#Local_News
Published- 13 May 2024
▪️ အမျိုးသားသွေးဌာန (ရန်ကုန်ဆေးရုံကြီး)မှ ဆေးရုံ ၃၈ ရုံနှင့် Blood Management System(BMS) Software ဖြင့် ချိတ်ဆက်၍ လိုအပ်သောအချက်အလက်များကိုဖြန့်ဝေပေးလျက်ရှိပြီး သွေးကောင်း၊သွေးသန့်များစနစ်တကျရရှိရန်ဆောင်ရွက်ပေးနေကြောင်း နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) ရောဂါဗေဒဌာနနှင့် သွေးဘဏ်မှ သိရသည်။
▪️ သွေးလိုအပ်သည့် လူနာများအဆင်ပြေစေရန် အမျိုးသားသွေးဌာန တစ် ခု ၊ မန္တလေး၊ မကွေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ တောင်ကြီး၊ ပုသိမ် နှင့် နေပြည်တော်တို့ရှိပြည်သူ့ဆေးရုံကြီးများတွင် တွဲဖက်ထားသည့် သွေးလှူဘဏ် ခုနှစ်ခု၊ ခုတင် ၂၀၀ နှင့် ခုတင် ၁၀၀ ဆံ့ ဆေးရုံကြီးများမှလည်းဓါတ်ခွဲခန်းနှင့် တွဲဖက်ဆောင်ရွက်နေသည့် သွေးဘဏ်များတိုးချဲ့ဖွဲ့စည်းထားကြောင်းသိရသည်။
▪️ အဆိုပါသွေးဘဏ်များအနေဖြင့် သွေးလှူရှင်များ၏ လှူဒါန်းမှုများမှရရှိလာသည့် သွေးများကိုသွေးအုပ်စုခွဲခြင်း၊ ပိုးစစ်ဆေးခြင်းများလုပ်ဆောင်ပေးကာရရှိလာသည့် ဒေတာအချက်အလက်များအား အမျိုးသားသွေးဌာန (ရန်ကုန်)မှ ဆေးရုံကြီး ၃၈ ရုံ ၏ စင်တာများ ၊ သွေးလှူဘဏ်များတွင် Software ကိုအသုံးပြု၍ လူနာများ၏ လိုအပ်သည့် သွေးများအတွက် လှူဒါန်းသူများ၏ သွေးအုပ်စု၊ ရောဂါ ကင်းမကင်းများ ကိုSoftwareဖြင့် သေချာတင်ပေးလျှက်ရှိကြောင်းသိရသည်။
▪️ ထိုသို့ဆောင်ရွက်ထားသည့်အတွက် နောက်တစ်ကြိမ်ထပ်မံလိုအပ်ပါက ယင်းအချက်အလက်များမှာများစွာအဆင်ပြေသည့်အပြင် ဘားကုတ်များကိုလည်းသွေးအိတ်များတွင် ကပ်ပြီး စနစ်တကျ ဆောင်ရွက်နေသည့် အတွက် အချိန်ကုန်သက်သာသည့်အပြင်အလှူရှင်ထံမှရရှိသည့် သွေးများကိုသွေးလိုအပ်သည့် လူနာများဆီအရောက် စနစ်တကျ ပို့ပေးနေကြောင်းသိရသည်။
#YMG/ NN #Yangon_Times
#Local_News
Published 13 May 2024
▪️ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ရန်ကုန်-မော်လမြိုင်၊ မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များကို မေလ ၁၃ ရက်နေ့ (ယနေ့)တွင် တိုးချဲ့ ပြေးဆွဲနေကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။
▪️ မော်လမြိုင်-ရန်ကုန် လေအိတ်ရထား အမှတ် ၁ကို မနက် ၈နာရီ ၃၀အချိန်တွင် လည်းကောင်း၊မော်လမြိုင်-ရန်ကုန် လေအိပ်ရထား အမှတ်၂ ကို မနက်၉နာရီ ၁၅တွင် လည်းကောင်း တိုးချဲ့ပြေးဆွဲနေကြောင်း သိရသည်။
▪️ မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်ကို ယခင်ပုံမှန်ပြေးဆွဲနေသည့် နံနက် ၈ နာရီခွဲ ရထားသာရှိပြီး လက်ရှိမှာ ၉ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြေးဆွဲမည့် ရထားခရီးစဉ် ထပ်တိုးချဲ့ခဲ့ကြောင်းသိရသည်။
