#LocalNews
Published_6 October 2022
ရန်ကုန်မြို့ မြန်မာ့ကျောက်မျက်ရတနာပြတိုက်တွင် ယနေ့အောက်တိုဘာလ ၆ ရက်က တင်ဒါဖြင့်ရောင်းချခဲ့သည့် ရွှေတုံးနှင့်ရွှေစင်ခဲများကို ရွှေကုန်သည်များက ဈေးပြိုင်ပေး၍ ဝယ်ယူခဲ့ကြကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။
"ကြမ်းခင်းဈေး တစ်ကျပ်သားကို ၂၄ သိန်း နဲ့ဖွင့်ထားတယ်။အပြင်မှာ ဒီနေ့ အောက်တိုဘာလ ၆ ရက်နေ့မှာ တစ်ကျပ်သားကို ၂၆ သိန်း ဝန်းကျင်လောက်ရှိနေတယ်။ဒီနေ့ တင်ဒါမှာ တစ်ပိဿာစီခွဲရောင်းယ်။တစ်ပိဿာစီ ခွဲပြီး lot နံပါတ် 99900 က တစ်ကျပ်သားကို ၂၅ သိန်း သုံးသောင်းခွဲ lot နံပါတ် 999900 က ၂၅ သိန်း ၆ သောင်း ၊ lot နံပါတ် 9999900 က ၂၄ သိန်း နဲ့ လေလံ ရခဲ့ကြတယ်"ဟု ရွှေလုပ်ငန်းရှင်တစ်ဦး YMG ကို ပြောသည်။
ယနေ့တွင် ရန်ကုန်နှင့် မန္တလေးတို့တွင် ရွှေတုံးနှင့်ရွှေစင်ခဲ ၃ ပိဿာစီရောင်းချပေးသွာမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ယမန်နေ့တွင် ကြေညာထားခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် ယနေ့ ဒင်္ဂါးပြား တစ်ကျပ်သား ဈေးနှုန်းမှာ ၂၄ သိန်း ဖြစ်ပြီး နောက်နေ့များတွင်လည်း ဆက်လက် ရောင်းချနေမည် ဖြစ်ကြောင်း၊ဈေးနှုန်းမှာ တက်ဈေး၊ကျဈေး ရှိနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်က ပထမအကြိမ်အဖြစ် ရွှေစင်တုံးနှင့်ရွှေစင်ခဲ ၃ ပိဿာစီကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ထုတ်ရောင်းပေးခဲ့သော်လည်း ကြမ်းခင်းဈေးမှာ ၂၅ သိန်း ခွဲ ဖြစ်သောကြောင့် ယင်းအချိန်က ရွှေဈေးအကျဘက်ကို ရောက်လာနိုင်မည်ဟု သုံးသပ်ကာ တင်ဒါဝယ်ယူသူ မရှိခဲ့ပေ။
ymg/mt
#Yangon_Media_Group
#Local_News
Published _ 6 october 2022
ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ Yangon Book Plazaမှ စာအုပ်များကို ဈေးလျှော့ရောင်းပေးမည့် စာအုပ်ပွဲတော်ကျင်းပသွားမည်ဟု Yangon Book Plaza ရဲ့တာဝန်ရှိသူထံမှသိရသည်။
သီတင်းကျွတ်အထိမ်းအမှတ်အနေဖြင့် လျှော့စျေးများနှင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူမှ YMG ကို အခုလိုပြောကြားခဲ့သည်။
"စာအုပ်ပွဲတော်ကို သီတင်းကျွတ်အထိမ်းအမှတ်အနေနဲ့ အောက်တိုဘာလ ၇ ရက်နေ့ကနေနေ့ ၁၀ ရက်အထိ ကျင်းပမှာဖြစ်ပြီး ငါတို့စာပေတိုက်က ထုတ်ဝေတဲ့ စာအုပ်တွေက ၂၀ ရာခိုင်နှုန်းနဲ့ တခြားစာပေတိုက်က ထုတ်ဝေတဲ့ စာအုပ်တွေကို ၁၀ ရာခိုင်နှုန်း လျှော့ပေးမှာပါ" ဟု Yangon Book Plaza ရဲ့မန်နေဂျာက ပြောသည်။
ယခုလို လျှော့ဈေးနှင့် စာအုပ်ရောင်းပေးသည့်အတွက် စာဖတ်ပရိသတ်များအနေဖြင့် အဆင်ပြေနိုင်ကြောင်း သူက ဆိုသည်။
ဒါ့အပြင် စာအုပ်လေးအုပ်လျင် ကျပ်တစ်ထောင်၊ သုံးအုပ်လျင် ကျပ်တစ်ထောင်၊ တစ်အုပ်လျင် ငါးရာကျပ်၊ ရုပ်ပြစာအုပ် တစ်အုပ်လျင် ကျပ်တစ်ထောင်ဖြင့် ရောင်းချပေးသည့် အစီအစဉ်လည်းရှိကြောင်း သိရသည်။
