#Local_News
Published_ 11 May 2022
တောင်ကိုရီးယားက မြန်မာလုပ်သားများအား ဆက်တိုက်ခေါ်ယူလျှက်ရှိရာ မနေ့က မြန်မာလုပ်သား ၁၂၈ ဦးဟာ ကိုရီးယားသို့ရောက်ရှိလာကြောင်း သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံအစိုးရက မြန်မာနိုင်ငံမှ တရားဝင်အလုပ်သမားများအား ပြန်လည်လက်ခံလျက်ရှိရာ မေ ၁၀ ရက်တွင် ၁၂၈ ဦး တို့သည် ရန်ကုန်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လုပ်သား ၁၂၈ ဦးတွင် Re-entry လုပ်သား ၁၁၁ ဦး ပါဝင်ပြီး ကျန်သူများမှာ ဆောက်လုပ်ရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၇ ဦး ဖြစ်ကြောင်း သိရပါတယ်။
ဆိုးလ်မြို့မှ မြန်မာသံရုံး အလုပ်သမားသံအရာရှိက ရောက်ရှိလာတဲ့ မြန်မာလုပ်သားများအားကြိုဆို၍ အလုပ်သမားများအား ကူညီပံ့ပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၃ ရက်နေ့က ၁၃၅ဦး၊ ဧပြီ ၂၈ ရက်၊ ၁၂ ရက်နှင့် ၄ ရက် နေ့တို့ကလည်း မြန်မာလုပ်သား ၃၁၇ ဦး တို့အား တောင်ကိုရီးယားကခေါ်ယူခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg_mnn
#Yangon_Media_Group
#Local_News
Published_ 11 May 2022
ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များကို မေ ၁၂ ရက် မှ ဩဂုတ် ၃၁ ရက်အထိ (စနေ၊ တနင်္ဂနွေမပါ) စာသင်ရက်ပေါင်း ၈၀ ဖြင့် ပုံမှန်ပညာသင်နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ကြောင်း နစက ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေက ယမန်နေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ဝန်ကြီးက မေ ၁၂ ရက်မှ စတင်၍ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့လုံခြုံစွာကျောင်းတက်နိုင်ရေးအတွက် ပံ့ပိုးစောင့်ရှောက်ပေးကြဖို့ မှာကြားခဲ့ပါတယ်။
တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ခန်းများ သန့်ရှင်းသပ်ရပ်ရေး၊ ရေ၊ မီး၊ အင်တာနက် ဝိုင်ဖိုင်ပြည့်စုံရေး၊ စားသောက်ရေး၊ အဆောင်နေထိုင်ရေး၊ သွားလာရေး၊ ကျန်းမာရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ဖို့ မှာကြားခဲ့ပါတယ်။
တက္ကသိုလ်များ စတင်ဖွင့်လှစ်သည့် မေ ၁၂ ရက်မှ စတင်၍ စာသင်ကြားကြရမည်ဖြစ်ပါကြောင်း၊ သင်ကြား၊ သင်ယူမှုအဆင်ပြေချောမွေ့စေရေးအတွက် ပါမောက္ခချုပ်များကိုယ်တိုင် ဒုတိယပါမောက္ခချုပ်များနှင့်အတူ စာသင်ခန်းများကို နေ့စဉ်လှည့်လည် ကြည့်ရှုပံ့ပိုးပေးရန်လိုအပ်တယ်လို့ ဆိုပါတယ်။
တက္ကသိုလ်မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ကျင်းပပေးရန်နဲ့ မေ ၂၆ ရက်မှာ စတင်မယ့် အခြေခံပညာကျောင်းအပ်နှံရေး သီတင်းပတ်တွင်လည်း ပါမောက္ခချုပ်များက ဝိုင်းဝန်းပံ့ပိုးပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းနှင့် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က ပညာသင်နှစ်အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#LocalNews
Published - 11 May 2022
