#LocalNews
Published - 20 April 2022
ဒီကနေ့ ဧပြီ ၂၀ ရက်၊ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အတွင်းမှာ
ပရိုဘောက်တက္ကစီယာဥ်နှင့် ဘေးတွဲဆိုင်ကယ်တိုက်မိမှုဖြစ်ပွားပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ယာဥ်မတော်တဆမှုဖြစ်စဥ်ဟာ မင်္ဂလာဒုံမြို့နယ်၊ Terminal စက်သုံးဆီဆိုင်ဘေးလမ်းကြား သဃန်းကျွန်းကြီးကျေးရွာအုပ်စု ဇောတိကလမ်းထိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ယာဥ်တိုက်မှုဖြစ်ပွားရာသို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရတာပါ ။
ဒါ့အပြင် ယာဥ်တိုက်မှုကြောင့် ဦးခေါင်းကွဲဒဏ်ရာရရှိခဲ့သည့် လူနာအမျိုးသားကိုလည်း မေဓါဝီ ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Photo - ပုလဲအရန်မီးသတ်တပ်ဖွဲ့
ymg/kg
#Yangon_Media_Group
#LocalNews
Published - 20 April 2022
ပုဂံဒေသသို့ ပြည်ပဧည့်သည် ကမ္ဘာလှည့် ခရီးသည်များ ပြန်လည် ဝင် ရောက်လာဖို အဆိုပါ ဒေသရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက မျှော်မှန်းထားကြပါတယ်။
လေကြောင်းလိုင်းတွေ ပြန်လည်ဖွင့်လှစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံကို နိုင်ငံခြားသားဧည့်သည်တွေ ပြန်လည်ဝင်ရောက်လာခဲ့ပြီး (၃)ရက်အတွင်း နိုင်ငံခြားသားဧည့်သည်တွေ အပါအဝင် ခရီးသည် (၁,၁၀၀)ကျော် ဝင်ရောက်ခဲ့တယ်လို့ ယနေ့ ဧပြီ ၂၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းမှာ ပုဂံဒေသသို့ ပြည်တွင်းခရီးသွား အများအပြားဝင် ရောက်ခဲ့သော်လည်း ပြည်ပခရီးသွားဧည့်သည်တွေကတော့ အနည်းအကျင်းသာရှိခဲ့တာ ဖြစ်ပါတယ်။
"ပုဂံကို ဧည့်သည်တွေကလာကြတယ်။ ဒါပေမယ့် Local ပဲများတာပေါ့နော် နိုင်ငံခြားသားဧည့်သည်သိပ်မရှိဘူး။ အခုက လေကြောင်းလိုင်းတွေကို ပြန်ဖွင့်ပေးလိုက်ပြီဆိုတော့ တစ်ချက် တော့ စောင့်ကြည့်ရအုံးမှာပေါ့ ။ ပြည်တွင်း၊ ပြည်ပ ဧည်သည့်တွေလာမှလည်း ဒေသခံတွေရဲ့ အလုပ်အကိုင်တွေ အဆင်ပြေသလို ခရီးသွားလုပ်ငန်းတွေလည်း အဆင်ပြေတာကိုး နိုင်ငံခြားသား အများစု မြန်မာကိုလာပြီဆိုရင် ပုဂံဒေသကို ရောက်အောင်လာကြတော့ ပြည်ပခရီးသွားကို မျှော်ရတာပေါ့။ နောက်ပိုင်း ပြည်တွင်းခရီးသွားတင်မကဘူး၊ ပြည်ပခရီးသွားတွေပါ ပုဂံဒေသကို ပြန်ဝင်လာမယ်လို့ မျှော်လင့်ထားပါတယ်။"လို့ ပုဂံဒေသရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ ကိုဗစ်ကပ်ရောဂါအခြေအနေနဲ့ နိုင်ငံရေးဖြစ်စဉ် အခြေ
