#World_Military
Published 2 November 2022
မြောက်ကိုရီးယားဘက်က ဗုဒ္ဓဟူးနေ့မှာ ဒုံးကျည် ၁၀ စင်းကျော်ကို ကိုရီးယားအရှေ့ဘက်နဲ့ အနောက်ဘက်ကမ်းရိုးတန်းများသို့ ပစ်လွှတ်ခဲ့တာကြောင့် ကျွန်းတစ်ခုမှာ လေကြောင်းအန္တရာယ်ဥဩဆွဲသတိပေးခဲ့ရကြောင်း တောင်ကိုရီးယားက ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယားစစ်တပ်ရဲ့ပြောကြားချက်အရ မြောက်ကိုရီးယားက ပစ်လိုက်တဲ့ အမျိုးမျိုးသော ဒုံးကျည်တွေဟာ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်နဲ့ အနောက်ဘက်ကမ်းရိုးတန်းများသို့ ပျံသန်းသွားခဲ့ကြောင်း သိရှိရပြီး နောက်ထပ်အသေးစိတ်ကိုတော့ မပြောသွားခဲ့ပါဘူး။
အစောပိုင်းကကြေညာချက်ထဲမှာ မြောက်ကိုရီးယားဘက်က တာတိုပစ်ဒုံးကျည် ၃ စင်းပစ်လွှတ်တာကို ဖော်ပြခဲ့ပါတယ်။
ဒုံးကျည်တစ်စင်းက တောင်ကိုရီးယားပင်လယ်နယ်နိမိတ်အနီးသို့ ကျရောက်ခဲ့ကာ အရှေ့ဘက်ကျွန်းတစ်ခုမှာ လေကြောင်းအန္တရာယ်ဥဩဆွဲခဲ့ကာ သတိပေးချက် ထုတ်ပြန်ခဲ့ရပြီး နှစ်နိုင်ငံကြား ရန်လိုမှုတွေ တိုးပွားလာပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ စစ်ရေးပူးပေါင်းဆောင်ရွက်နေခြင်းနဲ့ ပတ်သက်ပြီး အကြီးမားဆုံးပေးဆပ်ရလိမ့်မယ်လို့ မြောက်ကိုရီးယားက နျူကလီးယားလက်နက်များဖြင့် ခြိမ်းခြောက်မှုထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ အခုလိုပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ဝမ်ဆန်အရှေ့ဘက်ကမ်းရိုးတန်းကနေ မြောက်ကိုရီးယားတို့ ဒုံးကျည်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်က ထုတ်ပြန်ကြေညာထားပါတယ်။
ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဆိုရင် ကိုရီးယားအရှေ့ဘက်ပင်လယ်နယ်နိမိတ်ရဲ့တောင်ဘက် ၂၆ ကီလိုမီတာအကွာအဝေးနဲ့ တောင်ကိုရီးယားအနောက်မြောက်ဘက်ကျွန်းမှ ၁၆၇ ကီလိုမီတာကွာဝေးတဲ့ နိုင်ငံတကာရေပိုင်နက်ထဲသို့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ပူးတွဲစစ်ဦးစီးချုပ်က တောင်ကိုရီးယားအနေနဲ့ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကိုသည်းခံနေမှာမဟုတ်ဘဲ အမေရိကန်နဲ့အနီးကပ်ပူးပေါင်းကာ ပြင်းပြင်းထန်ထန်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားအပေါ် စောင့်ကြည့်မှုအခြေအနေကိုလည်း ထပ်မံတိုးမြှင့်သွားမှာဖြစ်ပါတယ်။
လတ်တလောများအတွင်း ကိုရီးယားကျွန်းဆွယ်နားမှာ ရန်စတဲ့လုပ်ရပ်တွေများပြားလာကာ မြောက်ကိုရီးယားဘက်က နျူကလီးယားတပ်ဆင်ဒုံးကျည်များ ဆက်တိုက်ဆိုသလို စမ်းသပ်ပစ်လွှတ်လာပြီး နျူကလီးယားလက်နက်အသုံးပြုခွင့်အတွက် ဥပဒေကို ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတပ်တွေရှေ့မှာ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်အသုံးပြုသွားဖွယ်မရှိဘူးလို့ ကျွမ်းကျင်သူအချို့က သုံးသပ်ထားပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်တာတွေဟာ ကျူးကျော်မှုပြုလုပ်ဖို့ လေ့ကျင့်နေတာဖြစ်မယ်လို့ မြောက်ကိုရီးယားကရှုမြင်နေတာကြောင့် ဒုံးကျည်စမ်းသပ်နေတာဖြစ်ကြောင်း ရှင်းလင်းလိုက်ပါတယ်။
မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်အသုံးပြုတာဟာ ကိုယ့်ကိုယ်ကိုပျက်စီးရာကို ဖန်တီးတာပဲဖြစ်မယ်လို့ တောင်ကိုရီးယားက သတိပေးလိုက်ပါတယ်။
မြောက်ကိုရီးယားဘက်ကလည်း အမေရိကန်နဲ့ တောင်ကိုရီးယားအနေနဲ့ မြောက်ကိုရီးယားကိုတိုက်ခိုက်ရင် မြောက်ကိုရီးယားနျူကလီးယားတပ်များကလည်း ချက်ချင်းတုံ့ပြန်မှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။
Source: AP News
#Yangon_Media_Group
#Local_News
Published – 2 November 2022
စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့် စားအုန်းဆီဈေးနှုန်းမှာ မြင့်တက်လာသော်လည်းဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ၆၀၀၀ ဝန်းကျင်အထိကျဆင်းလာကြောင်း ရောင်းသူ၊ ဝယ်သူများထံမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အခြေခံလက်ကားရည်ညွှန်းဈေးကို တစ်ပါတ်တစ်ကြိမ်ထုတ်ပြန်ပေးနေပြီး ယခုတစ်ပါတ်တွင် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာကို ၄၂၂၅ ကျပ် သတ်မှတ်ထုတ်ပြန်ပေးထားခြင်းဖြစ်သည်။
ယခုတစ်ပါတ်တွင် ထုတ်ပြန်ပေးသည့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ပြီးခဲ့သည့်တစ်ပါတ်ထက် ၅၀ ကျပ်ခန့် တတ်လာသော်လည်း ပြင်ပဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းမှာ တဖြည်းဖြည်းကျဆင်းလာခြင်းဖြစ်သည်။
“စားအုန်းဆီဈေးနှုန်းကတော့ကျလာပြီ။ တစ်ဆိုင်နဲ့တစ်ဆိုင်ဈေးကတော့မတူဘူးပေါ့။ ဒါပေမယ့် အရင်လောက်တော့ ဈေးကမရှိတော့ဘူး”ဟု တောင်ဥက္ကလာပမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။
ဈေးကွက်အတွင်း၌ စားအုန်းဆီဈေးနှုန်းကျဆင်းလာသော်လည်း ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီဈေးနှုန်းမှာတော့ ကုန်ကြမ်းရှားပါးခြင်းကြောင့် ဆက်လက်ဈေးမြင့်တက်နေခြင်းဖြစ်သည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးထုတ် ပြန်ထားသည်။
#ymg/STH
#Yangon_Media_Group
#Local_News
Published_ 2 November 2022
မြန်မာနိုင်ငံတွင် အသည်းအစားထိုးခွဲစိတ်ကုသမှု (၃၂)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး အသည်းအလှူရှင်(၃၁) ဦး၊ ဦးနှောက်သေလူနာ(၁)ဦးတို့၏ အသည်းလှူတန်းမှုဖြင့် အသည်းအစားထိုးကုသနိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်၊၊
မြန်မာနိုင်ငံ၌ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ၂၀၀၄- ခုနှစ်တွင် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၌ စတင်ဆောင်ရွက်ခဲ့ပြီး အရှေ့တောင်အာရှတွင် အသည်းအစားထိုးခွဲစိတ်ကုသမှု ရှေးဦးဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံများတွင် ပါဝင်ခဲ့သည်ဟုဆိုသည်၊၊
ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးနှင့် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန်မြို့တို့၌ အသည်းအစားထိုးခွဲစိတ်ကုသမှု (၃၂)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ (၃၂)ကြိမ်အနက် (၃၁)ကြိမ်မှာ အသည်းအလှူရှင်များ၏ လှူဒါန်းမှုဖြစ်ပြီး ကျန် (၁)ကြိမ်မှာ ဦးနှောက်သေ(Brain Death)လူနာထံမှ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းကအသည်း အစားထိုးအလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြောကြားသည်။
၂၀၂၂-ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်မြို့၌ အသည်း အစားထိုးအလှူရှင်များအား ဂုဏ်ပြုပွဲ အခမ်းအနား (Thanks Giving Ceremony) ကျင်းပပြုလုပ်ခဲ့သည်၊၊
ဒုတိယဝန်ကြီးက "အသည်း အစားထိုးအလှူရှင်များအား ဂုဏ်ပြုပွဲကို (၂၀၁၇)ခုနှစ်၊ (၂၀၁၈)ခု နှစ်၊ (၂၀၁၉)ခုနှစ်တို့တွင် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများကြောင့် (၂၀၂၂)ခုနှစ်မှ စတုတ္ထအကြိမ် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အသည်းအစားထိုးခွဲစိတ်ကုသမှုများ ပိုမိုဆောင်ရွက်နိုင်စေရေး အတွက် လုပ်ငန်းအဖွဲ့များ စနစ်တကျ ဖွဲ့စည်းပြီး ပြည်ပမှ ဆေးပညာရှင်များ ဖိတ်ကြားကာ ပိုမိုတိုးတက် အောင် ဆောင်ရွက်ခဲ့ကြောင်း၊ အသည်းအစားထိုးခွဲစိတ်ကုသ မှုဆောင်ရွက်ပေးခဲ့ကြသည့် ဆေးပညာရှင်များ၏ ကြိုးစားအားထုတ်မှုမှာ အဓိကကျသလို အသည်းအစားထိုး အလှူရှင်များ၏ မွန်မြတ်သောအလှူဒါနအတွက်လည်း အထူးကျေးဇူးတင် ဂုဏ်ယူကြောင်း"ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ရန်ကုန်မြို့၊ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) ဆေးရုံအုပ်ကြီးနှင့် အသည်းနှင့်သည်းခြေလမ်းကြောင်းခွဲစိတ်ကုဌာန၊ ပါမောက္ခ/ဌာနမှူးတို့က အသည်းအစားထိုးခွဲစိတ် ကုသမှုဆောင်ရွက်ခဲ့သည့်အခြေအနေများကိုလည်းကောင်း အသည်းအလှူရှင်တစ်ဦးက လှူဒါန်းရသည့်အကြောင်း နှင့် လှူဒါန်းပြီးနောက် ကျန်းမာရေးအခြေအနေကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး အသည်းအစားထိုး လူနာတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အသည်းအလှူရှင်များကို အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။
ဂုဏ်ပြုပွဲအခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးသည် ကလေးဆေးရုံကြီး(ရန်ကုန်မြို့)၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်မြို့)၊ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်မြို့)နှင့် ဝေဘာဂီအထူးကုဆေးရုံကြီး၌ အသစ်တည်ဆောက် ပြီးစီးသည့် ခုတင် (၁၁၀) ဆံ့ ကုသဆောင်သစ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဆေးရုံလုပ်ငန်းဆောင်ရွက်မှုများ တိုးတက်စေရေး လိုအပ်သည်များမှာကြားကာ လူနာများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