Yangon Book Plaza ဟာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ သံဈေး၊ ငါးလွှာမှာ ရှိပြီး ယခင်ကလည်း စာအုပ်ပွဲတော်တွေ ကျင်းပခဲ့ကြောင်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
Published 6 Oct 2022
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်တစ်ခုက နေ့ကလေးထိန်းစင်တာတစ်ခုမှာ အောက်တိုဘာ ၆ရက် ကြာသပတေးနေ့က အစုလိုက်အပြုံလိုက် သေနတ်ပစ်ခံခဲ့ရတဲ့အတွက် အနည်းဆုံး လူ၃၁ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရသူက ပြောပါတယ်။ အဆိုပါသေနတ်ပစ်မှုဖြစ်ပွားတဲ့နေရဟာ နောင်ဘွာလမ်ပူပြည်နယ် ယူထိုင်းဆာဝန် နာကလန်း ခရိုင်မှာဖြစ်ပါတယ်။ အသတ်ခံရသူတွေအထဲမှာ ကလေးငယ်တွေနှင့် လူကြီးတွေပါဝင်တယ်လို့ ရဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေနတ်သမားမှာ ရဲအရာရှိဟောင်းတစ်ဦးဖြစ်ပြီး သူ့ကို ဖမ်းဆီးဖို့ လိုက်လံရှာဖွေနေတယ်လို့ပြောပါတယ်။ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ကြဖို့နှင့် လက်သည်တရားခံကို ဖမ်းမိရေးဆောင်ရွက်ကြဖို့ ဝန်ကြီးချုပ်က အေဂျင်စီတွေအားလုံးကို တပ်လှန့်ထားတယ်လို့ အစိုးရပြောရေးဆိုခွင့်ရသူကပြောပါတယ်။ ထိုင်းနိုင်ငံမှာ သေနတ်ပိုင်ဆိုင်သူတွေဟာ အခြားဒေသတွင်းနိုင်ငံတွေနှင့် ယှဉ်ရင် သိသိသာသာမြင့်မားပါတယ်။ ဒါပေမယ့် အဲဒီစာရင်းတွေထဲမှာ အင်မတန်များပြားလှတဲ့ တရားမဝင်လက်နက်တွေ မပါဝင်သေးပါဘူး။ အဲဒီတရား မဝင်လက်နက်တွေဟာ နယ်စပ်တွေကတစ်ဆင့် စိမ့်ဝင်နေကြပါတယ်လို့ ရိုက်တာကရေးပါတယ်။ ထိုင်းနိုင်ငံမှာ အစုလိုက်အပြုံလိုက်သေနတ်ပစ်ခံရတဲ့ကိစ္စက ရှားပါးကိစ္စပါ။ ဒါပေမယ့် ၂၀၂၀ မှာ စိတ်ဆိုးနေတဲ့ စစ်သားတစ်ဦးဟာ နေရာလေးနေရာမှာ သေနတ်နှင့်ပစ်ခတ်လို့ အနည်းဆုံး လူ၂၉ဦးကိုသတ်ပစ်ခဲ့ပြီး ၅၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ Source Reuters #Thailand #Thailand_Mass_shooting #Thailand
#Local_News
Published _6 October 20222
ယင်းမှာ ကုမ္ပဏီဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အရဖြစ်ပြီး လတ်တလောတွင် Puma Energy Asia Sun (PEAS) နှင့် National Energy Puma Aviation Services (NEPAS) တို့ရှိ အစုရှယ်ယာများကို ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုထံရောင်းချရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
National Energy Puma Aviation Service (NEPAS) အမည်ရှိ ဖက်စပ်ကုမ္ပဏီကို စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း၍ ထူထောင်ခဲ့ကာ လေယာဉ်ဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
Puma စွမ်းအင်ကုမ္ပဏီ အနေဖြင့် Asia Sun Energy (ASE) နှင့် အကျိုးတူ ပူးပေါင်းပြီး Puma Energy Asia Sun (PEAS) အမည်ဖြင့် မြန်မာ့ရေနံထွက်ကုန်ဖြန့်ဖြူးရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ပြီးလေယာဉ်ဆီအပါအဝင် အခြားလောင်စာဆီ တင်သွင်းရောင်းချခြင်းလုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှစတင်၍ ဖြန့်ဖြူးပေးနေသည့် ပြည်ပစွမ်းအင်ကုမ္ပဏီလည်း ဖြစ်သည်။