▪️ ရထားလက်မှတ်များ ကို နံနက် ၇ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ်၊ နေ့လည် ၁ နာရီမှ ၃ နာရီအထိ တစ်ကြိမ် ရောင်းချပေးလျက်ရှိပြီး အထက်တန်းလက်မှတ်များအား သုံးရက်ကြိုစနစ်ဖြင့် လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်များကို တစ်ရက်ကြိုစနစ်ဖြင့်လည်းကောင်း ဝယ်ယူနိုင်ကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးကြေညာ ထားသည်။
#YMG/LW #Yangon_Times
#Local_News
Published 13 May 2024
▪️ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင်ပြုလုပ်မည့်လာမည့် ဇူလိုင်လအတွင်း ကိုရီးယားသွင်းကုန်ပြပွဲ ၂၀၂၄ (Korea Import Fair – KIF 2024)တွင် မြန်မာများလာရောက်ပြသရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
▪️ အဆိုပါ ကိုရီးယားသွင်းကုန်ပြပွဲ -၂၀၂၄ (Korea Import Fair – KIF 2024) ကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ အစည်းအဝေးနှင့် ပြပွဲကျင်းပရေးစင်တာ (Convention & Exhibition Center – COEX)တွင် ဇူလိုင်လ (၄) ရက်မှ (၆) ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းပြပွဲကို ပြည်ပနိုင်ငံများမှ ထုတ်ကုန်များကို ကိုရီးယားနိုင်ငံရှိ သွင်းကုန်တင်သွင်းသူများနှင့် Korea Importers Association – KOIMA အဖွဲ့ဝင်ကုမ္ပဏီများအား မိတ်ဆက်ပေးရန် ရည်ရွယ်၍ ကိုရီးယားနိုင်ငံ သွင်းကုန်တင်သွင်းသူများအသင်း (Korea Importers Association – KOIMA) ကကြီးမှူး၍ နှစ်စဉ် ကျင်းပလျက်ရှိပြီး KIF 2024 သည် (၂၁) ကြိမ်မြောက်ပွဲဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြပွဲကို ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီး ဌာန၏ ကုန်ကျစရိတ်ဖြင့် ကျင်းပပေးသွားမည်ဖြစ်ပါကြောင်း၊ KIF ပြပွဲများသည် ပြည်ပထွက်ကုန်များကို တစ်နေရာတည်းတွင်ပြသနိုင်သည့် တစ်ခုတည်းသောပြပွဲ ဖြစ်သည့် အတွက် နိုင်ငံတွင်းရှိ သွင်းကုန်လုပ်ငန်းရှင်များကိုသာမက ပြည်သူများ၏ စိတ်ဝင်စားမှုကိုပါ ဆွဲဆောင်နိုင်သည့် ပြပွဲတစ်ခုဖြစ်ကာပြပွဲကာလအတွင်း ဆွေးနွေးပွဲများနှင့် B2B ဆွေးနွေးပွဲများကိုပါ ကျင်းပသွားမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှပို့ကုန်ပစ္စည်းများ ကိုရီးယားဈေးကွက်အတွင်းဝင်ရောက်နိုင်ရန် လာရောက်ပြသစေလိုကြောင်း ဖိတ်ခေါ်မှုများပြုထားကြောင်းလည်း သိရသည်။
#YMG/NN #Yangon_Times
သခင်မြပန်းခြံမှာမီး(၂၄) နာရီရလို့ EV အားသွင်းရတာ အဆင်ပြေနေတယ်။ ရန်ကုန်မြို့တွင်းမှာတော့ တစ်နာရီတစ်သောင်းနှုန်းနဲ့ အိမ်တိုင်ရာရောက်လာခေါ်ပေးဖို့ရှိတယ်။
(စွမ်းသူအောင် EVတက်စီအငှားလုပ်ငန်းမှတာဝန်ရှိသူတစ်ဦး)
#Local_News
Published_13 May 2024
#ရန်ကုန်တွင်(၂၄)နာရီEVကားအားသွင်းနိုင် #EVတက်စီယာဉ်လိုင်း
#tthl #Yangon_Times
#Local_News
Published_13 May 2024
