#Local_News
Published - 13 August 2022
ဒေါ်လာဈေးမြင့်တက်မှုလာမှု၊ ရွှေဝယ်လိုအားမြင့်တက်လာသည့်အခြေအနေများကြောင့် ရွှေဈေးနှုန်းသည်မြင့်တက်လျက်ရှိပြီး အခေါက်ရွှေ တစ်ကျပ်သား ၂၇ သိန်းကျော်ထိ မြင့်တက်လာကြောင်း ရွှေရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းသည်လည်း ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာ ၂၇၀၀ ကျပ်နှင့် ၂၈၀၀ ကြား ရောက်ရှိလာပြီး ရွှေဈေးနှုန်းသည်လည်း ဒေါ်လာဈေးနှုန်းနဲ့အတူ မြင့်တက်လာခြင်းဖြစ်သည်။
လက်ရှိတွင်မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေခြင်းကြောင့် ရွှေဈေးတက်နေသော်လည်း ရွှေဝယ်ယူစုဆောင်းမှုများလာသည့် ရွှေဝယ်လိုအား မြင့်တက်လာကာ ဈေးသည်လည်း ထပ်တက်တာလာ ခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်အသင်းက သုံးသပ်ထားသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေစျေးနှုန်းသည် ၂၁ သိန်းကျော်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဗဟိုဘဏ်အနေဖြင့် ဒေါ်လာငွေကြေးဈေးကွက်နှင့်ပတ်သက်၍မူဝါဒ အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး ဗဟိုဘဏ်၏ ဒေါ်လာ ရည်ညွှန်းဈေးနှုန်းကို ၂၁၀၀ ကျပ်အထိ ဆွဲတင်ခဲ့ပြီးနောက်ပိုင်း ဒေါ်လာပြင်ပပေါက်ဈေးသည်လည်း စံချိန်တင် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 13 August 2022
နိုင်ငံအတွင်းဆေးဝါးပြတ်လပ်မည်ကို ပြည်သူတွေ မပူပန်ကြရန် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ယနေ့ (ဩဂုတ်လ ၁၃ ရက်)နေ့စွဲ ဖြင့်ကြေညာလိုက်သည်။
နေ့စဉ်သုံးစွဲနေရသည့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို ပြတ်လပ်မည်ကိုပူပန်ဖို့မလိုဘဲ လိုအပ်သည့်ပစ္စည်းများ ဆက်လက်ရောက်ရှိလာတော့မည် ဖြစ်ကြောင်း အဆိုပါအသင်းက ကြေညာထားသည်။
ယင်းကြောင့် ဆေးဝါးကုမ္ပဏီများ၊ လက်ကားဖြန့်ဖြူးရေးဆိုင်များ၊ လက်လီဆိုင်များအနေဖြင့် ဈေးကွက်ထဲတွင် အရောင်းပိတ်စရာမလိုဘဲ ပုံမှန်အတိုင်းဆက်လက်ရောင်းချကြရန်လည်း တိုက်တွန်းထားသည်။
ယင်းအပြင်သွင်းကုန်တင်သွင်းမှု ပိုမိုလွယ်ကူအဆင်ပြေရန် ညှိနှိုင်းခဲ့ပြီဖြစ်ကာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိအောင် တတ်နိုင်သမျှ အမြန်ဆုံးတင်သွင်းကြရန်လည်း ဆေးဝါးတင်သွင်းသူများကို အသင်းက တိုက်တွန်းထားကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 13 August 2022
ပြည်တွင်းစက်သုံးဆီစျေးမြင့်တက်လာမှုကြောင့် အခြေခံကုန်စည်စျေးနှုန်းများသည် အတက်ဘက်ကိုဦးတည်နေကြောင်းမှ ဘုရင့်နောင်ကုန်စည်ဒိုင်မှသိရသည်။
လက်ရှိတွင် နယ်မှ ကုန်ကားများ ပုံမှန်အတိုင်းအဝင်ရှိနေပြီး စျေးနှုန်းအပြောင်းအလဲရှိ၍ အခြေခံစားသောက်ကုန် ကုန်ပစ္စည်းများသည် အတက်ဘက်သို့ ဦးတည်နေခြင်းဖြစ်သည်။
