#Local_News
Published - 25 July 2022
ကမ္ဘာ့ရွှေဈေးကျနေပေမယ့် ပြည်တွင်းရွှေဈေးကွက်မှာတော့ ဈေးမကျသေးပဲ ဈေးအမြင့်ပိုင်းနဲ့ အရောင်းအေးနေတယ်လို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ အခုလို သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 24 July 2022
လတ်တလောမှာ ရွှေချည်ထိုးဝတ်စုံလုပ်ငန်းတွေ အရောင်းပြန်ဖြစ်နေသော်လည်း ရွှေချည်ထိုးဈေးကွက်တစ်ခုလုံးကတော့ အရောင်းအေးစက်နေဆဲဖြစ်တယ်လို့ ရွှေချည်ထိုးလုပ်ငန်းလုပ်ကိုင်တဲ့ ကိုရဲလင်းအောင် ကပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 25 July 2022
မော်လ်ဒိုက်၌ ဇူလိုင်လ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် ၅၄ ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု ချန်ပီယံရှစ်ပြိုင်ပွဲအား မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချူပ်မှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဝင်ရောက်ယှဉ်ပြိုင်ရာ၌ မအေးသန္တာခိုင်မှ အမျိုးသမီး Model Physique (အသက် ၄၀ နှစ်အထက်)ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု၊ ကိုရဲထွန်းနောင်မှ အမျိုးသား(၇၀) ကီလိုတန်းမောင်ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုများ ရရှိခဲ့သည်။
ယင်းအပြင် မမီမီကျော်နိုင်မှ အမျိုးသမီး Model Physique (၁၆၀ စင်တီမီတာအောက်)ပြိုင်ပွဲ၌ အဆင့်(၄)၊ မဝတ်ရည်ဖြိုးမှ အမျိုးသမီး Model Physique (Women Athletic Physique)ပြိုင်ပွဲ၌ အဆင့်(၄)၊ ကိုခင်မောင်ကျော်မှ အမျိုးသား(၈၀) ကီလိုတန်း မောင်ပြိုင်ပွဲ၌ အဆင့်(၄)၊ ကိုကျော်မင်းသန်းက အမျိုးသား (၅၅)ကီလိုတန်း မောင်ပြိုင်ပွဲ၌ အဆင့်(၅) အသီးသီးရရှိခဲ့ကြောင်း သိရသည်။
၅၄ ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုချန်ပီယံရှစ်ပြိုင်ပွဲအားဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့သည် ဇူလိုင်လ ၂၄ ရက်တွင် ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့ပြီး မြန်မာအားကစားအဖွဲ့အား ရန်ကုန်မြို့တော်စည်ပင် ဥက္ကဋ္ဌဦးဗိုလ်ဌေးနှင့် ရန်ကုန်တိုင်းအားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ဥပဒေချူပ်ဦးဌေးအောင်အပါအဝင် တာဝန်ရှိသူများ၊ ပြည်သူများက လာရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 25 July 2022
