Published 1 June 2024
အင်တာနက်နှင့် လူမှုကွန်ယက်စာမျက်နှာများကို အသုံးပြုပြီးဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများဖြစ်သော E-cigarette၊ Vape ၊ Heated Tobacco Products အစရှိသည့် ထုတ်ကုန်များကို အရောင်းမြှင့်တင်နေကြ၍ သတိထားကြရန်လိုအပ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးမှ သတိပေးပြောကြားခဲ့သည်။
မေလ(၃၁)ရက်ကျင်းပခဲ့သည့်'ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့'အခမ်းအနားကို တက်ရောက်ရင်း ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝှမ်းတွင် အင်တာနက်နှင့် လူမှုကွန်ယက်စာမျက်နှာသုံးစွဲမှုမြင့်မားလာသည့်အချက်ကို အခွင့်ကောင်းယူ၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းထုတ်လုပ်ရောင်းချသူများသည် ၎င်းတို့၏ထုတ်ကုန်များကို သုံးစွဲလာစေရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်လာကြကြောင်း၊
အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှလူငယ်များကို ဦးတည်ဆွဲဆောင်လာကြကြောင်း၊ အချို့သောသုတေသန အဖွဲ့အစည်းများကို ငွေကြေးအမြောက်အမြားပေးပြီး ၎င်းတို့၏ထုတ်ကုန်များကို သုံးစွဲခြင်းဖြင့် ကျန်းမာရေး ထိခိုက်မှုမရှိဟူသော သတင်းအမှားများကို လူငယ်များထံသို့ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေပေးလျက်ရှိသည့်အပြင် E-cigarette၊ Vape ၊ Heated Tobacco Products အစရှိသည့် အီလက်ထရောနစ် အငွေ့ရှူစက်များကို လူငယ်များသာမက ကလေးငယ်များအကြိုက်ဖြစ်အောင် ပုံစံအမျိုးမျိုး၊ အနံ့အရသာအမျိုးမျိုးဖြင့် ထုတ်လုပ်ပြီး ထင်ပေါ်ကျော်ကြားလူသိများသူများဖြင့် လူမှုကွန်ယက်စာမျက်နှာနှင့် မီဒီယာများမှအရောင်းမြှင့်တင်နေကြကြောင်း၊
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း WHO Framework Convention on Tobacco Control - article 5.3 အရ ပြည်သူ့ ကျန်းမာရေး ဆိုင်ရာမူဝါဒများ ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာစေရန် ဆေးလိပ်နှင့်ဆေးရွက် ကြီးထွက်ပစ္စည်း ထုတ်လုပ်ရောင်းချသူများက နည်းအမျိုးမျိုးဖြင့် ဟန့်တား နှောက်ယှက်နေသည့်အပေါ် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တားဆီးကာကွယ်သွားရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း WHO Framework Convention on Tobacco Control ကို (၂၀၀၃)ခုနှစ်တွင် လက်မှတ်ရေးထိုးပြီး ကွန်းဗင်းရှင်းပါပြဋ္ဌာန်းချက်များကို အခြေခံ၍ (၂၀၀၆) ခုနှစ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းဆောင်ရွက်ခဲ့ကြောင်း၊
အသက်(၁၈)နှစ်မပြည့်သေးသူကို ဆေးလိပ်ရောင်းချခြင်းမပြုရန်၊ ကျောင်းပုရိဝုဏ်အတွင်းနှင့် ကျောင်းပုရိဝုဏ်မှ ပေ ၁၀၀ အတွင်း ဆေးလိပ် ရောင်းချခြင်းမပြုရန် ဥပဒေအရတားမြစ်ထားပြီး ဖြစ်ကြောင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်းနှင့် အကျိုးပြုလုပ်ငန်းများတွင် အထောက်အပံ့ပေးခြင်းများကို ဥပဒေအရပြစ်မှု၊ ပြစ်ဒဏ်များဖြင့် တင်းကျပ်စွာတားမြစ်ထားကြောင်း၊
ကျန်းမာရေးကိုထိခိုက်စေ နိုင်သည့်အတွက် အီလက်ထရောနစ် အငွေ့ရှူစက်များအပါအဝင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုအန္တရာယ်နှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာမြှင့်တင်ပေးခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ် ရေးလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများဖန်တီးပေးခြင်းဖြင့် လူငယ်များကို ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း ထုတ်လုပ် ရောင်းချသူများ၏ လှည့်ဖြားမှုအန္တရာယ်မှ အကာအကွယ်ပေးနိုင်ရန်အတွက် အားလုံးပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏(၂၀၂၄) ခုနှစ် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Protecting Children From Tobacco Industry Interference” ဖြစ်ကြောင်း၊ မြန်မာဘာသာဖြင့် “ဆေးလိပ်ဆေးရွက်ကြီး လွှမ်းမိုးမှု အန္တရာယ်၊ သတိပြုကာကွယ်တို့လူငယ်”ဟု ဘာသာပြန်ဆိုထားကြောင်း သိရသည်။