"အခုကတော့ ပုံမှန်အတိုင်းပဲ ဝင်နေသေးတယ်ကားတွေက။ နောက်ပိုင်းတော့မပြောတတ်ဘူးပေါ့။ အခုက စျေးတွေကတော့အကုန်ပြောင်းတယ်။ ကြက်သွန်ဆိုလည်း စျေးတက်တယ်။ အာလူးဆိုလည်းစျေးတွေတက်တယ်။ အကုန်တက်နေတယ်"ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဥက္ကဌ ဦးခင်ဟန်က ပြောသည်။
နိုင်ငံခြားငွေလဲနှုန်းသည် ဆက်တိုက်မြင့်တက်နေခြင်းကြောင့် စက်သုံးဆီစျေးနှုန်းသည်လည်း မြင့်တက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ စက်သုံးဆီစျေးမြင့်တက်လာခြင်းကြောင့် ၄င်းနှင့်ဆက်စပ်နေသည့် လုပ်ငန်းအားလုံးသည်လည်း အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ယနေ့(သြဂုတ်လ ၁၃ ရက်) စက်သုံးဆီစျေးနှုန်းမှာ 92 တစ်လီတာ ၂၃၂၀ ကျပ်၊ 95 တစ်လီတာ ၂၃၉၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၇၃၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၆၅၅ ကျပ် အထိမြင့်တက်လာနေကြောင်း သိရသည်။
"ကုန်စျေးနှုန်းတွေက ဆက်တိုက်တက်နေတာ။ ဒီနေ့ဝယ်တဲ့စျေးနှုန်းက နောက်နေ့သွားဝယ်ရင်မတူတော့ဘူး။ အဆင်မပြေဘူး။ အစစအရာရာ ကုန်စျေးနှုန်းတက်နေတော့ လုပ်ကိုင်စားသောက်ရတာအဆင်မပြေဘူး"ဟု စျေးသည်တစ်ဦးက ပြောသည်။
ymg/sth
#Yangon_Media_Group
#World_News
Published 13 August 2022
အသက် ၇၂ နှစ်ရှိ စာရေးဆရာ'ဆယ်လ်မန်ရပ်ရှ်ဒီ'ဟာ သောကြာနေ့က နယူးယော့ခ်စာပေဟောပြောပွဲတစ်ခုအတွင်း စင်ပေါ်တွင်ရှိနေစဉ် တိုက်ခိုက်ခံခဲ့ရပြီးနောက် အရေးပေါ်အသက်ရှူကိရိယာတပ်ဆင်ထားရကာ မျက်လုံးတစ်လုံးပါ ဆုံးရှုံးရဖွယ်ရှိနေကြောင်း သတင်းမှာဖော်ပြထားပါတယ်။
စာရေးဆရာရဲ့ အေးဂျင့်ကိုယ်စားလှယ် 'အန်ဒရူးဝိုင်လီ'က "အခြေအနေက မကောင်းပါဘူး၊ 'ဆယ်လ်မန်'က မျက်လုံးတစ်ဖက် ဆုံးရှုံးရနိုင်ပါတယ်၊ အသည်းက ဓားထိုးခံရပြီးတော့ ပျက်စီးသွားပြီး လက်ကအာရုံကြောတွေ စုတ်ပြဲကုန်ပါပြီ၊ စကားလည်းမပြောနိုင်ပါဘူး" လို့ The New York Times ကို ပြောကြားခဲ့ပါတယ်။
ဘတ်ဖလိုတောင်ဘက် ၇၅ မိုင်ခန့်အကွာ နယူးယော့ခ် ချူတက်ကွာရှိ ပွဲတစ်ခုမှာ 'ရပ်ရှ်ဒီ' စင်ပေါ်တွင်ပြောကြားနေစဉ် လူတစ်ယောက်က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ပြည်ပြေးစာရေးဆရာများအတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိတဲ့ အရပ်ဒေသဖြစ်ကြောင်း 'ရပ်ရှ်ဒီ'က ပြောကြားဖို စီစဉ်ခဲ့ပါတယ်။
ဓားထိုးခံရပြီးနောက် ပန်ဆယ်လ်ဗေးနီးယားရှိ ဆေးရုံတစ်ခုသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ပါတယ်။ 'ရပ်ရှ်ဒီ'က စင်ပေါ်ကပြေးဆင်းဖို့ ကြိုးစားခဲ့ကြောင်း၊ လူနှစ်ယောက်လုံးထွေးရုန်းကန်ခဲ့ပြီး ပွဲကြည့်ပရိသတ်တွေက တိုက်ခိုက်သူကိုဖမ်းဆီးဖို့ စင်ပေါ်ကို ပြေးတက်လာကြကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပြပါတယ်။
တိုက်ခိုက်သူက နယူးဂျာစီမှ အသက် ၂၄ နှစ်အရွယ် 'ဟေဒီမေတာ'ဖြစ်ပြီး ထိုနေရာမှာပင် တပ်ဖွဲ့ဝင်က ဖမ်းဆီးလိုက်ကြောင်း တင်ပြထားပါတယ်။