▪️ အမျိုးသားလူနာတစ်ဦးသည် တူမဖြစ်သူ၏အမျိုးသမီးအသည်းအလှူရှင်၏အသည်းကိုအသုံးပြုပြီး အသည်းအစားထိုးခွဲစိတ်ကုသနိုင်ခဲ့ခြင်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
▪️ တပ်မတော်တွင် ဆဌမအကြိမ်မြောက်အသည်းအစားထိုးခွဲစိတ်ကုသမှုဒုတိယနေ့အဖြစ် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီးကုတင်(၁၀၀၀)ဆံ့ဆေးရုံ၌ အမျိုးသားလူနာဖြစ်သည့် ဦးဇော်ဌေးကို အသည်းအလှူရှင် ဖြစ်သည့် တူမဖြစ်သူဒေါ်နွယ်နွယ်ဝင်း၏အသည်းဖြင့် အစားထိုးခွဲစိတ်ကုသ ပေးနိုင်ခဲ့ကြောင်းသိရသည်။
▪️ အသည်းအစားထိုးဆောင်ရွက်ရာတွင်မနက်(၉)နာရီအချိန်တွင်း အသည်းစတင်ထုတ်ယူခဲ့ပြီး ထုတ်ယူရရှိလာ သည့်အသည်းကိုညနေ(၅)နာရီခန့်တွင် အသည်းလက်ခံလူနာထံသို့အစားထိုးခွဲစိတ်ကုသခြင်းများ ဆောင်ရွက် ခဲ့ကာ စုစုပေါင်း အသည်းအစားထိုးခွဲစိတ်ကုသချိန်(၁၀)နာရီခန့်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။
▪️ ခွဲစိတ်ကုသပြီးနောက်ပိုင်း အသည်းအလှူရှင်ရော အသည်းလက်ခံလူနာနှစ်ဦးလုံးပါ ကျန်းမာရေးကောင်းမွန်ပြီး အထူးကြတ်မတ်ကုသခန်း၌လိုအပ်သည့်ပြုစုကုသခြင်းများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု၊ ကျွမ်းကျင်သူများမှ ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_13 May 2024
▪️ ရွှေတိဂုံ၊ မဟာမုနိ၊ ကျိုက်ထီးရိုး၊ ရွှေစည်းခုံ၊ သျှစ်သောင်းဘုရားစသည့်နိုင်ငံတစ်ဝှမ်းရှိ တန်ခိုးကြီးဘုရားစေတီ (၁၀)ဆူကို ဒစ်ဂျစ်တယ်လမ်းညွှန်(Pagoda Digital Directory)အဖြစ် ဆောင်ရွက်ထားပြီဖြစ်ပြီး www.pagodadirectory.gov.mm အင်တာနက်Website၌ကြည့်ရူနိုင်ပြီဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိတွင် တန်ခိုးကြီးဘုရားစေတီများဖြစ်သည့် ရွှေတိဂုံ စေတီတော်မြတ်ကြီး၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ ရွှေစည်းခုံစေတီတော်၊ အာနန္ဒာဘုရား၊ ကျိုက်ထီးရိုးစေတီတော်၊ ရွှေမော်ဓောဘုရား၊ သျှစ်သောင်းဘုရား၊ ရွှေဆံတော်ဘုရား၊ ဥပ္ပါတသန္တိစေတီတော်၊ မြသလွန်ဘုရားတို့အား တစ်ဆူချင်းစီအလိုက် internet စာမျက်နှာတွင် ကြည့်ရှုနိုင်ပြီဖြစ်၍ ဘုရားအားလုံးကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ကြည့်ရှုရန်အတွက် Pagoda Digital Directory Portal (www.pagodadirectory.gov.mm) ကို အင်တာနက်စာမျက်နှာထက်တွင် လွှင့်တင် ထားရှိပြီးဖြစ်ကြောင်း၊ ထပ်မံဖြည့်သွင်းဆောင်ရွက်လိုသည့်ဘုရားများကိုလည်း တစ်ဆင့်ချင်းထပ်မံ ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဂေါပကအဖွဲ့များအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များတပ်ဆင်မည့်အခြေအနေ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားတွင်သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၏ပြောကြားချက်အရသိရသည်။