ကချင်ပြည်နယ်၊ ခါကာဘိုရာဇီဒေသရှိ လမ်းပန်းဆက်သွယ်ရေးအတွက် အလွန်အရေးပါလှတဲ့ ဒဇွမ်းချောင်း ကြိုးတံတားတည်ဆောက်မှုပြီးစီးခဲ့ပြီဖြစ်၍ ဒေသခံများနှင့် ခရီးသွားများအနေနဲ့ ဆက်သွယ် အသုံးပြုသွားလာနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
တံတားဟာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၊ ပန်နန်းဒင် အထက်ဘက်ဒေသမှာ
ရှိပြီး ရွာမီးလောင်ခဲ့တဲ့ ထလာထုရွာ၊ အရွမ်ဒမ်းရွာနှင့် နောက်ဆုံးရွာ ခေါ် ညီအစ်ကို တိဗက်လူမျိုးနေထိုင်သည့် ထဟွန်းဒမ်းရွာ၊ တဆူထုနှင့် ဒဇုံဒမ်းအုပ်စုရှိ ဒေသခံပြည်သူများ ရွာအချင်းချင်းဆက်နွယ်အသုံးပြု၍ အသက်မွေးဝမ်းကျောင်းပြုရာ ခရီးလမ်းပေါ်က ဒဇွမ်းချောင်းကြိုးတံတားဖြစ်တယ်လို့ ဆိုပါတယ်။
"ခါကာဘိုရာဇီဒေသရှိ ဒေသခံတွေတောင်းခံတဲ့ကြိုးတံတားကို အားလုံး၏ ဝိုင်းဝန်းကြိုးစားကူညီမှုဖြင့် ပြီးစီးပြီ ဖြစ်ပါတယ်။ တံတားအတွက် ဆိုင်းကြိုး သံချောင်းနှင့် ဓါတ်ဆီ ရိက္ခာများကို ပူတာအိုမှ အဆင့်ဆင့် ပို့ဆောင်ရတာကြောင့် စတင်ချိန်မှ အချိန် ပြီးစီးသည့်ချိန်ထိ တစ်လခွဲခန့် ကြာမြင့်ခဲ့ပါတယ်။ ခရီးဝေးတဲ့ အတွက်ကြောင့် ခက်ခဲမှုကြားမှာ ကြန့်ကြာသွားပါတယ်။ သို့သော် ဘေးကင်း ကျန်းမာစွာအစဆုံး တည်ဆောက်ကူညီပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီဒေသမှာ ကြိုးတံတား တစ်စင်းဟာဒေသ တစ်ခုလုံး၏ အသက်သွေးကြောဖြစ်ပါတယ်။ လိုအပ်သော ဒေသအတွက်စေတနာထက်သန်စွာ ကြိုးတံတားကို လှူဒါန်းပေးပါသော အလှူရှင်အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။"လို့ ပူတာအို ဒေသခံ ပရဟိတသမား တစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။
ပူတာအို မြို့နယ်အတွင်းရှိ ခါကာဘိုရာဇီ ဒေသဟာသွားလာရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသတစ်ခုဖြစ်ပြီး အဆိုပါဒေသရှိ ဟောင်းနွမ်းကြိုးတံတားများကို ပြုပြင်ဖို့လိုအပ်နေတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
ယခုပြုပြင် ပြီးစီးခဲ့သည့် ဒဇွမ်းချောင်းကြိုးတံတားဟာ အဆိုပါ ဒေသအတွက် အရေးပါသည့် ကြိုးတံတားတစ်စင်းဖြစ်ပြီး ဒေသခံများ အပါအဝင် ရေခဲတောင်တက်ခရီးသွားများ အဓိက အသုံးပြုသွားလာရာ ကြိုးတံတားတစ်စင်းဖြစ်တယ်လို့လည်း သိရပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#LocalNews
Published - 11 May 2022
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၂၈/၂)နှင့် (၁၂၈/၃)ကြားတွင် ဒီကနေ့
နံနက်ပိုင်းအချိန်က Hilux Surf ယာဥ်တစ်စီး နောက်ဘီးပွင့်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့
သိရပါတယ်။
အဆိုပါ ဖြစ်စဥ်ဟာ ဒီကနေ့ မေလ ၁၁ ရက်၊ နံနက် ၈ နာရီ ၅၀ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဥ်ကြောင့် ကားပေါ်လိုက်ပါလာသူ လူ ၅ ဦးလုံး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
Hilux Surf ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီး
သတ်တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းကြက်ခြေနီတပ်ဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ဒေသခံလူမှုကူညီရေးအသင်းတွေက ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများကို သွားရောက်ကူညီဆောင် ရွက်ပေးခဲ့ရတာပါ။