'ရပ်ရှ်ဒီ'ရဲ့ ၁၉၈၈ ခုနှစ်က The Satanic Verses ဝတ္ထုဟာ အငြင်းပွားဖွယ်ဖြစ်သွားခဲ့ပြီး အစ္စလာမ်ကို ပုတ်ခတ်စော်ကားတယ်လို့ အီရန်ခေါင်းဆောင်'အယာတိုလာရူဟိုလာခိုမီနီ'က ယူဆကာ 'ရပ်ရှ်ဒီ'ကို အရှင်မထားဖို့ တောင်းဆိုဖူးပါတယ်။
'ရပ်ရှ်ဒီ'ကို အိန္ဒိယနိုင်ငံ မွမ်ဘိုင်းရှိ မွတ်ဆလင်မိသားစုမှ မွေးဖွားလာပြီး ၁၉၈၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်မတိုင်ခင်အထိ ဗြိတိန်အစိုးရရဲ့ကာကွယ်မှုအောက်မှာ ပုန်းခိုနေထိုင်ခဲ့ရပါတယ်။
"ဆယ်လ်မန်ရပ်ရှ်ဒီနဲ့ ဟန်နရီရိစ်တို့အတွက် ဆုတောင်းပေးနေပါတယ်၊ ဒီနေ့ ဟောပြောပွဲမှာ ဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်ပြီး ရဲအရာရှိများနဲ့ ပူးပေါင်းကာ အလေးပေးလုပ်ဆောင်နေတာကြောင့် စိတ်ရှည်သည်းခံပေးပါ" လို့ ချူတက်ကွာတက္ကသိုလ်က ဖော်ပြထားပါတယ်။
ထိုနေ့အတွက် ကျန်တဲ့အစီအစဉ်တွေအားလုံးကို ချူတက်ကွာမှ ဖျက်သိမ်းခဲ့ပါတယ်။
Source: New York Post
#Yangon_Media_Group
#Local_News
Published _13 August 2022
ရန်ကုန်တိုင်းဒေသကြီးတွင် ဟိုတယ်နှင့် တည်းခိုခန်း ၂၉၀ ကျော် ဖွင့်လှစ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်မှစတင်၍ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခြင်းများကို ခွင့်ပြုခဲ့ပြီး e-Visa (Tourist) ကို မေ ၂၀ ရက်မှ စတင်ခွင့်ပြုပေးခဲ့ ရာ လက်ရှိတွင် တစ်နေ့လျှင် နိုင်ငံတကာလေကြောင်းလိုင်း ၁၄ လိုင်းအထိ ပြန်လည်ပြေးဆွဲ ပေးနေပြီး နိုင်ငံတကာခရီးသွား များလည်း စတင်ဝင်ရောက်စ ပြုနေပြီဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် တရားဝင်လုပ်ငန်းလိုင်စင်ရယူ ဆောင်ရွက်ထားသည့် ဟိုတယ်နှင့်တည်းခိုခန်း ၄၉၃ လုံးရှိရာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်တွင် ဟိုတယ်နှင့် တည်းခိုခန်း ၂၉၆ လုံးအထိ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်နေပြီဖြစ်သည်။
ထို့အတူ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က မသန်စွမ်းခရီးသွားများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းဖော်ဆောင် ပေးနိုင်ရေးအတွက် "မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းဖော်ဆောင် ခြင်းဆိုင်ရာ အထောက်အကူပြု ဝန်ဆောင်မှုသင်တန်း"များ ဖွင့်လှစ်ပို့ချပေးသည်။
ယခုအခါ ရန်ကုန်တိုင်း ဒေသကြီး၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်)နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ တာဝန်ရှိသူများက ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Health_Tips
Published 13 August 2022
လူတွေဟာ အစာစားချင်လာတဲ့စိတ်ကို ဦးစားမပေးဘဲ အချိန်နဲ့စားသောက်သင့်ကြောင်း အကြံပေးကြလေ့ရှိပါတယ်။