အနေ အချို့ကြောင့် ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှုတွေ သိသိသာသာကျဆင်းသွားခဲ့ရတာဖြစ်ပါတယ်။
သို့သော်လည်း ယခုနှစ်ပိုင်းမှစတင်ပြီး ပုဂံဒေသသို့ ပြည်တွင်းခရီးသွားတွေ ပြန်လည်ဝင်ရောက်မှု တွေ ရှိလာတာပါ။
ဒါ့အပြင် ယခု သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းမှာလည်း ဟိုတယ်၊မိုတယ်တွေ ပြည့်သည်အထိ ပုဂံဒေသသို့ ပြည်တွင်းခရီးသွားများ စံချိန်တင်ဝင်ရောက်ခဲ့ပြီး (၉၀)ရာခိုင်နှုန်းကျော်အထိ ခရီးသွား တွေ ပြန်လည်မြင့်တက်ခဲ့တာဖြစ်ပါတယ်။
ထို့အပြင် ပုဂံဒေသဟာ ပြည်တွင်း၊ ပြည်ပ ခရီးသွားများကိုသာ အဓိက မှီခိုအားထားနေရတဲ့ ခရီးသွားဒေသတစ်ခုလည်း ဖြစ်ပါတယ်။
ymg/kg
#Yangon_Media_Group
#DailyNews
Published -20 April 2022
၁။ ပူတာအိုဒေသတွင် ဓါတ်ဆီတစ်ဂါလံလျှင် ၁၂,၀၀၀အထိ ပေါက်ဈေးရှိနေပြီး အလုအယက်ဝယ်ယူနေကြရ
၂။ မြန်မာနိုင်ငံတွင်းဝင်ရောက်မည့် ခရီးသည်များအနေဖြင့် ကော်မာရှယ်လေယာဉ်နှင့် ကယ်ဆယ်ရေးလေယာဉ်ကို သတိပြုရန်လိုအပ်
၃။ မိုးလေဝသ သတင်း
၄။ လောင်စာဆီဈေးနှုန်းမြင့်တက်လာခြင်းကြောင့် အမေရိကန်တွင် လျှပ်စစ်ကားများအရောင်းသွက်...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 20 April 2022
အမြန်လမ်းတွင် အိမ်စီးယာဥ်တစ်စီး ရှေ့ဘီးပေါက်ပြီး လမ်းဘေးသို့ထိုးကျခဲ့သည့် ဖြစ်စဥ်တစ်ခု ဒီကနေ့နံနက်ပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ဧပြီ ၂၀ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁၃/၄)နှင့် (၁၁၃/၅)ကြားတွင် အိမ်စီးယာဉ်(၁)စီး ရှေ့ဝဲဘက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျမှုဖြစ်ပွားခဲ့တာပါ။

အဆိုပါ ယာဥ်မတော်တဆမှုဖြစ်ပွားရာသို့ (၁၁၅)မိုင် အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရပြီး ယင်းဖြစ်စဥ်ကြောင့် လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
#Local_News
Published_ 20 April 2022
ထိုင်းနိုင်ငံ၌ ရောက်ရှိနေပြီး နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားများအား မြဝတီမြို၊ မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခဲ့ရာ ဧပြီ ၁၈ ရက်တွင် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား ၃၁၆ ဦး ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။
ထိုသို့ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုလက်ခံကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပါတယ်။
ပြန်လည်ဝင်ရောက်လာသူများထဲမှ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးသို့ ပြန်မည့်သူများကို မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်၊ မဲကနယ်နှင့် ကျောက်လုံးကြီး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာရက်ကန့်သတ်ထားရှိကာ ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင်ပေးခြင်း ဖြစ်ပါတယ်။
ပြန်လည်ဝင်ရောက်လာသူများမှာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၁၉၀ ဦး၊ အမျိုးသမီး ၁၂၆ ဦး စုစုပေါင်း ၃၁၆ ဦးရှိကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 20 April 2022
အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းသော ဆန်နှင့်ဂျုံတန်ချိန် ၈,၀၀၀ ခန့်ကို မြို့နယ် ၁၁ မြို့နယ်သို့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရပါတယ်။
အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသော ဆန်နှင့်ဂျုံတန်ချိန် ၈,၀၀၀ ခန့်မှာ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ အေရှားဝေါလ်ဆိပ်ကမ်းနှင့် မြန်မာ့စက်မှုဆိပ်ကမ်းတို့သို့ ရောက်ရှိလာမှာဖြစ်ပါတယ်။
ထိုသို့ရောက်ရှိလာပါက အဆင်ပြေစွာထုတ်ယူနိုင်ရေး ဆောင်ရွက်ထားရှိမှုများအား မနေ့က နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။
ယင်းနောက် အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ်လှူဒါန်းသော ဆန်နှင့်ဂျုံများကို မြို့နယ် ၁၁ မြို့နယ်သို့ ဖြန့်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသက်သက်ခိုင်က VIDEO CONFERENCING စနစ်ဖြင့် လှူဒါန်းသော ဆန်နှင့်ဂျုံများ ပြည်သူများထံသို့ စနစ်တကျ ရောက်ရှိစေရေး ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။
ဆန်နှင့်ဂျုံများရောက်ရှိလာပါ ဖြန့်ဝေပေးသွားမယ့် မြို့နယ် ၁၁ မြို့နယ်ကိုတော့ အသေးစိတ် ဖော်ပြထားခြင်း မရှိသေးပါဘူး။
ymg-mnn
#Yangon_Media_Group
#Ukraine_Crisis
Published - 20 April 2022
ယူကရိန်းအရှေ့ဘက်ဒေသတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ ရုရှားတို့ စစ်ရေးအသာရလာပြီးနောက် မာရီယူပိုလ်မြို့ မှာ ဆက်လက်တောင့်ခံထားဆဲဖြစ်တဲ့ ယူကရိန်းတိုက်ခိုက်ရေးအဖွဲ့ တွေကို လက်နက်ချအညံ့ခံဖို့ ရုရှားတို့ ကဗုဒ္ဓဟူးနေ့မှာ နောက်ဆုံးရာဇသံပေးလိုက်ပါတယ်။
အနောက်နိုင်ငံအစိုးရတွေကတော့ ယူကရိန်းကို နောက်ထပ်စစ်ရေးကူညီမှုများပေးပို့ သွားမယ်လို့ ကတိပြုလိုက်ပါတယ်။
