#Local_News
Published_ 27 April 2023
ပြင်ပရွှေပေါက်ဈေးဟာ ဧပြီလ ၂၇ရက်နေ့မနက်ပိုင်းက ၂၉သိန်း ၉ သောင်းခန့်သာရှိနေရာမှ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၃နာရီဈေးနှုန်းတွင် ငွေကျပ်သိန်း ၃၀ ကျော်ခန့်ပေါက်ဈေးအထိ ဈေးမြင့်လာကြောင်း ရန်ကုန်ရွှေဈေးကွက်ထဲမှ စုံစမ်းသိရှိရပါသည်။ ရန်ကုန်တိုင်းရွှေအသင်းကတော့ ယခုဖြစ်ပေါ်နေသည့် ကမ္ဘာ့ရွှေဈေးနှုန်းပေါ် မူတည်၍ ရန်ကုန်တိုင်းရွှေအသင်းအမြင်အရ ရွှေဆိုင်များ ရွှေကုန်သည်များအနေဖြင့် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားအား ငွေကျပ်၂၉သိန်းအောက်ဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်သင့်ကြောင်း သုံးသပ်ထားပါသည်။
လက်ရှိမှာရွှေဈေးအမြင့်ပိုင်းမှာ ရှိနေသည့်အတွက် ဈေးကွက်ထဲမှာ အရောင်းရောအဝယ်ပါအေးနေကြောင်း ရန်ကုန်ရွှေလုပ်ငန်းရှင်တွေက YMG ကိုပြောသည်။
ကမ္ဘာ့ရွှေဈေးဟာလည်း ဧပြီလ ၂၇ရက်နေ့မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၉၉ ဒေါ်လာဈေးဖွင့်ထားသည်။ ကမ္ဘာ့ရွှေဈေးဆက်တိုက်မြင့်တက်နေသည့်အတွက် ပြည်တွင်းဈေးဟာလည်း မြင့်တက်နေတာဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်တွေကသုံးသပ်နေကြသည်။
#ymg/ynzw #Local_News #ပြင်ပရွှေပေါက်ဈေး #အရောင်းအဝယ်ပြုလုပ် #ရန်ကုန်ရွှေအသင်း #YMG #Yangon-Media-Group
#Local_News
Published_ 27 April 2023
မော်တော်ယာဉ်အားလုံး ဖောင်ကြွနံပါတ်ပြား ပုံစံအသစ်ပြောင်းလဲတပ်ဆင်မှုပြီးစီးရန် အစိုးရရုံးပိတ်ရက်သုံးရက်တွင်ပါ လုပ်ငန်းတွေထပ်တိုးဆောင်ရွက်ပေးသွားမယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက အသိပေးကြေညာပါတယ်။
ကညနမှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်အားလုံး မတ်လ ၃၁ ရက်နေ့အပြီး ဖောင်းကြွနံပါတ်ပြား ပုံစံအသစ် ပြောင်းလဲတပ်ဆင်ရမှာဖြစ်ပေမယ့် ယာဉ်တချို့ ပြောင်းလဲဖို့ ကျန်နေသေးတဲ့အတွက် ဧပြီလကို ပညာပေးကာလအဖြစ် သတ်မှတ်ပြီး ဆက်လက်ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
ပညာပေးကာလကျော်လွန်ပါက လိုအပ်သလို စစ်ဆေးအရေးယူတာတွေ ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ပညာပေးကာလမကုန်မီ အချိန်မီပြီးစီးဖို့ လာမယ့် ဧပြီ ၂၉၊ ၃၀ ရက်နဲ့ မေ ၁ ရက်တို့မှာ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ဆောင်ရွက်ပေးမယ်လို့ ကညနက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