Puma စွမ်းအင်ကုမ္ပဏီက ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်းကစ၍ မြန်မာနိုင်ငံရှိ ယင်းတို့၏ လုပ်ငန်းများကို ယာယီရပ်ဆိုင်းထားကြောင်း ကြေညာခဲ့သေးသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_6 October 2022
အခြေခံစားသောက်ကုန်ပစ္စည်းတစ်ခုဖြစ်သည့် စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ကျပ် ၇၀၀၀ ဝန်းကျင်သို့ကျဆင်းလာကြောင်း ဈေးကွက်အတွင်းရှိ ရောင်းသူဝယ်သူများထံမှ သိရသည်။
ယင်းအပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အခြေခံလက်ကားရည်ညွှန်းဈေးကို တစ်ပါတ်တစ်ကြိမ်ထုတ်ပြန်ပေးနေပြီး ယခုတစ်ပါတ်တွင် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာကို ၄၀၂၀ ကျပ် ဖြစ်ပြီး ပြီးခဲ့သည့်တစ်ပါတ်ထက် ၆၀၀ ကျော်ကျဆင်းခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဈေးကွက်အတွင်း၌ အခြေခံစားသောက်ကုန်အချို့မှာ ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။
“ဈေးကတော့ အရမ်းကြီးကျတယ်လို့လည်းမဟုတ်ဘူး။ ကြက်သွန်ဈေးဆိုရင်လည်းကျလာပြီ။ ဆီဆိုရင်လည်း တဖြည်းဖြည်းချင်းကျနေပြီပေါ့။ ဘာပဲပြောပြောကုန်ဈေးနှုန်းကိုကျစေချင်တယ်။ ဒါမှလည်း အဆင်ပြေမှာ”ဟု တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ အိမ်ရှင်မတစ်ဦးကပြောသည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးထုတ် ပြန်ထားသည်။
ဈေးကွက်အတွင်း၌ စားအုန်းဆီဈေးနှုန်းကျဆင်းလာသော်လည်း ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီဈေးနှုန်းမှာတော့ ကုန်ကြမ်းရှားပါးခြင်းကြောင့် ဆက်လက်ဈေးမြင့်တက်နေခြင်း ဖြစ်သည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန်၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံကနေ အဓိထားတင်သွင်းနေရကြောင်း သိရသည်။
#ymg/STH
#Yangon_Media_Group
#Local_News
Published _6 October 20222
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ အိမ်အမှတ် အ၁ /၆၄ ၊ ၇၂ လမ်း၊၁၁၈လမ်းနှင့် ၁၁၈ A လမ်းအကြားရှိ နေအိမ်ဆေးဆိုင်တစ်ဆိုင်တွင် ယနေ့ အောက်တိုဘာလ ၆ ရက်နံနက် ၅ နာရီခန့်က အနုကြမ်းစီးကာ အမျိုးသမီးနှစ်ဦးအား သတ်ဖြတ်သွားသည့်အမျိုးသားတစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းမိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
အနုကြမ်းစီးသူက ဆေးဝယ်လို၍ တံခါးဖွင့်ပေးရန်ပြောဆိုသည့် အတွက် တံခါးဖွင့်ပေးစဉ်တွင် အဆိုပါ အမျိုးသမီးနှစ်ဦးကိုသတ်၍ နေအိမ်ရှိပစ္စည်းနှင့်ငွေများကို ယူဆောင်သွားကြောင်း၊ လူသတ်၍ အနုကြမ်းစီးသွားသူများကို မှတ်တမ်းများဖြင့် လိုက်လံရှာဖွေဖမ်းဆီးရမိထားကြောင်းလည်း သိရသည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၂လမ်း၊ ၁၁၈လမ်းနှင့် ၁၁၉လမ်းကြားတွင် အသက်ခြောက်ဆယ်အရွယ် မိခင်ဖြစ်သူနှင့် သမီးနှစ်ဦးအပါအဝင် သုံးဦးအတူ နေထိုင်၍ အိမ်ရှေ့တွင် ဆေးအရောင်းဆိုင် ဖွင့်လှစ်ထားရှိသည့် နေအိမ်ဖြစ်ကြောင်း၊ သမီးအငယ်နှင့်မိခင်ဖြစ်သူ နှစ်ဦးသာရှိနေချိန်တွင် လူသတ်ပစ္စည်းလုယူမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသွားသူများမှာ သားအမိနှစ်ဦးဖြစ်ပြီး သမီးမှာ အသက်နှစ်ဆယ်ခန့်အရွယ်၊ မိခင်မှာအသက်ခြောက်ဆယ်ခန့်အရွယ်တို့ ဖြစ်ကြောင်း ၊အဆိုပါနေအိမ်၌ သားအမိ သုံးဦးနေထိုင်ကြခြင်းဖြစ်ပြီး နောက်ထပ် သမီးတစ်ဦးမှာ အခင်းဖြစ်ပွားစဉ်တွင် နေအိမ်၌ ရှိမနေခဲ့ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _6 October 20222
မှတ်တမ်းရိုက်ကူးသူ ဂျပန်နိုင်ငံသား Toru Kubota ကို ထောင်ခုနစ်နှစ်ချမှတ်လိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယင်းကိုရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ နှင့် အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးပုဒ်မ ၃၃(က)အရ နှစ်မှုပေါင်းပြီး တစ်ပေါင်းတည်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခြင်းဖြစ်ကြောင်း၊ လဝက ၁၃(၁)အတွက် တရားရုံးစစ်ဆေး ဆဲဖြစ်ကြောင်း အဆိုပါသတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖော်ပြချက်အရ သိရသည်။
သြဂုတ် ၁၆ ရက်က ယင်း အဖမ်းခံထားရသည့် မှတ်တမ်းရိုက်ကူးသူဂျပန်နိုင်ငံသားကို အမှုအားလုံးပြတ်မှ လုပ်သင့်သည်ကိုလုပ်မည်ဖြစ်ကြောင်း နစက က ထုတ်ပြန်ခဲ့သေးသည်။
မစ္စတာ Toru Kubota ဆိုသူမှာ အသက် ၂၆ နှစ်အရွယ်ရှိပြီး ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုသစ်(တောင်ပိုင်း) City Max အနီး ဆန္ဒပြမှုတွင် အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်က နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်နှင့် ဂျပန်နိုင်ငံ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော် အမတ် Mr. Hiromichi Watanabe တို တွေ့ဆုံရာတွင် မစ္စတာ Toru Kubotaတိုရုကူဘိုတာ၏အမှုကိစ္စကိုလည်း ပြောဆိုခဲ့ကြသေးကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Military
Published 5 October 2022
မြောက်ကိုရီးယားက ကြာသပတေးနေ့မှာ တာတိုပစ်ပဲ့ထိန်းဒုံးကျည် ၂ စင်းကို ဂျပန်ဘက်သို့ဦးတည်ပြီး ပင်လယ်ထဲသို့ ပစ်ခတ်ခဲ့ပါတယ်။
ဒီပစ်လွှတ်မှုဟာ မြောက်ကိုရီးယားမှ လတ်တလောပစ်လွှတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ပြုလုပ်တဲ့ ကုလလုံခြုံရေးကောင်စီအစည်းအဝေးနဲ့ အမေရိကန်လေယာဉ်တင်သင်္ဘောကြီး ဒေသတွင်းသို့ပြန်လာခဲ့ပြီးနောက် အခုလို ထပ်မံပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ယခုဒုံးကျည်ပစ်လွှတ်ခြင်းဟာ ၁၂ ရက်အတွင်း ၆ ကြိမ်မြောက်ပစ်လွှတ်တာဖြစ်ပြီး အင်္ဂါနေ့တုန်းကလည်း တာလတ်ပစ်ဒုံးကျည်တစ်စင်းကို ဂျပန်အပေါ်ကနေကျော်ပြီး ပစ်ခတ်ခဲ့တာကြောင့် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ကာ တုံ့ပြန်ခဲ့ကြပါတယ်။