အချိန်(၈)ပတ်ကျော်ကြာလာတဲ့အထိ ရုရှားရဲ့ကျူးကျော်မှုက ယူကရိန်းအဓိကမြို့ ကြီးတွေကို သိမ်းပိုက်နိုင်ခြင်းမရှိခဲ့တာကြောင့် ယူကရိန်းခွဲထွက်ရေးဒေသတွေကို ရုရှားတို့ ပြန်လည်ဆုတ်ခွာလာပြီး စစ်ဆင်ရေးများထပ်မံပြုလုပ်လာခဲ့တာဖြစ်ပါတယ်။
ထောင်နဲ့ချီတဲ့ရုရှားတပ်ဖွဲ့ တွေက ဒွန်ဘတ်စ်ဒေသတိုက်ပွဲမှာ အမြှောက်တွေဒုံးကျည်တွေဖြင့် တိုက်ခိုက်လာကြပြီး ဆက်လက်ချီတက်နိုင်ခဲ့ပါတယ်။
ရုရှားက မာရီယူပိုလ်မြို့ ရှိ ယူကရိန်းအဓိကခံတပ်အခြေကုတ်တည်ရှိရာ အာဇော့ဗ်စတယ်စတီးလ်စက်ရုံကို ကျင်းဗုံးများဖြင့်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းသမ္မတအကြံပေးပုဂ္ဂိုလ်က အင်္ဂါနေ့နှောင်းပိုင်းကပြောကြားလိုက်ပါတယ်။
ရုရှားတို့ ကအစောပိုင်းကလည်း ယူကရိန်းတပ်တွေကို လက်နက်ချဖို့ ကြေညာခဲ့ပေမယ့် ညဉ့်နက်ရောက်လာတဲ့အချိန်အထိ တစ်ယောက်မှလက်နက်မချခဲ့ကြောင်း၊ ယူကရိန်းတပ်မှူးတွေကအညံ့မခံအရှုံးမပေးဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် နောက်ထပ်ရာဇသံပေးခဲ့ရတာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်လိုက်ပါတယ်။
"ရုရှားလက်နက်ကိုင်တပ်ဖွဲ့ တွေက လူသားချင်းစာနာထောက်ထားမှုအနေနဲ့ ယူကရိန်းမျိုးချစ်တပ်မတော်သားတွေနဲ့ နိုင်ငံခြားကြေးစားစစ်သည်တွေကို ဧပြီ ၂၀ ရက်နေ့ မော်စကိုစံတော်ချိန်နေ့လယ် ၂ နာရီကစပြီး အပစ်အခတ်ရပ်စဲဖို့ နဲ့ လက်နက်ချဖို့ ကမ်းလှမ်းခဲ့ပါတယ်" လို့ ဆိုပါတယ်။
အမေရိကန်၊ ကနေဒါ၊ ဗြိတိန်တို့ ကတော့ ယူကရိန်းထံသို့ နောက်ထပ်လက်နက်များထောက်ပံ့သွားမှာဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။
"ယူကရိန်းကို ကျွန်မတို့ နောက်ထပ်လက်နက်ခဲယမ်းများနဲ့ စစ်ရေးကူညီမှုများဆက်လက်ထောက်ပံ့ပေးသွားမှာပါ။ ရုရှားကိုလည်း နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့ မှုတွေချမှတ်သွားဖို့ ပြင်ဆင်နေပါတယ်" လို့ အိမ်ဖြူတော်မှပြောရေးဆိုခွင့်ရှိသူ'ယန်ဆာကီ'က ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က ပြီးခဲ့တဲ့အပတ်ကထောက်ပံ့ခဲ့တဲ့ ဒေါ်လာသန်း ၈၀၀ တန်အကူအညီလိုမျိုး လာမယ့်ရက်ပိုင်းအတွင်းမှာလည်း ထပ်မံထောက်ပံ့သွားနိုင်ရန်မျှော်လင့်နေပါတယ်။
ရုရှားရဲ့ကျူးကျော်စစ်က ၁၉၄၅ ခုနှစ်နောက်ပိုင်း ဥရောပနိုင်ငံတစ်ခုကို အင်အားအများဆုံးဖြင့်ကျူးကျော်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုအချိန်ထိ အရပ်သား ၅ သန်းနီးပါးထွက်ပြေးတိမ်းရှောင်နေရကာ မြို့ တွေလည်းပြာကျသွားခဲ့ပါတယ်။