ဒါ့အပြင် ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၄)ဦး တို့ကိုဒေသခံ လူမှုကူညီရေးအသင်း၏ လူနာတင်ယာဥ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
#DailyNews
Published - 11 May 2022
၁။ မေလ(၁၄)ရက် ကဆုန်လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်၌ အများပြည်သူညောင်ရေသွန်းလောင်းလှူပူဇော်နိုင်။
၂။ တမူးဒေသထိတွေ့တိုက်ပွဲများကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးနေပြီး ခရီးသွားလာရန် ခက်ခဲနေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မက္ကဆီကိုတွင် ကျားဝတ်စုံများဖြင့် ကြာပွတ်ရိုက်ပွဲကျင်းပ၍ မိုးဖိတ်ခေါ်...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldSociety
Published 11 May 2022
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်’အီလွန်မက်စ်’က တွစ်တာကို အပြီးသတ်ဝယ်ယူပြီးတဲ့အခါကျရင် အမေရိကန်သမ္မတဟောင်း’ဒေါ်နယ်ထရမ့်’အား တွစ်တာသုံးစွဲခွင့်ပိတ်ပင်ထားခြင်းမှ ပြန်လည်အသုံးပြုခွင့်ပေးသွားမှာဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
လျှပ်စစ်ယာဉ်ထုတ်လုပ်ရေး Tesla ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့’မက်စ်’ဟာ တွစ်တာကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူညီထားပြီဖြစ်ပါတယ်။
သူ့ကိုယ်သူ လွတ်လပ်စွာပြောဆိုပိုင်ခွင့်အား အကြွင်းမဲ့ယုံကြည်သူအဖြစ် ခံယူထားပေမယ့် အစီအစဉ်အတိအကျကိုတော့ ထုတ်ဖော်သွားခြင်းမရှိပါဘူး။
တွစ်တာနဲ့သဘောတူညီချက်ရယူအပြီးမှာ တွစ်တာရဲ့ယာယီအမှုဆောင်အရာရှိချုပ်ဖြစ်လာဖို့ ‘မက်စ်’က မျှော်မှန်းထားကြောင်း ခိုင်မာတဲ့သတင်းအရင်းအမြစ်တစ်ခုကနေ ရိုက်တာသတင်းဌာနကဖော်ပြခဲ့ပါတယ်။
‘ထရမ့်’ကို တွစ်တာသုံးစွဲခွင့်ပြန်လည်ခွင့်ပြုခြင်းက ‘မက်စ်’အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်အထိ ပြုလုပ်သွားမလဲဆိုတာကို စတင်စမ်းသပ်လိုက်တာ ဖြစ်နိုင်ပါတယ်။
သတင်းအမှားလွှင့်ပြီး နိုင်ငံရေးမူဝါဒချိုးဖောက်နေတဲ့ လူတွေနဲ့ အကြမ်းဖက်မှုအားပေးသူများကို တွစ်တာနဲ့ အမေရိကန်အခြေစိုက်ဆိုရှယ်မီဒီယာအဖွဲ့အစည်းတွေက အကောင့်သုံးစွဲခွင့်ပိတ်ပင်လေ့ရှိပါတယ်။
တွစ်တာပေါ်မှာ သတင်းမှားသတင်းလွဲတွေ ရေးသားတင်ဆက်ခြင်းကို ဖျက်ပစ်သင့်ပြီး အကောင့်ယာယီဆိုင်းငံ့ခြင်းမျိုးသာ လုပ်ဆောင်သင့်ကြောင်း၊ ရာသက်ပန်ပိတ်ပင်ခြင်းမျိုးက တွစ်တာအပေါ်ယုံကြည်မှု ပျက်ပြားစေနိုင်ကြောင်း ‘မက်စ်’ကဆိုပါတယ်။
‘ထရမ့်’ကို တွစ်တာသုံးစွဲခွင့်ပိတ်ပင်ခြင်းက နိုင်ငံရေးလွတ်လပ်ခွင့်အရ လူအများကြား ‘ထရမ့်’ရဲ့အမြင်သဘောထားတွေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ပြောပြသွားပါတယ်။
တွစ်တာမှာထောက်ခံသူ ၈၈ သန်းကျော်ရှိခဲ့တဲ့’ထရမ့်’အကောင့်ကို သမ္မတသက်တမ်း မကုန်ခင်ရက်ပိုင်းမှာ ခေတ္တဆိုင်းငံ့ခဲ့ပြီး လူမှုကွန်ရက်တွေအနေနဲ့ ဩဇာအာဏာကြီးမားတဲ့ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အကောင့်တွေကို ဘယ်လိုထိန်းချုပ်အကဲဖြတ်သင့်လဲဆိုတာ အငြင်းပွားနေခဲ့ကြပါတယ်။
၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့ အမေရိကန်လွှတ်တော်အဆောက်အအုံ တိုက်ခိုက်ခံရပြီးနောက် ‘ထရမ့်’ကို ရာသက်ပန်ပိတ်ပင်ခဲ့ပါတယ်။
နောက်ထပ်အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကြောင့် ပိတ်ပင်ဖို့ဆုံးဖြတ်ခဲ့ကြောင်း တွစ်တာက ဆိုခဲ့ပါတယ်။
ဆင်းရဲခြင်းတိုက်ဖျက်ရေး တောင်ပိုင်းစင်တာမှ ‘မီဂန်စကွိင်းယား’က ဒီလိုလူမှုကွန်ရက်တွေကနေ ဖယ်ရှားလိုက်ခြင်းက အကြမ်းဖက်သတင်းလွဲတွေဖြန့်ဝေခြင်းအား လျှော့ချနိုင်မှာဖြစ်ကြောင်း ထောက်ခံခဲ့ပါတယ်။
အီးယူက အငြင်းပွားဖွယ်ရာအကြောင်းအရာတွေကို ထိန်းချုပ်ရာမှာ သူတို့မူဝါဒ သဘောအတိုင်း လိုက်လံတိုင်းတာညှိနှိုင်းနေခဲ့ကြောင်း ‘မက်စ်’က အီးယူအရာရှိတစ်ဦးကို တနင်္လာနေ့က ပြောပြခဲ့ပါတယ်။
အမှန်တရားကို လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့်အား ဖိနှိပ်နေတဲ့တွစ်တာကို ကွန်ဆာဗေးတစ်သမားတွေက ဝေဖန်ခဲ့ပြီး ‘ထရမ့်’အား ပြန်လည်အသုံးပြုခွင့်ပေးခြင်းအပေါ် ကြိုဆိုလိုက်ပါတယ်။
ယင်းအခြေအနေက ဒီမိုကရေစီစနစ်အား ခြိမ်းခြောက်လာနိုင်ကြောင်း ဒီမိုကရက်တစ်အဖွဲ့ဝင်တွေက ဆိုပါတယ်။
‘ထရမ့်’ကတော့ တွစ်တာက ပြန်လည်သုံးစွဲခွင့်ပြုမယ်ဆိုရင်တောင် အသုံးပြုတော့မှာ မဟုတ်ကြောင်း Fox News ကို ပြောကြားသွားပါတယ်။
‘ထရမ့်’ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက သူကိုယ်တိုင်တည်ထောင်ထားတဲ့ Truth Social လူမှုကွန်ရက်အက်ပ်လီကေးရှင်းကို Apple app store မှာ စတင်တင်ပြခဲ့ပါတယ်။
‘ဂျိုးဘိုင်ဒန်’အုပ်ချုပ်ရေးအဖွဲ့က အွန်လိုင်းမှာ လွတ်လပ်စွာပြောဆိုခွင့်အား ကာကွယ်ပေးချင်သလို သတင်းမှားတွေ မတင်မိစေဖို့လည်း သတိပေးထားပါတယ်။
Source: Reuters
#Yangon_Media_Group
#Health_Technology
Published 11 May 2022
အိန္ဒိယနိုင်ငံမှ ခွဲစိတ်ပါရဂူတစ်ဦးက အမျိုးသားအဖြစ်မွေးဖွားလာပြီး အမျိုးသမီးအဖြစ်သို့ လိင်အင်္ဂါပြောင်းလဲ ခွဲစိတ်ထားသူတစ်ဦးကို သားအိမ်ခေါင်းထည့်သွင်းပေးကာ ကိုယ်ဝန်လွယ်နိုင်အောင်ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။
ဒီခွဲစိတ်မှုဟာ အန္တရာယ်များပြီး သေဆုံးပြီးသားကိုယ်တွင်းအင်္ဂါအလှူရှင် ဒါမှမဟုတ် သားအိမ်ထုတ်ထားတဲ့ အမျိုးသမီးဆီမှ မျိုးပွားအင်္ဂါတွေကို ထုတ်ယူရမှာဖြစ်ပါတယ်။
အရင်တုန်းက လိင်အင်္ဂါပြောင်းလဲထားတဲ့ အမျိုးသမီးထဲသို့ သားအိမ်ခေါင်းထည့်သွင်းခြင်းဖြစ်စဉ်တစ်ကြိမ်သာရှိခဲ့ပြီး လပိုင်းအကြာမှာပဲ ဘေးထွက်ဆိုးကျိုးများကြောင့် သေဆုံးသွားခဲ့ပါတယ်။
အခု အင်္ဂါပြောင်းလဲထားသူတစ်ဦးမှာ ကိုယ်ဝန်ရအောင်ပြုလုပ်ဖို့က ပိုမိုခက်ခဲနိုင်ပြီး ဖန်ပြွန်သန္ဓေတည်ခြင်းနဲ့ ဗိုက်ခွဲမွေးခြင်းတို့ လိုအပ်လာပါတယ်။
နယူးဒေလီမြို့မှ လိင်အင်္ဂါခွဲစိတ်ရေးဆေးခန်းကို တည်ထောင်ထားတဲ့ ဒေါက်တာ’နရန်ဒရာကူရှစ်’က ဒီခွဲစိတ်မှုကိုအောင်မြင်မယ်လို့ အလွန်ယုံကြည်နေပါတယ်။
