးရိမ်းနေရပါတယ်။
ယူကရိန်းကို ကူညီရာမှာ ပိုလန်ရဲ့ကဏ္ဍကို အမေရိကန်အရာရှိများက ချီးကျူးလိုက်ပြီး ရုရှားရန်ကာကွယ်ဖို့က ပိုလန်ရဲ့ ဗျူဟာမြောက် အကျိုးစီးပွားနဲ့ သက်ဆိုင်နေတယ်လို့ ဆိုကြပါတယ်။
#World_Military #ပိုလန်ကာကွယ်ရေးစနစ် #ဒေါ်လာ(၂)ဘီလီယံချေးငွေထုတ်ပေး
Source: AP News
#World_Health
Published 26 September 2023
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ဆေးရုံတက်ကုသခံယူရပြီးနောက် ကိုဗစ်နောက်ဆက်တွဲ ဝေဒနာများ ခံစားရတဲ့သူတွေမှာ ကိုယ်တွင်းအင်္ဂါများ သိသိသာသာ ထိခိုက်မှုရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ဒါဟာ ရောဂါကူးစအချိန်က ပြင်းထန်မှုနဲ့ ဆက်စပ်နေနိုင်ပါတယ်။
ဒီလိုတွေ့ရှိတာဟာ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာများကို ထိရောက်စွာ ကုသနိုင်မယ့် နည်းလမ်းများ ရှာဖွေတွေ့ရှိလာနိုင်ပြီး ဒီလိုရှုပ်ထွေးတဲ့ လက္ခဏာများအကြောင်း ပိုမိုနားလည်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ကိုဗစ်ပြင်းထန်စွာ ခံစားရပြီး ဆေးရုံတက်ကုသခံယူခဲ့ရတဲ့ လူနာ ၂၅၉ ဦးကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
ဆေးရုံမှဆင်းပြီး ၅ လကြာပြီးနောက် သူတို့ရဲ့ အတွင်းအင်္ဂါတွေကို MRI စကင်ရိုက်ခဲ့ရာမှာ ကိုဗစ်မကူးစက်သူတွေနဲ့ နှိုင်းယှဥ်ရင် သိသာစွာ ကွဲပြားနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
MRI စကင်များအရ ဆေးရုံတက်ကုသခံယူခဲ့ရတဲ့ လူနာတွေရဲ့ အဆုတ်၊ ဦးနှောက်၊ ကျောက်ကပ်တို့မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုး ဖြစ်နိုင်ချေ ၃ ဆပိုများကြောင်း တွေ့ရှိခဲ့ပါတယ်။
အဆုတ်အင်္ဂါက အထိခိုက်ဆုံးဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုး ဖြစ်နိုင်ချေ ၁၄ ဆပိုများနေပါတယ်။
ဒါ့အပြင် ဦးနှောက်မှာ ပုံမှန်မဟုတ်တာမျိုးက ၃ ဆ၊ ကျောက်ကပ်မှာ ပုံမှန်မဟုတ်တာမျိုးက ၂ ဆ ဖြစ်နိုင်ချေ ပိုများနေပါတယ်။
ကိုယ်တွင်းအင်္ဂါတွေ ပြင်းထန်မှုရှိမရှိက လူနာအသက်အရွယ်၊ ကိုဗစ်ကြောင့် ဘယ်လောက်အထိ ရောဂါပြင်းထန်သလဲ၊ တစ်ချိန်တည်းမှာပဲ အခြားရောဂါတွေ ရှိမရှိဆိုတဲ့ အချက်တွေပေါ် မူတည်နေပါတယ်။