တကယ်တမ်းကတော့ ကိုယ့်ရဲ့အစာစားချင်စိတ် အခြေအနေကိုကြည့်ပြီးမှ စားသောက်သင့်တယ်လို့ သိပ္ပံပညာရှင်များက ပြောလိုက်ပါတယ်။
ကိုယ်အလေးချိန်လျှော့ချတဲ့ စားသောက်ချိန်ဇယားမှာဆိုရင် ကယ်လိုရီတွက်ပြီး စားသောက်တာမျိုး၊ သတ်မှတ်ထားတဲ့အချိန်ကျမှ စားသောက်တာမျိုးတွေ ပြုလုပ်ကြပြီး ကိုယ့်ရဲ့အစာစားချင်စိတ် အခြေအနေကို လျစ်လျူရှုထားကြပါတယ်။
ဒါပေမဲ့ ကိုယ့်ရဲ့အစာစားချင်တဲ့စိတ်ကိုကြည့်ပြီး ဗိုက်ဆာမှစားသောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေတယ်လို့ အကြံပြုထားကြပါတယ်။
စားသောက်ချိန်ကို အချိန်နဲ့ဇယားနဲ့ သတ်မှတ်ပြီးစားသောက်တဲ့သူတွေထက်စာရင် ဆာလောင်တဲ့အချိန်မှ စားလေ့ရှိသူတွေက ကိုယ်အလေးချိန်လျော့ပြီး ပျော်ရွှင်ကျေနပ်မှုကို ခံစားရစေတယ်လို့ လေ့လာချက်မှာ တွေ့ရှိထားပါတယ်။
ခန္ဓာကိုယ်လိုအပ်ချက်အလိုက် နေထိုင်စားသောက်ခြင်းက အချိန်ဇယားနဲ့စားသုံးဖို့ထက် ပိုမိုအရေးကြီးကြောင်း သုတေသီတွေကဆိုပါတယ်။
နိုင်ငံ ၈ နိုင်ငံမှ လူလတ်ပိုင်းအယောက် ၆ ထောင်ကျော်ကို အွန်လိုင်းစစ်တမ်းကောက်ယူခဲ့ပြီး စားသောက်ခြင်းပုံစံတွေကို ဆာလောင်မှစားသောက်ခြင်း၊ စိတ်ခံစားမှုအရစားသောက်ခြင်းနဲ့ ထိန်းချုပ်စားသုံးခြင်းဆိုပြီး ခွဲခြားခဲ့ပါတယ်။
စိတ်ခံစားမှုဆိုတာက ဝမ်းနည်းခြင်းမျိုး၊ စိတ်ဖိစီးမှုမျိုးစတဲ့ ခံစားချက်တွေအပေါ်မူတည်ပြီး စားသောက်တတ်တဲ့ ပုံစံဖြစ်ပါတယ်။
ထိန်းချုပ်စားသုံးခြင်းကတော့ ကိုယ်အလေးချိန်ထိန်းသိမ်း လျှော့ချဖို့ရည်ရွယ်ပြီး အကန့်အသတ်နဲ့ စားသုံးတာမျိုးဖြစ်ပါတယ်။
ဆာလောင်စိတ်အတိုင်း စားသောက်တဲ့သူတွေက သူတို့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ကျေနပ်မှုရှိကြတာကို တွေ့ရှိရပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ်မြင့်မားကာ ပိုပြီးကိုယ်ရည်စစ်ကြပါတယ်။
အပြန်အလှန်အနေဖြင့် ထိန်းချုပ်စားသောက်တဲ့သူတွေနဲ့ စိတ်ခံစားချက်အရစားသောက်တဲ့သူတွေကတော့ ခန္ဓာကိုယ်အပေါ် ကျေနပ်ရောင့်ရဲမှု မရှိဘဲ ကိုယ်အလေးချိန်များနေတတ်ပါတယ်။
ဗြိတိန်စိတ်ကျန်းမာရေးဂျာနယ်မှာ သိပ္ပံပညာရှင်တွေဖော်ပြချက်အရ စားသောက်တဲ့အလေ့အကျင့်ပုံစံတွေက လူတွေသူတို့ကိုယ်သူတို့ ဘယ်လိုထင်မြင်ခံစားရလဲဆိုတာနဲ့ ဆက်စပ်နေပါတယ်။
ဆာလောင်ခြင်းနဲ့ စိတ်ဆိုးဒေါသထွက်ခြင်းတို့က ဆက်စပ်နေတယ်ဆိုတာ တကယ့်ဖြစ်ပျက်မှုတစ်ခုဖြစ်ပါတယ်။
ဆာလောင်လာတဲ့အခါမှာ ဒေါသထွက်ခြင်း၊ အထိမခံနိုင်ဖြစ်ခြင်းတို့အပြင် ကျေနပ်ရောင့်ရဲမှုနည်းပါးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published_ 13 Aug 2022
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြိုနယ်တို တွင် ငွေကျပ် ၆ ဒသမ ၆၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၄ ဒသမ ၂ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၉ ရက် ညနေ ၅ နာရီခွဲတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်း စစ်ဆေးရေးစခန်းတွင် မန္တလေးမှ မိုးညှင်းဘက်သို့ အောင်ဆွေဦး မောင်းနှင်ပြီး မင်းမင်းသန်း လိုက်ပါလာသည့် FOTON ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ပါတယ်။