အင်္ဂါပြောင်းထားတဲ့သူတွေက အမျိုးသမီးတစ်ယောက်နဲ့ အနီးစပ်ဆုံးတူညီချင်ကြတာဖြစ်ပြီး ကလေးအမေဖြစ်ဖို့လည်း ဆန္ဒရှိကြပါတယ်လို့ ဒေါက်တာက The Mirror မှာပြောကြားခဲ့ပါတယ်။
‘သားအိမ်အစားထိုးထည့်သွင်းတာက ကျောက်ကပ်နဲ့အခြားအင်္ဂါတွေခွဲစိတ်သလိုပါပဲ၊ ဒါကအနာဂတ်မျှော်လင့်ချက်ဖြစ်ပါတယ်၊ ဘယ်တော့လောက်ဖြစ်မလဲမသိနိုင်ပေမယ့် သိပ်မကြာခင်ဖြစ်လာနိုင်ပါတယ်’ လို့ ပြောပြသွားပါတယ်။
လူနာရဲ့အချက်အလက်နဲ့ ခွဲစိတ်မယ့်အချိန်ဇယားကိုတော့ မထုတ်ဖော်ခဲ့ပါဘူး။
သားအိမ်ခေါင်းအစားထိုးခွဲစိတ်ခြင်းက ယူရိုငွေ ၅ သောင်းခန့်ကုန်ကျနိုင်ပါတယ်။
ယူကေမှလာတဲ့ လူနာတွေပြောပြရာမှာ သူတို့အင်္ဂါပြောင်းလဲထားတာကို လက်တွဲဖော်တွေက သတိတောင် မထားမိကြောင်း ဖွင့်ဆိုလာကြပါတယ်။
၂၀၁၄ နောက်ပိုင်း အမျိုးသမီးအချင်းချင်းမှ သားအိမ်အစားထိုးခွဲစိတ်မှုပေါင်း ၁၀၀ ကျော်ခွဲစိတ်အောင်မြင်ထားပြီး လက်ခံသူအမျိုးသမီးမှာ ကိုယ်ဝန်ရအောင် ပြုလုပ်လာနိုင်ပြီဖြစ်ပါတယ်။
ဒါပေမဲ့ ယောက်ျားအဖြစ်မှ မိန်းမအဖြစ်သို့ပြောင်းလဲထားသူတွေမှာတော့ အမျိုးသမီးအင်္ဂါထည့်သွင်းခွဲစိတ်ဖို့က အခက်အခဲများစွာရှိလာပါတယ်။
၁၉၃၁ ခုနှစ်က လိင်အင်္ဂါပြောင်းထားတဲ့ ဒိန်းမတ်လူမျိုးတစ်ဦးဟာ ကလေးရဖို့ ဂျာမနီမှာခွဲစိတ်မှုပြုလုပ်ခဲ့ရာ နောက်သုံးလအကြာမှာ ပိုးဝင်ပြီးနှလုံးရပ်သေဆုံးသွားခဲ့ပါတယ်။
အခုကတော့ ဆေးပညာတိုးတက်လာတာကြောင့် သားအိမ်ခေါင်းအစားထိုးခွဲစိတ်ပြီး ကလေးမွေးဖွားနိုင်ဖို့က လက်တွေ့ဖြစ်လာနိုင်ချေရှိလာပါပြီ။
အမျိုးသမီးအစစ်သာ မျိုးဥထုတ်လုပ်နိုင်တာကြောင့် ဖန်ပြွန်ဖြင့်သန္ဓေအောင်စေပြီးမှ ခန္ဓာကိုယ်ထဲထည့်ရမှာဖြစ်ပါတယ်။
ကြုံတွေ့နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေက အင်္ဂါလက်မခံနိုင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ သွေးခဲခြင်း၊ အတွင်းဒဏ်ရာဖြစ်ခြင်းများ ရှိတတ်ပါတယ်။
Source: DailyMailf
#Yangon_Media_Group
#WorldHealth
Published 11 May 2022
ကိုဗစ်ရောဂါဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေက ဆက်တိုက်ဗီဇပြောင်းလဲလာတာကြောင့် အရင်နှစ်ကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ ထိရောက်မှုလျော့နည်းလာတာကိုတွေ့နေရပါတယ်။
လက်ရှိမှာကူးစက်ပျံ့ပွားလျက်ရှိတဲ့ အိုမီခရွန်နဲ့ မျိုးနွယ်ခွဲဗိုင်းရပ်တွေဆိုရင် ပိုမိုကူးစက်မြန်ပြီး မူလဗိုင်းရပ်စ်တွေထက် ကိုယ်ခန္ဓာခုခံအားကို ခံနိုင်ရည်ရှိလာကြပါတယ်။
လက်မောင်းကိုထိုးနှံရတဲ့ လက်ရှိကာကွယ်ဆေးတွေက ရောဂါပြင်းထန်စွာခံစားရမှုကို ကာကွယ်ပေးပေမယ့် မကူးစက်နိုင်အောင်ကာကွယ်နိုင်စွမ်းကတော့ လျော့နည်းလာပါတယ်။
ဒါဟာ ကာကွယ်ဆေးပေးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာကြောင့်လို့ သိပ္ပံပညာရှင်များ ယူဆလာကြပြီး နေရာပြောင်းပေးဖို့စီစဉ်လာကြပါတယ်။
ကူးစက်မှုကိုအပြည့်အဝကာကွယ်နိုင်ဖို့ ဗိုင်းရပ်စ်အရင်ဆုံးဝင်ရောက်လေ့ရှိတဲ့ နှာခေါင်းနေရာကို ကာကွယ်ဆေးပေးကြမှာဖြစ်ပါတယ်။
အဆိုပါကာကွယ်ဆေးကို နှာခေါင်းဝမှာ ဖျန်းလိုက်ရမှာဖြစ်ပြီး အိမ်မှာတင်အလွယ်တကူအသုံးပြုနိုင်မှာပါ။
