Published 29 November 2023
ဓာတ်ကြိုးနှင့်မလွတ်သည့်သစ်ပင်များခုတ်ထွင်ရှင်းလင်းမည်ဖြစ်၍ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တို့၏ ရပ်ကွက်နေရာအချို့တို့တွင် မနက်ဖြန်နိုဝင်ဘာလ၃၀ရက်၌ ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်း၏ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ 66kV ဧရာဝဏ်ဖီဒါ(၁) ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းကို မြို့နယ်စုဖွဲ့အင်အားဖြင့် (၃၀.၁၁.၂၀၂၃)ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၄:၀၀)နာရီ အချိန်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်ဟုဆိုသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တို့၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်း နှင့် ဓာတ်အား ပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာလျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Yangon_Times/tthl
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published 29 November 2023
တရုတ်နိုင်ငံရှိ မီဒီယာ၊ Influencer ၊ Blogger နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ ပါဝင်မည့် Fam Tripပြုလုပ်ရန်စီစဉ်နေပြီး လာမည့်နှစ် ဇန်နဝါရီလတွင် ပြုလုပ်နိုင်ရန် မျှော်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ကြောင်း သိရသည်။
အဆိုပါ Familiarization Trip – Fam Trip ဖိတ်ခေါ်မှုအတွင်းအစိုးရရုပ်သံလွှင့်ဌာနနှင့် ပုဂ္ဂလိက တရုတ်ခရီးသွားဧည့်သည့် ၄၀ ခန့် ပါဝင်နိုင်ပြီး တရုတ်နိုင်ငံရှိခရီးသွားများမြန်မာနိုင်ငံကိုပိုမိုစိတ်ဝင်စားရန်ဖိတ်ခေါ်ရခြင်းဖြစ်ကြောင်းသိရသည်။
'မြန်မာနိုင်ငံကို တရုတ်ခရီးသွားတွေ ပိုမိုစိတ်ဝင်စားစေဖို့ ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip – Fam Trip) ပြုလုပ်ဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်၊အဓိကကတော့ ယူနန်ပြည်နယ်ဘက်မှာ မြန်မာခရီးစဉ်တွေ လုပ်နေတဲ့ ခရီးသွားကုမ္ပဏီတွေ ခေါ်ထားတယ်၊အစိုးရရုပ်သံလွှင့်ဌာနနဲ့ ပုဂ္ဂလိက နှစ်ခုလုံးကို ဖိတ်ထားတယ်၊ အရေအတွက်က စုစုပေါင်း ၄၀ လောက် မှန်းထားတယ်'ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။
အဆိူပါ ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ရန်ကုန်၊ မန္တလေး၊ ပုဂံ စသည်ဖြင့် ပုံမှန်ခရီးစဉ်နေရာများကို သွားလာနိုင်ကြောင်း အခြေအနေကို ဖော်ပြလိုခြင်းဖြစ်ပြီး မြန်မာပြည်အပေါ် အထင်လွှဲမှားခြင်းများအပေါ် အတိုင်းအတာတစ်ခုအထိ ကောင်းသွားမည်ဟု ယူဆထားကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published 29 November 2023