▪️ ဝန်ကြီးက မြန်မာနိုင်ငံရှိ အထင်ကရဘုရားများသာမက ထူးခြားသည့် ဒေသဆိုင်ရာ စေတီပုထိုးများအား Pagoda Digital Directory အဖြစ် Website တွင် ပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (ပြည်၊ မကွေး၊ တောင်ငူ၊ သထုံ)တို့ ပူးပေါင်း၍ Pagoda Digital Directory Web Portal လွှင့်တင်နိုင်ရေး စတင်စီစဉ်ဆောင်ရွက်ခဲ့ကြောင်း။
▪️ Portal ရေးဆွဲပြီးပါက ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့သို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က Web Portal နှင့်ပတ်သက်၍ နှစ်စဉ်ကြေးများအပါအဝင် ကုန်ကျစရိတ်အားလုံးကို နှစ်ရှည်ကျ ခံပေးသွားမည်ဖြစ်ကြောင်း၊
▪️ ဒုတိယအဆင့်အနေဖြင့် ပြည်နယ်/တိုင်းဒေသကြီး ၁၄ ခုရှိ ထင်ရှားသော ဘုရားစေတီပုထိုးများကိုလည်းကောင်း၊ တတိယအဆင့်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သမိုင်းဝင်ထင်ရှားသော ဘုရားများအတွက်ပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

#tthl #Yangon_Times
#World_News
Published 13 May 2024
▪️ ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်ရှိကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုင်းဂုကို အန်ဒရေဘယ်လူဆော့ဗ်နဲ့ အစားထိုးရန် တနင်္ဂနွေနေ့က အဆိုပြုလိုက်ကြောင်း ရုရှားမီဒီယာတစ်ခုမှ ဖော်ပြလိုက်ပါတယ်။
▪️ ဘယ်လူဆော့ဗ်က ရုရှားနိုင်ငံရဲ့ ပထမဆုံးသော ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
▪️ ရှိုင်းဂုကိုတော့ လုံခြုံရေးကောင်စီရဲ့ အတွင်းရေးမှူးအဖြစ် နီကိုလိုင်ပက်ထရူရှက်ဗ်ရဲ့ နေရာမှာ ခန့်အပ်လိုက်တာဖြစ်ကြောင်း TASS သတင်းဌာနက ဖော်ပြထားပါတယ်။
▪️ ရှိုင်းဂုဟာ ၂၀၁၂ ကတည်းက ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
▪️ ဘယ်လူဆော့ဗ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်တာဟာ တိုင်းပြည်စီးပွားရေး လုံခြုံရေးအဖွဲ့ကြီးရဲ့ စီးပွားရေးလိုအပ်ချက်နဲ့ ဆက်စပ်နေတယ်လို့ ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က မီဒီယာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
▪️ အစိုးရပိုင်းထဲက လုံခြုံရေးဝန်ကြီးဌာနများရဲ့ အကြီးအကဲများအပြင် နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်တို့ကတော့ မူလရာထူးနေရာအတိုင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။
▪️ လက်ထောက်ဝန်ကြီးချုပ်ဟောင်းဟာ စစ်ရေးနောက်ခံ မရှိခဲ့တာကြောင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းဟာ အံ့အားသင့်စရာ ဖြစ်ခဲ့ရပေမယ့် ယင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပူတင်ရဲ့ အရေးကြီးဆုံး စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါတယ်။