"ကလေးတွေအသတ်ခံနေရတာကို တစ်ကမ္ဘာလုံးက အွန်လိုင်းကနေပဲကြည့်ပြီး တိတ်ဆိတ်နေကြပါတယ်" လို့ သမ္မတအကြံပေး'မိုင်ခေလိုပိုဒိုလီယက်'က တွစ်တာမှာရေးသားထားပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်'အန်တိုနီယိုဂူတာရက်စ်'ရဲ့တောင်းဆိုချက်မှာ ရှေးရိုးခရစ်ယာန်များ အိစ်တာပွဲတော်ကျင်းပတဲ့ကာလအတွင်း လူသားချင်းစာနာထောက်ထားမှုအနေနဲ့ အရပ်သားပြည်သူများထွက်ပြေးပြီး စစ်ဘေးအကူအညီရရှိနိုင်ရန် လာမယ့် ရက်သတ္တပတ်အကုန်မှာ လေးရက်တာအပစ်အခတ်ရပ်စဲဖို့ တောင်းဆိုထားပါတယ်။
Source: Reuters
#LocalNews
Published_20 April 2022
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုစက်မှုဇုန်အတွင်းရှိ ကိုရီးယားအထည်ချုပ်စက်ရုံတွင် ရာနှင့်ချီသော အမျိုးသမီးအလုပ်သမားများခေါ်ယူနေကြောင်း အဆိုပါစက်ရုံက ထုတ်ပြန်ထားသည်။
ယင်းအထည်ချုပ်စက်ရုံမှာ ကိုရီးယားအခြေစိုက် Yangon Pan-Pacific International (YIP) အထည်ချုပ်စက်ရုံဖြစ်ပြီး လိုင်းအသစ်ထပ်မံတိုးချဲ့မည်ဖြစ်၍ အထည်ချုပ်လုပ်သား ၆၀၀ ကျော် ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ခေါ်ယူမည့် အလုပ်သမားအမျိုးအစားမှာ စက်ချုပ်ကျွမ်းကျင်၊ စက်ချုပ်ခေါင်းဆောင်၊ ကြီးကြပ်ရေးမှူး၊ ကြီးကြပ်ရေးမှူးခေါင်းဆောင် ၊ QC ၊ QA လုပ်နိုင်သူများဖြစ်ရန်လိုကြောင်းနှင့် အခြေခံလစာကို တစ်နေ့လျှင် ၅,၂၀၀ ကျပ်မှ စတင်ရရှိမည် ဖြစ်ကြောင်း၊အခြားခံစားခွင့်အနေဖြင့် ဖယ်ရီပါဝင်ခြင်း ၊ ဆရာဝန် သို့မဟုတ် သူနာပြုတစ်ဦး အချိန်ပြည့်ထားရှိကာ ကျန်းမာရေးအတွက် အခမဲ့ ဆေးကုသမှုပေးခြင်း၊ အတော်ဆုံးဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း၊ လူမှုဖူလုံရေးခံစားခွင့်ပေးခြင်း၊ နှစ်စဉ်လုပ်သက်ဆုကြေး ၊ သင်္ကြန်ဆုကြေးပေးခြင်းများရှိမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

"တစ်နေ့ကို အခြေခံ ၅,၂၀၀ ရမယ်။ဒါပေမယ့်လည်း operator လစာကိုတော့ ကျွမ်းကျင်မှုအလိုက်သတ်မှတ်ပြီးတော့ ပေးမှာပါ။ဒီစက်ရုံက မြန်မာနိုင်ငံမှာ အနှစ် ၂၀ ကျော်ပြီ။သူတို့က အခြေခံလုပ်အားခကို သူများတွေက ၄,၈၀၀ ဆိုပေမယ့် သူက ပိုရတာကြာပါပြီ"ဟု အဆိုပါ စက်ရုံတွင် အလုပ်လုပ်ကိုင်ဖူးသူက ပြောသည်။
အထည်ချုပ်စက်ရုံ၏ ထုတ်ပြန်ချက်တွင် အသက် ၁၈ နှစ်ပြည့်ပြီးအမျိုးသမီးများ လျှောက်ထားနိုင်ပြီး နေရာတစ်ခုမှ အင်တာဗျူးဖြေဆိုရန်လာရောက်မည့်သူ ဆယ်ဦးကျော်ပါက စက်ရုံမှ မော်တော်ယာဉ်စီစဉ်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#WorldSociety
Published 19 April 2022