#ymg/tthl
#Yangon_Media_Group
#Local_News
Published _ 2 November 2022
လာမည့် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၃ နှစ်ကာလအတွင်း သကြားတန်ချိန် ၁ သန်းထိတင်ပို့နိုင်ရန် လုပ်ဆောင်နေလျှက်ရှိပြီး အဲဒီ့လိုတင်ပို့နိုင်ရန်အတွက် ပြည်တွင်းရှိ ကြံစိုက်ခင်းများကိုတိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်နေကြောင်း သိရသည်။
တင်ပို့နိုင်ရန် သကြားစက်ရုံလိုအပ်ချက်ရှိနေတာကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာစက်ရုံသစ် ၂ ရုံနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှာ စက်ရုံသစ် ၂ ရုံ၊ စုစုပေါင်းစက်ရုံ ၄ ရုံ တိုးချဲ့တည်ဆောက်နေကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစည်းလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
မြန်မာနိုင်ငံဟာနှစ်စဉ် သကြားတန်ချိန် ငါးသိန်းခန့်ထွက်ရှိပြီး ၄ သိန်းခွဲခန့်ကိုပြည်တွင်းမှာ စားသုံးနေပြီး ကျန်ပိုလျှံသည့် သကြားတန်ချိန် ၅ သောင်းကို တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေကို အဓိကထားတင်ပို့ရောင်းချနေလျက်ရှိသည်။
"သကြားစက်ရုံလိုအပ်ချက်ကြောင့် အဓိကစိုက်ပျိုးနေတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသကြားစက်ရုံ ၄ ရုံကိုတိုးချဲ့ တည်ဆောက်နေတယ်။ လာမယ့် နှစ်မှာ ၄ခုလုံးပြီးနိုင်ဖို့မျှော်မှန်းထားပါတယ်။ လက်ရှိ ၂ရုံနဲ့ လည်ပတ်နေပါတယ်။ ပြည်ပတင်ပို့မှုအခြေအနေကတော့ လက်ရှိ ပြည်တွင်းစားသုံးတာဖူလုံမှ တင်ပို့တာတွေလုပ်ပါတယ်" ဟု အဆိုပါအသင်းရဲ့တာဝန်ရှိသူမှ ဆိုသည်။
မြန်မာတစ်နိုင်ငံလုံး၌ ခေတ်မီသကြားစက်ရုံကြီး ၂၃ ရုံ၊ အသေးစား၊ အလတ်စားသကြားစက်ရုံ ၁၂၉ ရုံရှိနေကြောင်းလည်း သိရှိရသည်။
ကြံစိုက်တောင်သူပေါင်း ၃ သိန်းကျော်အထက်ရှိနေပြီး ကြံစိုက်ဧကပေါင်း ၄ ဒသမ ၅ သိန်းကျော်လောက်ရှိနေကာ ယခုထက်ပိုမိုတိုးချဲ့စိုက်ပျိုးရန် လုပ်ဆောင်နေလျှက်ရှိနေကြောင်းလည်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#World_Healthy
Published 2 November 2022
ဗြိတိန်ဘုရင်မကြီးကွယ်လွန်ပြီးနောက် ပြီးခဲ့တဲ့လက 'ချားလ်စ်'ဘုရင် ဓာတ်ပုံရိုက်ခံခဲ့ရာမှာ သူ့ရဲ့လက်ချောင်းတွေဟာ ဝက်အူချောင်းတွေလို ဖောရောင်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းကလည်း သူ့လက်ချောင်းတွေ ယခုကဲ့သို့ ဖောရောင်နေခဲ့ပါတယ်။
လက်ချောင်းတွေ နီရဲဖူးရောင်နေတာဟာ အရည်ကျန်ရှိကာ ဖောရောင်တဲ့လက္ခဏာဖြစ်ပြီး အသက် ၆၅ နှစ်အထက်လူကြီးတွေနဲ့ အဆစ်အမြစ်ရောင်သူတွေမှာ တွေ့ရတတ်ပါတယ်။
ဘုရင်ကြီးရဲ့လက်ချောင်းတွေ ဖောရောင်နေတာဟာ ကျန်းမာရေးအရ စိတ်ပူစရာသိပ်မရှိပေမယ့် အခြေအနေတွေကိုတော့ ဖော်ပြနေပါတယ်။
