#Local_News
Published_ 29 January 2024
ဘေးမကင်းသည့် ပေါင်းသတ်ဆေး (၅) မျိုးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်မှ စတင်၍တင်သွင်း ခွင့်၊ ရောင်းချခွင့်မပြုတော့ကြောင်း မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှသိရသည်။
ပေါင်းသတ်ဆေးများဖြစ်ကြသည့် (၁)Atrazine၊ (၂)Fomesafen၊ (၃)S-metolachlor၊ (၄)Terbuthylazine၊ (၅)Mesotrione စသည့် ပေါင်းသတ်ဆေး (၅)မျိုးအား မြန်မာနိုင်ငံတွင် သုံးစွဲရန် တားမြစ်ပိတ်ပင်သော ပိုးသတ်ဆေး (Banned Pesticide)အဖြစ်မြန်မာနိုင်ငံပိုးသတ် ဆေးမှတ်ပုံတင်အဖွဲ့မှသတ်မှတ်လိုက်သည်ဟုဆိုသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ(၂၇)ရက်က မြန်မာနိုင်ငံ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့မှ ကျင်းပခဲ့သော (၄၁) ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည်းဝေးဆုံးဖြတ်ချက်အရ အဆိုပါ ပေါင်းသတ်ဆေး (၅)မျိုးအား တားမြစ်ပိတ်ပင်သော ပိုးသတ်ဆေးအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။
အဆိုပါ ပေါင်းသတ်ဆေး (၅)မျိုးတွင်အဆိပ်ရှိ ပစ္စည်းများက Rotational Period (၄)လ ဖြစ်နေသဖြင့် နောက်စိုက်သီးထပ်သီးနှံအပေါ် အဟန့်အတားဖြစ်စေနိုင်ခြင်း၊ လူ့ကျန်းမာရေးအန္တရာယ် မြင့်မားစေခြင်းနှင့် မြေအောက်ရေ အရင်းအမြစ်များကို ညစ်ညမ်းစေခြင်းတို့ကြောင့် တားမြစ်ပိတ်ပင်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ သိရသည်။
အဆိုပါ ပေါင်းသတ်ဆေးများ တင်သွင်းခွင့် ထောက်ခံချက်ကိုလည်း ၂၀၂၄ ခုနှစ်၊ ဇွန် (၁) ရက်ထိသာ ထုတ်ပေးတော့မည်ဖြစ်ကြောင်းနှင့် ပိုးသတ်ဆေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချနေသော ပစ္စည်းများအား အပြီးရုပ်သိမ်းရမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် မှတ်ပုံတင်ခွင့်၊ တင်သွင်းခွင့်၊ ရောင်းချခွင့်၊ ဖော်စပ်ခွင့်၊ ပြန်လည်ထုပ်ပိုးခြင်းတို့ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်မှ စတင်၍ ခွင့်မပြုတော့ကြောင်းနှင့် ဆက်လက်ဖြန့်ဖြူး ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက ပိုးသတ်ဆေးဥပဒေအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ အသိပေးကြေညာထားကြောင်း သိရသည်။
#Local_News #ပေါင်းသတ်ဆေး (၅)မျိုး #ရောင်းချခွင့်မပြုတော့ #tthl #Yangon_Times
#Local_News
Published 29 January 2024
ပြည်ပသွင်းကုန်သမားများအဆင်ပြေစေရန်ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာကိုးသန်း ယနေ့တွင်ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။
ထိုသို့အမေရိကန် ဒေါ်လာရောင်းချပေးခြင်းသည် ယခု၂၀၂၄နှစ်နှစ်ဆန်းပိုင်းအတွင်းခြောက်ကြိမ်မြောက်အဖြစ်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၉၄ သန်း၊ ဇန်နဝါရီလ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၁၅ သန်းနှင့် ဇန်နဝါရီ ၂၅ ရက်တွင် ဒေါ်လာ ၉ သန်း၊ဇန်နဝါရီ၂၆ရက်ဒေါ်လာ ၅သန်းနှင့် ဇန်နဝါရီ ၂၉ ရက်တွင် ဒေါ်လာ ၉ သန်းထပ်မံ ရောင်းချပေးထားခြင်းဖြစ်သည်။