#ygm_mnn #Local_News #ဖောင်းကြွနံပါတ်ပြား #ဧပြီလကုန်ရုံးပိတ်ရက် #ကညနထုတ်ပြန်
#YMG #Yangon_Media_Group
#Local_News
Published_ 27 April 2023
မန္တလေးမြို့က မီးဘေးသင့်ပြည်သူ အိမ်ထောင်စုဝင်(၇)စုကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအားပေးခဲ့ကြောင်း သိရသည်၊၊
၂၀၂၃ခုနှစ် ဧပြီလ(၂၆)ရက်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအနောက်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု (၇)စုမီးဘေးသင့်ခဲ့ရခြင်းဖြစ်သည်၊၊
ဧပြီလ(၂၇)ရက်တွင် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ အောင်မြေသာစံမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက မီးဘေးယာယီစခန်းသို့ သွားရောက်ကာ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုများပြုလုပ်ပေးခဲ့ကြသည်ဟု ဆိုသည်၊၊
ယင်းသို့ပြုလုပ်ပေးရာတွင် အိမ်ထောင်စု(၇)စုအတွက် အိမ်ထောင်စုတစ်စုလျှင် မိသားစုသုံးပစ္စည်း(၁)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်း(၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ ရေပုံး(၁)ပုံးကိုထောက်ပံ့ပေးအပ်ခဲ့ကြပြီး စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်၊၊
#ymg/tthl #Local_News #မန္တလေး #မီးဘေးယာယီစခန်း #မီးဘေးသင့်အိမ်ထောင်စု(၇)စု
#YMG #Yangon_Media_Group
#Local_News
Published_ 27 April 2023
အာဆီယံ-လန်ဒန် ကော်မတီနှင့် ဗြိတိသျှဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံတက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
လန်ဒန်မြို့ရှိ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ် ဦးထွန်းအောင်ကျော်သည် ဧပြီ ၂၆ ရက်တွင် ဗြိတိသျှ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး၌ကျင်းပတဲ့ လန်ဒန်မြို့ အခြေစိုက် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) မှ အာဆီယံသံရုံးအကြီးအကဲများနှင့် ဗြိတိသျှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး The Rt Hon Anne Marie Trevelyan တို့အကြား တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးပွဲ၌ အာဆီယံနှင့်ဗြိတိန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရာတွင် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုနှင့် ရှေ့ဆက်လက်တွဲဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်တဲ့ အခွင့်အရေးများ၊ အာဆီယံ-ဗြိတိန် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်နေမှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါတယ်။