▪️ ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ပက်စ်ကော့ဗ်က ပြောကြားရာမှာ ၁၉၈၀ အလယ်လောက်က ဆိုဗီယက်ပြည်ထောင်စုမှာ စစ်ရေးနဲ့ ဥပဒေစိုးမိုးရေး အာဏာပိုင်များမှ တိုင်းပြည်အသုံးစရိတ်ရဲ့ ၇.၄ ရာခိုင်နှုန်းရှိခဲ့စဥ်က အခြေအနေလိုမျိုး ချဥ်းကပ်နေတာ ဖြစ်ပါတယ်။
▪️ ဒီလိုမျိုး အသုံးစရိတ်ကို တိုင်းပြည်တစ်ခုလုံးရဲ့ အကျိုးစီးပွားနဲ့ ချိန်ညှိနိုင်ဖို့က အလွန်အရေးကြီးတာကြောင့် စီးပွားရေးနောက်ခံသမိုင်းရှိတဲ့ အရပ်သားတစ်ဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် ပူတင်က အလိုရှိတာ ဖြစ်ပါတယ်။
▪️ အသက် ၆၅ နှစ်ရှိ ဘယ်လူဆော့ဗ်ဟာ ၁၉၈၁ ခုနှစ်က မော်စကိုတက္ကသိုလ် စီးပွားရေးမေဂျာကနေ ဘွဲ့ရရှိခဲ့ပါတယ်။
▪️ ၂၀၀၀ ခုနှစ်မှာ ရုရှားဝန်ကြီးချုပ် အကြံပေးအဖြစ် ခန့်အပ်ခံရပြီး နောက် ၆ နှစ်အကြာမှာ စီးပွားရေးဝန်ကြီးဌာနရဲ့ လက်ထောက်ဝန်ကြီး ဖြစ်ခဲ့ပါတယ်။
▪️ ပူတင်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၀၈ ကနေ ၂၀၁၂ အတွင်း ဘယ်လူဆော့ဗ်ဟာ အစိုးရပိုင်း စီးပွားရေးနဲ့ ဘဏ္ဍာရေးဌာနမှာ ညွှန်ကြားရေးမှူး ဖြစ်ခဲ့ပြီး ၂၀၁၂ မှာတော့ စီးပွားရေးဝန်ကြီး ဖြစ်လာပါတယ်။
▪️ ၂၀၁၃ ကနေ ၂၀၂၀ မတိုင်ခင်အထိ ရုရှားသမ္မတရဲ့ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၂၀ ကစပြီး ပထမဦးဆုံးသော ဒုတိယဝန်ကြီးချုပ် ဖြစ်လာပါတယ်။

#Source: WION
#World_Science
Published 13 May 2024
▪️ အစ္စရေးလ် ဘာအီလန်တက္ကသိုလ်မှ သုတေသီတွေဟာ ဓာတ်ခွဲခန်းထုတ် ဝှေးစေ့များ ဖန်တီးခဲ့ကြပြီး အမေရိကန်မှ အမျိုးသား ၁၀-၁၅ ရာခိုင်နှုန်းလောက် ခံစားနေရတဲ့ မျိုးမအောင်တဲ့ပြဿနာကို ဖြေရှင်းပေနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
▪️ ကြွက်ဝှေးစေ့များမှ ထုတ်ယူတဲ့ ဆဲလ်တွေကနေထုတ်လုပ်တဲ့ အင်္ဂါတုတွေက သဘာဝကြွက်ဝှေးစေ့ရဲ့ တည်ဆောက်ပုံ လုပ်ဆောင်ချက်တွေနဲ့ ဆင်တူတယ်လို့ ဆိုကြပါတယ်။
▪️ ဒေါက်တာ နစ်ဇန်ဂိုနင်ဦးဆောင်တဲ့ သုတေသီအဖွဲ့က လူသားပင်မစတမ်ဆဲလ်တွေကနေ လူကဲ့သို့ ဝှေးစေ့များ ထုတ်လုပ်နိုင်ရန် ရည်ရွယ်နေကြပါတယ်။
▪️ ဇီဝပညာရှင်တွေဟာ ဦးနှောက်၊ ကျောက်ကပ်၊ အူစတဲ့ အင်္ဂါတွေကိုလည်း ပင်မစတမ်ဆဲလ်ကနေ 3D ပုံစံငယ်များ ထုတ်လုပ်ခဲ့ကြပါတယ်။
▪️ ထုတ်လုပ်လိုက်တဲ့ အင်္ဂါတုတွေက ကြွက်ပေါက်များထံမှ သက်တမ်းမပြည့်သေးတဲ့ ဆဲလ်တွေကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
▪️ ကြွက်ဝှေးစေ့တုတွေက အချိန် ၉ ပတ်ကြာအောင် အလုပ်လုပ်နိုင်ခဲ့ပြီး ကြွက်သုတ်ပိုး ထုတ်လုပ်ဖို့ အချိန်လုံလောက်ပါတယ်။
▪️ သုတေသီအဖွဲ့ရဲ့ ရည်ရွယ်ချက်က သုတ်ပိုးမထုတ်နိုင်တဲ့ ကင်ဆာဖြစ်နေတဲ့ ယောက်ျားလေးတွေကို ကူညီနိုင်မယ့် ဝှေးစေ့တုများ ထုတ်လုပ်ရန် ဖြစ်ပါတယ်။
▪️ ကုသမှုမစခင် အသားစများရယူကာ မျိုးပွားနိုင်တဲ့ သုတ်ပိုးကို ဖန်ပြွန်ထဲမှာခဲထားပြီး အနာဂတ်မှာ ကလေးရရှိရန် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