(၁)နှစ်ကျော်ကာလအတွင်း ပြည်ပနိုင်ငံတွေက မြန်မာအလုပ်သမားဦးရေ ၃၆,၀၀၀ ကျော် ပြည်ပသို့ စေလွှတ်ခွင့်ပြုခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ အလုပ်သမားများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်အထိ ပြည်ပအလုပ်အကိုင်သက်သေခံကတ် (OWIC) ပြုလုပ်ပြီး စေလွှတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့စေလွှတ်ရာတွင် ထိုင်းနိုင်ငံသို့ ၁၁,၁၂၃ ဦး၊ စင်ကာပူနိုင်ငံသို့ ၁၀,၅၆၁ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂,၀၈၃ ဦး၊ ဂျပန်နိုင်ငံသို ၇,၅၅၈ ဦး၊ မလေးရှားနိုင်ငံသို့ ၃,၂၈၆ ဦး အပါအဝင် ပြည်ပ ၅၇နိုင်ငံကို စုစုပေါင်းလုပ်သား ၃၆,၃၆၅ ဦးဖြစ်ကြောင်း သိရသည်။
ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများကို တာဝန်ယူစေလွှတ်ရန် အေဂျင်စီ ၃၀၀ ကျော်အား အကျိုးဆောင်လိုင်စင်ထုတ်ပေးထားကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 25 July 2022
အသက်ဂုဏ်ဝါကြီးပြီး နာမည်ဂုဏ်သတင်းကျော် ကြားသည့်မြန်မာကာတွန်းဆရာကြီးများအား ယခုဇူလိုင်လအတွင်း ဂါဝရပြုကန်တော့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်၊၊
ယခင်က အသက်ဂုဏ်ဝါကြီးသည့် မြန်မာကာတွန်းဆရာကြီးများကို မြန်မာနိုင်ငံကာတွန်းဆရာများ အသင်းအနေဖြင့် နှစ်စဉ် ဂါဝရပြုကန်တော့လေ့ရှိပြီး ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုများကြောင့် ဂါဝရပြုကန်တော့ပွဲအခမ်းအနားများ ပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ၊၊
ယခုနှစ်တွင်လည်း ကိုဗစ်ဖြစ်ပွားမှုကျန်ရှိနေသေးသည့်အတွက် အခမ်းအနားမလုပ်တော့ဘဲ အသက်ဂုဏ်ဝါကြီးသည့် မြန်မာကာတွန်း ဆရာကြီး(၁၄)ဦးအား ကန်တော့ပစ္စည်းများကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပြီး ဂါဝရပြုကန်တော့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ တာဝန်ရှိသူတစ်ဦးက YMG ကို ပြောသည်၊၊
"ကာတွန်းဆရာကြီး(၁၄)ဦးကို ဂါဝရပြုကန်တော့ဖို့ ရှိပါတယ်၊၊ ကန်တော့ပစ္စည်းများကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပြီး ဂါဝရပြုကန်တော့သွားမှာပါ၊၊ အလှူငွေတွေလည်းလက်ခံနေပါတယ်၊၊ အခုလအတွင်း ဂါဝရပြုကန်တော့နိုင်အောင် ဆောင်ရွက်နေပါတယ်"ဟု
မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်၊၊
ကန်တော့ခံကာတွန်းဆရာကြီးများကတော့ ဦးမောင်မောင်၊ ဦးရွှေမင်းသား၊ ဦးချစ်ဆွေ၊ ဦးမြင့်သိန်း၊ ဦးတင်အောင်နီ၊ ဦးအောင်အောင်၊ ဦးငွေကြည်၊ ဦးသန်းထွန်း၊ ဦးဖေစန်း၊ ဦးမောင်မောင်လေး၊ ဦးကျော်တင်မြင့်သစ်၊ ဦးသစ်ထွဏ်း၊ ဦးဗချီ၊ ဦးအကိန်းတို့ကို ဂါဝရပြုကန်တော့မည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published 