#ygm_mnn #Local_News #အာဆီယံ #လန်ဒန် #ဗြိတိသျှဒုတိယ #မြန်မာသံရုံး
#YMG #Yangon_Media_Group
#Local_News
Published _27 April 2023
လူရည်ချွန် ၄၇၈ ဦးကို ပုဂံ၊ တောင်ကြီး၊ ငွေဆောင်စသော လူရည်ချွန်စခန်းများသို့ လေ့လာရေးစေလွှတ်မည်ဖြစ်ကြောင်း နစကဥက္ကဌက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား တွေ့ဆုံ၍ ဩဝါဒစကားမြွက်ကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယခုပညာသင်နှစ်တွင် အဋ္ဌမတန်းလူရည်ချွန် ၁၆၀၊ ဒသမတန်း လူရည်ချွန် ၁၆၀၊ ဧကဒသမတန်းလူရည်ချွန် ၁၅၈ ဦး စုစုပေါင်း ၄၇၈ ဦးကို ရွေးချယ်မွေးထုတ်နိုင်ခဲ့ပြီး ပုဂံ၊ တောင်ကြီး၊ ငွေဆောင် စသည့် လူရည်ချွန်စခန်းအသီးသီးကို လေ့လာရေးခရီးစဉ်စေလွှတ်မည်ဟု ယင်းကဆိုသည်။
"လူရည်ချွန်စီမံကိန်း ”ကို ၁၉၆၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၈၈ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုလူရည်ချွန်စီမံကိန်းအထိ ဆောင်ရွက်နိုင်ခဲ့ကာ၁၉၈၈ ခုနှစ်မှစပြီး ခေတ္တရပ်နားခဲ့သည့် “လူရည်ချွန်စီမံကိန်း”ကို ၂၀၁၃ ခုနှစ်တွင် “ဘက်စုံပညာထူးချွန် လူငယ်စီမံကိန်း”အဖြစ် ပြန်လည် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊၂၀၁၈ ခုနှစ်တွင် “လူရည်ချွန်စီမံကိန်း” အမည်နှင့် ပြန်လည်ဆောင်ရွက်ခဲ့၍ လာမည့်နှစ်တွင် နှစ် ၆၀ ပြည့်မည်ဖြစ်ကြောင်းသိရသည်။
လူရည်ချွန်စီမံကိန်းကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစပြီး ကိုဗစ်- ၁၉ ရောဂါကြောင့် ခေတ္တရပ်နားခဲ့ရာမှ ယခု ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#ymg/pl #Local_News #လူရည်ချွန် #ပုဂံ #တောင်ကြီး #ငွေဆောင် #လူရည်ချွန်စခန်း
#YMG #Yangon _Media_ Group
#Point_Of_View
Published_ 27 April 2023
အပူချိန်မြင့်တက်လာကြောင့် ချွေးထွက်တာက ကျန်းမာရေးအတွက်ပိုကောင်းပါတယ်။
#Point_Of_View #အပူဒဏ်အန္တရာယ် #Dr.KML
#YMG #Yangon_Media_Group
#Local_News
Published-27 April 2023
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ဧရာဝတီမြစ်အတွင်း ရေနစ်သေဆုံးသူ ၃ ဦးမှ ပျောက်ဆုံးနေသူ အမျိုးသား ၁ ဦး၏ ရုပ်အလောင်းကို ဧပြီလ ၂၇ရက် နံနက် ၆ နာရီ ၁၆ မိနစ်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်းက သိရသည်။