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် 'အီလွန်မက်စ်' ဟာ အိမ်ပိုင်မရှိဘဲ မိတ်ဆွေအပေါင်းအသင်းတွေရဲ့အိမ်တွေမှာ လိုက်လံနေထိုင်နေရကြောင်း TED အဖွဲ့အစည်းအကြီးအကဲ'ခရစ္စအန်ဒါဆန်'နဲ့ ဗီဒီယိုအင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
"တက်စ်လာလုပ်ငန်းအများစုတည်ရှိရာ Bay Area ကိုသွားတယ်ဆိုရင် မိတ်ဆွေတွေရဲ့အိပ်ခန်းအလွတ်တွေမှာ အိပ်ရလေ့ရှိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဘီလျံနာတွေကြောင့် တစ်ကမ္ဘာလုံးမှာ ဆင်းရဲချမ်းသာကွာဟမှုကြီးမားလာခြင်းအပေါ် ဝေဖန်မှုတွေရှိလာတာကြောင့် 'အန်ဒါဆန်'က ထိုကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းရာမှာ 'မက်စ်'က အခုလိုတုန့်ပြန်လိုက်ပါတယ်။
Bloomberg ရဲ့ဖော်ပြချက်အရ 'အီလွန်မက်စ်'ရဲ့ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ ၂၅၁ ဘီလီယံရှိပါတယ်။
ဘီလျံနာကြီးတွေရဲ့ အခွန်ပေးဆောင်ရမှုနှုန်းနည်းပါးခြင်းကိုလည်း အမေရိကန်ဥပဒေရေးရာအရာရှိတွေက ဝေဖန်လိုက်ပါတယ်။
"တစ်နှစ်အတွင်းကို ဒေါ်လာဘီလီယံချီပြီး ကိုယ်ကျိုးအတွက်သုံးခဲ့မယ်ဆိုရင်တော့ ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်းက ဇိမ်ခံလှေတစ်စီးတောင်မရှိတဲ့အပြင် အပန်းဖြေခရီးတောင် ထွက်လေ့မရှိပါဘူး။ ခြွင်းချက်အနေနဲ့ ဂျက်လေယာဉ်တစ်စီးတော့ ပိုင်ဆိုင်ထားပါတယ်" လို့ ဆိုပါတယ်။
လေယာဉ်သာအသုံးမပြုဘူးဆိုရင် အချိန်တွေကုန်ပြီး အလုပ်လုပ်ဖို့အချိန်နည်းပါးသွားမှာကြောင့်ဖြစ်ပါတယ်။
'အီလွန်မက်စ်'ချွေတာသုံးစွဲတတ်တဲ့အကျင့်ကို သူ့မိတ်ဆွေတွေက ဖွင့်ချပြောကြားခဲ့ကြပါတယ်။
'မက်စ်'နဲ့တွဲလိုက်ပြတ်လိုက်ရှိခဲ့တဲ့လက်တွဲဖော်'ဂရိုင်းမ်စ်'က "အိပ်ရာပေါက်ပြဲနေတာတောင် သူက အသစ်မဝယ်ပေးခဲ့ဘူး"လို့ ဆိုခဲ့ပါတယ်။
၂၀၁၅ ခုနှစ်က ဂူဂဲလ်တည်ထောင်သူ'လယ်ရီပေ့ဂ်ျ'က "ဆီလီကွန်ဗယ်လီကို မက်စ်လာလည်တုန်းက သူဒီညဘယ်သွားရမှန်းမသိလို့ လာလို့ရလားဆိုပြီး အီးမေးလ်ပေးပို့ကာမေးမြန်းခဲ့ပါတယ်" လို့ ပြောပြဖူးပါတယ်။
အင်တာဗျူးမှာ လတ်တလောတွစ်တာကိုဝယ်ယူဖို့ကိစ္စလည်း ပြောကြားခဲ့ပါသေးတယ်။
တွစ်တာကိုဝယ်ယူဖို့ ဒေါ်လာ ၄၃ ဘီလီယံဖြင့်ကမ်းလှမ်းခဲ့ရာ ငြင်းပယ်ခံလိုက်ရတာနဲ့ပတ်သက်ပြီး သူ့မှာအရန်အစီအစဉ်ရှိပြီး အတိအကျကိုတော့ ဖော်ပြခြင်းမရှိပါဘူး။
'အီလွန်မက်စ်'နဲ့ အခြားဘီလျံနာတွေ အလွန်အမင်းချမ်းသာနေခြင်းအပေါ်ဝေဖန်မှုတွေကို ဘယ်လောက်အထိ စိတ်ပျက်မိလဲဆိုတာကို 'အန်ဒါဆန်'က မေးမြန်းရာမှာ 'မက်စ်'က "ကျုပ်ကိုဝေဖန်နေလို့ ဘယ်လိုမှမခံစားရဘူး"လို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။
Source Insider.