ထို့အပြင် ဇန်နဝါရီ ၁၉ ရက်တွင် ထိုင်းဘတ်သန်း ၅၀ ၊ ဇန်နဝါရီ ၂၅ ရက်တွင်ထိုင်းဘတ်ငွေ သန်း ၂၀၀နှင့် ဇန်နဝါရီ ၂၆ ရက်တွင်ထိုင်းဘတ်ငွေ သန်း ၅၀ရောင်းချပေးထားခဲ့ပြီး ဖြစ်သည်။
၄င်းအပြင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၄င်းနှင့်ညီမျှသော နိုင်ငံခြား ငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်ရောင်းပေးထားကြောင်း သိရသည်။
လတ်တလောတွင် ငွေကြေးဈေးကွက်အတွင်း ကျပ်ငွေဈေးနှုန်းများ ဆက်လက်ကျဆင်းနေပြီး ထိုင်းဘတ်တစ်ဘတ်လျှင် ၁၀၀ဒဿမ၅ ကျပ်ဝန်းကျင်၊ အမေရိကန်တစ်ဒေါ်လာလျှင် ၃၅၃၅ နှင့်တရုတ်ငွေတစ် ယွမ်လျှင် ၄၉၃ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
#Local_News #ကန်ဒေါ်လာကိုးသန်း #ယနေ့ရောင်းချပေး #YMG/ NN #Yangon_Times
(၇.၆)ပြင်းအားရှိ ငလျင်ဒဏ်ခံခဲ့ရသည့်ဂျပန်ရောက်မြန်မာများကိုကူညီနေ၊ သံရုံးကိုဆက်သွယ်အကူအညီတောင်းခံနိုင်
"နာနာအိုမြို့ရှိ မြန်မာနိုင်ငံသား (၁၆)ဦးကတော့ နေအိမ်ပျက်စီးခဲ့လို ကာနာဇာဝါ မြို့မှာ နေရာချထားပေးပြီး လိုအပ်တာတွေ ဆောင်ရွက်ပေးနေတယ်။ ဆောင်းတွင်းကာလဖြစ်ပြီး ရှီကာမြို့နှင့် ကာနာဇာဝါမြို့တို့မှာ ဆီးနှင်းများ ကျရောက်လျက်ရှိလို့ ကျန်းမာရေး အထူးဂရုပြု၍ နေထိုင်ကြရန်နှင့် အစားအသောက်နှင့် ဆေးဝါးများလည်း ထပ်မံပေးပို့သွားမယ်"ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
#Local_News
Published 29 January 2024
#(၇.၆)ပြင်းအားရှိငလျင် #ဂျပန်ရောက်မြန်မာများကိုကူညီနေ
#tthl #Yangon_Times
၂၀၂၃ခုနှစ် အောက်တိုဘာလက လှည်းကူးမြို့နယ်အတွင်း ရေဘေးသင့်ခဲ့တဲ့ပြည်သူတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်း အပါအ၀င်အဖွဲ့အစည်းများက ရေဘေးသင့်ပြည်သူများထဲက ကျန်းမာရေးမကောင်းသူတွေ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေစတဲ့ သတ်မှတ်ချက် ၅ချက်နဲ့ ကိုက်ညီတဲ့အိမ်ထောင်စုတွေကို တစ်စုလျှင် ငွေကျပ် ၂သိန်း၅သောင်းနဲ့ ရေဘေးထောက်ပံပစ္စည်းတွေလှူဒါန်းပေးအပ်ခဲ့ပါတယ်။
#Local_News
Published 29 January 2024
#မြန်မာနိုင်ငံကြက်ခြေနီအသင်း #ငွေကြေးများထောက်ပံ့ကူညီ
#YMG/LW #Yangon_Times
#Local_News
Published 29 January 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပသည့်သီတင်းကျွတ်လပြည့်နေ့မှ ယခုဇန်နဝါရီလ ၂၈ ရက်အထိ ပြည်တွင်းပြည်ပခရီးသွား ၃သိန်းကျော်ဝင်ရောက်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲထံမှ သိရသည်။
ယခုဇန်နဝါရီလအတွင်း ဘုရားဖူးဧည့်သည်ပိုများကာ တစ်လအတွင်းဧည့်သည့်တစ်သိန်းကျော် ဝင်ရောက်ကြောင်း သိရသည်။
ပြည်တွင်းခရီးသွားများ ပိုမိုများပြားပြီး နိုင်ငံခြားခရီးသွားဧည်သည့် ၆၅၀၀ကျော် ဝင်ရောက်ကာ ထိုင်းနိုင်ငံမှ အများဆုံးဖြစ်ကြောင်း သိရသည်။
ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရန်အတွက် စေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများကလုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကာ တောင်တက်မော်တော်ယာဉ်အစီးရေ ၁၅၀ ကိုလည်း နေ့စဉ်ပြေးဆွဲပေးနေကြောင်း သိရသည်။
ဘုရားဖူးပြည်သူများ စည်ကားများပြားသည့်အတွက် ကျိုက်ထီးရိုးတောင်တော်တစ်လျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ်လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီး စေတီတော်၊ ရေတံခွန် စသည့်နေရာများ၊ ရင်ပြင်တော် ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရအရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
#Local_News #ဆံတော်ရှင်ကျိုက်ထီးရိုး #သီတင်းကျွတ်လပြည့်နေ့ #ခရီးသွားဧည့်သည်၃သိန်းကျော်ဝင်ရောက် #YMG/LW #Yangon_Times
#Local_News
Published 29 January 2024
နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ မကြာသေးမီက ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားပူဇော်ထားသည့်အတွက် ဘုရားဖူးခရီးသွား လုပ်ငန်းအတွက် ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသတစ်ခုအဖြစ်ဖော်ဆောင်နိုင်မည်ဖြစ်သောကြောင့် ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များ၊ ခရီးသွားကုမ္ပဏီများအနေနှင့် နိုင်ငံတကာခရီးသွား ဧည့်သည်များအတွက် ပြည်တွင်း၌သွားရောက်လည်ပတ်သော ခရီးစဉ်များရေးဆွဲရာတွင် ခရီးစဉ် ဒေသတစ်ခုအဖြစ် ထည့်သွင်းရေးဆွဲရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးကပြောကြားသည်။
အဆိုပါ ပြောကြားမှုကို ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်သည့်နေပြည်တော်ကောင်စီနယ်မြေအတွင်း တည်ထားကိုးကွယ်သော မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအပါအဝင် နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း (နေပြည်တော်ဇုန်)၊ နေပြည်တော်ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ခရီးသွားကုမ္ပဏီများမှ လုပ်ငန်းရှင်များ၊ တာဝန်ရှိ သူများအား တွေ့ဆုံရာတွင် ပြောကြားခြင်းဖြစ်သည်။
စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်တွင် နေပြည်တော်ရှိ ခရီးသွားဆွဲဆောင်ရာ (၃၈) နေရာ သို့ ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်ကြသည်ကို တွေ့ရှိရကြောင်း သိရသည်။
နေပြည်တော်အနေဖြင့်လမ်းပန်းဆက်သွယ်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ခရီးသွားအဆောက် အအုံများရှိနှင့်ပြီးဖြစ်သည့်အတွက် ပြည်တွင်း/ ပြည်ပခရီးသွားဈေးကွက်ရရှိရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ဒုဝန်ကြီးကဆက်လက်ပြောကြားသည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအပါအဝင် နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် ဆောင်ရွက်သွားသင့်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးကြကြောင်း သိရသည်။
