#Local_News
Published 22 October 2026
■ ရှမ်းပြည်နယ်နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် လားရှိုးမြို့နယ်တို့၌
အခြေခံပညာ ကျောင်းပေါင်း ၃၆၀ ကျော်ပြန်လည်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောသည်။
■ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့၌ နောင်ချိုမဲဆန္ဒနယ်မှ ဦးကျော်မြင့်နိုင်၏ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များအပါအဝင် အချို့မြို့ရွာများ၌ ပျက်စီးခဲ့ရသည့် ဆုံးရှုံးမှုနှင့်ပတ်သက်၍ မည်သို့ကုစားဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြန်လည်ဖြေကြားရာ၌ အထက်ပါအတိုင်းထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
■ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့်လားရှိုးမြို့နယ်များတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြည်သူလူထုနေအိမ်များ၊ သာသနိကအဆောက်အအုံများ၊ ဌာနဆိုင်ရာ ရုံး/ အဆောက်အအုံ အချို့ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြည်သူလူထုများ ယာယီနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဒေသခံပြည်သူများ၏ အိုးအိမ်အဆောက်အအုံများ၊ သာသနိကအဆောက်အအုံများ၊ တံတားများ ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းပြန်လည် ဖြေကြားသည်။
■ ထို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍအပါအဝင် ဌာနဆိုင်ရာအဆောက်အအုံများ ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်းနှင့် ဆက်သွယ်ရေးတာဝါတိုင်များ၊ ဆက်သွယ်ရေး (ဖုန်း/ အင်တာနက်) လိုင်းများကောင်းမွန်စွာ အသုံးပြုနိုင်ရေး ပြင်ဆင်ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် လားရှိုးမြို့နယ်တို့တွင် ကျောင်းပေါင်း ၃၆၀ ကျော် ဖွင့်လှစ်သင်ကြားလျက်ရှိပါကြောင်း၊ ပို့ဆောင်ရေးကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးရုံများဖွင့်လှစ်၍ ကုသပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်များ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ သာသနိကဆိုင်ရာအဆောက်အအုံများနှင့် ဓာတ်အားလိုင်းများ၊ နိုင်ငံတော်အစိုးရမှ ကူညီထောက်ပံ့ပြုပြင်မှုများ ဆောင်ရွက်နေသည့်အပြင် တရားဥပဒေစိုးမိုးရေးအတွက်လည်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times