"စက်တင်ဘာလကုန်က စတွက်ကြည့်လိုက်ရင် ဒီလောက်အချိန်တိုအတွင်း ၆ ကြိမ်မြောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်၊ ဘယ်လိုမှ သည်းခံနိုင်စရာမရှိပါဘူး" လို့ ဂျပန်ဝန်ကြီးချုပ်'ဖူမီယိုကီရှီဒါ'က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ပစ်ခတ်မှုတွေအကြောင်း ကုလသမဂ္ဂနဲ့တိုင်ပင်ခဲ့တဲ့ အမေရိကန်ကို မြောက်ကိုရီးယားက ရှုတ်ချခဲ့ပြီး ၁ နာရီအကြာမှာပဲ အခုလိုထပ်မံပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွေက လုံခြုံရေးအရ စမ်းသပ်ခဲ့တာသာဖြစ်တယ်လို့ မြောက်ကိုရီးယားဘက်က ဆိုခဲ့ပါတယ်။
အမေရိကန်လေယာဉ်တင်သင်္ဘော ကိုရီးယားကျွန်းဆွယ်နားမှာ နေရာချထားတာကို မြောက်ကိုရီးယားက ရှုတ်ချလိုက်ကာ ဒါဟာ တည်ငြိမ်အေးချမ်းရေးကို ပြင်းထန်စွာခြိမ်းခြောက်ရာကျတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ဂျပန်နိုင်ငံအပေါ်ကနေကျော်ပြီး မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ခဲ့တာကြောင့် တုံ့ပြန်တဲ့အနေနဲ့ USS Ronald Reagan နဲ့အတူ စစ်သင်္ဘောအဖွဲ့လိုက်ကြီးက ချက်ချင်းနေရာပြန်ယူလာခဲ့တာဖြစ်ပါတယ်။
ကြာသပတေးနေ့က ဒုံးကျည်ပစ်လွှတ်မှုကို အမေရိကန်က ရှုတ်ချလိုက်ပြီး ဒါဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းများကိုချိုးဖောက်ရာကျသလို ဒေသတွင်းအိမ်နီးချင်းတွေနဲ့ နိုင်ငံတကာကိုလည်း ခြိမ်းခြောက်ရာကျတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း အမေရိကန်က မြောက်ကိုရီးယားနဲ့ သံတမန်ရေးဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် တောင်းဆိုထားပါတယ်။
နျူကလီးယားလက်နက်များထုတ်လုပ်နေတဲ့ မြောက်ကိုရီးယားကို ကုလလုံခြုံရေးကောင်စီမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံချမှတ်ဖို့အရေးကို ပိတ်ပင်ခဲ့တဲ့ တရုတ်နဲ့ရုရှားတို့အား အမေရိကန်က စွပ်စွဲလိုက်ပါတယ်။
တောင်ကိုရီးယားသမ္မတ'ယွန်ဆော့ယောလ်'က 'ကီရှီဒါ'နဲ့ ဖုန်းပြောဆိုခဲ့ရာမှာ အမေရိကန်နဲ့မဟာမိတ်ပူးပေါင်းမှုကို သေချာအောင်ပြုလုပ်ပြီး ဂျပန်နဲ့ပူးပေါင်းသွားမှာဖြစ်ကြောင်း အခိုင်အမာဆိုလိုက်ပါတယ်။
ဒုံးကျည်စမ်းသပ်မှုတွေပြုလုပ်နေတဲ့ မြောက်ကိုရီးယားအနေနဲ့ နိုင်ငံတကာမှ ပြင်းထန်တဲ့တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်သွားရမယ်လို့ တောင်ကိုရီးယားသမ္မတက သတိပေးလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ မဆင်မခြင်စမ်းသပ်မှုပြုလုပ်နေတာဖြစ်ပြီး ယခုနှစ်စကတည်းက သူတစ်နိုင်ငံတည်း ရန်ဆောင်တဲ့လုပ်ရပ်တွေ ပြုလုပ်နေတာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Wildlife
Published 6 October 2022
တိရိစ္ဆာန်အမျိုးအစားတွေထဲမှာ တောရိုင်းမျောက်တွေကနေ ကိုရိုနာဗိုင်းရပ်စ်နဲ့ တုပ်ကွေးဗိုင်းရပ်စ်တို့လို ရောဂါတွေ အလွန်ကူးစက်စေနိုင်ပါတယ်။
အန်ဂလီယာရပ်စ်ကင်တက္ကသိုလ်မှ သုတေသီများက တောရိုင်းတိရိစ္ဆာန်တွေကြား ထိုကဲ့သို့ရောဂါများပျံ့ပွားပုံကို လေ့လာချိတ်ဆက်ခဲ့ကြပါတယ်။