#Local_News #မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #YMG/LW #Yangon_Times
'ဆင်သရုပ်ပြပွဲမှာ ဆင်စီးခရီးတိုနဲ့၊ ခရီးရှည်က စခန်းတည်ထားတဲ့ သစ်နဲပုတ်ချောင်းကနေအထက်ဘက်တက်သွားရင် မကျဉ်းကိုးပင်ဘုရားလေးဆီကို ဆင်စီးပြီးသွားတာပါ'
#Local_News
Published 29 January 2024
#ဝါးနက်ဆင်စခန်း #တောတွင်းဆင်စီးခရီးစဉ်
#YMG/ NN #Yangon_Times
အေးသည့်အချိန် လှည်းကူး၊ သူဌေးကျွန်းနှင့် Resort များတွင် အပန်းဖြေသူများနေ
"လှည်းကူး၊ သူဌေးကျွန်းရဲ့ ကြေညာကောင်းမှုကြောင့် လှည်းကူးကို ခရီးသွားတွေ ဝင်ရောက်မှုများသလို ၊ Resort တွေမှာလည်း အပန်းဖြေနားနေသူတွေ များတယ်" လှည်းကူးဒေသခံလည်းဖြစ်၊ ခရီးသွားလမ်းညွှန်တစ်ဦးလည်း ဖြစ်သည့် ဦးသက်လွင်
#Local_News
Published_ 29 January 2024
#သူဌေးကျွန်း #Resortတွင်အပန်းဖြေသူများ
#tthl #Yangon_Times
#Local_News
Published_ 29 January 2024
2024 ခုနှစ် SKY NET ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကြီး၏ ချန်ပီယံအသင်း(၃)သင်းထွက်ပေါ်လာခဲ့ကြောင်း သိရသည်။
အမျိုးသားသုံးယောက်တွဲ ချန်ပီယံအဖြစ်- Late Thone Kaung အသင်း၊ အမျိုးသမီးသုံးယောက်တွဲ ချန်ပီယံအဖြစ် - Apple အသင်း၊ အမျိုးသားလေးယောက်တွဲ ချန်ပီယံအဖြစ်- Late Thone Kaung အသင်းတို့မှ အသီးသီးအနိုင်ရရှိခဲ့ကြသည် ဟုဆိုသည်။
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှကြီးမှူးပြီး SKY NETကစီစဥ်ကျင်းပသည့် SKY NETပိုက်ကျော်ခြင်းပြိုင်ပွဲ 2024 ဗိုလ်လုပွဲစဥ်များကို ဇန်န၀ါရီ၂၈ ရက်ညတွင် ရန်ကုန်မြို့၊ ရွှေထွဋ်တင်ဝန်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
ဗိုလ်လုပွဲစဉ် ပထမပွဲစဉ်တွင် အမျိုးသား ၃ ယောက်တွဲ ဗိုလ်လုပွဲစဥ်၌ Late Thone Kaungအသင်းက Khit Kyaung Tharအသင်းကို (၈-၁၅)၊ (၁၇-၁၆)၊ (၁၄-၁၇)ရလဒ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း၊
ဒုတိယပွဲစဥ်ဖြစ်သည့် အမျိုးသမီး ၃ ယောက်တွဲ ဗိုလ်လုပွဲစဥ်တွင် Apple အသင်းက Huamei Myanmarအသင်းကို (၁၇-၁၄)၊ (၁၅-၆)ရလဒ်ဖြင့်နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ကြောင်း၊
တတိယပွဲစဥ်ဖြစ်သည့် အမျိုးသား ၄ ယောက်တွဲ ဗိုလ်လုပွဲစဥ်တွင် Late Thone Kaungအသင်းက Kyaung Sayarအသင်းကို (၁၃ -၁၅)၊ (၁၅- ၁၂)၊ (၁၅- ၁၉)ဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိ ဗိုလ်စွဲသွားကြောင်း သိရသည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ကတာ၀န်ရှိသူများနှင့်SKY NETမှ တာ၀န်ရှိသူများမှဆုရရှိသည့်အသင်းများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။



#Local_News #ပိုက်ကျော်ခြင်းပြိုင်ပွဲ #ချန်ပီယံအသင်း(၃)သင်းထွက်ပေါ် #tthl #Yangon_Times
#Local_News
Published-29 January 2024
YBS ယာဉ်လိုင်း၄၀ခန့်၌ YPS QR Code အသုံးပြုနိုင်ပြီဖြစ်ကြောင်း YPS မှ သိရသည်။