"ပျောက်ဆုံးနေသူ ရုပ်အလောင်းကို ယနေ့နံနက်က ရေနစ်တဲ့နေရာရဲ့ အောက်ဘက်နားမှာတွေ့တာဖြစ်ပါတယ်။ ရေစီးနှင့်မျှောပါသွားပြီး စီးကြောင်းအပြင်ဘက်ကို ထွက်သွားတဲ့သဘောပါ။ ဒီမနက်မှာတွေ့ပါပြီ"ဟု အဆိုပါ လူမှုကူညီကယ်ဆယ်ရေးအသင်းက သိရသည်။
ဖြစ်စဉ်မှာဧပြီလ ၂၆ ရက်၊ ညနေ ၅ နာရီဝန်းကျင်ခန့်က ပဲခူးတိုင်းဒေသကြီး-အနောက်ပိုင်း(ပြည်ခရိုင်)ပြည်မြို့တွင် ဧရာဝတီမြစ်အတွင်းမိသားစုဝင် ၆ ဦး ရေဆင်းချိုးကြရာမှ ရေနစ်မှုဖြစ်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ အမျိုးသမီး ၃ ဦးကို မြေပြင်အရေးပေါ်ကုသပေး၍ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရေနစ်သူများအား ဆက်လက်ရှာဖွေခဲ့ရာတွင် သေဆုံးသူ ၃ဦးအနက်မှ ၂ဦးကို ဧပြီလ၂၆ရက် ည ၇ နာရီ ၁ မိနစ်တွင် ၁ဦး၊ ည ၇ နာရီ ၅ မိနစ်တွင် ၁ဦးတွေ့ရှိခဲ့ပြီး ကျန်၁ဦးကို ဧပြီ ၂၇ ရက် နံနက် ၆နာရီ ၁၆ မိနစ်က ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရေနစ်ခဲ့သူများမှာ အသက် ၁၃နှစ်အရွယ် ကောင်လေး၁ဦး၊ အသက် ၂၀ ဝန်းကျင်ခန့် အမျိုးသား၂ဦး၊ အသက်၃၀မှ၄၀ ဝန်းကျင် အမျိုးသမီး ၃ဦးတို့ဖြစ်ကြကြောင်းသိရသည်။
#ymg/pl #Local_News #ဧရာဝတီမြစ် #ပျောက်ဆုံးနေသူ
#YMG #Yangon-Media-Group
#World_Politics
Published 27 April 2023
ရုရှားတို့ ယူကရိန်းကိုကျူးကျော်ပြီးနောက်ပိုင်း တရုတ်သမ္မတ'ရှီကျင့်ဖင်'ဟာ ဗုဒ္ဓဟူးနေ့က ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'နဲ့ ပထမဆုံးအကြိမ် စကားပြောဆိုခဲ့ပါတယ်။
ဒါဟာ ယူကရိန်းဘက်က လူသိရှင်ကြားဆွေးနွေးရန် ကာလကြာရှည်မျှော်မှန်းထားတဲ့ မျှော်လင့်ချက်ကို ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။
နာရီကြာဖုန်းပြောဆိုခဲ့ခြင်းအကြောင်း ဇယ်လန်စကီက ဖော်ပြခဲ့ပြီး ရုရှားရဲ့အင်အားအကြီးမားဆုံးမိတ်ဆွေနဲ့ ဆက်ဆံရေးနီးစပ်ဖို့အခွင့်အရေး အရေးပါပုံကို ပြောပြခဲ့ကာ အစိုးရဝန်ကြီးဟောင်းတစ်ဦးကို တရုတ်ဆိုင်ရာယူကရိန်းသံအမတ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
တရုတ်အနေနဲ့ ယူကရိန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ပြီး ငြိမ်းချမ်းရေးရရှိရန် ပါတီအားလုံးနဲ့ဆွေးနွေးသွားမှာဖြစ်တယ်လို့ ရှီကျင့်ဖင်က ဇယ်လန်စကီကိုပြောပြခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြခဲ့ပါတယ်။
