#Local_News
Published_ 27 September 2023


ယခုနှစ်၂၀၂၃ခုနှစ်အတွက် ယူနက်စကိုမှကြီးမှူးကျင်းပသည့် ပဉ္စမအကြိမ်မြောက်လူငယ်ဓာတ်ပုံပြိုင်ပွဲ ‘ပိုးလမ်းမ ပေါ်ကလူငယ်မျက်ဝန်း’ တွင်မြန်မာလူငယ်ဓာတ်ပုံဆရာ နေလင်းထွန်း(၂၁)နှစ်မှ ရှမ်းပြည်နယ်ရှိမွေတော်ကက္ကူ ဘုရားမီးထွန်းပွဲပုံဖြင့် ဒုတိယဆုရရှိခဲ့ကြောင်းယူနက်စကို၏ထုတ်ပြန်ချက်အရသိရသည်။

 

အဆိုပါပြိုင်ပွဲကို အသက်အုပ်စုနှစ်အုပ်စုဖြင့်ကျင်းပခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ အသက်၁၄မှ၁၇အတွင်းနှင့်အသက် ၁၈မှ၂၅နှစ်အတွင်း လူငယ်ဓာတ်ပုံဆရာများပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

 

ယူနက်စကို၏‘ပိုးလမ်းမပေါ်ကလူငယ်မျက်ဝန်း’ဓာတ်ပုံပြိုင်ပွဲတွင် အသက်၁၈မှ၂၅အုပ်စု၌ ပထမဆုကို အီရန်မှ လူငယ်ဓာတ်ပုံဆရာက Hawraman village in Kurdistan regionမှတောင်တန်းနှင့်အဆောက်အဦးအလှအပပုံ ဖြင့်ဆုရရှိခဲ့ပြီး ဒုတိယဆုကို မြန်မာလူငယ်ဓာတ်ပုံဆရာ နေလင်းထွန်းမှ ‘မြန်မာဘုရားကျောင်းကြားမီးထွန်းပွဲ’ ခေါင်းစဉ်နဲ့ ရှမ်းပြည်နယ်ရှိမွေတော်ကက္ကူဘုရားတွင်ပအိုဝ်းတိုင်းရင်းသားအမျိုးသမီးများမီးထွန်းနေပုံဖြင့် ဆုရရှိခဲ့သည်။ ၂၀၂၂ခုနှစ်ကလည်း မြန်မာလူငယ်ဓာတ်ပုံဆရာအောင်ခန့်ကျော်မှဗုဒ္ဓရုပ်ပွားတော်နှင့်သံဃာတော် ပုံဖြင့် အသက်(၁၄)နှစ်မှ(၁၇)အုပ်စုတွင်ပထမဆုရရှိခဲ့သည်။

 

တတိယဆုကို တရုတ်နိုင်ငံမှ လူငယ်ဓာတ်ပုံဆရာမှ မြို့တော်ရှောင်ယန်၏ နှစ်ပေါင်း(၂၈၀၀)သက်တမ်းရှိ ရှေးဟောင်းမြို့ဟောင်းနှင့်ကာကွယ်ရေးတည်ဆောက်မှုဓာတ်ပုံဖြင့်ဆုရရှိခဲ့သည်ဟုဖော်ပြထားသည်။

 

အသက်(၁၄)မှ(၁၇)နှစ်အသက်အုပ်စုပြိုင်ပွဲတွင် ပထမဆုကို အိန္ဒိယ၊ဒုတိယဆုကိုနီပေါ၊တတိယဆုကို မွန်ဂိုလီးယားနိုင်ငံတို့မှ လူငယ်ဓာတ်ပုံဆရာများဆုရရှိခဲ့ပြီး ယင်းပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဓာတ်ပုံ၆၇၀၀ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတကာလက်ရွေးစင်ကော်မတီသေချာရွေးချယ်ခဲ့ကြောင်း သိရသည်။

 

#tthl #Local_News #ယူနက်စကို #ဓာတ်ပုံပြိုင်ပွဲ #ကမ္ဘာ့နိုင်ငံအသီးသီး
#Yangon_Times