အဆိုပါ အသုံးပြုနိုင်သည့် YBS ယာဉ်လိုင်း များမှာ12,13, 19, 24, 21, 22, 25, 27 ,30, 38, 39, 42, 55, 57, 63, 64, 65, 66, 76, 79. 80, 81, 84, 85, 100, 103, 111, 127, 128,130, 131, 132, 133, 134, 135, 136, 138, 139, 142 တို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် YPS QR Code ကို အသုံးပြုရန် MPyps + အက်ပ်(Android Version)ကို install လုပ်ထားရန် လိုအပ်ပြီး Google Playstore မှာ Download ရယူနိုင်ကြောင်း သိရသည်။
ထို့အပြင် YBS စီးလျှင် YPS Card ကို ဖြစ်စေ၊ YBS QR Code ကိုဖြစ်စေ အသုံးပြုနိုင်ပြီး YPS card Services များ နှင့် YPS QR Code Top Up Service ဝန်ဆောင်မှုများကို YPS Card အရောင်းကောင်တာများ(KIOSK)၊ အရောင်းဝန်ထမ်းများ၊ G & G Convenience Store များ၊ မင်္ဂလာအဆင်မြင့် ရုပ်ရှင်ရုံများ၊ Capital အဆင်မြင့်ကုန်တိုက်များနှင့် Wellington Pharmacy များတွင် အလွယ်တကူ ရယူနိုင်ကြောင်းသိရသည်။
အဆိုပါ YPS QR Code ကို အသေးစိတ် သိရှိလိုပါက Call Center(Hotline) 09969990905 သို့ တနင်္လာမှ သောကြာအထိ ရုံးချိန် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
#Local_News #YBSယာဉ်လိုင်း၄၀ #YPS_QR_Codeအသုံးပြုနိုင် #YMG /NN #Yangon_Times
#World_News
Published 29 January 2024
ဆီးရီးယားနယ်စပ်နား ဂျော်ဒန်အရှေ့မြောက်ပိုင်းမှာ စခန်းချထားတဲ့ အမေရိကန်တပ်တွေကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာမှာ အမေရိကန်တပ်သား ၃ ဦး သေဆုံးခဲ့ကာ ဒါဇင်များစွာခန့် ဒဏ်ရာရရှိနိုင်တယ်လို့ သမ္မတဂျိုးဘိုင်ဒင်နဲ့ တာဝန်ရှိသူများက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
အစ္စရေးလ်-ဟားမတ်စ် စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အမေရိကန်တပ်တွေကို ပထမဆုံးအကြိမ် ထိခိုက်သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုဖြစ်ခဲ့ကာ အရှေ့အလယ်ပိုင်းတလျှောက် ရိုက်ခတ်မှု ပေါ်ပေါက်လာခဲ့ပြီး ထိုတိုက်ခိုက်မှုအတွက် အီရန်နောက်ခံပြုအဖွဲ့တွေကို ဘိုင်ဒင်က အပြစ်တင်လိုက်ပါတယ်။
တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းနေဆဲဖြစ်ပေမယ့် ဆီးရီးယားနဲ့ အီရတ်တို့မှာရှိနေတဲ့ အီရန်နောက်ခံပြုအဖွဲ့တွေ လုပ်တယ်ဆိုတာကို သိနေပါတယ်လို့ ဘိုင်ဒင်က ပြောကြားသွားပါတယ်။
ဒီနောက် ကျဆုံးသွားတဲ့ စစ်မှုထမ်း ၃ ဦးအတွက် အသံတိတ်ဂုဏ်ပြုဖို့ ဘိုင်ဒင်က တောင်းဆိုလိုက်ပြီး တုန့်ပြန်သွားမယ်လို့ ဆိုလိုက်ပါတယ်။
တိုက်ခိုက်မှုကြောင့် အနည်းဆုံး တပ်သား ၃၄ ဦး ဒဏ်ရာရထားကာ အရေအတွက် အပြောင်းအလဲ ဖြစ်နိုင်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ဆိုပါတယ်။
အမေရိကန် စစ်တန်းလျားအနီးမှာ နံနက်ပိုင်းက ဒရုန်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်များရတာ ဖြစ်တယ်လို့ အရာရှိ ၂ ဦးက ပြောလိုက်ပါတယ်။