တရုတ်ရဲ့နိုင်ငံရေးအာဏာကိုအသုံးချပြီး ငြိမ်းချမ်းရေးဖော်ဆောင်လို့ရမယ့် အခြေခံမူများနဲ့စည်းမျဉ်းများ ဖြည့်တင်းနိုင်ရန် အခွင့်အရေးရှိနေကြောင်း ဇယ်လန်စကီက ညနေခင်းဗီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းများမှ စပါးတင်ပို့မှုသဘောတူညီချက်ကို သက်တမ်းတိုးရန်အတွက် ရှီကျင့်ဖင်ကထောက်ခံစကားဆိုခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ရုရှားကျူးကျော်မှုကို ရှုတ်ချရန်ငြင်းပယ်ခဲ့တဲ့ ဩဇာအရှိဆုံးခေါင်းဆောင်ရှီကျင့်ဖင်ဟာ ပြီးခဲ့တဲ့လကလည်း ရုရှားသို့သွားရောက်လည်ပတ်ခဲ့ပါတယ်။
တရုတ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အရှိန်မြှင့်ဖို့အာရုံစိုက်ကာ တတ်နိုင်သမျှအမြန်ဆုံးအပစ်အခတ်ရပ်စဲရေးအတွက်လည်း ကြိုးပမ်းသွားမှာဖြစ်ကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြထားပါတယ်။
ကုလလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နဲ့ တာဝန်သိနိုင်ငံကြီးတစ်နိုင်ငံအနေဖြင့် တရုတ်ဟာ ဘေးထွက်ထိုင်နေမှာမဟုတ်သလို မိမိအကျိုးရဖို့အတွက် ပြဿနာပိုကြီးထွားအောင်လည်း ပြုလုပ်မှာမဟုတ်ကြောင်း ရှီကျင့်ဖင်ကဆိုပါတယ်။
အမေရိကန်အိမ်ဖြူတော်ကလည်း သူတို့ဖုန်းပြောဆိုမှုကို ကြိုဆိုလိုက်ကာ ငြိမ်းချမ်းရေးသဘောတူညီချက်ရ/မရကိုတော့ ပြောရန်စောလွန်းသေးတယ်လို့ ဆိုပါတယ်။
ကျူးကျော်စစ်ဆင်နွှဲတဲ့ရုရှားကို တရုတ်တို့က ထောက်ပံ့မှုတွေပြုလုပ်နေတယ်လို့ စွပ်စွဲထားကြရာ တရုတ်ကတော့ မည်သည့်ဘက်ကမှ မပါတာကြောင့် ကြားဝင်ဖျန်ဖြေဖို့သာ ကြိုးစားနေတာဖြစ်ကြောင်း ရှင်းပြထားပါတယ်။
ယူကရိန်းပဋိပက္ခများအပေါ် တရုတ်ကူညီဖြေရှင်းပေးနေတာတွေက ပွင့်လင်းမျှတမှုရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယူရေးရှန်ဌာနလက်ထောက်အကြီးအကဲ'ယူကျန်'က ပြောကြားခဲ့ပါတယ်။
တရုတ်ရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်က မပြတ်မသားနိုင်လွန်းပြီး စစ်ပွဲလွတ်မြောက်ဖို့ သေချာတဲ့အခွင့်အလမ်းမတွေ့ရဘူးလို့ အနောက်နိုင်ငံတွေက ထောက်ပြခဲ့ပါတယ်။
Source: Reuters #World_Politics #ယူကရိန်း #ရုရှားကျူးကျော် #ပထမဆုံးအကြိမ်
#YMG #Yangon_Media_Group
#Local_News
Published_ 27 April 2023
အရှေ့ဘက်မှ ရွေ့လျားလာသောလေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာသောတိမ်တိုက်များကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်း ဧပြီလ ၃၀ရက်နေ့မှ မေလ ၃ ရက်နေ့အတွင်းနေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံပြည်နယ်နှင့်တိုင်းအများအပြားတွင် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၂၆ရက်နေ့ ညနေပိုင်းက ထုတ်ပြန်လိုက်သည်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဒေသအများအပြားတွင် အပူချိန် စံချိန်တင်မြင့်တက်နေမှုကြောင့် ဒေသတချို့တွင်ရေရှားပါးမှုနှင့် ကြုံတွေနေရခြင်းများအပြင် အပူချိန်မြင့်တက်မှုကြောင့် အသက်ဆုံးရူံးသည်အထိ ဖြစ်ပွားနေကြောင်း ပရဟိတအသင်းများမှ သိရသည်။