"လက်တွေမှာ လက္ခဏာတွေပေါ်လာတာ အပြောင်းအလဲဖြစ်တာတွေက ပုံမှန်ဖြစ်တတ်ပေမယ့် တစ်ခါတရံမှာတော့ ဒါဟာ နောက်ကွယ်မှာကျန်းမာရေးပြဿနာတွေ ရှိနေတတ်ပါတယ်။
ကျွနိုပ်တို့ဟာ လက်ကိုသိပ်ဂရုမစိုက်တတ်ကြပေမယ့် လက်က ရှုပ်ထွေးတဲ့တည်ဆောက်ပုံ ရှိပါတယ်။
လက်ထဲမှာ အရိုးအဆစ်တွေလည်း များစွာရှိနေပါတယ်။
လက်ကောက်ဝတ်နဲ့ လက်ဖျံကိုတွယ်ဆက်ထားတဲ့ ကြွက်သားပေါင်း ၃၀ ကျော်ရှိပါတယ်။
လက်ချောင်းတွေမှာ လက္ခဏာပေါ်ရတဲ့ ကျန်းမာရေးအခြေအနေတွေကတော့ အရိုးအစ်ရောင်ရမ်းခြင်း၊ လက်ထုံကျင်ခြင်း၊ လက်ချောင်းကွေးသွားခြင်း၊ လက်မအရင်းနား ရောင်ရမ်းနာကျင်ခြင်းတို့ဖြစ်ပါတယ်။
လက်ချောင်းများ ဖောရောင်ခြင်းဟာ အရိုးအဆစ်ရောင်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ရောဂါကူးစက်ဝင်ရောက်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
လက်ချောင်းထုံကျင်ခြင်းက ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲလည်း ဖြစ်နိုင်ပါတယ်။
ဒီလိုလက္ခဏာမျိုးခံစားရပြီဆိုရင် အရိုးအဆစ်ဆရာဝန်နဲ့ပြသသင့်ပါပြီ။
လက်တုန်ခြင်းကတော့ ပါကင်ဆန်ရောဂါ၊ ဗိုက်တာမင်ဘီ-၁၂ ချို့တဲ့ခြင်း၊ အရက်ဖြတ်ခြင်း၊ အချို့သေားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး စတာတွေကြောင့်ဖြစ်ပါတယ်။
လက်ချောင်းများထုံကျဉ်ခြင်းက ခြေဖျားလက်ဖျားတွေ အေးစက်လာကာ သွေးလျှောက်မှုလျော့နည်းသွားတာကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် လက်မှာအပြောင်းအလဲဖြစ်လာတဲ့အခါ လျစ်လျူမရှုထားသင့်ပါဘူး။
Source: SCMP
#Yangon_Media_Group
#World_Healthy
Published 2 November 2022
အသက် ၅၀ ကျော်လူကြီးတွေဟာ တစ်ညကို အနည်းဆုံးအိပ်ချိန် ၅ နာရီရှိသင့်ပြီး ဒါမှသာ နာတာရှည်ရောဂါများ ဖြစ်နိုင်ချေလျော့နည်းမှာဖြစ်ပါတယ်။
ညဘက်မှာ အိပ်ချိန်လုံလောက်တဲ့သူတွေက နောက်ပိုင်းမှာ ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ချေနည်းပါးပြီး တစ်ညကို ၅ နာရီအောက်သာ အိပ်ရတဲ့သူတွေကတော့ နှလုံးရောဂါ၊ ဆီးချို၊ အဝလွန်ခြင်း၊ သွေးတိုးခြင်းစတဲ့ နာတာရှည်ရောဂါများ ဖြစ်နိုင်ချေအလွန်များပါတယ်။
ကျန်းမာစွာနေထိုင်ချင်တဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ အနည်းဆုံးအိပ်ချိန် ၅ နာရီရှိသင့်ကြောင်း အကြံပြုထားပါတယ်။
ယူကေမှ အသက် ၅၀ ကျော်အယောက် ၈ ထောင်ကျော်ကို သုတေသီများ လေ့လာခဲ့ကြပါတယ်။
တစ်ညကို အိပ်ချိန် ၇ နာရီရှိသူတွေနဲ့စာရင် အိပ်ချိန် ၅ နာရီအောက်သာ ရှိတဲ့သူတွေက ကျန်းမာရေးအန္တရာယ်ရှိနိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများခဲ့ပါတယ်။
ဒါ့အပြင် နာတာရှည်ရောဂါဖြစ်နိုင်ချေ များတဲ့အပြင် အသက်အန္တရာယ်ပြဿနာများပါ ဖြစ်နိုင်ချေများကြောင်း တွေ့ခဲ့ရပါတယ်။
လက်တွေ့မှာတော့ ပျမ်းမျှအိပ်ချိန် ၈ နာရီရှိသင့်ပြီး အခြားကိစ္စများလုပ်စရာရှိတဲ့အခါတွေမှာတော့ အနည်းဆုံး ၅ နာရီတော့ ရှိသင့်ပါတယ်။