ထိုသို့ ရှာဖေွရာယာဉ်ပေါ်တွင် ပြောင်းဖူးစေ့အိတ်များအတွင်း ထည့်သွင်း သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၃ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂၀ ကျော် သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးတိုင်းဒေသကြီးမှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရပါတယ်။
အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၀ ရက် နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲကျကျေးရွာ၊ ကျွဲကျချောင်းအနီး၌ မော်တော်ဆိုင်ကယ် ၃ စီးမှာ ဆာလာအိတ်များတင်ဆောင်ထားပြီး ရပ်တန့်ထားသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖွင့်ဖောက် စစ်ဆေးခဲ့ပါတယ်။
အဆိုပါ ဆိုင်ကယ် ၃ စီးပေါ်တွင် တင်ဆောင်ထားသည့် ဆာလာအိတ် ၁၃ အိတ်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၆၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၄ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့ပါတယ်။
၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg_mnn
#Yangon_Media_Group
#Health_Tips
Published 13 August 2022
အစားမစားခင်မှာ မြေပဲစားသုံးပေးခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချခြင်းကို အကူအညီပေးနိုင်ကြောင်း Nutrients ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဆားအနည်းငယ်ဖြူးထားတဲ့ မြေပဲကို အစာမစားခင် တစ်နေ့နှစ်ကြိမ်စားသုံးခြင်းဟာ ကိုယ်အလေးချိန်လျော့ကျခြင်း၊ သွေးပေါင်ချိန်ကျစေခြင်း၊ အစာမရှိချိန် ဂလူးကိုစ်ပမာဏထိန်းညှိပေးခြင်း၊ သွေးတွင်းသကြားဓာတ် တည်ငြိမ်စေခြင်းတို့ကို အထောက်အပံ့ပေးပါတယ်။
တက္ကဆပ်နည်းပညာတက္ကသိုလ်နဲ့ ဩစတြေးလျတောင်ပိုင်းတက္ကသိုလ်တိုမှ သုတေသီများက ၂၀၂၁ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ဆီးချိုရောဂါဖြစ်လာနိုင်ချေရှိတဲ့ လူကြီးများကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး လေ့လာခဲ့ကြပါတယ်။
လူ ၅၀ ပါတဲ့အဖွဲ့တစ်ဖွဲ့ကို မြေပဲနဲ့ ထောပတ်မြေပဲတို့ကို မစားခိုင်းစေဘဲ ၅၇ ယောက်ပါတဲ့အဖွဲ့ကိုတော့ အစားမစားခင် မိနစ် ၃၀ အလိုမှာ လှော်ထားတဲ့မြေပဲ ၃၅ ဂရမ်ကို တစ်နေ့နှစ်ကြိမ် စားသုံးစေခဲ့ပါတယ်။
၆ လအပြီးမှာတော့ မြေပဲစားသုံးတဲ့အဖွဲ့က မြေပဲမစားတဲ့အဖွဲ့ထက် သွေးပေါင်ချိန်ပိုနည်းကာ သိသိသာသာ ကိုယ်အလေးချိန်ကျဆင်းလာခဲ့ပါတယ်။