ဒီတွေ့ရှိချက်တွေက ကိုဗစ်ကြောင့် ဆေးရုံတက်ကုသခံယူရသူတွေမှာ အဆုတ်နဲ့ ကျောက်ကပ်၊ ဦးနှောက်၊ စိတ်ကျန်းမာရေးကဏ္ဍတွေမှာ ရေရှည်ကုသခံယူသွားမှု လိုအပ်ပုံကို ထောက်ပြနေပါတယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ဒေါက်တာဘက်တီရေမန်က ပြောပြသွားပါတယ်။ ကိုဗစ်နောက်ဆက်တွဲ ဝေဒနာများ ဖြစ်ပေါ်လာစေတဲ့ လက္ခဏာများကို ပိုမိုသိရှိလာရန် ဒီလေ့လာချက်ကနေ အကူအညီဖြစ်စေနိုင်ကြောင်း လက်စ်တာတက္ကသိုလ်မှ ဒေါက်တာခရစ္စဘရိုက်လင်းက ရှင်းပြပါတယ်။
ဒီလူနာတွေမှာ အင်္ဂါထိခိုက်မှု ဘာကြောင့်ဖြစ်ရသလဲဆိုတာနဲ့ ကိုဗစ်နောက်ဆက်တွဲ ဝေဒနာတွေကို ဖြေရှင်းရန် စမ်းသပ်ကုသနည်းများ ထုတ်လုပ်ပုံတို့ရဲ့ အရေးကြီးပုံများကို အလေးပေးပြောကြားသွားပါတယ်။
#World_Health #ကိုယ်တွင်းအင်္ဂါများထိခိုက်မှုရှိ #ကိုဗစ်နောက်ဆက်တွဲဝေဒနာ
Source: WION
#World_Health
Published 26 September 2023
သွားတိုက်ဆေးဖြင့် သွားတိုက်ပြီးသည့်တိုင်အောင် ခံတွင်းနံ့ဆိုးခြင်းမျိုး ဖြစ်ရတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။
ခံတွင်းနံ့ဆိုးခြင်း ဖြစ်ပေါ်ရတဲ့ အချို့သော အကြောင်းအရင်းတွေကတော့ …
(၁) အယ်လ်ကိုဟော ပါဝင်တဲ့ ခံတွင်းသန့်စင်ဆေးတွေက ပါးစပ်ကိုခြောက်သွေ့စေပြီး ခံတွင်းနံ့ ပိုဆိုးစေတာကြောင့် အယ်လ်ကိုဟော မပါတဲ့ သန့်စင်ဆေးတွေကို ပြောင်းသုံးသင့်ပါတယ်။
(၂) တံတွေး လုံလောက်စွာ မထုတ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အချို့သော ဆေးဝါးများသုံးစွဲရခြင်းတို့ကြောင့် ခံတွင်းခြောက်သွေ့ကာ ဘက်တီးရီးယားများ ဝင်ရောက်ပေါက်ဖွားနိုင်ပါတယ်။
(၃) သွားပိုးစားခြင်းများ၊ သွားဖုံးရောဂါများကြောင့် ဘက်တီးရီးယားများ ပေါက်ဖွားကာ အနံ့ဆိုးထွက်စေပါတယ်။
(၄) လျှာမျက်နှာပြင် ကြမ်းတမ်းတဲ့အခါ ဆဲလ်သေများ စုပြုံလာပြီး ခံတွင်းနံ့ဆိုးရွားစေပါတယ်။
(၅) ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အစပ်တို့လို စားစရာတွေက အနံ့ပြင်းပြီး အငွေ့ပျံလွယ်တဲ့ ဒြပ်ပေါင်းများထုတ်လွှတ်တဲ့အပြင် အရက်၊ ကော်ဖီ၊ အက်ဆစ်ဓာတ်ပါဝင်တဲ့ အချိုရည်တို့ကြောင့်လည်း ခံတွင်းနံ့ဆိုးစေပါတယ်။
(၆) ဆေးလိပ်တွေက အနံ့ပြင်းတဲ့အပြင် ခံတွင်းခြောက်ခြင်း၊ သွားဖုံးရောဂါတို့လည်း ဖြစ်စေနိုင်ပါတယ်။
(၇) နာတာရှည်လေပြွန်ရောင်ရောဂါ၊ အက်ဆစ်လျှံတက်ခြင်း၊ အာသီးရောင်ခြင်း၊ အသက်ရှူလမ်းကြောင်းရောဂါပိုး ကူးစက်ခြင်း၊ အသည်း ကျောက်ကပ်ပြဿနာများ၊ ဆီးချိုရောဂါတို့ကြောင့် ခံတွင်းနံ့ဆိုးစေနိုင်ပါတယ်။
(၈) စိတ်ဖိစီးမှု၊ ပူပန်သောကတို့ကြောင့်လည်း ခံတွင်းခြောက်သွေ့စေနိုင်ပါတယ်။
သွားတိုက်ရုံဖြင့် ခံတွင်းနံ့မပျောက်ဘူးဆိုရင် သက်သာစေမယ့် နည်းလမ်းများကတော့..