25 July 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ မြန်မာ- ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားပေါ်မှ နေ့စဉ်ကုန်တင်ယာဉ်မောင်းများအား(covid-19)ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေးခြင်းကိုယမန်နေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာဝင်နိုင်ဦးစီးပြီးကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်းသိရသည်။
နှစ်နိုင်ငံသဘောညီမှုအရ တတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများသာ တံတားပေါ်တွင် ဖြတ်သန်းမောင်းနှင်ခွင့်ပြုသဖြင့် ယခုကဲ့သို့ မြန်မာယာဉ်မောင်းများကိုထိုးနှံပေးခြင်းဖြစ်ကြောင်း သိရပြီး ယာဉ်မောင်း (၇၀)ဦးကျော်ကို ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
-ymg/ys-tcl
#Yangon_Media_Group
#DailyNews
Published - 25 July 2022
၁။ ရွှေချည်ထိုးဝတ်စုံလုပ်ငန်းများ ပြည်တွင်း၌အရောင်းပြန်ဖြစ်နေ၊ ပြည်ပဈေးကွက်အေးစက်ဆဲဖြစ်
၂။ ဒေါ်လာဈေး အတက်အကျပေါ် မူတည်၍ ရွှေဈေးကွက်အပြောင်းအလဲရှိမည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မိဘမဲ့ကြံ့ပေါက်လေးများအား တောင်အာဖရိကသို့ ပြောင်းရွှေ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 25 July 2022
အစိုးရသစ်လက်ထက်တွင် ကားပါမစ်ပိတ်ခြင်းနှင့် ဒေါ်လာဂယက်ကြောင့် မြန်မာ့ကားဈေးကွက် ထိခိုက်မှုကြီးမားကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ်အသင်း(AAM) ဥက္ကဌ ဦးအောင်ဝင်းက ပြောသည်။
"ကားဈေးကွက်က ဒေါ်လာနဲ့ကိုမဆိုင်ပဲ သီးခြားသက်သက်ကြီးကိုဖြစ်သွားတာ။ ကားပါမစ်တွေပိတ်လိုက်တော့ ကားဈေးတွေက မိုးထိုးသွားတာပေါ့။ ဒေါ်လာထက်တောင် ပိုတက်သွားသေးတယ်။ ဒေါ်လာတက်တာနဲ့ ဆိုင်တော့လည်းဆိုင်တယ်။ သူကပိုပြီးတော့ များတာပေါ့။ ကားကျတော့ ဒေါ်လာတက်တာနဲ့ကို မကဘူး။ ပါမစ်ပိတ်လိုက်တော့ တက်တာက ပိုများတာပေါ့။ အကုန်လုံးကရပ်ဆိုင်းတာပေါ့။ ကြီးကြီးမားမားထိခိုက်မှုရှိတာပေါ့။ လက်ကျန်ကားတွေဈေးတင်ရောင်း၊ ဝယ်တဲ့သူတွေကလည်းဝယ်စုပေါ့။ဈေးတက်ဖို့အလားအလာကောင်းတော့ အကုန်လုံးဝယ်လှောင်ကြရင်းနဲ့ ကားဈေးကွက်ကတော့ တက်သွားတာပေါ့"ဟုယင်းကပြောသည်။
အစိုးရသစ်မှ ကားတင်သွင်းခွင့်ပိတ်လိုက်ခြင်းကြောင့် အကျိုးဆက်အနေဖြင့် အလုပ်အကိုင်အားလုံးနီးပါးရပ်ဆိုင်းပြီး ဝန်ထမ်းများအလုပ်လက်မဲ့ဖြစ်ရကြောင်း သိရသည်။