သူတို့လေ့လာချက်အရ မျောက်ရိုင်းတွေဟာ လူတွေအနီးနားမှာ အုပ်လိုက်နေထိုင်ကြကာ ရောဂါပျံ့ပွားသူတွေလို့ သတ်မှတ်နိုင်ပါတယ်။
မျောက်တွေက လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးအရှိဆုံးဖြစ်ပြီး တွေ့ရှိချက်များဖြင့် ခွဲခြားသိရှိနိုင်စေမယ်လို့ မျှော်လင့်နေကြပါတယ်။
ဒီသတ္တဝါတွေကို ကာကွယ်ဆေး ဒါမှမဟုတ် ဆေးကုသမှုပေးမယ်ဆိုရင် နီးကပ်စွာနေတဲ့နေရာက မျောက်တွေရော လူတွေပါ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
လေ့လာမှုပြုလုပ်ရာမှာ တောင်အာရှနဲ့ အရှေ့တောင်အာရှရှိ မြို့ပြနေရာတွေမှာ နေထိုင်တဲ့မျောက်တွေနဲ့ လူသားများကြား ကူးစက်ရောဂါပျံ့ပွားပုံကို ကွန်ပျူတာပုံစံများဖြင့် အသုံးပြုလေ့လာခဲ့ကြပါတယ်။
လူဦးရေ အကောင်ရေတွေ တိုးပွားလာတာနဲ့အမျှ လူသားတွေနဲ့ တောရိုင်းသတ္တဝါများ ပိုမိုနီးစပ်လာရဖို့ ရှိနေပါတယ်။
သုတေသီများက အိန္ဒိယမြောက်ပိုင်း၊ မလေးရှား၊ အိန္ဒိယတောင်ပိုင်းတို့မှ မျောက်အဖွဲ့ ၁၀ ကို လေ့လာခဲ့ကြပါတယ်။
ထို့နောက်အချက်အလက်တွေကို ကွန်ပျူတာထဲသို့ထည့်သွင်းကာ တုပ်ကွေး၊ ကိုရိုနာဗိုင်းရပ်စ်၊ ဝက်သက်စတဲ့ရောဂါများ ပျံ့ပွားပုံကို ပုံစံတူဖန်တီးခဲ့ကြပါတယ်။
ရလာဒ်တွေကတော့ ပျံ့ပွားမှုပမာဏဟာ အရင်ဆုံးကူးစက်ခဲ့တဲ့ မျောက်အဖွဲ့အပေါ်မူတည်နေပါတယ်။
အရင်ဆုံးကူးစက်တဲ့မျောက်ဟာ ကျန်တဲ့ကောင်အများအပြားနဲ့ ထိတွေ့ခဲ့ရင် ပျံ့ပွားမှုကြီးဖြစ်ပွားနိုင်ပါတယ်။
လူသားတွေနဲ့ အလွန်နီးစပ်တဲ့မျောက်တွေဟာ လူတွေကိုလည်း ရောဂါကူးစက်စေမှာဖြစ်ပါတယ်။
ထို့အတူ လူသားတွေဖြစ်တတ်တဲ့ အစာအိမ်လမ်းကြောင်းရောဂါနဲ့ အသက်ရှူလမ်းကြောင်းရောဂါတွေဟာလည်း မျောက်တွေထံ ကူးစက်တတ်ပါတယ်။
ဒါကြောင့် နောင်အခါ ရောဂါပျံ့ပွားမှုမဖြစ်ရအောင် မျောက်တွေကိုလည်း ကာကွယ်ဆေးထိုးပေးသင့်တယ်လို့ သုတေသီများ အကြံပြုကြပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published _ 6 October 2022
တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာလုပ်သား ၁၂၄ ဦးဟာ ယနေ့ရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သတင်းထုတ်ပြန်ထားသည်။
ကုန်ထုတ် Re-entry လုပ်သား ၁၁၀ ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး Re-entry လုပ်သား ၁၄ ဦးဟာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရောက်ရှိလာသည့် မြန်မာလုပ်သားများကို အလုပ်သမားသံအရာရှိမှ ကြိုဆို၍ အလုပ်သမားများ သိရှိလိုက် နာသင့်သည့်အချက်များအား မှာကြားခဲ့ပြီး လိုအပ်တာတွေ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရှိရသည်။
တောင်ကိုရီးယားအစိုးရအနေဖြင့် မြန်မာလုပ်သားတွေကို တရားဝင်ပြန်လက်ခံနေပြီးဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦးနှင့် ပြီးခဲ့သည့် စက်တင်ဘာလတွင် ၉၇၈ ဦးတို့ကို တရားဝင်ဝင်ခွင့်ပြုခဲ့ကြောင်း သိရသည်၊၊
#ymg/NN
#Yangon_Media_Group
#World_Health