"မြေပဲက ကျန်းမာရေးအတွက်သင့်တော်တဲ့ မပြည့်ဝဆီတွေ ကြွယ်ဝစွာပါဝင်ပြီး ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်"လို့ တက္ကဆပ်နည်းပညာတက္ကသိုလ်မှ လက်ထောက်ပရော်ဖက်ဆာ'ခရစ္စတီနာပီတာဆန်'က ပြောပြပါတယ်။
"မြေပဲက ကယ်လိုရီအများကြီးပါဝင်တယ်ဆိုပြီး လူတွေက မစားကြပါဘူး၊ ဒါပေမဲ့ ဒါဟာ စားချင်စိတ်ကိုလျော့ကျစေပြီး ဗိုက်ပြည့်နေတယ်လို့ ခံစားရစေတဲ့အတွက် ကိုယ်အလေးချိန်လျော့ကျချင်သူတွေအတွက် အကျိုးရှိပါတယ်"လို့ ပြောပြခဲ့ပါတယ်။
မြေပဲတစ်ခါစားတဲ့အခါ ပရိုတိန်း ၇ ဂရမ်၊ အမျှင်ဓာတ် ၃ ဂရမ်၊ ဗိုက်တာမင်နဲ့သတ္တုဓာတ် ၁၉ မျိုးပါဝင်ပါတယ်။
မြေပဲတွေက အဟာရရှိစေပြီး ဆားအနည်းငယ်ဖြူးလိုက်ရင် အပေါ်သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။
မြေပဲကိုဆားအနည်းငယ်ဖြူးပြီးစားရင် ဆိုဒီယမ်အနည်းငယ်ပါဝင်တဲ့အပြင် အာဂျင်နင်းလိုခေါ်တဲ့ အမိုင်နိုအက်ဆစ်က သွေးကြောတွေကိုကျယ်စေကာ သွေးပေါင်ချိန်လျှော့ချပေးပါတယ်။
ဒါ့အပြင် မဂ္ဂနီဆီယမ်ကလည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 12 August 2022
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍကို အဓိကထားပြီး အခြားကဏ္ဍများပါ စီးပွား မြှင့်တင် ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ကို မတည်လိုက်တယ်လို့သိရပါတယ်။
စီးပွားရေးမြှင့်တင်ဆောင်ရွက်ဖို့ ဦးတည်ထားတဲ့ အဆိုပါရန်ပုံငွေကို လယ်ယာစီးပွား မြှင့်တင်ရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေး မြှင့်တင်ရေးဟူ၍ နှစ်မျိုးခွဲမြှင့်တင် ဆောင်ရွက်ဖို့ ရည်ရွယ်မတည်တာဖြစ်တယ်လို့လည်း နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါနိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေမှ ရန်ပုံငွေများ လွှဲအပ်ခြင်းအခမ်းအနားကို ယနေ့ဩဂုတ် ၁၂ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပခဲ့ရာမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်၊ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ကောင်စီအဖွဲ့ဝင်တွေ ပြည်ထောင်စုဝန်ကြီးတွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် တိုင်းတို့မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတွေ တက်ရောက်ခဲ့ကြပါတယ်။
“နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် စီးပွားရေးတိုးတက်အောင် ကြိုးစား ဆောင်ရွက်ရပါမယ်။ စီးပွားရေးနှင့် နိုင်ငံရေးဟာ ဆက်စပ်လျက်ရှိပြီး စီးပွားရေး ကောင်းမွန်မှသာလျင် နိုင်ငံရေးသည်လည်း တည်ငြိမ်မှာဖြစ်တယ်” လို့ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါအခမ်းအနားမှာပြောကြားပါတယ်။