ယင်းအပြင် ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်သည့် ဆူဇူကီးအပါအဝင် ကားကုမ္ပဏီတစ်ဒါဇင်ကျော်သည် တင်သွင်းခွင့်ပိတ်ထားခြင်းကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်နားထားရကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#World_Military
Published 25 July 2022
ယူကရိန်းမှ ဆန်စပါးတင်ပို့ရေး သဘောတူညီချက်အရ အဓိကကျတဲ့ယူကရိန်းဆိပ်ကမ်းမြို့ကို ရုရှားတို့ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမေရိကန်မှ ထောက်ပံ့ကူညီပေးတဲ့ လက်နက်ပစ္စည်းကို ထိမှန်ခဲ့ကြောင်း ရုရှားတို့က ဇူလိုင် ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ထိုအချိန်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး'ဆာဂျီလက်ဗ်လော့ဗ်'က အာဖရိကနိုင်ငံများသို့ အလည်အပတ်ခရီးသွားလာလျက်ရှိပြီး အီဂျစ်ကိုရောက်ရှိနေစဉ်မှာ ရုရှားဆန်စပါးကို ဆက်လက်ထောက်ပံ့သွားဖို့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး'ဆာမက်ရှောကရီ'နဲ့တွေ့ဆုံကာ အာမခံခဲ့ပါတယ်။
ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က ရုရှားတို့အနေနဲ့ အိုဒီဆာဆိပ်ကမ်းကို တိုက်ခိုက်တာဟာ ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း ရှုတ်ချလိုက်ပါတယ်။
စစ်ဖြစ်နေတဲ့ ၂ နိုင်ငံစလုံးက စက်ရုံများမှ ပို့ကုန်များကိုတင်ပို့ဖို့ သဘောတူညီမှုရယူပြီး နောက်တစ်ရက်မှာပဲ အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ထိုသဘောတူညီချက်ကို တူရကီမှ ကြားဝင်ကူညီပေးခဲ့ပြီး ယခုဒုံးကျည်ထိမှန်ခဲ့ခြင်းက ရုရှားတပ်ဖွဲ့များမှာ တာဝန်မရှိကြောင်း ရုရှားရဲ့အာမခံချက်ကိုရရှိထားတယ်လို့ တူရကီက ဆိုခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားရဲ့ပစ်ခတ်မှုက ယူကရိန်းစစ်သင်္ဘောတစ်စင်းနဲ့ အမေရိကန်မှပေးပိုထားတဲ့ သင်္ဘောဖျက်လက်နက်များကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာကျပ်တည်းခြင်းကို ဖြေလျှော့နိုင်ဖို့ လအတန်ကြာညှိနှိုင်းခဲ့ရပြီး တူရကီနိုင်ငံအစ္စတန်ဘူလ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်မှတ်ကျောက်ကတော့ ယခုလိုက်ပစ်ခတ်မှုတွေကြောင့် ပျက်သုဉ်းဖို့ နီးစပ်လာပါတယ်။
စားနပ်ရိက္ခာ အလွန်ကျပ်တည်းလားတဲ့ ကမ္ဘာ့အဆင်းရဲဆုံး အာဖရိကတိုက်မှာ ကုန်ဈေးနှုန်းများ မြင့်တက်နေရပါတယ်။
'လက်ဗ်ရော့ဗ်'က ယူဂန်ဒါ၊ အီသီယိုးပီးယား၊ ကွန်ဂိုဘရက်ဇာဗီးလ်တို့ကိုလည်း သွားရောက်လည်ပတ်ခဲ့ပြီး ဆန်စပါးမှာယူမှုများကို ရုရှားကဖြည့်ဆည်းပေးမယ်လို့ ပြောပြခဲ့ပါတယ်။