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို အလုံမြို့နယ်တရားရုံးနှင့် ထောင်တွင်းတရားရုံးတို့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သော အသိုင်းအဝိုင်းကသိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်ည ၈နာရီခွဲအချိန်ခန့်က ယင်းကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှု ဖွင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပုဒ်မ ၁၂၄-ဃ အရ ထောက်ဒဏ် ၇ နှစ် နှင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ က အရ ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အလုံမြို့နယ်တရားရုံးနှင့် ထောင်တွင်းတရားရုံး တို့ကသီးခြားစီ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အလုံမြို့နယ်၊ (၁၁)ရပ်ကွက်၌ နေထိုင်သူ အသက် ၆၄ နှစ်အရွယ် ဦးရဲထွဋ် (Ye Htut Facebook Acount ပိုင်ရှင်)အား လူမှုကွန်ရက်စာမျက် နှာပေါ်၌ မဟုတ်မမှန်သတင်းများရေးသားဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေး သိရှိရသဖြင့် အရေးယူထားကြောင်း နစက အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက် ထုတ်ပြန်ချက်တွင် ထုတ်ပြန်ခဲ့သေးသည်။
ဦးရဲထွဋ်သည် ဦးသိန်းစိန်ဦးဆောင်သော အစိုးရလက်ထက်တွင်ပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးမတိုင်မီ ပြန်ကြားရေးဒုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်စသဖြင့် အရပ်ဘက်တာဝန်များကို ထမ်းဆောင်ခဲ့သော တပ်မတော်အရာရှိဟောင်းတစ်ဦးလည်း ဖြစ်ကြောင်းလည်း သိရသည်။
Yangon_Times/PP
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
' ပွင့်လင်းရာသီဖြစ်တာကြောင့် ကတ္တီပါဖိနပ်လုပ်ငန်းတွေ အော်ဒါပုံမှန်ရရှိနေပေမယ့် ကုန်ကြမ်းဈေးတွေ နှစ်ဆခန့်မြင့်တက်နေတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ ရန်ကုန်မြို့က ဖိနပ်လုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။ '
Yangon_Times/NN
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published_29 Nov 2023
အနံ့အသက် ဆိုးဝါးနေသော အမှိုက်ပုံကို ဖယ်ရှားပေးရန် ခနောင်တို ရပ်ကွက်နေပြည်သူများက သက်ဆိုင်ရာ သို့ တင်ပြတောင်းဆိုထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ၊ ခနောင်တို အရှေ့ရပ်ကွက် ၊ ရှုခင်းသာမြို့ပတ်လမ်း ၊ ကွင်း အမှတ် ၁၉၀ လ၊ ဦးပိုင်အမှတ် ၆၆ / ၃ ၊ ဧရိယာ ၉ ဧက အနက် မြေ ၄ ဧကတွင် ပြုလုပ်ထားသော အမှိုက်ပုံမှာ လူနေရပ်ကွက်နှင့်နီးကပ်နေသည့် အထက်ပါအတိုင်း တင်ပြတောင်းဆိုထားကြခြင်းဖြစ်ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်ကပဲ ဒီမှာနေထိုင်နေတာပါ ၊ နဂို အမှိုက်ပုံကကြာပြီ ရှိနေတာ၊ဒါပေမဲ့ ထပ်တိုးချဲ့မယ်လို့ ပြောနေတယ်။အခုတော့ အနံ့အသက်တွေကြောင့် ရပ်ကွက်သူ ရပ်ကွက်သားတွေ မခံနိုင်ဘူး၊မိုးဦးကျစ ဆိုရင် တောင်ဘက်က တိုက်တဲ့လေ နဲ့ ပိုဆိုးပါတယ်။အဲဒီ အမှိုက်ပုံကို ထပ်တိုးမယ်ဆိုရင် ရပ်ကွက်ဘက်ကို ပိုပြီး ရောက်လာမှာ ဖြစ်ပါတယ်။ဒါကြောင့် အမှိုက်ထပ်မပုံဖို့ပါ တင်ပြထားတယ်”ဟု ခနောင်တို အရှေ့ရပ် ကွက်တွင် နေထိုင်သူ ဦးလှသန်းက ပြောသည်။