အီရန်အခိုင်အမာ နောက်ခံပြုထားတဲ့ အစ္စလာမ် အတိုက်အခံစစ်သွေးကြွအဖွဲ့က စခန်း ၃ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။
အစ္စရေးလ်နဲ့ ပါလက်စ်တိုင်းတို့ရဲ့ ပဋိပက္ခကြောင့် အရှေ့အလယ်ပိုင်းမှာ တင်းမာမှုမြင့်နေရာကနေ ယခုလိုတိုက်ခိုက်မှုကြောင့် ပိုမိုဆိုးရွားလာဖွယ် ရှိနေပါတယ်။
အီရတ်နဲ့ ဆီးရီးယားတို့မှာ အီရန်နောက်ခံပြုအဖွဲ့တွေ အကြိမ် ၁၅၀ ကျော် တိုက်ခိုက်ထားတာကို အမေရိကန်တပ်တွေ ကြုံတွေ့ထားပြီး အနည်းဆုံး အယောက် ၇၀ ထိခိုက်ထားပါတယ်။
အမေရိကန် စစ်သင်္ဘောတွေကလည်း ယီမင်မှ ဟူသီအဖွဲ့တွေကို ပစ်ခတ်နေပါတယ်။
အမေရိကန်တပ်တွေ တိုက်ခိုက်ခံနေရတာကို အခွင့်ကောင်းယူပြီး ဘိုင်ဒင်ရဲ့ပြိုင်ဘက် ရီပတ်ဘလစ်ကန်တွေက သမ္မတဟာပျော့ညံ့နေတယ်လို့ ဝေဖန်လိုက်ကြပါတယ်။
ဂါဇာမှာ အပြစ်မဲ့တွေကို သတ်ဖြတ်နေတာတွေ မရပ်မချင်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဟားမတ်စ်အဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
#World_News #အီရန်နောက်ခံပြုအဖွဲ့ #တပ်သား(၃)ဦးသေဆုံး #ဒါဇင်များစွာဒဏ်ရာရ #Source: Reuters
#Local_News
Published_ 29 January 2024
ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် အလေး အနက်ထားပြီး ကြားဝင် ဖြေရှင်းပေးနိုင်ရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တိုက်တွန်းလိုက်သည်။
ယနေ့ ဇန်နဝါရီလ ၂၉ ရက်တွင် ထုတ်ပြန်သော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၂၀၂၃ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေး ကြေညာချက် တွင် အထက်ပါအတိုင်း တိုက်တွန်းထားခြင်းဖြစ်သည်။
ယင်းအပြင် RCSSအနေဖြင့် သက်ဆိုင် ရာ အဖွဲအစည်းများနှင့် တွေ့ဆုံညှိနှိင်းဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်း နည်း လမ်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မှသာ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
RCSS ထိန်းချုပ်သည့် နယ်မြေများအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း၊ အွန်လိုင်း ငွေကြေးလိမ်လည်ခြင်း(ကျားဖြန့်) ပိတ်ပင်တားဆီးရေး လုပ်ငန်းနှင့် လူကုန်ကူးမှုတားဆီးရေးလုပ်ငန်းတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အစည်းအဝေးသို့အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(CEC)များ၊ ဗဟိုဦးစီးကော်မတီဝင်(CLC)များ၊ ဗဟိုကော်မတီဝင်(CC)များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၂၅၆)ဦး တက်ရောက်ခဲ့ကြောင်း၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၏ ၂၀၂၃ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကို ဇန်နဝါရီလ (၂၆ ရက်နှင့် ၂၈)ရက်တွင် ဗဟိုဌာနချုပ် ရှိရာလွယ်တိုင်းလျဲန်း၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #အာဆီယံကြားဝင်ဖြေရှင်းပေး #RCSSတိုက်တွန်း #Yangon_Times/PP
Page 689 of 1817