အိုဒီဆာဆိပ်ကမ်းကို တိုက်ခိုက်ခြင်းက ရုရှားတို့ကိုယုံကြည်လို့မရကြောင်းထင်ရှားနေပြီး ရုရှားနဲ့ညှိနှိုင်းဆွေးနွေးမှုတွေကလည်း ပိုမိုခက်ခဲလာဦးမယ်လို့ 'ဇယ်လန်စကီ'က မှတ်ချက်ပြုလိုက်ပါတယ်။
တူရကီသမ္မတ 'ရီဆပ်တာယစ်အာဒိုဂန်'နဲ့ ကုလသမဂ္ဂအကြီးအကဲ'အန်တိုနီယိုဂူတာရက်စ်'တို့ ကြားဝင်ကူညီပေးထားတဲ့ သဘောတူညီမှုအရ အိုဒီဆာဆိပ်ကမ်းဟာ ကုန်တင်ပို့ရေးအချက်အခြာနေရာ ၃ ခုထဲက တစ်ခုဖြစ်ပါတယ်။
ရုရှားတို့တိုက်ခိုက်ချိန်မှာ ဆန်စပါးတွေ သိုလှောင်ထားတာဖြစ်ပြီး စားစရာတွေကိုတော့ မထိခိုက်ခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များကဆိုပါတယ်။
သောကြာနေ့က လက်မှတ်ရေးထိုးပွဲမှာ ဦးဆောင်ခဲ့တဲ့'ဂူတာရက်စ်'က ထိုတိုက်ခိုက်မှုကို ပြတ်ပြတ်သားသားရှုတ်ချလိုက်ပါတယ်။
ရုရှားရဲ့သဘောတူညီမှု ကတိကဝတ်တွေကိုလည်း ယုံကြည်ဖို့သံသယရှိလာကြောင်း အမေရိကန်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
တနင်္ဂနွေနေ့ မတိုင်ခင်အထိ ရုရှားဘက်က တုံ့ပြန်ပြောကြားခြင်းမရှိဘဲ တူရကီကာကွယ်ရေးဝန်ကြီးကတော့ ရုရှားတို့က သူတို့တိုက်ခိုက်တယ်ဆိုတာကို ငြင်းဆိုထားကြောင်း ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်ကို ယူကရိန်းဘက်ကအတိအကျ မထုတ်ပြန်ထားပါဘူး။
ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တဲ့စစ်ဘေးဒဏ်ကြောင့် လူပေါင်း ၄၇ သန်းလောက် အငတ်ဘေးဆိုက်ရောက်နေမှုကို ဖြေလျှော့နိုင်ရန် ထိုနိုင်ငံများအကြား အဓိကကျတဲ့ ပထမဆုံးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
ထိုသဘောတူညီချက်ထဲမှာ ယူကရိန်းဆန်စပါးတွေသယ်ဆောင်လာတဲ့သင်္ဘောများ ဘေးကင်းစိတ်ချစွာသွားလာနိုင်ရေးအချက်တွေ ပါဝင်နေပါတယ်။
Source: CNA
#Yangon_Media_Group
#Local_News
Published _ 25 July 2022
ကိုဗစ်-၁၉ ရန်ပုံငွေလက်ကျန်မှ ငွေကျပ် ၄၀၀ ဘီလီယံကို သီးသန့်ရန်ပုံငွေ တစ်ရပ်ထူထောင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ချမှတ်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဦးတည်ချက်များနှင့်အညီ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း သက်သာစွာနှင့် ချေးငွေများ စိစစ်ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စက်မှုလက်မှုဆိုင်ရာ လုပ်ငန်းများနှင့် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်အခွင့် အလမ်းများ ဆောင်ရွက်ဖော်ဆောင်ပေးနိုင်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအခြေအနေသည် များစွာ ကျဆင်းလာခြင်းကြောင့် ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများအရ ထိခိုက်ကျဆင်းခဲ့သည့် နိုင်ငံတော် စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးပြည်နယ် အစိုးရအဖွဲ့များသည် ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာအသုံးစရိတ်များကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေထဲမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟို ကော်မတီ၏ခွင့်ပြုချက်ဖြင့် စနစ်တကျစိစစ်သုံးစွဲလျက်ရှိ ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် စာရင်းအရ ကိုဗစ် ရန်ပုံငွေလက်ကျန်သည် (၄၉၁ ဒသမ ၉၇၈) ဘီလီယံဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published _ 25 July 2022
အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာ ရောင်းချနေသည့် ကြက်သားဈေးနှုန်းတွေဟာ ကျပ် ၇၀၀၀ အထိ ဈေးနှုန်းမြင့်တက်သွားခဲ့ပြီး ထိုကဲ့သို့ ဖြစ်လာရသည့် အကြောင်းရင်းမှာ ပြည်ပမှ မှာယူတင်သွင်းရသည့် ကြက်စာစျေးတွေ တစ်အိတ်စျေးနှုန်းက လက်ရှိကာလအတွင်းမှာ ကျပ် ၈ သောင်း အထိ ဈေးပေါက်လာတာဖြစ်ကြောင်း သိရသည်။
လက်ရှိကာလအတွင်း ပြည်တွင်းမှာဖြစ်ပေါ်နေသည့် ဒေါ်လာစျေးဂယက်တွေကြောင့် ပြည်ပမှ ယူတင်သွင်းရသည့် ကုန်ပစ္စည်းများ၏ တန်ကြေးမှာ ဆက်တိုက်ဆိုသလို မြင့်တက်လာနေပြီး ယင်းအကျိုးဆက်ရိုက်ခတ်မှုအဖြစ် အခြေခံစျေးကွက်ထဲမှာ
စျေးနှုန်းတွေ လိုက်ပါ မြင့်တက်နေကြောင်း သိရှိရသည်။
ယင်းအပြင် ကြက်ဥစျေးနှုန်းတွေကလည်း စျေးကွက်အတွင်း နေ့စဉ်နှင့် အမျှဆိုသလို ဈေးအပြောင်းအလဲဖြစ်ကာ ဈေးမြင့်တက်နေပြီး လက်ရှိ ကြက်ဥတစ်လုံးပေါက်ဈေးဟာ ကျပ် ၁၉၀ မှ ကျပ် ၂၀၀ ပေါက်စျေးရှိနေသည်။
ကြက်ဥအလုံးအကြီး အသန့်အလှဆိုလျင်ကျပ် ၂၅၀ အထိ ဈေးနှုန်းသတ်မှတ်ရောင်းချတာမျိုးဖြင့် ကြုံနေရသည်။
ယနေ့ ဇူလိုင်လ ၂၄ ရက် မနက်ပိုင်းက ပြင်ပငွေလဲလှယ်မှုစျေးကွက်ထဲ၌ အမေရိကန်တစ်ဒေါ်လာကို ဝယ်စျေး ၂၄၀၀ ကျပ်၊ ရောင်းစျေးမှာ ၂၄၄၀ အထိ ရှိနေကြောင်း သိရပါသည်။
ကြက်ဥနှင့် ကြက်သား ဈေးနှုန်း မြင့်တက်မှုကြောင့် အခြေခံလူတန်းစားတွေအတွက် ကြီးမားလွန်းသည့် ထိုးနှက်ချက်များ ဖြစ်ပေါ်လာစေခဲ့ပြီးလည်း ဖြစ်သည်။
ymg/NN
#Yangon_Media_Group
#World_Health
Published 25 July 2022
ပေါင်မုန့်မီးကင်ကို ထောပတ်သီးနဲ့ စားသုံးသင့်တဲ့အကြောင်းအရင်းကို သိပ္ပံပညာရှင်များက ဖော်ထုတ်လိုက်ပါပြီ။
သတ်လတ်ပိုင်းလူအများစု နှစ်သက်လေ့ရှိတဲ့ထောပတ်သီးဟာ နှလုံးအတွက်ကောင်းမွန်စေကြောင်း သုတေသီများက သုံးသပ်ထားပါတယ်။