အချိန်အခါမဟုတ်မိုးရွာသွန်းမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မိုးတိမ်တောင်များဖြစ်ထွန်းခြင်း၊ အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလမှ သတိပေးချက်ထုတ်ပြန်ထားပါသည်။
#ymg/ynzw #Local_News #ရန်ကုန် #ပြည်နယ်အများအပြား #မိုးရွာနိုင်
#YMG #Yangon-Media-Group
#Local_News
Published_ 27 April 2023
နေ့အပူချိန်ပြင်းထန်တာကြောင့်အမျိုးသား ၁ ဦး လဲကျကာ ကိုယ်အပူချိန်မြင့်တက်ခြင်းနဲ့ တက်ခြင်းတို့ဖြစ်ပြီး မြေပြင်ကုသမှု လုပ်နေစဉ် သေဆုံးမှု သာကေတမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရသည်။
ရန်ကုန်တိုင်း သာကေတမြို့နယ် မြင်တော်သာလမ်းမကြီး ရုပ်ရှင်ရုံထိပ်အနီးတွင် ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်းက အသက်(၄၀)ဝန်းကျင်ခန့် အမျိုးသားတစ်ဦးလဲကျနေကြောင်း အကြောင်းကြားလာသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ အချိန်နှင့်တပြေးညီ သွားရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားမှာ ခန္ဓာကိုယ်အပူရှိန်မြင့်တက်ခြင်း၊ တက်ခြင်းတို့ဖြစ်ပေါ်နေပါသဖြင့် မိတ်ဖက်အသင်းများနှင့်ပူးပေါင်းပြီး မြေပြင်ကုသမှုပေးခဲ့သော်လည်း ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့လည်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က ပြောကြားသည်။
#ymg/ppk #Local_News #သာကေတ #ကိုယ်အပူချိန်မြင့်တက်ခြင်း #တက်ခြင်း
#YMG #Yangon-Media-Group
#World_Health
Published 27 April 2023
လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်ညမှာ အိပ်ချိန်အနည်းဆုံး ၇ နာရီလိုအပ်တာကို သိရှိထားပြီးဖြစ်ပါတယ်။
မနက်ပိုင်းမှာ ကော်ဖီသောက်လိုက်ရုံဖြင့် တစ်နေ့တာလုံလောက်မယ်လို့ ထင်နေတတ်ကြပါတယ်။
ညဘက်အိပ်စက်ရာမှာ ဦးနှောက်က အိပ်စက်ခြင်းအဆင့် ၄ ဆင့်ကိုဖြတ်သန်းဖို့ အချိန်လိုအပ်ကြောင်း အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ဒေါက်တာ'ရေချယ်ရှာမန်'က ပြောကြားခဲ့ပါတယ်။
၈ နာရီကြာအိပ်စက်ကာလအတွင်း အဆင့် ၄ ဆင့်ဟာ ကြိမ်ဖန်များစွာဖြစ်ပျက်နေတာဖြစ်ပါတယ်။
တစ်ညအတွင်း အိပ်စက်ခြင်းစက်ဝန်း ၄ ကြိမ်မှ ၆ ကြိမ်ခန့်ဖြတ်သန်းရတတ်ပြီး စက်ဝန်းကြာချိန်တော့ မတူညီတတ်ပါဘူး။