(၁) တစ်နေ့ ၂ ကြိမ်သွားတိုက်ခြင်း၊ ပါးစပ်သန့်စင်ရည်ဖြင့် သန့်ရှင်းခြင်းတို့ဖြင့် ဘက်တီးရီးယားများနဲ့ အစာအကြွင်းအကျန်များကို ဖယ်ရှားပေးပါတယ်။
(၂) လျှာမျက်နှာပြင်ကို သွားတိုက်တံ ဒါမှမဟုတ် လျှာပွတ်တံတို့ဖြင့် ညင်သာစွာ ပွတ်တိုက်ပေးသင့်ပါတယ်။
(၃) တစ်နေ့တာလုံး ခံတွင်းခြောက်သွေ့မှု မဖြစ်စေရန် ရေများများသောက်ပါ။
(၄) ခံတွင်းနံ့ဆိုးစေတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အစပ်များကို ကန့်သတ်လျှော့ချစားသုံးပါ။
(၅) သွားဖုံးရောဂါများနဲ့ ခံတွင်းခြောက်သွေ့ခြင်းကို ဖြစ်စေတဲ့ ဆေးလိပ်ကို ရှောင်ရှားရပါမယ်။
(၆) သကြားမပါတဲ့ ပူရှိန်း၊ ပီကေများ ဝါးပေးခြင်းဖြင့် တံတွေးထွက်အောင် လှုံ့ဆော်နိုင်ပြီး ဘက်တီးရီးယားများကို ရှင်းလင်းစေပါတယ်။
(၇) လေပြွန်ရောင်ရမ်းခြင်း၊ နှာခေါင်းပိုက်ထည့်ခြင်းတို့ကြောင့် အနံ့ဆိုးထွက်စေနိုင်ကာ နှာခေါင်းအစက်ချ သန့်စင်ဆေးများဖြင့် ရှင်းလင်းသင့်ပါတယ်။
Source: DoctorNDTV #World_Health #ခံတွင်းနံ့ဘာကြောင့်ဆက်ဆိုးနေ
#Yangon_Times #Daily_News #YMG
တရုတ်နိုင်ငံ လျှပ်စစ်ကားဈေးကွက်မှာ ဦးဆောင်နေတဲ့ BYD ကုမ္ပဏီက လျှပ်စစ်ကားများ ရောင်းချရန် ဖိလစ်ပိုင်မှ အကြီးမားဆုံး စီးပွားရေးကော်ပိုရေးရှင်းကြီးတစ်ခုနဲ့ သဘောတူလက်မှတ် ရေးထိုးပြီးနောက် အရှေ့တောင်အာရှဈေးကွက်မှာ တိုးချဲ့လျက်ရှိနေပါတယ်။
Published_ 25 September 2023
#World_Industry #တရုတ်လျှပ်စစ်ကားထုတ်လုပ် #အာရှဈေးကွက်တိုးချဲ့နေ
#Daily_News
Published_ 25 September 2023
၁။ တိုက်ကြီးမြို့နယ်တွင် ငလျင်(၈)ကြိမ်လှုပ်ခဲ့၊ ပန်းတစ်ပွင့်တောင်ရှိ အဆောက်အဦးများထိခိုက်ခဲ့သော်လည်း ဖူးကြီးရေလှောင်ကန်မထိခိုက်
၂။ အောက်တိုဘာ ၁ ရက်ကစပြီး ပြည်ပရောက် မြန်မာများ၏ လစာအပေါ်အခွန်ကောက်ခံတော့မည်
၃။ ယခုတစ်ပတ် စားအုန်းဆီရည်ညွှန်းဈေးအနည်းငယ်ကျဆင်း၊ ဒေသ(၁၃)ခုတွင် ရည်ညွှန်းဈေးအတိုင်းရောင်းချပေးထားဟုဆို
၄။ တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေး BYD အရှေ့တောင်အာရှဈေးကွက်တိုးချဲ့နေ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#World_News
Published 25 September 2023