သူတို့ရဲ့တွေ့ရှိချက်အရ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ထောပတ်သီးနဲ့ ငှက်ပျောသီးတို့ကို စားသုံးပေးခြင်းဖြင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ကို ကာကွယ်စေနိုင်ပါတယ်။
ဒါပေမဲ့ ထိုအကျိုးကျေးဇူးက အမျိုးသမီးတွေအတွက်သာဖြစ်ပါတယ်။
တစ်နေ့ကို ပိုတက်ဆီယမ် ၁ ကီလိုဂရမ် တစ်နည်းအားဖြင့် ထောပတ်သီး ၉၇၅ မီလီဂရမ်စားသုံးပေးပါက အပေါ်သွေး ၂.၄ မီလီမီတာမာကျူရီလျော့နည်း စေနိုင်ပါတယ်။
ငှက်ပျောသီး ၃ လုံး ဒါမှမဟုတ် နို့ ၃ ခွက်မှာလည်း အဆိုပါပမာဏအတိုင်း ပါဝင်ပါတယ်။
ပိုတက်ဆီယမ်ဓာတ်က ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ကို ဆီးထဲသို့ပါသွားစေပြီး ခန္ဓာကိုယ်တွင်းအရည်ပမာဏကို ထိန်းညှိပေးပါတယ်။
ထိုလေ့လာမှုမှာ လူပေါင်း ၂၅,၀၀၀ နီးပါးကို နှစ်ပေါင်း ၂၀ တိုင်အောင်စောင့်ကြည့်လေ့လာခဲ့ပါတယ်။
စတင်စောင့်ကြည့်ချိန်တုန်းက ပါဝင်အစမ်းသပ်ခံတဲ့ လူတွေရဲ့အသက်ဟာ အသက် ၄၀ မှ ၇၉ နှစ်ကြားဖြစ်ပါတယ်။
သူတိုရဲ့ နေထိုင်စားသောက်မှုပုံစံကို မေးမြန်းခဲ့ကြပြီး သွေးပေါင်ချိန်တိုင်းတာခဲ့ကြပါတယ်။
နေ့စဉ် ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်စားသုံးသလဲဆိုတာကိုသိရဖို့ ဆီးနမူနာစစ်ခဲ့ကြပါတယ်။
ပိုတက်ဆီယမ်စားသုံးမှု အနည်းအများပေါ်မူတည်ပြီး စမ်းသပ်ခံသူများကို အဖွဲ့များ ခွဲခြားခဲ့ပါတယ်။
လူလတ်ပိုင်းအရွယ်တွေမှာ တစ်နေ့ကို ပိုတက်ဆီယမ် ၃.၅ ဂရမ်ခန့်စားသုံးသင့်ကြောင်း WHO က အကြံပြုထားပါတယ်။
ဆန်းစစ်လေ့လာမှုအရ ပိုတက်ဆီယမ်အများဆုံးစားသုံးထားတဲ့အမျိုးသမီးတွေဟာ သွေးပေါင်ချိန်အနည်းဆုံးဖြစ်နေကြပါတယ်။
ပိုတက်ဆီယမ်ပမာဏ ၁ ဂရမ် ပိုမိုစားသုံးတိုင်း သွေးပေါင်ချိန် ၂.၄ မီလီမီတာမာကျူရီလျော့နည်းလာပါတယ်။
ဒါ့အပြင် ပိုတက်ဆီယမ်အများဆုံး စားသုံးတဲ့အမျိုးသမီးတွေက ပိုတက်ဆီယမ် အနည်းဆုံးစားသုံးသူတွေထက် နှလုံးရောဂါနဲ့လေဖြတ်ခြင်းအန္တရာယ်ဖြစ်နိုင်ချေ ၁၃ ရာခိုင်နှုန်းပိုနည်းပါတယ်။
အစားအစာထုတ်လုပ်ရေး ကုမ္ပဏီတွေအနေနဲ့ ဆိုဒီယမ်ပါဝင်တဲ့ဆားတွေအစား ပိုတက်ဆီယမ်ပါဝင်တဲ့ ဆားတွေနဲ့ အစားထိုးထုတ်လုပ်သင့်ကြောင်း အမ်စတာဒမ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'လစ်ဖာ့ဗော့'က ပြောပြခဲ့ပါတယ်။
ပိုတက်ဆီယမ် ပိုမိုရရှိရန်အတွက် အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲမျိုးစုံ၊ ငါး၊ နို့တို့ကို စားသုံးသင့်ပါတယ်။
ကျန်းမာစေဖို့အတွက်က အစားအစာချည်းသက်သက်အပေါ် မူတည်နေတာမဟုတ်ဘဲ အယ်လ်ကိုဟောသောက်သုံးမှုထိန်းချုပ်ခြင်းနဲ့ လှုပ်လှုပ်ရှားရှားနေဖို့ကလည်း အရေးကြီးပါတယ်။
Source: DailyMail
#Yangon_Media_Group
Page 1174 of 1468