(၂၀၂၄)ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မေလ(၃၁)ရက်တွင် နေပြည်တော်၌ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မှတ်တမ်းဗီဒီယိုများ ကြည့်ရူခြင်းနှငိ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ပြခန်းငယ်ကို လှည့်လှည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 1 June 2024
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုရှိ မွေးမြူရေးလုပ်ငန်းများကို ချေးငွေထုတ်ချေးသွား မည်ဖြစ်ကြောင်း နေပြည်တော်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မွန် ပြည်နယ်တို့ရှိ မွေးမြူရေးလုပ်ငန်းများပါဝင်ကြောင်းသိရသည်။
ယခုဇွန်လမှစတင်ကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း ငွေကျပ် ၁၂ ဘီလီယံ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဒေသများက စိစစ်ရွေးချယ်ထားသည့် အသားတိုးနွားမွေးမြူ ရေးလုပ်ငန်းများ၊ နို့စားနွားမွေးမြူရေးလုပ်ငန်းများ၊ ဥစားကြက်မွေးမြူ ရေးလုပ်ငန်းများနှင့် သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းများ စသည်တို့ကို ဇွန်လမှစတင်၍ ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
ယင်းချေးငွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးမည်ဖြစ်ပြီး နို့စားနွားမွေးမြူရေး လုပ်ငန်းများကို ဦးစားပေးထုတ်ချေးပေးရန် စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် နို့စားနွားမွေးမြူရေးလုပ်ငန်းများကို နှစ်ရှည်ချေးငွေအဖြစ် သုံးနှစ်အထိထား၍ ချေးပေးမည်ဖြစ်ပြီး အသားတိုး နွား၊ ဥစားကြက် နှင့် သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများကို ကာလနှစ်နှစ် သတ်မှတ်၍ ထုတ်ချေးပေးသွားရန် သတ်မှတ်ထားသည်။
Yangon_Times/LW
#Local_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group
Publicshed 1 June 2024
သက်တမ်းရင့်ရေနံမြေများရှိပေနက်တွင်းများအောင်မြင်စွာတူးဖော်နိုင်ရေးဆောင်ရွက်နေပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြီးမြောက်အောင် တူးဖော်မည့် တွင်းသစ် နှစ်တွင်းသည် ရေနံထွက်ရှိရန် အတည်ပြုထားကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
သက်တမ်းရင့်ရေနံမြေများတွင် အထွက်တိုးစေရန်အတွက် ပေနက်တွင်းများ အောင်မြင်စွာ တူးဖော်နိုင်ရေးနည်းပညာပိုင်းဆိုင်ရာများကိုဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ထို့အပြင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြီးမြောက်အောင် တူးဖော်မည့် တွင်းသစ် နှစ်တွင်းသည် ရေနံထွက်ရှိရန် အတည်ပြုထားပြီးဖြစ်သည့် ပေနက်သဲကြောဖြစ်၍ ရည်မှန်းချက်အနက်ထိ ရောက်ရှိအောင်တူးဖော်ပြီး သမိုင်းမှတ်တိုင်သစ်စိုက်ထူရန် ကြိုးစားရမည်ဖြစ် ကြောင်းသိရသည်။
အဆိုပါ တူးဖော်မည့် တွင်းသစ်နှစ်တွင်းကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကိုယ်တိုင်တူးဖော်၍ MPRL E&P Companyမှ နည်းပညာနှင့် အတွေ့အကြုံများ မျှဝေကူညီပေးမည်ဖြစ်ကြောင်းသိရသည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်လုံခြုံရေးကို စီမံဆောင်ရွက်လျက်ရှိရာ သက်တမ်းရင့်ရေနံမြေများတွင် ပေနက်တွင်းများ တူးဖော်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရယူရခြင်းသည် အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ပါဝင်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 31 May 2024
၁။ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဂျပန်-မြန်မာပွဲစဉ် သုဝဏ္ဏဘောလုံးကွင်းနှင့် ရုပ်သံလိုင်း၌ ကြည့်ရူနိုင်
၂။ ပြည်တွင်းဝယ်လိုအား ရှိနေသည့်အတွက် ကြက်သွန်ဖြူဈေး ဆက်လက်မြင့်တတ်နိုင်