ပြင်သစ်ဟာ ဇူလိုင်လက စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့ နိုင်ဂျာနိုင်ငံနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ပြီး ယခုနှစ်ကုန်မှာ နိုင်ဂျာရှိ ယင်းတို့ရဲ့ တပ်သား ၁,၅၀၀ ကို ပြန်လည်ဆုတ်ခွာတော့မှာ ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
ဒီလိုတပ်ဆုတ်ရတာဟာ ဆာဟယ်ဒေသရှိ ပြင်သစ်တို့ရဲ့ အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းစဥ်များနဲ့ ပြင်သစ်လွှမ်းမိုးမှုတို့မှာ အထိနာစရာ ဖြစ်ရပေမယ့် အာဏာသိမ်းသူတွေ လက်အောက်မှာ ဓားစာခံအဖြစ်မခံနိုင်ဘူးလို့ မက်ခရွန်က ဆိုပါတယ်။
‘’နိုင်ဂျာရှိ ပြင်သစ်သံအမတ်ကို ပြန်ခေါ်ပြီး နိုင်ဂျာနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု အဆုံးသတ်ရန် ဆုံးဖြတ်လိုက်ပါပြီ’’ လို့ TF1 ၊ France 2 တီဗီရုပ်သံတို့နဲ့ အင်တာဗျူးမှာ မက်ခရွန်က ပြောပြခဲ့ပါတယ်။
နိုင်ဂျာခေါင်းဆောင်ကလည်း ထိုကြေညာချက်ကို ကြိုဆိုလိုက်ကာ တိုင်းပြည်အချုပ်အခြာအာဏာ တည်မြဲရန် ခြေလှမ်းသစ်တစ်ခု ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
‘’နယ်ချဲ့ဝါဒီတွေနဲ့ ကိုလိုနီလက်သစ်တွေရဲ့ တပ်တွေကို ဒီတိုင်းပြည်ကနေ မကြိုဆိုတော့ပါဘူး။ အပြန်အလှန် လေးစားမှုနဲ့ အချုပ်အခြာအာဏာ တည်မြဲရေးတို့ကို အခြေခံတဲ့ ခေတ်သစ်ဆီသို့ လျှောက်လှမ်းနေပါပြီ’’ လို့ ကြေညာခဲ့ပါတယ်။
တပ်ဆုတ်တာကို ငြိမ်းချမ်းစွာ လုပ်ဆောင်ချင်တာကြောင့် လာမယ့် ရက်သတ္တပတ်များအတွင်း အာဏာသိမ်းသူများနဲ့ တိုင်ပင်ဆွေးနွေးသွားမှာဖြစ်ကြောင်း မက်ခရွန်က ဆိုပါတယ်။
ပြင်သစ်ဟာ နိုင်ဂျာနိုင်ငံ ဆာဟယ်ဒေသမှာ ဂျီဟတ်ဒ်ဆန့်ကျင်ရေး တပ်နေရာချထားခြင်းအဖြစ် တပ်သား ၁,၅၀၀ ခန့် ထားရှိထားတာဖြစ်ပါတယ်။
ဇူလိုင် ၂၆ ရက်နေ့မှာ သမ္မတ မိုဟာမက်ဘာဇွန်းမ်ကို အာဏာဖြုတ်ချပြီးနောက် ပြင်သစ်သံအမတ် ဆယ်လ်ဗိန်းအစ်ထယ်ကို နိုင်ဂျာစစ်ခေါင်းဆောင်များက တိုင်းပြည်မှ ထွက်ခွာခိုင်းခဲ့ပါတယ်။
၄၈ နာရီအတွင်းထွက်ခွာရန် ဩဂုတ်လအတွင်း ရာဇသံထုတ်ပြန်ခဲ့ပေမယ့် ပြင်သစ်အစိုးရက နိုင်ဂျာစစ်ခေါင်းဆောင်များကို တရားဝင်အသိအမှတ် မပြုတာကြောင့် သံအမတ်ကို ဆက်လက်ထားရှိခဲ့ပါတယ်။