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရမည် ဖြစ်သဖြင့် ယခုကဲ့သို့ နိုင်ငံ့စီးပွားရေး မြှင့်တင်ရေး ရန်ပုံငွေအဖြစ် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လျှင်မြန်စွာ တိုးတက် အောင်မြင်နိုင်သည့် (Quick Win)နှင့် စိုက်ပျိုးရာသီနှင့် ကိုက်ညီမှုရှိသည့် နွေစပါးနှင့် ဆောင်းသီးနှံတို့ကို ထောက်ပံ့ပေးနိုင်မည့် အခြေအနေကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နွေစပါးနှင့် နိုင်ငံ၏ အဓိကပြည်ပပို့ကုန် တစ်ခုဖြစ်သည့် ပဲတီစိမ်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် ရန်ပုံငွေပေးအပ်ခြင်းဖြစ်တယ်လို့ ဗိုလ်ချူပ်မှူး ကြီးက ဆက်လက်ပြောကြားပါတယ်။
နိုင်ငံ့စီးပွားရေးမြှင့်တင်မှုကဏ္ဍတွင် စိုက်ပျိုးရေးကို အဓိကထား အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်ပြီး ဘီလီယံ ၄၀၀ အနက် ကျန်ရှိငွေ များကို အခြားလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ဆွေးနွေးတိုင်ပင်၍ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။
လိုအပ်ချက် ရှိသည့် ဒေသများအနေဖြင့်လည်း သီးခြားအစီအစဉ်ဖြင့် လိုအပ်ပါက တင်ပြနိုင်ပြီး အချို့လုပ်ငန်း များသည် မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်၍ရနိုင်မည်ဖြစ်ပြီး ဒေသတွင်း၌ ၎င်းငွေကို တိုးပွားအောင် ဆက်လက်ဆောင်ရွက်နေရန်အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း အတွက် မတည်ပေးခြင်းပင် ဖြစ်တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ မှ ရန်ပုံငွေ လွှဲအပ်မှုအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ကျပ်၁၇၀ ဘီလီ ယံ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ကျပ်၆၀ ဘီလီယံ၊ မြစိမ်းရောင် စီမံကိန်းများ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် တို့သို့ ပြည်နယ်တစ်ခုလျင် ကျပ်၁၀ ဘီလီယံ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်။ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့သို့ ပြည်နယ်နှင့် တိုင်းဒေသ ကြီး တစ်ခုလျင် ကျပ်၈ ဘီလီယံ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတို့နှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့သို့ ဒေသတစ်ခုလျင် ကျပ်၅ ဘီလီယံ စသည်ဖြင့် လွှဲအပ်ပေးခဲ့ပြီး စုစုပေါင်း ငွေကျပ်ဘီလီယံ ၃၃၀ လွှဲအပ်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
Source:MOI
#Local_News
Published - 12 August 2022
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးပုံမှန်အတိုင်း လည်ပတ်နေပေမယ့် ငွေဈေးအပြောင်းအလဲတွေကြောင့် ဈေးမငြိမ်ဘူးလို့ မူဆယ်ကုန်စည်ဒိုင်၊ ဆန်ကုန်သည်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#World_Entertainment
Published 12 August 2022
အိန္ဒိယမှာ အားပေးမှုနည်းပါးတဲ့ ရုံတင်ဇာတ်ကားများပြသခဲ့ပြီးနောက် ဟိန္ဒူဘာသာစကားဖြင့်ရိုက်ကူးတဲ့ ဘောလိဝုဒ်ဇာတ်ကားများ ပြန်လည်ကျော်ကြားလာစေရန် ရည်ရွယ်ပြီး ဟောလိဝုဒ်ဇာတ်ကားဟောင်း Forrest Gump ကို မွမ်းမံရိုက်ကူးထားတဲ့ဇာတ်ကားကို ပြသနေပြီဖြစ်ပါတယ်။