လက်ရှိမှာ နှာခေါင်းဖျန်း ကိုဗစ်ကာကွယ်ဆေး ၈ မျိုးကိုစမ်းသပ်ထုတ်လုပ်နေကြပြီး ၃ မျိုးက လူအများအပြားနဲ့ တတိယအဆင့် စမ်းသပ်ချက်တွေ ပြုလုပ်နေပါပြီ။
နှာခေါင်းဖျန်း ကာကွယ်ဆေးက ကိုယ်တွင်းအင်္ဂါတွေထဲက ပြွန်နံရံသားတွေမှာ ရောဂါကာကွယ်နိုင်စွမ်း မြှင့်တင်ပေးမှာဖြစ်ပါတယ်။
ဒီစနစ်က နှာခေါင်း၊ အသက်ရှူလမ်းကြောင်းနဲ့ အူတွေထဲရှိ အချွဲနံရံတွေက ဆဲလ်တွေနဲ့ ပဋိပစ္စည်းတွေအပေါ် မှီခိုနေပါတယ်။
ဒီပစ္စည်းတွေက ကိုရိုနာဗိုင်းရပ်စ်ဝင်လာပြီး ဒီထက်ကူးစက်ပျံ့ပွားခြင်းမပြုမီ လျင်မြန်စွာကာကွယ်ပေးမှာဖြစ်ပါတယ်။
ယေးလ်တက္ကသိုလ်မှ ကိုယ်ခံအားစနစ်ပညာရှင် ‘အာကီကိုအီဝါဆာကီ’က နှာခေါင်းဖျန်းကာကွယ်ဆေးသုတေသနကို ဦးဆောင်နေသူဖြစ်ပါတယ်။
လက်မောင်းမှာထိုးတဲ့ကာကွယ်ဆေးထိုးခြင်းက IgG ခုခံအားမျိုးထွက်ရှိစေကာ သွေးထဲလည်ပတ်နေပြီး ဗိုင်းရပ်စ်ကို ရှာဖွေဟန့်တားတာဖြစ်ပါတယ်။
နှာခေါင်းဖျန်းကာကွယ်ဆေးကတော့ IgA ခုခံအားထွက်စေပြီး ကိုရိုနာဗိုင်းရပ်စ်အရင်ဆုံးရောက်ရှိရာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်းတို့မှာ အကာအကွယ်ပေးပါတယ်။
လက်မောင်းထဲကို ထိုးသွင်းခြင်းက ကြွက်သားထဲကိုတိုက်ရိုက်ရောက်ရှိပြီး ဆဲလ်တွေထဲအလျင် အမြန်ရောက်ရှိစေပါတယ်။
နှာခေါင်းဖျန်းကာကွယ်ဆေးက အထဲထိရောက်ရှိဖို့ နှာမချေဘဲနဲ့ ဝင်သွားရမှာဖြစ်ပြီး ချွဲထူထူထဲထဲကို ဖြတ်သန်းရပါသေးတယ်။
ဒါပေမဲ့လည်း ဆေးထိုးအပ်တွေမလိုတာကြောင့် လူအများအပြားအသုံးပြုနိုင်ပြီး အားသာချက်ကြီးရရှိနေပါတယ်။
အဓိကဆုံးဖြတ်ရမှာကတော့ ရောဂါကိုထိရောက်စွာကာကွယ်နိုင်မှာလားဆိုတာပဲ ဖြစ်ပါတယ်။
Source: ScientificAmerican
#Yangon_Media_Group
#LocalNews
Published_11 May 2022
တရုတ်-မြန်မာနိုင်ငံတကာလမ်းကြောင်းကြီး၏ အဓိကအစိတ်အပိုင်းဖြစ်သော တာလီ-ရွှေလီရထားလမ်း (တာလီမှပေါင်စန်းအထိ) အပိုင်းကို ခင်းသည့်လုပ်ငန်းပြီးစီးပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်လိုက်သည်။
တာလီမှပေါင်စန်းလမ်းပိုင်းသည် စုစုပေါင်းအရှည် ၁၃၃ ကီလိုမီတာရှိပြီး ဥမင်လိုဏ်ခေါင်းပေါင်း ၂၁ ခု၊ တံတား ၃၆ ခုရှိကာ တံတားဥမင်လိုဏ်ခေါင်းအချိုးအဆမှာ ၈၆ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း၊ မြေဆီလွှာအခြေအနေအလွန် ရှုပ်ထွေးပြောင်းလဲလွယ်သောကြောင့် တည်ဆောက်မှုကာလ ၁၄ နှစ်ကြာမြင့်ခဲ့ကြောင်းသိရသည်။
ယခုအခါ တာလီမှပေါင်စန်းအထိ လမ်းပိုင်း၏ အခြေခံအဆောက်အအုံ၊ တံတားတည်ဆောက်ရေးစီမံကိန်းများ ရာခိုင်နှုန်းအပြည့် ပြီးဆုံးသွားပြီဖြစ်ကြောင်း ၊ဘူတာရုံအခန်းတည်ဆောက်မှုလုပ်ငန်းလည်းအခြေခံအားဖြင့် ပြီးစီးသွားပြီဖြစ်သောကြောင့်ယခုနှစ်အတွင်း၌ဖွင့်လှစ်လည်ပတ်နိုင်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တာလီ-ရွှေလီရထားလမ်း စုစုပေါင်းအရှည်မှာ ၃၃၀ ကီလိုမီတာရှည်ပြီး တံတားဥမင်လိုဏ်ခေါင်းအချိုးအဆသည် ၇၆ ဒသမ ၅ ရာခိုင်နှုန်း
ရှိကာ လမ်းကြောင်းတစ်လျှောက်တွင် တာလီမှပေါင်စန်း၊ ပေါင်စန်းမှရွှေလီအထိ အပိုင်းလိုက်တည်ဆောက်သည့်ပုံစံဖြင့် ဖော်ဆောင်ထားကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#local_news
