#Local_News
Published_ 22 October 2026
■ မြန်မာနိုင်ငံ အာမခံဈေးကွက်တွင် အာမခံလုပ်ငန်းပေါင်း ၂၇ ခုဖြင့် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
■ ပြည်တွင်းပုဂ္ဂလိက အသက်အာမခံကုမ္ပဏီကိုးခု၊ ဖက်စပ်အသက်အာမခံ ကုမ္ပဏီသုံးခု၊ ရာနှုန်းပြည့် နိုင်ငံခြားအသက်အာမခံကုမ္ပဏီငါးခု၊ ပြည်တွင်းပုဂ္ဂလိက အထွေထွေအာမခံ ကုမ္ပဏီခြောက်ခု၊ ဖက်စပ်အထွေထွေ အာမခံကုမ္ပဏီသုံးခု၊ အသက်နှင့် အထွေထွေအာမခံနှစ်မျိုးလုံး လုပ်ကိုင်သည့် နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် စုစုပေါင်း (၂၇) ခုဖြင့် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေတာဖြစ်ကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၄၁) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေး (၂/၂၀၂၆)မှ သိရပါတယ်။
■ အဆိုပါအစည်းအဝေးကို အောက်တိုဘာ ၂၁ ရက်က နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
■ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က မြန်မာနိုင်ငံ အာမခံဈေးကွက်တွင် နိုင်ငံသားပိုင်၊ နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင်၊ နိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ်ပိုင်စသည်ဖြင့် ဟန်ချက်ညီစွာ ခွင့်ပြုထားပြီး အာမခံအမျိုးအစားစုံလင်စွာ ခွင့်ပြုထားပြီးဖြစ်၍ ဈေးကွက်တွင် ယှဉ်ပြိုင်လုပ်ကိုင်နေကြပြီဖြစ်တယ်လို့ ဆိုပါတယ်။
■ ထို့ပြင် အာမခံကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်သူ ပြည်သားများအတွက် အာမခံအကာအကွယ် ပိုမိုရရှိစေရေးအတွက် အာမခံအမျိုးအစားသစ်များကို တိုးချဲ့လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုရေးနှင့် မြန်မာနိုင်ငံ အာမခံဈေးကွက် ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးကို အထောက်အကူပြုစေရေးစသည်တို့ကို ဆက်လက်အကောင်အထည်ဖော်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
■ ဆက်လက်၍ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူးက အကြိမ် (၄၀) မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို တင်ပြရာ အာမခံအမျိုးအစားသစ်များဖြစ်ကြသည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ အသင်းသားများအတွက် အသက်အာမခံအမျိုးအစားသစ်၊ PRU မေတ္တာအာမခံ အမျိုးအစားသစ်၊ AIA တိုးပွားစီမံအာမခံ အမျိုးအစားသစ်၊ စိတ်ကြိုက်ဓနတိုး အသက်အာမခံအမျိုးစားသစ်၊ ပြည်ပပါဆယ် အာမခံအမျိုးအစားသစ်၊ Daiichi Smart Protect ကျန်းမာရေးအာမခံအမျိုးအစားသစ် စုစုပေါင်း အာမခံအမျိုးစားသစ် ခြောက်မျိုးကို အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေး အကြံပြုဆွေးနွေးကြပါတယ်။
■ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏အာမခံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံအမျိုးအစား (၇၂) မျိုးကို ခွင့်ပြုထားပြီး နိုင်ငံခြား အာမခံကိုယ်စားလှယ်ရုံး (၂၄)ခု၊ အာမခံလျော်ကြေးတွက်ချက်သည့် Adjuster & Surveyors ကုမ္ပဏီငါးခု၊ ကော်ပိုရိတ်အာမခံ ကိုယ်စားလှယ် ၇၀ ၊ တစ်ဦးချင်း အာမခံကိုယ်စားလှယ် စုစုပေါင်း ၂၅၈၁၉ ဦး၊ အာမခံကိုယ်စားလှယ် အရည်အချင်းစစ်စင်တာတစ်ခုနှင့် ဌာနတွင်း အာမခံကိုယ်စားလှယ် သင်တန်းကျောင်း ၂၅ ခုတို့ကို ခွင့်ပြုထားပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Ymg_mnn