#Yangon_Media_Group
#WorldHealth
Published 20 April 2022
ဖိုင်ဇာမှထုတ်တဲ့ ကိုဗစ်ကုသဆေးပက်ဇ်လိုဗစ်(Paxlovid)အသုံးပြုပြီးနောက် လူနာနှစ်ဦးဟာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာများခံစားနေရမှုမှ သက်သာပျောက်ကင်းခဲ့ကြောင်း သိရှိရပါတယ်။
ထိုလူနာနှစ်ဦးထဲကတစ်ဦးဟာ စမ်းသပ်လေ့လာနေတဲ့ သုတေသီတစ်ဦးဖြစ်ပြီး သူတို့ရဲ့စမ်းသပ်လေ့လာမှုဟာ အဆိုပါနောက်ဆက်တွဲလက္ခဏာတွေခံစားနေရတဲ့သူတွေကို အထောက်အကူဖြစ်စေမယ့် အထောက်အထားတွေပြသနိုင်ခဲ့ပါတယ်။
စမ်းသပ်အသုံးပြုခဲ့တဲ့သုတေသီတစ်ဦးက ပက်ဇ်လိုဗစ်ဆေးနှစ်လုံးအသုံးပြုခဲ့ပြီးနောက် နာတာရှည်ခံစားနေရတဲ့ညောင်းညာကိုက်ခဲမှုတွေ သက်သာသွားခဲ့တယ်လို့ အဆိုပြုခဲ့ပါတယ်။
ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူ ၃၀ ရာခိုင်နှုန်းလောက်မှာ ဖြစ်လေ့ရှိပါတယ်။
အဆိုပါလက္ခဏာတွေဟာ အချိန်ကြာမြင့်စွာခံစားရတတ်ပြီး အလုပ်အကိုင်ပျက်တဲ့အထိ ခံစားရတတ်ပါတယ်။
နောက်ဆက်တွဲဝေဒနာပေါင်း ၂၀၀ ကျော်ဖြစ်လေ့ရှိရာမှာ နာကျင်ခြင်း၊ နွမ်းနယ်ကိုက်ခဲခြင်း၊ အာရုံဝေဝါးခြင်း၊ အသက်ရှူခက်ခဲခြင်း၊ လှုပ်ရှားမှုအနည်းငယ်ပြုလုပ်ရုံဖြင့် မောပန်းလွယ်ခြင်း စတဲ့ လက္ခဏာများပါဝင်ပါတယ်။
ဆန်ဖရန်ဆစ္စကို ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာပါမောက္ခဒေါက်တာ'စတီဗင်ဒိခ်စ်'က "အဆိုပါအထောက်အထားတွေကြောင့် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကိုဗစ်ကုသဆေးအကြောင်း အမြန်ဆုံးလေ့လာဆန်းစစ်ဖိုလိုအပ်လာပြီဖြစ်ပါတယ်" လို့ ပြောကြားလိုက်ပါတယ်။
နောက်ဆက်တွဲလက္ခဏာတွေသက်သာပျောက်ကင်းသွားတာဟာ ကိုဗစ်ကုသဆေးအသုံးပြုတာကြောင့်ဖြစ်တယ်လို့ ကောက်ချက်ချလို့မရကြောင်း သိပ္ပံပညာရှင်တွေကသတိပေးလိုက်ပါတယ်။
ဒါပေမယ့် ဖြစ်နိုင်ချေရှိတာကတော့ ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားရတာဟာ ဗိုင်းရပ်စ်က ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ လနဲ့ချီပြီး ကျန်ရှိနေတာကြောင့်ဖြစ်နိုင်ပါတယ်။
ကိုဗစ်ရောဂါကူးစက်ခံရပြီးသေဆုံးခဲ့သူ ၄၄ ဦးကို အသားစယူစစ်ဆေးကြည့်ရာမှာ ဗိုင်းရပ်စ်က ဦးနှောက်အပါအဝင် ခန္ဓာကိုယ်အနှံ့ရောက်ရှိသွားပြီး ၇ လကျော်တဲ့အထိ တည်ရှိနေနိုင်တာကိုတွေ့ရှိခဲ့ကြပါတယ်။
ကိုဗစ်ရောဂါကူးစက်ခံရသူတွေမှာ ရောဂါမပြင်းထန်စေဖို့အတွက် ကူးစက်ပြီးအစောပိုင်းရက်တွေမှာ ပက်ဇ်လိုဗစ်ဆေးကိုအသုံးပြုဖို့ အသိအမှတ်ပြုထားပါတယ်။
နောက်ဆက်တွဲလက္ခဏာခံစားရမှုအတွက် ဆေးသုတေသနပြုလုပ်ခြင်းမရှိတာကို ဝေဒနာခံစားနေရတဲ့လူတွေက စိတ်ပျက်လျက်ရှိနေပါတယ်။