အချို့သောလူတွေဟာ တစ်ညကို ၄ နာရီလောက်သာအိပ်ပေမယ့် နောက်နေ့နိုးလာတဲ့အခါ လန်းဆန်းတက်ကြွနေကြပါတယ်။
ကယ်လီဖိုးနီးယားဆန်ဖရန်ဆစ္စကိုတက္ကသိုလ်မှ သုတေသီများက အဆိုပါလူမျိုးတွေကို လေ့လာကြည့်တဲ့အခါ သူတို့ရဲ့ DNA မျိုးဗီဇ ADRB1 က မျိုးဗီဇပြောင်းလဲမှုတစ်ခုဖြစ်ပြီး အခုလို အခြေအနေမျိုးရရှိနေတာဖြစ်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 2 November 2022
နောင်တက်လာတဲ့အစိုးရလည်း တက်လာချိန်မှာ ကျွန်တော်တို့အစိုးရကို ဝေဖန်လိမ့်မယ်၊ ကျွန်တော်တို့လည်း ပြီးခဲ့တဲ့အစိုးရတွေကို ဝေဖန်ခဲ့တယ်လို့ နစက ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ (၁) ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ နစကဥက္ကဌက သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန များရော၊ ဝန်ကြီးချုပ်များကနေ ပြီးတော့အမြဲတမ်း ထည့်သွင်းစဉ်းစားပြီးတော့မှ ဦးစားပေးအနေနဲ့ စားရေရိက္ခာပေါများရေး၊ ထွက်လာတဲ့ဟာများများရောင်းရလို့ရှိရင် တိုင်းပြည်ဝင်ငွေရရင် တိုင်းပြည်သာယာ ဝပြောမှုဖြစ်မှာပဲ။ တိုင်းပြည်သာယာဝပြောတယ်ဆိုတာ ငွေချမ်းသာဖို့လည်း ရှိလိမ့်မယ်။ စိတ်ချမ်းသာဖို့လည်းလိုတယ်။ ငွေချမ်းသာဖို့၊ စိတ်ချမ်းသာဖို့လိုတယ်။ တရား ဥပဒေစိုးမိုးရေးဖြစ်ဖို့လည်းလိုတယ်။ ဒါမှ တိုင်းပြည်သာယာဝပြောမှာပေါ့။ ဒါမှမဟုတ်ရင် ကျွန်တော်တို့က တပူပူနဲ့။ ငွေကတော့ ချမ်းသာပါတယ်၊ လုံခြုံမှုမရှိလို့ရှိရင် အထုပ်ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့။ ငါ့ပစ္စည်း ဘယ်အချိန် ဘာလုမလဲဆိုပြီး ဖြစ်နေရမှာ။ ဒါတွေကလည်း ရှိသေးတာပေါ့။ ရည်မှန်းချက်က တကယ့်ကို တိုင်းပြည်အတွက်ဖြစ်သင့်တဲ့ ရည်မှန်းချက်ပါ။ တိုင်းပြည် သာယာဝ ပြောရေးနဲ့ စားရေရိက္ခာပေါများရေး။ ဒါကို ကျွန်တော်တို့ သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် စားရေရိက္ခာပေါများရေးတော့ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်များရော ပြည်ထောင်စု ဝန်ကြီးများရော သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ပေးကြဖို့ ပြောလိုတယ်လို့ ပြောပါတယ်။
ထို့ပြင် "တိုင်းပြည်သာယာဝပြောရေး ဆိုလို့ရှိရင်လည်း တရားဥပဒေ စိုးမိုးရေးနဲ့ ခုနကပြောတဲ့ ထွက်ကုန်ပစ္စည်းတွေ များများလုပ်ပြီး တော့မှ ပြည်သူလူထု ဝင်ငွေရရှိရေး၊ ပြည်သူလူထုချမ်းသာရေး လုပ်ပေးဖို့က ကျွန်တော်တို့ လုပ်ဖို့ လိုပါတယ်။ ဒါဆိုလို့ ရှိရင်တော့ ကျွန်တော်တို့ရဲ့ အစိုးရရဲ့တာဝန် ကျေတယ်လို့ ပြောချင်ပါတယ်။ အဲ့လိုမဟုတ်ရင်တော့ အစိုးရရဲ့ တာဝန်မကျေဘူး။ ကျွန်တော်တို့ လုပ်သွားတဲ့ဟာကို မှတ်ကျောက်တင်နေတာပဲ" လို့ ဆိုပါတယ်။
