၅ မေ ၂၀၂၅
လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာအတွင်း၌ ပါကစ္စတန်နိုင်ငံသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု လုပ်ငန်းများတွင် နက်ရှိုင်းစွာပါဝင်ပတ်သက်ခဲ့ကြောင်း စာအုပ်များ၊ နိုင်ငံရေးဝန်ခံမှုများနှင့် စစ်ရေး ကြေညာ ချက်များက ထင်ဟပ်နေတယ်လို့ အိန္ဒိယ မီဒီယာများက စာအုပ်များကို ကိုးကား ရေးသားခဲ့ကြ ပါတယ်။
ယင်းတို့ကိုးကားတဲ့ စာအုပ်တွေထဲမှာ အထင်ရှားဆုံးက "The Spy Chronicles" စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို စာရေးဆရာတွေဖြစ်ကြတဲ့ A.S. Dulat, Aditya Sinha နှင့် Asad Durrani တို့က ပူးတွဲရေသားခဲ့ပါတယ်၊ ယခင် ISI အကြီးအကဲလုပ်ခဲ့တဲ့ Asad Durrani က ကက်ရှ်မီးယားက ခွဲထွက်ရေးမဟာမိတ် ဟာရီယတ်ကို ဖန်တီးရာမှာ ပါဝင်ပတ်သက်ခဲ့ကြောင်းဝန်ခံရေးသားထားပါတယ်။
မဒီဟာအက်ဖ်ဇဲလ်ရေးသားတဲ့ Pakistan Under Siege စာအုပ်ထဲမှာလည်း အစ္စလမ်ပြုရေးနှင့် အိန္ဒိယ နှင့်ပတ်သက်ပြီး နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ အကြောက်လွန်စိတ်နှစ်ခုကိုပေါင်းစပ်ထားတဲ့ အတွေးအခေါ် တစ်ခုကို ဖော်ထုတ်ရေးသားထားတာတွေ့ရပါတယ်။
နောက်တစ်အုပ်ကတော့ ရိုဟန်ဂူနာရက်နာမှင့် ခမ်ရမ်အစ်ဘဲလ်တို့ရေးတဲ့ Pakistan: Terrorism Ground Zero စာအုပ်ဖြစ်ပြီး အဲဒီစာအုပ်ထဲမှာ ပါကစ္စတန်ရဲ့ အကြမ်းဖက်အုပ်စုတွေနှင့် အိန္ဒိယနှင့်အီရန်အပါအဝင် နိုင်ငံတကာ actorတွေအကြား အချိတ်အဆက်တွေကိုရေးသားထားပါတယ်။
အဲဒီအပြင် အခြားစာအုပ်အချို့ကိုလည်း သုံးသပ်သူက ဆက်လက်ကိုးကားထားပါတယ်။
အဲဒီအပြင် နိုင်ငံရေးခေါင်းဆောင်အချို့ရဲ့ ဝန်ခံချက်တွေကိုလည်း ဆက်လက်ဖော်ထုတ်သုံးသပ်ထားပါတယ်။ အဲဒီအထဲမှာ တစ်ဦးကတော့ ပါကစ္စတန်ရဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ခါဝါဂျာမူဟာမက်အာဆစ်ဖြစ်ပြီး “ ကျွန်တော်တို့ဟာ ဒီလိုညစ်ပတ်တဲ့အလုပ်တွေကို အမေရိကန်နှင့် ဗြိတိန်အပါအဝင် အနောက်နိုင်ငံတွေ အတွက် ဆယ်စုနှစ် သုံးစုကျော်လုပ်ပေးခဲ့ပါတယ်” လို့ ပြောထားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ပါကစ္စတန် ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ် နာဂျမ်ဆက်သီနှင့် အကြီးတန်း နာဂျမ်ဆက်သီတို့ကလည်း ၂၆/၁၁ မွမ်ဘိုင်းတပ်ချ် တိုက်ခိုက်မှုမှာ ပါကစ္စတန်ပါဝင်ပတ်သက်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ပါကစ္စတန်သမ္မတဟောင်း ပါဗက်မူရှာရက်ကလည်း “ ၁၉၉၀ပြည့်နှစ်တွင် ကက်ရှ်မီးယား၌ လွတ်မြောက်ရေး လှုပ်ရှားမှုစတင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ Lashkar-e-Taiba နှင့် အခြားသော အဖွဲ့အစည်း ၁၁ဖွဲ့ သို့မဟုတ် ၁၂ ဖွဲ့ခန့်တို့ကိုဖွဲ့စည်းခဲ့ပါတယ်။ ကျွန်တော်တို့က သူတို့ကိုထောက်ခံခဲ့တယ်။ လေ့ကျင့်ပေးခဲ့တယ်” လို့ ပြောဆိုခဲ့ ပါတယ်။ ထို့အပြင် အခြားသော နိုင်ငံရေးသမားအချို့၏ ပါကစ္စတန်ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ပြောဆို ချက်တွေကိုလည်း သတင်းသုံးသပ်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ယခုအခါ အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား တင်းမာမှုတွေ ဆက်လက်ပြင်းထန်လာနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က အိန္ဒိယ-အုပ်ချုပ်တဲ့ ကာရှ်မီးယားဒေသရှိ ပဟာလ်ဂမ်မြို့၌ ခရီးသွားများကို ပစ်ခတ်သတ်ဖြတ် မှုကြောင့် အဓိကအားဖြင့် ဟိန္ဒူဘာသာဝင် ခရီးသွား ၂၆ ဦး သေဆုံးခဲ့ပါတယ်။ အိန္ဒိယအစိုးရက ပါကစ္စတန် ကို အကြမ်းဖက်မှုတွင် ပါဝင်တယ်လို့စွပ်စွဲခဲ့ပြီး ပါကစ္စတန်အစိုးရအဆိုပါ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။
#knl/ymg