▪️ ဒီနည်းပညာကို မွေးမြူရေးကဏ္ဍမှာ အသုံးပြုဖို့ မျှော်လင့်နေပါတယ်။
▪️ မွေးလာမယ့် တိရိစ္ဆာန်တွေရဲ့ အထီးအမ အခြေအနေကိုလည်း ထိန်းချုပ်နိုင်မယ့်နည်းလမ်း တွေ့ရှိဖို့ ဖြစ်နိုင်ပါတယ်။
#Source: New York Post
#Local_News
Published 13 May 2024
▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ တွင်(၆)ဘီးယာဉ် တစ်စီးနောက်ဘီးဘရိတ်ရှူးအပူလွန်ကဲရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံက သိရသည်။
▪️ မေလ ၁၃ရက် နံနက် ၃နာရီ၂၃မိနစ် ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၁၃/၂) နှင့်(၂၁၃/၃) ကြားတွင် Nissan Condor အမျိုးအစား (၆)ဘီးယာဉ် သည် နောက်ဘီးဘရိတ်ရှူးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။
▪️ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပန်းတင်အမြန်လမ်းမီးသတ်းစခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပလွေးအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၃နာရီ ၅၀ မိနစ် အချိန်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။
▪️ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိသော်လည်းယာဉ်မှာ ပျက်စီးဆုံးရှုံးမှုများကြောင်း သိရသည်။


#YMG/LW #Yangon_Times
#World_Health
Published 13 May 2024
▪️ အမျိုးမျိုးသော ကိုရိုနာဗိုင်းရပ်စ်တွေ အပါအဝင် မထွက်ပေါ်လာသေးတဲ့ အမျိုးအစားတွေကိုပါ ကာကွယ်ရန် ရည်မှန်းကာ ကမ္ဘာတဝှမ်းရှိ ဦးဆောင်တက္ကသိုလ်တွေမှ သိပ္ပံပညာရှင်များက ဘက်စုံသုံးကာကွယ်ဆေးကို ဖော်ထုတ်လိုက်ကြပါတယ်။
▪️ ထိုကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ် အမျိုးအစား ၈ ခုလောက်ကို မှတ်မိစေနိုင်အောင် ကိုယ်ခံအားဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်များ ပြောကြားလိုက်ပါတယ်။
▪️ ကာကွယ်ဆေးအသစ်က နာနိုအမှုန်အပေါ် မူတည်ထားပါတယ်။
▪️ ထိုအချိတ်အဆက်တွေမှာ အန်တီဂျင်အများအပြား ပါဝင်ပြီး ကိုရိုနာဗိုင်းရပ်စ် အမျိုးမျိုးကို ပစ်မှတ်ထားနိုင်ရန် ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။
▪️ နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်တွေကိုပါ ကာကွယ်နိုင်တာကြောင့် ကပ်ဘေးကိုပါ ထိန်းချုပ်နိုင်ရန် ရည်ရွယ်ထားတယ်လို့ ကိမ်းဘရစ်ချ်တက္ကသိုလ်မှ ရိုရီဟေးလ်စ်က ပြောပြပါတယ်။
▪️ ကိုယ်ခံအားတုန့်ပြန်မှု အမျိုးမျိုးဖန်တီးနိုင်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်အသစ် ပေါ်ထွက်လာမှာကို ကြောက်စရာမလိုဘူးလို့ ပရော်ဖက်ဆာ မာ့ခ်ဟောင်းဝေ့ါသ်က ဆိုပါတယ်။
▪️ နောက်ဆုံးကပ်ဘေးတုန်းက အလွန်ထိရောက်တဲ့ ကိုဗစ်ကာကွယ်ဆေး အလျင်အမြန် ထုတ်လုပ်နိုင်ခဲ့ပေမယ့် အသက်သေဆုံးမှုပြဿနာကြီး ရှိနေခဲ့ပါတယ်။