နိုင်ငံတော်အနေဖြင့် နိုင်ငံခြားငွေရရှိရေးအတွက် ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့ နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ပြည်ပနိုင်ငံများ၏ လိုအပ်ချက်များကို သိရှိအောင်ကြိုးစားပြီး နိုင်ငံခြားဈေးကွက် ရရှိအောင် ဖော်ဆောင်၍ နိုင်ငံ၏စီးပွားရေးတိုးတက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။
ygm_mnn
#Yangon_Media_Group
Published 1 Nov 2022
၁၇ ကြိမ်မြောက် ကမ္ဘာ့ဆဲလ်ဆာပွဲတော် World Salsa Festivalကို ကိုလံဘီယာနိုင်ငံ ကာလီမြို့မှာ ကျင်းပသွားခဲ့ပါတယ်။
ကချေသည်တွေပါတဲ့ နိုင်ငံတကာ ကိုယ်စားလှယ်အဖွဲ့(၂၀)ကျော်ဟာ ဆဲလ်ဆာပွဲတော်မှာ လာရောက်ဆင်နွှဲယှဉ်ပြိုင်ခဲ့ကြပါတယ်။
ပွဲတော်မှာ အမျိုးအစားများစွာပါဝင်ပြီး ပညာရှင်အဆင့်အစ၊ အပျော်တမ်းအဆင့်အလယ်၊ ကလေးသူငယ်အဆင့်အဆုံး များပြားလှပါတယ်။
အဲဒီများပြားလှတဲ့ အမျိုးအစားအလိုက် ကချေသည်ပေါင်း လေးထောင်ခန့် ယှဉ်ပိုင်ကြပါတယ်။ အိမ်ရှင်ဒေသတွေဖြစ်တဲ့ ကျူဘားနှင့် ကာဘရက်တို့က ကာလေနိုလို့ အကအမျိုးအစားတွေလည်း ပါဝင်ပါတယ်။
ပွဲတော်ကို အောက်တိုဘာ ၂၆ မှ အောက်တိုဘာ ၃၀ ရက်အထိ ငါးရက်ကြာ ကျင်းပခဲ့ကြပြီး ယခုပွဲဟာ ကျင်းပခဲ့သမျှ ထဲမှာ လူအများဆုံးတက်ရောက်ကြတဲ့ပွဲလို့ စီစဉ်သူတွေကပြောပါတယ်။
ပြိုင်ပွဲဝင်အများဆုံးနိုင်ငံတွေထဲမှာ ပေါ်တိုရီကိုကထိပ်ဆုံးက ဖြစ်ပြီး ကချေသည် ၁၀၀ ဦး ယှဉ်ပြိုင်ပါတယ်။ ဗင်နီဇွဲလားက ၆၂ ဦးနှင့် အီကွေဒေါက ၁၅ ဦးယှဉ်ပြိုင်ကြပါတယ်။
အကပြိုင်ပွဲကိုတော့ ကာလီမှာ (၂)ရက်ကြာ ကျင်းပခဲ့ရာမှာ ဆန်းကြယ်အံ့မခန်းစရာ အကတွေနှင့် စိတ်လှုပ်ရားစရာ တင်ဆက်သွားခဲ့ကြပါတယ်။
ဆဲလ်ဆာဟာ တောင်အမေရိကားနှင့် ကာရစ်ဘီယံတို့မှာ အလွန့်ကိုလူကြိုက်များပါတယ်။ ကျူဘား ဆဲလ်ဆာစတိုင်နှင့် ဆဲလ်ဆာ ရူအီဒါတို့ဟာ အဓိကစတိုင်(၆)မျိုးထဲက နှစ်မျိုးဖြစ်ပါတယ်။
Source: AFP
#World_Salsa_Festival
#Salsa_dances
#Cali_Colombia
#Local_News
Published _1 November 2022
တန်ဆောင်တိုင် ပွဲတော်ကာလအတွက် ကမ်းခြေတွေဖြစ်တဲ့ ငွေဆောင် ၊ ချောင်းသာနဲ့ ငပလီကမ်းခြေတွေက ဟိုတယ်တွေမှာ အခန်းလွတ်မရှိတော့လောက်အောင် ဘွတ်ကင်ပြည့်နေပြီလို့ သိရပါတယ်။
#Yangon_Media_Group
#FIFA_WorldCup
Published 1 Nov 2022
လာမယ့် ၃ ပတ်အတွင်းကျင်းပတော့မယ့် ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် အခြေခံအဆောက်အအုံနေရာများ ထားရှိထားပြီဖြစ်ကြောင်း ကာတာနိုင်ငံက ပြောကြားလိုက်ပါတယ်။
#Yangon_Media_Group
#Local_News
Published_1 November 2022
ယခုဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၉၀ ဒသမ ၆၈ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 1 November 2022
ပြင်ပတွင်ဝယ်ယူရတဲ့ စားအုန်းဆီတစ်ပိဿာဈေးနှုန်းက လက်ရှိမှာ ၆၈၀၀ ကျပ်ကို ပြန်လည်ကျဆင်းနေပြီလို့ ကုန်စုံဆိုင်တွေကနေတစ်ဆင့် သိရပါတယ်။
#Yangon_Media_Group
Page 1175 of 1647