Published_ 11 May 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်၏ လုပ်ငန်းဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများ ရှိနေသောကြောင့် ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ကြောင်း သိရပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ဦးဘိုဘိုငယ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ဒုတိယဥက္ကဋ္ဌတာဝန်ဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာနနှင့် စာရင်းဌာနတို့ကို ကြီးကြပ်ဆောင်ရွက်ခဲ့စဉ် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရဘဏ်များက ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အမေရိကန်ဒေါ်လာ တစ်သောင်းထက်ပိုသည့် နိုင်ငံခြားသုံးငွေ လွှဲပြောင်းမှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ခွင့်ပြုချက် တောင်းခံခြင်းနှင့် ငွေကြေးဆိုင်ရာ မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ သတင်းပေးပို့ခြင်းအတွက် ကြီးကြပ်ရန် တာဝန်ရှိကြောင်း သိရပါတယ်။
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ကာလအတွင်း နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရဘဏ်များက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ Electronic Reporting System-ERS စနစ်ဖြင့် သတင်းပေးပို့ထားသည့် ပြည်ပမှဝင်ရောက်သည့် အမေရိကန်ဒေါ်လာတစ်သောင်းနှင့်အထက် ငွေလွှဲပြောင်းမှု အကြိမ်ပေါင်း ၂၉၀,၀၀၀ ကျော် (ငွေတန်ဖိုး အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၇၀,၀၀၀ ကျော်)ရှိကြောင်း ဖော်ပြထားပါတယ်။
၎င်းငွေလွှဲပြောင်းမှုများအနက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ခွင့်ပြုချက်တောင်းခံမှု ၃၅၂ ကြိမ်နှင့် ငွေကြေးဆိုင်ရာ မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ သတင်းပေးပို့မှု ၉ ကြိမ်သာ ရှိခဲ့သဖြင့် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရ ဘဏ်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရန် ကြီးကြပ်မှုအားနည်းခဲ့ကြောင်း ဖော်ပြထားပါတယ်။
ခွင့်ပြုချက် တောင်းခံခဲ့သည့် ငွေလွှဲပြောင်းမှုများအနက်မှ ၇ ခု (ငွေတန်ဖိုး အမေရိကန်ဒေါ်လာ ၇၃ သန်းကျော်၊ ဂျပန်ယန်း သန်း ၃၀ ကျော်၊ ယူရို ၁ သိန်းကျော်)ကို ကောက်နုတ်စိစစ်ခဲ့ရာ သက်ဆိုင်ရာပုဂ္ဂိုလ်နှင့် ကုမ္ပဏီများထံမှ တံဆိပ်ခေါင်းအခွန် တစ်မျိုးတည်းအတွက်ပင် နိုင်ငံတော်အနေဖြင့် ငွေကျပ် ၁၀၂ သန်းကျော် နစ်နာမှုဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ်အတွင်း Small and Medium Enterprises Development (SMED) ဘဏ်သို့ အမေရိကန်ဒေါ်လာ ၅ သန်း ဝင်ရောက်ခဲ့ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ERS စနစ်ဖြင့် သတင်းပေးပို့ခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြီးကြပ်နိုင်ခြင်း မရှိဘဲ Open Society Myanmar-OSM ၏ ငွေစာရင်းသို့ ထည့်သွင်းပေးခဲ့ပြီး