Published 6 October 2022
အစားအစာထုတ်ကုန်တွေမှာ သကြားဓာတ်အများအပြားပါဝင်ရင် အနီရောင်အဝိုင်းနဲ့ အမှတ်အသားပြုလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပေမယ့် ဆိုင်တွေမှာ အချိုဓာတ်များတဲ့ ပစ္စည်းတွေသာ တွေ့ရတတ်ပြီး သကြားဓာတ်နည်းတဲ့ အစားအစာက အလွန်ရှားပါးသွားပါပြီ။
နို့တိုက်သတ္တဝါတွေဆိုရင် မိခင်နို့ရဲ့အချိုဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ် ကယ်လိုရီအရင်းအမြစ်များကို နှစ်ခြိုက်ကြပါတယ်။
လက်ရှိအချိန်မှာ သကြားနဲ့ အချိုဓာတ်ပေးနိုင်တဲ့အမှုန့်များ တွင်ကျယ်လာတဲ့အပြင် စားသောက်ကုန်လုပ်ငန်းများက အရသာအကောင်းမွန်ဆုံးရရှိစေရန် ထုတ်လုပ်လာတာကြောင့် အချိုဓာတ်များတဲ့အစားအစာ များပြားလာကာ ကျန်းမာရေးကို ခြိမ်းခြောက်လာပါတယ်။
ဂျေရုဆလမ် ဟီဘရူးတက္ကသိုလ်မှ အရသာကျွမ်းကျင်ပညာရှင် ပရော်ဖက်ဆာ'မာရှာနစ်ဗ်'က စမ်းသပ်မှုပြုလုပ်ခဲ့ရာမှာ အွန်လိုင်းမှရောင်းချတဲ့ စားသောက်ကုန်တွေကို စားသုံးသူ ထောင်ပေါင်းများစွာ သုံးသပ်ခဲ့ပြီး ချိုလွန်းတဲ့အစားအစာတွေကို အမှတ်အနည်းငယ်သာ ပေးခဲ့ကြပါတယ်။
စားသောက်ကုန်များအကြောင်း မှတ်ချက်ပေးကြရာမှာ ၇ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းလောက်က အချိုလွန်ကဲတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
အစားအစာတစ်ခုခုကို ချိုလွန်းတယ်လို့ မှတ်ချက်များလာရင် အခြားတစ်ခုကိုသာ ပြောင်းလဲသုံးစွဲလာကြပါတယ်။
အချိုလွန်ကဲရတဲ့ ပါဝင်ပစ္စည်းတွေထဲမှာ အချိုဓာတ်ပေးစွမ်းတဲ့အမှုန့်တွေကြောင့်လည်း ပါဝင်ပါတယ်။
သကြားလုံး၊ မုန့်၊ အချိုရည်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သုံးစွဲသူတွေလိုချင်တဲ့ အချိုနည်းတဲ့စားသောက်ကုန်တွေကို အသားပေးသင့်ပါတယ်လို့ ဆိုခဲ့ပါတယ်။
လူတွေကိုလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အချိုနည်းတဲ့အစားအစာကို စားသုံးချင်အောင် တိုက်တွန်းဖို့လိုအပ်သလို စားသောက်ကုန်လုပ်ငန်းတွေကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်စွာထုတ်လုပ်ဖို့ တိုက်တွန်းသင့်ပါတယ်။
အချိုကြိုက်လို့ အဝလွန် ဆီးချိုမဖြစ်နိုင်ပေမယ့် အချိုလွန်ကဲရင်တော့ ဖြစ်နိုင်ပါတယ်။
အချိုကြိုက်နှစ်သက်ခြင်းက အသက်အရွယ်၊ ကျား/မ၊ လူမျိုး၊ ယဉ်ကျေးမှု၊ လူတစ်ဦးချင်းစီအပေါ်လည်း မူတည်နေပါတယ်။
အစားရွေးတာက နှစ်သက်တဲ့အစားအစာနဲ့ ကိုက်ညီနေတာမဟုတ်ပါဘူး။
အချိုစားချင်တဲ့ဆန္ဒက စားသောက်ပုံစံနဲ့ ဗိုက်ပြည့်/မပြည့်အပေါ်လည်း မူတည်ပါတယ်။
လူတွေက ဝမ်းဝသွားတဲ့ခါ အချိုစားချင်စိတ်လျော့ပါးသွားပေမယ့် အလွယ်တကူစားသုံးနိုင်တဲ့ အစားအစာတွေကိုတော့ စားသုံးမိကာ အချိုဓာတ်များလာစေပါတယ်။
ဒါ့အပြင် လူတိုင်းက ချိုတိုင်းအရသာရှိတယ်လို့ မထင်ကြပါဘူး။
ဒါကြောင့် လူအများစုရဲ့ နှစ်ခြိုက်ပုံအရသာနဲ့ ကိုက်ညီတဲ့အတိုင်း ခွဲခြမ်းလေ့လာပြီး ထုတ်လုပ်သင့်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 5 Oct 2022