▪️ အနာဂတ်မှာ ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖို့ လိုအပ်ပြီး ကာကွယ်ဆေးတွေကို ကြိုတင်ထုတ်လုပ်ထားဖို့ လိုအပ်ကြောင်း ဟောင်းဝေ့ါသ်က ပြောပြသွားပါတယ်။
#Source: WION
#Local_News
Published_12 May 2024
▪️ လာအို၊တရုတ်နှင့်ထိုင်းနိုင်ငံများမှ ကျိုင်းတုံသို့ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲနိုင်ရန် ဆောင်ရွက်နေ ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
▪️ ကျိုင်းတုံလေယာဉ်ကွင်းကို အဆင့်မြှင်တင်ခြင်းသည် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်းပင်ဖြစ်ကြောင်း၊ ယခုအခါ ပြည်တွင်းခရီး စဉ်များ၌ ဝေးကွာသည့် နေရာများသို့ ဂျက်လေယာဉ်များကို အသုံးပြုလာပြီဖြစ် ၍ ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည့်အထိအဆင့်မြှင့်တင်ဆောင်ရွက်ရန်လိုကြောင်း၊ အိမ်နီးနားချင်းနိုင်ငံများ နှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်း လာအိုနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ ကျိုင်းတုံလေဆိပ်သို့ တိုက်ရိုက် ပျံသန်းဆင်းသက်နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း မေလ ၁၂ ရက် က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။
▪️ ကျိုင်းတုံလေဆိပ်အ ဆင့်မြှင့်နေမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီးနောက် ရှင်းလင်းဆောင်၌ ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
▪️ ကျိုင်းတုံမြို့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေးကို အထောက်အကူပြုစေရန် လေယာဉ်ကွင်းကို အဆင့် မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လေဆိပ်အသစ်တည်ဆောက်ခြင်းနှင့် လေယာဉ် ပြေးလမ်းအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရာတွင် စနစ်တကျဆောက်လုပ်ရန်၊ မည်သည့်ရာသီဥတုတွင်မဆို လေယာဉ်များဆင်းသက်နိုင်ရန် လေယာဉ်ပြေး လမ်းအတွက်လိုအပ်သော အထောက်အကူပစ္စည်းများကို ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်သွားရန်လို ကြောင်း ၎င်းက ပြောကြားခဲ့သည်။
▪️ ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ မြို့တော်ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှုဝေးကွာသည့် နေရာတစ်ခု လည်းဖြစ်ကြောင်း၊ ကျိုင်းတုံဒေသ တွင် ခရီးသွားများကိုဆွဲဆောင်နိုင်သော သာယာလှပသည့် သဘာဝပတ် ဝန်းကျင်ရေမြေတောတောင်များကိုပိုင်ဆိုင်ထားရှိပြီး ပန်ကွဲကျေးရွာရှိဗုဒ္ဓဥယျာဉ်၊အသစ်ပြန်လည်တည် ဆောက် ထားသည့် ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်၊ နောင်တုံကန်၊ လွယ်မွေအပန်းဖြေ တောင်စခန်းမြို့နှင့် အခြားလည် ပတ်နိုင်သည့် နေရာများစွာရှိ ကြောင်း၊ ယင်းအပြင် SME လုပ်ငန်းများလည်းရှိပြီး ထုတ်ကုန်များကို ထုတ်လုပ်လျက်ရှိကြောင်းလည်း သိရသည်။