အဆိုပါ အမှိုက်ပုံကိစ္စကို ရပ်ကွက်နေ ဒေသခံ လူဦးရေ ၁၅၀ ကျော်က လက်မှတ်ရေးထိုး၍ သက်ဆိုင်ရာ သို့ တိုင်တန်းထားခဲ့သော်လည်း ထူးခြားမှု မရှိသောကြောင့် နစက ဥက္ကဌထံ လိပ်မူ၍ ထပ်မံ တိုင်တန်းထားခြင်း ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သော ၁၉၉၀ ပြည့်နှစ်က အမှိုက်ပုံ ပြုလုပ်ထားသည့် နေရာအပါအဝင် ဆပ်စက် မြေ ၉ ဧကကို အိမ်ယာ စီမံကိန်း ပြုလုပ်မည်ဟုစီစဉ်ထားခဲ့ခြင်းများ လည်း ရှိခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ ကို ကိုးကား၍ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
“အခု အနှစ် ၃၀ ကျော်ကြာပြီ၊ အိမ်ရာစီံမံကိန်းကိုလည်း အကောင်အထည် မဖော်နိုင်သေး၊ပလပ်မြေအဖြစ် ရှိနေသေးတဲ့သဘောပေါ့။ ပလပ်မြေ ဖြစ်နေတဲ့အတွက် လယ်သမားတွေက အဲဒီ လယ်ယာမြေတွေကို ပြန် ပေးဖို့လည်း လယ်ယာမြေ စီစစ်ရေး ကော်မတီကိုအဆင့်ဆင့် တင်ပြထားဆဲ ဖြစ်ပါတယ်၊အခုက အမှုမပြတ် သေးဘူး၊အဲလို ဖြစ်နေတုန်းမှာ ဒီနေရာကို အမှိုက်ပုံ ထပ်တိုးဖို့ လုပ်နေတာကြောင့် ကျွန်တော်တို့ အခက်အခဲ ဖြစ်နေပါတယ်”ဟု လယ်သမား ဦးမင်းမင်းက ပြောသည်။
Yangon_Times/PP
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published 29 November 2023
မြန်မာ-ထိုင်း နှစ်နိုင်ငံ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ ခရီးသွားမြှင့်တင်ရေး ကို အထောက်အကူပြုနိုင်ရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်း (UMTA)မှ စီစဉ်ဆောင်ရွက်သည့် မြန်မာ-ထိုင်း(၂)နိုင်ငံ ခရီးသွားလုပ်ငန်းဆောင်ရွက်သူ အချင်းချင်း တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန် မြို့ Chatrium Hotel ၌ ကျင်းပခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ TTAA မှ အဖွဲ့ဝင်(၃၁)ဦးပါဝင်သော ရင်းနှီးကျွမ်းဝင်မှုခရီးစဉ် FAM Trip အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်မှ (၂၈) ရက်နေ့အထိ ရန်ကုန်နှင့်ပဲခူးမြို့တို့ရှိ အထင်ကရခရီးစဉ်နေရာများနှင့် ကျိုက်ထီးရိုးဘုရားတို့သို့ သွားရောက်လေ့လာလည်ပတ်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည် များ လာရောက်လိုသည့်ခရီးစဉ်များကို တိုးမြှင့်စီစဉ်ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံခရီးသွား လုပ်ငန်းရှင်များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဝန်ဆောင်မှုများ ပိုမို ကောင်းမွန်စွာပေးအပ်နိုင်ရေးကိစ္စများ၊ ထိုင်းခရီးသွားများ စိတ်ဝင်စားသည့်ခရီးစဉ်များ မြှင့်တင် ရောင်းချခြင်းများအပါအဝင် နှစ်နိုင်ငံခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို အဆိုပါ FAM Trip နှင့် Business Matching တို့တွင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published 29 November 2023
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဖရောင်ဝ်မြို့ မဲ့ဝယ်န်ကျေးရွာရှိ လမ်ယိုင်အသီးစိုက်ပျိုးသည့်ခြံတွင် အလုပ်သမားများ ဓါတ်မြေဩဇာ ရောစပ်ရာမှ ပေါက်ကွဲမှု ဖြစ်ပြီး မြန်မာအလုပ်သမားများအပါအဝင် ၃ဦးသေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက်အရသိရသည်။
ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဓာတ်မြေသြဇာရောစပ်နေရာမှ အရှိန်ပြင်းစွာပေါက်ကွဲမှုကြောင့် လူနှင့် နေအိမ်အပါဝင် ကားများပျက်စီးခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် အခင်းဖြစ်သည့် နေရာတွင် ခြံပိုင်ရှင်ဇနီးဖြစ်သူ၏ ညီမနှင့် မြန်မာအလုပ်သမားအမျိုးသမီးတို့ သေဆုံးခဲ့ပြီး မီးလောင်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် မြန်မာအလုပ်သမားအမျိုးသား တဦးကို ဖရောင်းဝ်ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် ထပ်မံသေဆုံးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ အလုပ်သမားများသည် လမ်ယိုင်အသီးအပွင့် အမြန်ကြီးထွားရန်အတွက် ၂၅ကီလိုဂရမ်ရှိသည့် ပိုတက်စီယမ်ကလိုရိုတ် ၃ အိတ် နှင့် ၅၀ကီလိုဂရမ်ရှိသည့် ယူရီးယား တအိတ်တို့ကို ရောစပ်နေစဉ်ရုတ်တရက် ပေါက်ကွဲခြင်း ဖြစ်ကြောင်းခြံပိုင်ရှင်၏ထွက်ဆိုချက်အရ သိရသည်။
ပေါက်ကွဲမှုဖြစ်ရသည့် အသေးစိတ်အချက်အလက်များကို ဆေးပညာ ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ချင်မိုင်းခရိုင်နယ်တွင်ပိုတက်စီယမ်ကလိုရိုတ်ပေါက်ကွဲမှုကြောင့် လူပေါင်းများစွာသေဆုံးမှုတခု ၁၉၉၉ ခုနှစ်တွင်ဖြစ်ဖူးကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
‘ နောင်တော်ကြီးစေတီတော်မှာ ရွှေဆိုင်းချပြီး ရွှေသင်္ကန်းကပ်လှူသွားမှာဖြစ်လို့ အလှူရှင်တွေအနေနဲ့ နိုင်သလောက်ပါဝင်လှူဒါန်းနိုင်ပြီး ၂၀၂၄ခုနှစ် မတ်လအပြီးလောက် ရည်မှန်းဆောင်ရွက်နေတယ်’ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်ဦးဘိုးသင်း
Yangon_Times/tthl
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published 29 November 2023
မကွေးတိုင်းကိုယခုနှစ်(၁၀)လတာကာလအတွင်းပြည်တွင်းပြည်ပဧည့်သည်(၁.၅)သန်းဝင်ရောက်ခဲ့ပြီးခရီးသွားစွဲ ဆောင်နိုင်ရန်အတွက်ရေနံချောင်းရှိဂျပ်ကြားဒေသမှာရှိတဲ့သဘာဝသဲနုတောင်ကြားလမ်း၌Advenger Sports စက်ဘီးစီးခရီးစဉ်ထပ်တိုးရန်ရှိကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှသိရသည်။
မကွေးတိုင်းအတွင်းရှိ ခရီးစဉ်ဒေသများကို ပြည်တွင်း ပြည်ပဧည့်သည်လည်ပတ်မှုအနေဖြင့် ၂၀၂၃ခု ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁.၅)သန်း ဝင်ရောက်ခဲ့သည့်အတွက် ယခင်နှစ်ထက် ၅၃% တိုးတက်ရရှိခဲ့ သည်ဟုဆိုသည်။
ယင်းကဲ့သို့ ခရီးသွားများတိုးလာကြောင်းကို နိုဝင်ဘာလ ၂၈ ရက်မှာကျင်းပခဲ့တဲ့ မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးပွဲမှာမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ‘မိမိတို့ဒေသမှာရှိတဲ့ ထင်ရှားကျော်ကြားသော မကွေးမြသလွန်ဘုရားပွဲတော်ကိုလည်း ယခုနှစ်ဝါကျွတ် ကာလ အောက်တိုဘာ၂၄ရက် မှနိုဝင်ဘာ၁၂ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပေးနိုင်ခဲ့သောကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်လည်ပတ်ခဲ့ကြကြောင်း၊ ယခုကဲ့သို့ ပွဲတော်များ၊ ကြော်ငြာ မြှင့်တင်မှုများ ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခုနှစ်အောက်တိုဘာလ၊ တစ်လအတွင်း ခရီးသည် ဝင်ရောက်မှုဟာ ယခင်နှစ်ထက် ၃၇% တိုးတက်ခဲ့ပါကြောင်း၊ ဧည့်သည်တည်းခိုနေထိုင်မှုအနေဖြင့် ၂၀၂၃ ဇန်နဝါရီလ မှ အောက်တိုဘာလထိကို (ဝ.၈၇)သန်းဝင်ရောက်တည်းခိုသဖြင့် ယခင်နှစ် ၂၀၂၂ ခုနှစ် နှင့် နှိုင်းယှဉ်ပါက ၂၁ % ပိုမိုတိုးတက်လာခဲ့ကြောင်း၊ ခရီးစဉ်ဒေသအသီးသီးသို့လည်း ပြည်တွင်း ပြည်ပ ဧည့်သည်လည်ပတ်မှု အနေနဲ့ ၂၀၂၃ခု ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁.၅)သန်း ဝင်ရောက်ခဲ့တဲ့အတွက် ယခင်နှစ်ထက် ၅၃% တိုးတက်ရရှိခဲ့ကြောင်း’ ပြောသည်။
ယင်းအပြင် ရေနံချောင်းမြို့မှထင်ရှားသော ဂျပ်ကြားဒေသမှာရှိတဲ့ သဘာဝသဲနုတောင်ကြားလမ်းတွင် စက်ဘီးစီးခရီးစဉ် Sport Tourism ကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၏ ခရီးစဉ်များအား ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုသိရှိနိုင်စေရန်အတွက် တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ စီစဉ်မှုနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည်(၄)ဦးကိုလည်း ရန်ကုန် - မကွေး - မင်းဘူး မင်းလှ-ရေနံချောင်းခရီးစဉ်ဇူလိုင်လ၂၇ရက်မှ၃၁ရက် အထိ Fam Trip အဖြစ် စီစဉ်ပေးခဲ့သဖြင့် ထိုင်းခရီးသွား ဈေးကွက်နှင့် ပြည်တွင်းဈေးကွက်ကို ကြော်ငြာရုံသာမက မကွေးတိုင်းဒေသ၏ ဘာသာရေး၊ ရှေးဟောင်းယဉ်ကျေးမှု ၊ သဘာဝအလှအပများကို ပိုမိုသိရှိစေနိုင်ခဲ့ကြောင်း လည်းပြောကြားခဲ့သည်။
Yangon_Times/tthl
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 29 November 2023
နှစ်နှစ်ကျော်ကြာရပ်နားထားသည့် ဆီဒိုးနားဟိုတယ်(ရန်ကုန်)ကို ဒီဇင်ဘာ ၁ ရက်နေ့ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဟိုတယ်ဘက်က တရားဝင် အသိပေးကြေညာထားချက်အရသိရသည်။
အဆိုပါ ဆီဒိုးနား ဟိုတယ်ကို ကိုဗစ်-၁၉ ကပ်ရောဂါဒဏ်နှင့်အတူ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များကြောင့် ၂၀၂၁ ခုနှစ်၌စတင် ပိတ်ထားခဲ့ခြင်းဖြစ်ပြီး (၂) နှစ်ကျော်အကြာ၌ ပြန်လည်ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။
ထိုသို့ ဖွင့်လှစ်ရာတွင် ဆီဒိုးနားဟိုတယ် Inya Wing ၌ ၅၀% အထိ ရရှိမည့် အထူးလျှော့ဈေးနှင့် အနားယူ အပန်းဖြေနိုင်မည်ဖြစ်ပြီးတစ်ဦးလျင် 65++ ဒေါ်လာမှ စတင် ရွေးချယ်တည်းခိုနိုင်ပြီး ဒီဇင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ တည်းခိုနိုင်ကြောင်း သိရသည်။
အဆိုပါဆီဒိုးနားဟိုတယ်(ရန်ကုန်)၏ မူလပိုင်ရှင် Keppel Land မှ ဟိုတယ်ပိုင်ဆိုင်မှုအလုံးစုံကို စင်ကာပူအခြေစိုက် Spring Blossom Venture ထံ အမေရိကန်ဒေါ်လာ ၅၇.၄ သန်းဖြင့် အပြီးသတ် ရောင်းချထားပြီး ဖြစ်ကာပိုင်ဆိုင်မှုအလွှဲအပြောင်းဖြစ်ပြီးနောက်ဒီဇင်ဘာ၌ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။
စင်ကာပူအခြေစိုက် Spring Blossom Ventures လုပ်ငန်းသည် ကဏ္ဍစုံရင်းနှီးမြုပ်နှံမှုနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို အဓိက စီးပွားရေးလုပ်ကိုင်နေသည့် လုပ်ငန်းစု ဖြစ်ကြောင်းသိရသည်။