#Yangon_Media_Group
Published 12 August 2022
အင်ဒိုနီးရှားတပ်ဖွဲ့တွေနှင့် အမေရိကန်နှင့်သူ့မဟာမိတ်တပ်ဖွဲ့တွေဟာ သောကြာနေ့က လက်တွေ့ပစ်ခတ်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါဟာ ဒေသဆိုင်ရာ ပဋိပက္ခတစ်ခုကို ဟန့်တားဖို့ဖြစ်တယ်လို့ အမေရိကန်ထိပ်တန်းဗိုလ်ချူပ်ကြီးတစ်ဦးကပြောပါတယ်။
ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ အခိုင်အမာဆောင်ရွက်မှုတွေတိုးမြှင့်လာတဲ့အပေါ် အမေရိကန်နှင့် အာရှမဟာမိတ်တွေက စိုးရိမ်မှုတွေကြီးထွားလာပါတယ်။ ဒါပေမယ့် ယခင်စစ်ရေးလေ့ကျင့်ရေးတွေထက် ယခုလေ့ကျင်မှုက ကြီးမားပေမယ့် ဒါဟာ ဘယ်နိုင်ငံတစ်နိုင်ငံကိုမှ မရည်ရွယ်ပါဘူးလို့ အမေရိကန်ကပြောပါတယ်။
ဒီလေ့ကျင့်ခန်းကို အင်ဒိုနီးရှားက စူပါ ဂရုဒါ ဒိုင်း (Super Garuda Shield) လို့ အမည်ပေးထားပြီး တရုတ်က ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်အပြီး သိပ်မကြာခင်လုပ်ဆောင်လာကြတာပါ။
“ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မတည်မငြိမ်ဖြစ်စေတဲ့လှုပ်ရှားဆေင်ရွက်မှုတွေဟာ ထိုင်ဝမ်ကို ခြိမ်းခြောက်မှုတွေ ဖြစ်နေပြီး ဒါမျိုးကို ကျွန်တော်တို့ရှောင်ရှားလိုတာဖြစ်တယ်။ ကျွန်တော်တို့ဟာနေ့တိုင်း စစ်ပွဲမဖြစ်ဖို့ ကြိုးစားတားဆီးနေတယ်” လို့ အမေရိကန် အာရှပစိဖိတ်စစ်တိုင်းမှူး ရေတပ်ဗိုလ်ချူပ်ကြီး ဂျွန် အက်ကွီလီနိုကပြောပါတယ်။
သောကြာနေ့လေ့ကျင့်မှုကိုတော့ ဩစတြေလျနှင့်စင်္ကာပူတပ်ဖွဲ့တွေက အမေရိကန်နှင့်အင်ဒိုနီးရှားတပ်ဖွဲ့တွေနှင့်အတူ ပါဝင်ခဲ့ကြပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အပါချီရဟတ်ယာဉ်တွေက စနစ်တကျပျံသန်းပြီး စက်သေနတ်တွေ၊ ဒုံးပျံတွေနှင့် တောင်ထူထပ်တဲ့လေ့ကျင့်ရေးဧရိယာမှာ ပစ်ခတ်ကြပြီး ဂျဗီလင် တင့်ကားဖျက်ဒုံကျည်တွေကိုလည်း ပစ်ခတ်လေ့ကျင့်ခဲ့ကြပါတယ်။
ဒီစစ်ရေးလေ့ကျင့်ခန်းဟာ ထိုင်ဝမ်အခြေအနေကြောင့် ပြုလုပ်တယ်ဆိုတဲ့ အချက်ကို အင်ဒိုနီးရှား တပ်ချုပ် အန်ဒီကာ ပတ်ကာဆာက ငြင်းဆိုလိုက်ပြီး ဒီပွဲကို စီစဉ်ထားခဲ့တာကြာပြီလို့ပြောပါတယ်။
အက်ကွီလီနိုက အင်ဒိုနီးရှားမိတ်ဆွေပြောတဲ့နောက် သံယောက်လိုက်ပြောရမှာပဲလို့ဆိုလိုက်ပြီး အမေရိကန်ပြည်ထောင်စုဟာ တစ်နှစ်ပတ်လုံးမှာ ဒီလိုလေ့ကျင့်ခန်းတွေ ၁၂၀ ခန့်အထိလုပ်ဆောင်နေတယ်။ ဒေသထဲက နိုင်ငံတွေ ပိုအခြေအနေကောင်းလာတဲ့အတွက် ဒီလိုလေ့ကျင့်ခန်းတွေ ပိုပြီး လွတ်လပ်လာပြီး ခက်ခဲရှုပ်ထွေးတာတွေပါလာလိမ့်မယ်လို့ ပြောသွားပါတယ်။
ကနေဒါ၊ပြင်သစ်၊အိန္ဒိယ၊မလေးရှား၊တောင်ကိုးရီးယား၊ပါပေါနယူးဂီနီ၊ အရှေ့တီမော်လ်၊နှင့်ဗြိတိန်တို့က စောင့်ကြည့်လေ့လာသူအဆင့်အဖြစ် ယခုစစ်ရေးလေ့ကျင့်မှုမှာပါဝင်ခဲ့ကြပါတယ်။
Source: AFP
#Indonesia_US_Joint_Live_Drill
#US_China
#Asia_Pacific
Page 1412 of 1741