အိပ်ရေးမဝတဲ့အခါ နှလုံးသွေးကြောရောဂါများ၊ ဇီဝဖြစ်စဉ်ချို့ယွင်းခြင်း၊ ကင်ဆာတို့ ဖြစ်နိုင်ချေများကြောင်း ဆိုပါတယ်။
လုံလောက်စွာအိပ်စက်ရတဲ့အခါ ဘယ်လိုမျိုးကျန်းမာသက်ရှည်စေသလဲဆိုတာကို သုတေသီများဆွေးနွေးခဲ့ကြပါတယ်။
- ဦးနှောက်ဆေးကြောခြင်း
ဦးနှောက်ထိုင်းမှိုင်းနေတာတွေကို ရှင်းလင်းဖို့ ကောင်းစွာအိပ်စက်ရန်လိုအပ်ပြီး အလင်းရောင် ၂၀ ရာခိုင်နှုန်းကို ပိတ်ထားဖို့လိုအပ်ပါတယ်။
ဦးနှောက်မှာ အနည်ထိုင်နေတဲ့ ပရိုတိန်းအညစ်အကြေးတွေကို ဖယ်ရှားခြင်းဖြင့် အယ်လ်ဇိုင်းမားလိုရောဂါမျိုး ဖြစ်နိုင်ချေနည်းပါးသွားပါတယ်။
- အခက်အခဲကြားတွင် အကြံဉာဏ်ပေါ်ထွက်ခြင်း
မော့စ်လေဆိုတဲ့လူက စမ်းသပ်မှုပြုလုပ်ရာမှာ ဝင်္ကပါအလယ်ကနေ ထွက်နိုင်ဖို့ မိနစ် ၃၀ လောက်ကြိုးစားခဲ့ရပေမယ့် ညဘက်ကောင်းစွာအိပ်စက်ခဲ့ပြီးနောက်မှာတော့ ၆ မိနစ်ဖြင့် ပြီးမြောက်နိုင်ခဲ့ပါတယ်။
နေ့ခင်းဘက်နိုးကြားနေစဉ် မကြံနိုင်တဲ့အရာတွေကို အိပ်နေစဉ်မှာ ဆက်စပ်ပေးသွားပြီး အရင်နေ့တွေက ကိုယ်တိုင်သတိမထားမိတာတွေကိုပါ မှတ်မိနေတတ်ပါတယ်။
- ခုခံအားမျိုးရိုးဗီဇတွေကို ငြိမ်သက်စေခြင်း
အိပ်ရေးပျက်တဲ့အခါ အချို့သောမျိုးရိုးဗီဇတွေ လှုပ်ရှားလာပြီးအလုပ်လုပ်တာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။
ခုခံအားစနစ်က အလုပ်မလုပ်သင့်တဲ့အချိန်မှာ လုပ်ဆောင်တာဟာ မဖြစ်သင့်သလို တုန့်ပြန်စရာရောဂါပိုးလည်း မရှိပါဘူး။
မကြာခဏအိပ်ရေးပျက်လာတဲ့အခါ ဆိုးကျိုးတွေစုပြုံလာပြီး ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါတယ်။
- အိပ်ရေးဝခြင်းဖြင့် ကိုယ်အလေးချိန်ထိန်းထားနိုင်ခြင်း
လက်ပ်တင်ဆိုတဲ့ဟော်မုန်းကို ခန္ဓာကိုယ်ထဲက အဆီဆဲလ်တွေကထုတ်လုပ်ပြီး ခန္ဓာကိုယ်ထဲမှာ အဆီတွေများလာတဲ့အခါ လက်ပ်တင်ပမာဏမြင့်တက်သွားပြီး အဆီသိုလှောင်မှုလုံလောက်ပြီလို့ သတင်းပေးပါတယ်။
အိပ်ရေးပျက်တဲ့အခါ လက်ပ်တင်ပမာဏနည်းပါးသွားပြီး အဆီလုံလောက်ပြီဆိုတဲ့သတင်းကို မပို့ပေးနိုင်တော့ပါဘူး။
Source: CNA #World_Health #ညဘက်အိပ်ရေးဝခြင်း #အိပ်ရေးပျက်ခြင်း
#YMG #Yangon_Media_Group
#World_Health
Published 27 April 2023
ကိုဗစ်ရောဂါပြင်းထန်ပြီး အသက်ရှူကိရိယာအကူအညီလိုအပ်ခဲ့သူများဟာ ၆ လအတွင်း နှလုံးခုန်မမှန်ခြင်းအခြေအနေဖြစ်နိုင်ချေ ၁၆ ဆပိုများကြောင်း ဥရောပနှလုံးခုန်နှုန်းအဖွဲ့အစည်းက လေ့လာတွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် ကိုဗစ်ရောဂါဆိုးရွားစွာခံစားခဲ့ရသူတွေမှာ အခြားသောနှလုံးခုန်မူမမှန်ခြင်းအခြေအနေများလည်း ဖြစ်နိုင်ချေများကြောင်း EHRA 2023 သိပ္ပံရေးရာကွန်ဂရက်မှာ တင်ပြခဲ့ပါတယ်။