ဘာဇွန်းမ်ကို စစ်ခေါင်းဆောင်များက ဖမ်းဆီးထိန်းသိမ်းထားကာ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ သူ့ကိုပဲ မက်ခရွန်က တရားဝင်ခေါင်းဆောင်အဖြစ် သတ်မှတ်တယ်လို့ ဆိုပါတယ်။
ဆာဟယ်ဒေသမှာ နိုင်ဂျာအာဏာသိမ်းမှုအပြင် မာလီ၊ ဘာကီနာဖာဆို၊ ဂီနီယာတို့မှာလည်း မကြာသေးမီနှစ်များအတွင်း အလားတူဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ပါတယ်။
#World_News #နိုင်ဂျာနိုင်ငံ #ပြန်လည်ဆုတ်ခွာ #ပြင်သစ်သမ္မတဆုံးဖြတ်
Source: DW
Published 25 September 2023
ဦးနှောက်ဆဲလ် အစိတ်အပိုင်းတွေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၈၀၀ ခန့်က ပင်လယ်တိမ်တွေမှာ စတင်ဖြစ်ပေါ်ခဲ့တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
စပိန်နဲ့ ဂျာမနီတို့မှ ပညာရှင်တွေက ပလေကိုဇိုအန်လို့ ခေါ်တဲ့ အထူးဆဲလ်တွေရဲ့ စရိုက်လက္ခဏာများကို တွေ့ရှိခဲ့ပါတယ်။
ထိုဆဲလ်တွေက အတွင်းအင်္ဂါမရှိဘဲ သဲမှုန်တစ်မှုန်မျှ အရွယ်အစားသာ ရှိပါတယ်။
ပလေကိုဇိုအန်တွေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၈၀၀ ခန့်က အဏုဇီဝပိုးမွှားတွေကို လိုက်ဖမ်းကာ ပူနွေးတဲ့ပင်လယ်တိမ်တွေမှာ ရေညှိတွေ ရှာဖွေခဲ့ကြပါတယ်။
ဂျီနုန်းကွပ်ကဲရေးစင်တာမှ ဇီဝပညာရှင် ဆီဘက်ရှန်နဂျယ်နဲ့ အဖွဲ့က ပပ်တိုက်ဒါဂျစ်ဆဲလ်များဟာ ယခုလူသားတွေရဲ့ အာရုံကြောဆဲလ်များနဲ့ အလားသဏ္ဍာန်တူကြောင်း တွေ့ရှိခဲ့ပါတယ်။
အဆိုပါ ပပ်တိုက်ဒါဂျစ် ပလေကိုဇိုအန်ဆဲလ်တွေက ရှေးဦးအာရုံကြောဆဲလ်များနဲ့ တူညီမှု အများအပြားရှိနေကာ ဆင့်ကဲပြောင်းလဲရာ အစလို့ ပြောရမလိုပါပဲ။
မျိုးရိုးဗီဇ ဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် ထိုဆဲလ်တွေက နျူရွန်တွေလိုမျိုး ပပ်တိုက်များထုတ်လွှတ်ကာ အပြုအမူများကို ထိန်းချုပ်ပေးပါတယ်။
ပလေကိုဇိုအာဆဲလ် ၄ မျိုးကို အစောပိုင်းသတ္တဝါများနဲ့ နှိုင်းယှဥ်ကြည့်ရာမှာ ထိုဆဲလ်တွေမှာ လူသားတွေရဲ့ နျူရွန်တွေလိုမျိုး မျိုးရိုးဗီဇတူတာတွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆဲလ်တွေဟာ သက်ရှိတွေရဲ့ အခြေခံကျတဲ့ အရာတွေဖြစ်ပြီး အချိန်နဲ့အမျှ ပြောင်းလဲလာတာကို လေ့လာခြင်းဖြင့် သတ္တဝါတွေ ဆင့်ကဲပြောင်းလဲရခြင်းကို သိရှိလာနိုင်ပါတယ်။
Source: WION.
#World_Science
#YMG #Yangon_Times
Page 304 of 826