၂၉ ဒီဇင်ဘာ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ နိုင်ငံခြားရေးအကြံပေး အမ်ဒီ တိုဟစ်ဟူစိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံမှတစ်ဆင့် တရုတ်နှင့် ချိတ်ဆက်မိစေရေး အရေးကြီးတဲ့အကြောင်း သောကြာနေ့က ပြောကြားလိုက်ပါတယ်။ အဲသလို ဆောင်ရွက်ခြင်းဖြင့်  နှစ်ဘက်အကျိုးရှိလိမ့်မယ်လို့လည်း သူက အလေးပေးပြောဆိုတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများက သတင်းဖော်ပြကြပါတယ်။

“ ကျွန်တော်တို့အနေနှင့် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံများအကြား ချောမွေ့တဲ့ချိတ်ဆက်မှုလိုအပ် ပါတယ်။ အလားအလာအကောင်းဆုံးလမ်းကြောင်းကတော့ မြန်မာနိုင်ငံမှတစ်ဆင့်ဖြစ်တယ်” လို့ သူက ပြောဆိုလိုက်ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံတည်ငြိမ်ရေးနှင့် ဘင်္ဂလီတွေကို ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ပေးရေး လိုအပ်တယ်လို့ သူက အလေးပေးပြောဆိုပါတယ်။

“ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတည်ငြိမ်မှု ပြန်လည်ရရှိလာမယ်လို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်။ ရခိုင် ပြည်နယ်ကို ဘင်္ဂလီတွေဟာ အခွင့်အရေးနှင့်လုံခြုံမှုရှိစွာ ပြန်ပို့ပေးရေးအပါအဝင်ပေါ့။ ဒီလိုချိတ်ဆက် မှုဟာ ကျွန်တော်တို့ပြည်သူတွေအတွက် အပြန်အလှန်အကျိုးကျေးဇူးရှိနိုင်လိမ့်မယ်” လို့ သူကပြောပါ တယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ နော့တ်ဆောက်တက္ကသိုလ်မှာ သောကြာနေ့ကကျင်းပတဲ့ “ တရုတ်- တောင်အာရှယဉ်ကျေးမှုနှင့်ချိတ်ဆက်မှု” ဆိုတဲ့ နိုင်ငံတကာကွန်ဖရင့်တစ်ခုဖွင့်ပွဲမှာ တိုဟစ်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့၇ှ်ရဲ့ မဟာဗျူဟာမြောက်တည်ရှိမှုနှင့် စီးပွားရေးအလာအလာတွေ ဖွံ့ဖြိုးလာနေမှုတွေကို လည်း သူက အလေးပေးပြောဆိုပါတယ်။

ဒေသတွင်းချိတ်ဆက်မှုဟာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါမှုတွေဖြစ်တဲ့ ရာသီဥတုပြောင်းလဲခြင်းနှင့်စီးပွားရေး မရေရာမှုတွေလိုပြဿနာတွေကို ဖြေရှင်းရာမှာ ပိုအရေးပါလာနေတယ်လို့လည်း သူကပြောပါတယ်။ အဲဒါကြောင့် တရုတ်နိုင်ငံကို မဟာဗျူဟာမြောက်လုပ်ဖော်ကိုင်ဖက်အဖြစ်သာမက မိတ်ဆွေအဖြစ်နှင့်ပါ လက်တွဲဆောင်ရွက်ရမယ်လို့သူကပြောပါတယ်။

အဲဒီကွန်ဖရင့်ကို တရုတ်-တောင်အာရှစင်တာရဲ့ လူမှုယဉ်ကျေးမှုလေ့လာရေးအဖွဲ့နှင့် ယူနန်တက္ကသိုလ် တို့က ပူးတွဲကျင်းပခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ်ကြီးကလည်း ကွန်ဖရင့်ဖွင့်ပွဲ မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။