ကိုဗစ်နောက်ဆက်တွဲလက္ခဏာနဲ့ပတ်သက်ပြီး စမ်းသပ်မှုပေါင်း ၂၀ အောက်သာရှိနေပြီး စမ်းသပ်မှုအနည်းငယ်ကသာ အစောပိုင်းစမ်းသပ်မှုအဆင့်ကို ကျော်လွန်ခဲ့ပြီးဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_ 20 April 2022
မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) သည် Commercial flight အဖြစ် ဧပြီ ၁၉ ရက် အင်္ဂါနေ့တွင် ပထမအကြိမ် ပြန်လည်ပြေးဆွဲခဲ့ကြောင်း သိရပါတယ်။
အဆိုပါလေယာဉ်ဟာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေ ၅ နာရီခန့်တွင် ထွက်ခွာခဲ့ပြီး၊ ခရီးသည် စုစုပေါင်း (၉၂) ဦး တို့ စီးနင်းလိုက်ပါခဲ့ကြောင်း သိရပါတယ်။
လိုက်ပါသွားမယ့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရပါတယ်။
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ/ သွားရောက်နိုင်ရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ဧပြီ ၁၂ ရက် အင်္ဂါနေ့တွင် (၁၀၄) ကြိမ်မြောက်အထိ ပျံသန်းပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 20 April 2022
မြန်မာနိုင်ငံရှိ ကလေးငယ် ၅ သန်းနီးပါးအတွက် အကူအညီများ လိုအပ်နေတယ်လို့ ယူနီဆက်က ထုတ်ပြန်ထားပါတယ်။
ယူနီဆက်အနေနဲ့ ကလေးများကို မရှိမဖြစ်ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ဖို့အတွက် အရေးပေါ်ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်အောင် ရန်ပုံငွေပံ့ပိုးပေးခဲ့ကြတဲ့ ဂျပန်နိုင်ငံ နဲ့ UNOCHA ကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ပေါင်းစပ်အာဟာရစီမံချက်ကို ဆက်လက်အကောင်အထည်ဖော်လျှက်ရှိပြီး ကလေးငယ်နဲ့ အမျိုးသမီးဦးရေစုစုပေါင်း ၄၅,၀၀၀ နီးပါးကို ပြင်းထန်အာဟာရချို့တဲ့ဝေဒနာ စောင့်ကြည့်စစ်ဆေးခြင်းနဲ့ ကုသခြင်းများပြုလုပ်ပေးခဲ့ကာ အနုအာဟာရဖြည့်စွက်စာများလည်း ပံ့ပိုးပေးခဲ့ပါတယ်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးရှိ အားနည်းထိခိုက်လွယ်တဲ့ ပြည်သူများကို မရှိမဖြစ်လိုအပ်တဲ့ အာဟာရဝန်ဆောင်မှုများ တိုးချဲ့ပံ့ပိုးပေးလျှက်ရှိပြီး အသက် ငါးနှစ်အောက်ကလေးငယ်ဦးရေ ၄,၀၀၀ နီးပါးကို စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံရှိ အားနည်းထိခိုက်လွယ်တဲ့ ကလေးငယ်များနဲ့ မိသားစုများကို ရေနဲ့သန့်ရှင်းရေး ဝန်ဆောင်မှုများ ဆက်လက်ပံ့ပိုးပေးလျှက်ရှိပြီး မတ်လတစ်လတည်းမှာပင် ပဋိပက္ခကြောင့် ထိခိုက်ခံစားကြရသူဦးရေ ၁၀၈,၀၀၀ ကို သန့်ရှင်းသော သောက်ရေများ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group.
Page 1981 of 2101