၃။ ဓာတ်ဆီနှင့် ဒီဇယ်ဈေးများ ကျဆင်း
၄။ အမေရိကန်ထောက်ပံ့လက်နက်များ၏ ထိရောက်မှုကျဆင်းလာသဖြင့် အီလက်ထရွန်နစ်စစ်ပွဲကို ယူကရိန်းအားထားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
Published 31 May 2024
လွန်ခဲ့သော(၂၄)နာရီအတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်းမေလ(၃၁)ရက်၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်။
မုတ်သုံလေသည်အားအသင့်အတင့်မှ အားကောင်းနေပြီးမေလ(၃၁)ရက်ညနေပိုင်းမှာတော့မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟုဆိုသည်။
နောက်(၂)ရက် ဇွန်(၁)ရက်နှင့် (၂)ရက်အတွက်ခန့်မှန်းချက် အနေဖြင့် ကချင်၊ချင်း၊စစ်ကိုင်းစသည့်မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဆက်လက် ဖြစ်ပေါ် နေမည်ဖြစ်ကြောင်း သိရသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေ အနေအဖြစ်စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း နှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားသည်။
မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group
Publicshed 31 May 2024
အများပြည်သူများသုံးစွဲရန်မသင့်သည့် ဆေးဝါး ၁၄ မျိုးကိုစစ်ဆေးတွေ့ရှိရကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက FDA အသိပေး ထုတ်ပြန် လိုက်ကြောင်းသိရသည်။
အဆိုပါ အရည်အသွေး၊ အာနိသင်၊ ဘေးအန္တရာယ်အာမခံချက်မရှိသည့်အပြင် ဆေးဝါးမှတ်ပုံတင်မရှိသော ဆေးဝါး ၁၄ မျိုးကို ဈေးကွက်အတွင်း ရောင်းချနေသည်ကိုတွေ့ရှိရေသာ ကြောင့် အများပြည်သူများ သတိပြုရန်နှင့် သုံးစွဲမှုရှောင်ရှားရန် အတွက် မှတ်ပုံတင်ရှိသည့် ဆေးဝါးနှင့် တရားမဝင်ဆေးဝါးများကို ဓာတ်ပုံများနှင့် တကွ FDAက အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
FDAသည် ဈေးကွက်အတွင်းရှိ ဆေးဝါးများ ကို ပုံမှန်စစ်ဆေး ရာတွင် ယခုကဲ့သို့တွေ့ရှိရကြောင်း၊ အဆိုပါ ဆေးဝါး ၁၄ မျိုး၏ ဓာတ်ပုံများတွင် တရားဝင်တင်သွင်းထားသည့် ဆေးဘူးနှင့် ဆေးကဒ်များမှာ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်များ ဖော်ပြပါ ရှိပြီး စာသားများ မှာလည်း အင်္ဂလိပ် ဘာသာများဖြင့် ဖော်ပြထားကြောင်းသိရသည်။
ယခုစစ်ဆေးတွေ့ရှိရသည့်တရားမဝင် တင်သွင်းထားသည့် ဆေးဘူးနှင့် ဆေးကဒ်များမှာ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ်များ မပါရှိသကဲ့သို့ စာသားများမှာလည်း တူရကီဘာသာ များဖြင့် ဖော်ပြထား ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group
31 May 2024
နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ (၅) သန်း နှင့် တရုတ်ယွမ် (၅) သန်းထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မေလ(၃၁)ရက်၌ ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် မေလ(၂၀)ရက်၌လည်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၁၀ သန်း ရောင်းချပေးခဲ့သေးသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် (၉-၅-၂၀၂၄) ရက်နေ့တွင်လည်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်း ရောင်းချပေးကြောင်းနှင့်
(၇-၅-၂၀၂၄) ရက်နေ့တွင် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၂.၅ သန်း၊
(၂-၅-၂၀၂၄) ရက်နေ့၊ နိုင်ငံခြားငွေကြေးဈေး ကွက် တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၅ သန်း နှင့်ထိုင်းဘတ် သန်း ၃၀ ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတဆင့် ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များကို ဖေဖော်ဝါရီ (၂) ရက်မှစတင်၍ ရောင်းချပေးနေပြီးနိုင်ငံခြားငွေပမာဏ ဒေါ်လာ (၃၁) သန်း၊ တရုတ်ယွမ် (၃၁. ၅) သန်းနှင့် ထိုင်းဘတ် (၁၉၆) သန်းခန့် ရောင်းချပေးထားပြီးဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group
Page 636 of 2220