ယင်းငွေစာရင်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းကျော်နှင့်ညီမျှသည့် မြန်မာကျပ်ငွေ သန်း ၁၉၀၀ ကျော်ကို OSM တာဝန်ရှိသူများက ထုတ်ယူခဲ့ခြင်း၊ SMED ဘဏ်မှ OSM က ထုတ်ယူခဲ့သည့် မြန်မာကျပ်ငွေသန်း ၁၉၀၀ ကျော်အပေါ် ပြည်တွင်းအခွန်များဦးစီးဌာန၏ တွက်ချက်မှုအရ ဝင်ငွေခွန် တစ်မျိုးတည်းအတွက်ပင် ငွေကျပ် သန်း ၃၆၀ ကျော် ကောက်ခံနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရသော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်ကွပ်ကဲမှု အားနည်းခြင်းကြောင့် အခွန်ငွေမကောက်ခံနိုင်ဘဲ နိုင်ငံတော်၏ ဘဏ္ဍာငွေနစ်နာခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများက ချေးငွေရရှိသည့် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကို အတိုးနှုန်းပို့ရသည့် ဘဏ်တွင်အပ်နှံရန် ဦးဘိုဘိုငယ်ထံ တင်ပြခဲ့သော်လည်း ၎င်းတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် စင်္ကာပူနိုင်ငံ SMBC ဘဏ်သို့ အပ်နှံစေခဲ့ရာ ဘဏ်နှစ်ခု၏ အတိုးနှုန်း နှိုင်းယှဉ်ချက်အရ နိုင်ငံတော်အနေဖြင့် အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၉ သန်းကျော် (ငွေကျပ် ၆၆၅ သန်းကျော်) နစ်နာဆုံးရှုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။
ထိုကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မ ရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရှိရပါတယ်။
ymg_mnn
#Yangon_Media_Group.
#ဂျပန်တပ်များကလေးဝကို သိမ်းပိုက် မေ ၁၁ ၊ ၁၉၄၂ ခုနှစ် ဂျပန်တပ်များက ဒုတိယကမ္ဘာစစ်အတွင်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်းခြေကို ဖြတ်ကျော်ခဲ့ပြီးနောက် ၁၉၄၂ခုနှစ် မေလ ၁၁ရက်နေ့တွင် ကလေးဝကိုသိမ်းပိုက်ခဲ့ပါတယ်။ ရက်ပေါင်း ၁၂၇ ရက်အတွင်း မိုင်ပေါင်း ၁၅၀၀ ခရီးကို တိုက်ပွဲပေါင်း ၃၄ ပွဲ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၈၉၃ ဟင်နရီ ဒက်ဂရန့်ချ်ဟာ တစ်နာရီ ၂၁.၉၅ မိုင်နှုန်းဖြင့် စက်ဘီးစီးနင်းပြီး စက်ဘီးအမြန်နှုန်း ကမ္ဘာ့ပထမဆုံးစံချိန်တင် ၁၉၄၆ ညီညွတ်သော မလေးအမျိုးသားအဖွဲ့ United Malays National Organisation ဖွဲ့စည်း ၁၉၄၇ လာအိုက ပါလီမန်ဒီမိုကရေစီအတွက် အခြေခံဥပဒေကိုလက်ခံ ၁၉၄၉ ဆီရမ်ကို ထိုင်းဟု နိုင်ငံအမည်ပြန်ပြောင်း ၁၉၈၉ အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်က ပနားမားသို့ အမေရိကန်တပ်သား ၂၀၀၀စေလွှတ်ရန်အမိန့်ပေး
Published 10 May 2022
ရုတ်တရက်ရေကြီးလာမှုကြောင့် ပါကစ္စတန်မြောက်ပိုင်းမှာရှိတဲ့ အဓိက တံတားတစ်စင်း ကျိုးကျပျက်စီးသွားတာကို အမိအရ မှတ်တမ်းတင်ခဲ့ပါတယ်။ အခုလိုရေလွှမ်းမိုးမှုတွေဖြစ်ရတာဟာ နိုင်ငံအတွင်းအပူချိန်မြင့်တက်လာမှုတွေကြောင့် ရေခဲကန်တွေကနေ ရေခဲတွေပျော်ကုန်တာကို သတိပေးနေပါတယ်။ စနေနေ့က အဲဒီဖြစ်ရပ်ဟာ ရေခဲမြစ်တွေအရည်ပျော်ပြီး ရေကြီးရေလျှံမှုကြောင့် ကာရာကိုရမ်အမြန်လမ်းမကြီးပေါ်က အဓိက တံတားကြီးတစ်စင်းကို အရှိန်နှင့်ရိုက်ချိုုးသွားတာ ဖြစ်ပါတယ်။
Source AFP
Page 1534 of 1687