အိုပက်နှင့်အပေါင်း OPEC+ နိုင်ငံတွေဟာ အမေရိကန်ပြည်ထောင်စုက ဖိအားပေးနေတဲ့ကြားထဲက ရေနံထုတ်လုပ်မှုတွေကို ၂၀၂၀ ကိုဗစ်-၁၉ ကပ်ဘေးစသည့်အချိန်ကစလျှင် အနက်ရှိုင်းဆုံး ဖြတ်တောက်ရန် ဗုဒ္ဓဟူးနေ့က ဗီယင်နာမှာကျင်းပတဲ့ အစည်းအဝေးတစ်ခုအတွင်း သဘောတူခဲ့ကြပါတယ်။
အိုပက်နှင့်အပေါင်း နိုင်ငံတွေဟာ အိုပက်အဖွဲ့ဝင်နိုင်ငံတွေနှင့် အိုပက်အဖွဲ့ဝင်မဟုတ်တဲ့အခြားနိုင်ငံ ၁၀နိုင်ငံတို့ ပူးပေါင်း ဖွဲ့စည်းထားပြီး နိုင်ငံပေါင်း ၂၄နိုင်ငံပါဝင်တာပါ။
ဒီလိုရေနံထုတ်လုပ်မှုဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် လွန်ခဲ့တဲ့သုံးလက ရေနံတစ်စည် ဒေါ်လာ ၁၂၀ရှိရာကနေ ဒေါ်လာ၆၀အထိကျဆင်းလာခဲ့တဲ့အပေါ် ရေနံဈေးနှုန်းပြန်လည်ကောင်းမွန်လာဖို့ တွန်းအားဖြစ်လာစေပါလိမ့်မယ်။
အမေရိကန်က အိုပက်အဖွဲ့ကြီးကို ရေနံထုတ်လုပ်မှု မဖြတ်တောက်ပစ်ဖို့ တွန်းအားပေးခဲ့တယ်လို့ ဒီကိစ္စတွေနှင့်နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ခုက ရိုက်တာကိုပြောပါတယ်။
အခုဖြတ်တောက်ပစ်မယ့်ပမာဏာထဲမှာ ဆော်ဒီအာရေဗျတို့လို သူ့နိုင်ငံအလိုက် ဆန္ဒအလျောက်ထုတ်လုပ်မှုလျော့ချထား တာတွေပါဝင်သလား၊ အဖွဲ့အနေနှင့် လက်ရှိထုတ်လုပ်နေတဲ့အပေါ်လား ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။
အိုပက်အဖွဲ့နှင့်အပေါင်း နိုင်ငံတွေဟာ ဩဂုတ်လတုန်းက ရည်မှန်းထားတာတဲ့လျော့နည်းပြီး တစ်ရက်ကို ရေနံစည် ၃.၆သန်းထုတ်လုပ်ခဲ့ကြပါတယ်။ အခုတစ်ရက်ကို ရေနံစည် (၂)သန်းပဲထုတ်မယ်လို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။
“ဖြတ်တောက်မှုသိသာခဲ့လို့ ရေနံဈေးနှုန်းတက်လာရင် အမေရိကန်ရဲ့ သက်တမ်းအလယ် ရွေးကောက်ပွဲမတိုင်ခင်မို့ ဘိုင်ဒင်အစိုးရအတွက် ဒေါသထွက်စရာဖြစ်လိမ့်မယ်” လို့ Citi analysts ကမှတ်ချက်ပေးပါတယ်။
“ ဒါဆိုရင် အမေရိကန်ဆီကနေ နောက်ထပ် နိုင်ငံရေးတုန့်ပြန်ဆောင်ရွက်မှုတွေလာနိုင်တယ်။ အဲဒီအထဲမှာ NOPEC ဥပဒေကြမ်းကို အတည်ပြုတာမျိုးနှင့်အတူ မဟာဗျူဟာအရသိုလှောင်ထားရှိတဲ့ ရေနံတွေကို ထပ်ပြီး အပြင်ထုတ်ရောင်းပေးတာမျိုး လုပ်လာနိုင်တယ်” လို့ စီတီကဆက်ပြောပါတယ်။ အဲဒီ NOPEC ဥပဒေကြမ်းဆိုတာ အိုပက်အပေါ် စီးပွားရေးလက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေး antitrust ဥပဒေတစ်ခုဖြစ်ပါတယ်။
Pmorgan ကလည်း ဝါရှင်တန်ဟာ သူ့ရဲ့ လှောင်ထားတဲ့ရေနံတွေကို ပိုထုတ်ရောင်းတာမျိုးလုပ်လိမ့်မယ်လို့ ပြောပါတယ်။
ဆုံးဖြတ်ချက်ဟာ နည်းပညာအရသာဖြစ်တယ် နိုင်ငံရေးမဟုတ်ဘူးလို့ ယူအေအီး စွမ်းအင်ဝန်ကြီး ဆူဟေးလ် အယ်လ် မက်ရိုယီကပြေပါတယ်။ ဒါကို နိုင်ငံရေးအဖွဲ့အစည်းအနေနှင့်သုံးမှာမဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။
အဆိုပါအစည်းအဝေးသို့ အိုပက်နှင့်အပေါင်း နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ် အလက်ဇင်းဒါး နိုဗက်လည်း တက်ရောက်ခဲ့ပါတယ်။
Source: Agencies
#OPEC+
#US_Oil_Politics
#US_Vs_OPEC
Page 1045 of 1471