#Yangon_Times/PP
#Local_News
Published_12 May 2024
▪️ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ နောင်တုံကန်ပတ် လမ်းရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်စပ်တည်း တည်ရှိသည့် နေရာတွင် အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်း တုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက် ကို ယနေ့ မေလ ၁၂ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
▪️ ကျိုင်းတုံဟော်နန်းပုံစံတူပြတိုက်အတွင်း ကျိုင်းတုံ နယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်နှင့် မိသားစုဝင်များ၊ ဆွေတော်မျိုး တော်များ၏ သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ အထောက်အထားမှတ်တမ်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ အခန်းဖွဲ့စည်းဆောင်ရွက်ထားရှိမှုများကို ခင်းကျင်းပြသထားကြောင်းလည်း သိရသည်။
▪️ အဆိုပါ ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန် ၏ ကျိုင်းတုံ ဟော်နန်းကြီးကို ၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ပညာရှင်များခေါ်ဆောင်၍ စတင် ဆောက်လုပ်စေခဲ့ခြင်းဖြစ်ပြီး ၁၉၀၆ ခုနှစ်တွင်ပြီးစီးခဲ့ ကြောင်း၊ ဥရောပနှင့် အိန္ဒိယဟန် များလွှမ်းမိုးထားပြီး ရှမ်းရိုးရာနှင့် မြန်မာဗိသုကာပုံစံတို့ကို ပေါင်းစပ်တည် ဆောက်ထားခြင်းဖြစ်ကာ ကျိုင်းတုံမြို့၏ ပထမဆုံးသော ဘိလပ်မြေအဆောက်အဦဖြစ်ကြောင်း သိရသည်။
▪️ ဟော်နန်းကြီးတွင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၊ သားဖြစ်သူ စော်ဘွား စဝ်ကောင်တိုင်းနှင့် မြေးဖြစ်သူ စော်ဘွား စဝ်စိုင်းလုံတို့ မိသားစုများ နေထိုင်ခဲ့ကြ ကြောင်း၊ ၁၉၅၉ ခုနှစ်အထိ စော်ဘွားမိ သားစု များနေထိုင်ခဲ့ကြပြီး ၁၉၆၂ ခုနှစ်တွင် ဟော်နန်းအား အစိုးရရုံးအဖြစ် အသုံးပြုခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စော်ဘွားကြီး၏ ဆွေတော်မျိုးတော်များ၊ ဒေသခံမြို့မိမြို့ဖများ၏ တောင်းဆိုချက်အရ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် တည်ဆောက် ရေး လုပ်ငန်းများကို စတင် ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူ ကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များ နှင့်ဇနီး များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့်ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကျိုင်းတုံ နယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဆွေတော်မျိုးတော်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသ ခံတိုင်းရင်းသားပြည်သူများ၊ တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။



#Yangon_Times/PP
Page 739 of 2005