ဆီဒိုးနားဟိုတယ်(ရန်ကုန်) ကို ၁၉၉၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၌ အစောဆုံး ဖွင့်လှစ်ခဲ့သည့် နိုင်ငံတကာဟိုတယ် လုပ်ငန်းများ၌ တစ်ခုအပါအဝင်လည်း ဖြစ်ပြီး Keppel Land အနေဖြင့်ကန်ဒေါ်လာသန်း (၈၀) ခန့် ရင်းနှီးမြှုပ်နှံပြီး ကြယ်ငါးပွင်အဆင့်ရှိသည့် ဟိုတယ်ဘေးကပ်လျက်၌ ၂၉ ထပ် အမြင့်ရှိ အခန်းပေါင်း ၄၃၁ ခန်း ပါဝင်သည့် Inya Wing တာဝါကို ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
လောက်ကိုင်မြို့ကနေ စစ်ဘေးရှောင်နဲ့ နေရပ်ပြန်သူတွေဟာ ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ကို ဖြတ်သန်းသွားလာရတဲ့အတွက် စစ်ဘေးရှောင်နဲ့ နေရပ်ပြန်သူတွေအတွက် စားသောက်စရာတွေနဲ့ အ၀တ်ထည်တွေကို လူမှုကူညီရေးအသင်းနဲ့ ဒေသခံတွေက ကူညီပေးနေတယ်လို့ သိရပါတယ်။
Yangon_Times/LW
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
၂၉ နိုဝင်ဘာ ၂၀၂၃
အမေရိကန် စစ်လေယာဉ် အော့စ်ပရေး လေယာဉ်သည် နိုဝင်ဘာ ၂၉ ရက် ဂျပန်နိုင်ငံ ယူကူရှီမားကျွန်းအနီး သမုဒ္ဒရာထဲ ပျက်ကျသွားပြီး လေယာဉ်ပေါ် လူ (၈) ဦးလိုက်ပါသွားတယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်က ကြေညာပါတယ်။
ကမ်းခြေစောင့်တပ်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က သူတို့အနေနှင့် ပါသွားတဲ့လူတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးအပါအဝင် မည်သည့် အသေးစိတ်အချက်အလက်တွေ တစ်ခုမျှ မရရှိသေးဘူးလို့ ပြောပါတယ်။
စစ်လေယာဉ်ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီ ၄၇ မိနစ်ခန့်မှာည ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ရဲ့ ဘက်ဖက်အင်ဂျင်ကနေ မီးတောက်လောင်ပြီး ပင်လယ်ထဲ ထိုးကျသွားတာတွေ့ရတယ်လို့ မျက်မြင်ဒေသခံတွေက ပြောတဲ့အကြောင်း အမ်ဘီစီက သတင်းပေးပို့ပါတယ်။
လေယာဉ်ဟာ ရေဒါကနေ ပျောက်သွားခဲ့တာဟာ မွန်းလွဲ ၂နာရီ ၄၀ မိနစ်ခန့်ကဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ဟီရိုကာဇူ မတ်ဆူနိုကပြောပါတယ်။
ဩဂုတ်လတုန်းက အမေရိကန် အော့စ်ပရေးလေယာဉ်တစ်စီးဟာ ဩစတြေလျမြောက်ပိုင်းကမ်းခြေအနီးမှာ ပုံမှန်စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း တပ်တွေကိုပို့ဆောင်ပေးနေစဉ်ပျက်ကျခဲ့ပြီး မရင်းတပ်သား (၃)ဦးသေဆုံးခဲ့ရပါတယ်။
၂၀၁၆ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ဂျပန်တောင်ပိုင်း အိုကီနာဝါကျွန်းအနီးမှာ အဆိုပါအမျိုးအစား လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီးနောက် အမေရိကန်တပ်က လေယာဉ်တွေ ပျံသန်းတာယာယီရပ်တန့်ခဲ့ပါတယ်။
ရဟတ်ယာဉ်လိုရော လေယာဉ်တစ်စီးလိုပါ ပျံသန်းနိုင်တဲ့ အဆိုပါလေယာဉ်ကို အမေရိကန်မရင်းတပ်၊ အမေရိကန်ရေတပ် နှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်တွေက စီမံလုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။
အော့စ်ပရေးလေယာဉ်တွေ ဂျပန်မှာ နေရာချထားတာဟာ အငြင်းပွားစရာဖြစ်နေခဲ့ပါတယ်။ အဆိုပါ နှစ်မျိုးသုံးလေယာဉ်ဟာ စိတ်မချရဘူးလို့ ဝေဖန်ပြောဆိုနေခဲ့ကြပြီး အမေရိကန်နှင့်ဂျပန်စစ်တပ်နှစ်ခုစလုံးက အဲဒါကို ငြင်းဆိုထားပါတယ်။
Source Reuters
#World_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Page 602 of 1642