နှလုံးခုန်မြန်ခြင်းအခြေအနေဆိုတာ အသက်အန္တရာယ်ပေးနိုင်တဲ့ဝေဒနာဖြစ်ပြီး ပုံမှန်အတိုင်းသွေးညှစ်ထုတ်နိုင်ဖို့အတွက် သွေးလွှတ်ခန်းက အလွန်မြန်ဆန်စွာအလုပ်လုပ်နေရကာ ခန္ဓာကိုယ်ကို အောက်ဆီဂျင်မလုံလောက်တဲ့သွေးတွေ ပျံ့နှံ့သွားစေပါတယ်။
နောက်တစ်မျိုးက နှလုံးခုန်နှုန်းပုံမှန်မဟုတ်ဘဲမြန်ဆန်နေကာ အသက်ရှူမဝခြင်းနဲ့ လေဖြတ်ခြင်းအန္တရာယ် မြင့်မားစေတာဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ နှလုံးခုန်နှုန်းနှေးတဲ့အတွက် နှလုံးစက်တပ်ထားရတဲ့ အခြေအနေဖြစ်ပါတယ်။
ကိုဗစ်ရောဂါပြင်းထန်စွာဖြစ်ပွားပြီးနောက် နှလုံးခုန်မမှန်ခြင်းမျိုးက ဖြစ်နိုင်ချေနည်းပေမယ့် ရောဂါမပြင်းထန်တဲ့သူတွေထက်တော့ ဖြစ်နိုင်ချေအလွန်ပိုများကြောင်း ဆွီဒင်စတော့ခ်ဟုမ်း ကယ်ရိုလင်စကာတက္ကသိုလ်မှ ဒေါက်တာ'မားကပ်စ်စတာဘာ့ဂ်'က ပြောပြခဲ့ပါတယ်။
လေ့လာမှုလုပ်တဲ့အထဲမှာ အသက်အရွယ်ကြီးခြင်းနဲ့ အမျိုးသားများက ကိုဗစ်ပြင်းထန်နိုင်ချေများတဲ့သူတွေဖြစ်ပါတယ်။
ကိုဗစ်ပြင်းထန်စွာဖြစ်ပွားပြီးနောက် နှလုံးလှပ်သလိုခံစားရခြင်း ပုံမှန်နှလုံးခုန်မူမှန်ခြင်းတို့ ခံစားရသူတွေဟာ နှလုံးခုန်မမှန်ခြင်းအခြေအနေ ဖြစ်လာနိုင်ချေရှိနေပါတယ်။
ကပ်ရောဂါစတင်ကတည်းက ဆေးဘက်ဆိုင်ရာပညာရှင်တွေဟာ နှလုံးနဲ့ နှလုံးသွေးကြောစနစ်တို့မှာ ကိုဗစ်ရဲ့သက်ရောက်မှုတွေကို သတိပြုမိခဲ့ကြပါတယ်။
၂၀၂၀ မူလကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားစဉ်တုန်းက နှလုံးအားနည်းခြင်း၊ နှလုံးဖောက်ခြင်း၊ သွေးခဲခြင်း၊ လေဖြတ်ခြင်းစတဲ့ နှလုံးသွေးကြောရောဂါများ ဖြစ်စေနိုင်ကြောင်း UVA ကျန်းမာရေးသုတေသနမှ ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က Nature Medicine မှာဖော်ပြခဲ့ရာမှာ ကိုဗစ်မှသက်သာလာသူတွေက ပျမ်းမျှတစ်နှစ်အကြာမှာ နှလုံးဖောက်နိုင်ချေ ၆၃ ရာခိုင်နှုန်း၊ နှလုံးခုန်မမှန်ခြင်းဖြစ်နိုင်ချေ ၆၉ ရာခိုင်နှုန်း၊ လေဖြတ်ခြင်းဖြစ်နိုင်ချေ ၅၂ ရာခိုင်နှုန်း၊ နှလုံးအားနည်းခြင်းဖြစ်နိုင်ချေ ၇၂ ရာခိုင်နှုန်း၊ အဆုတ်မှာသွေးခဲခြင်းဖြစ်နိုင်ချေ ၃ ဆနီးပါးပိုများကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒီလက္ခဏာတွေက ကိုဗစ်ရောဂါအပျော့စားသာ ခံစားရသူတွေမှာပင် ဖြစ်နိုင်ချေမြင့်မားနေကြောင်း စိန့်လူးဝစ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာနဲ့ ဝါရှင်တန်တက္ကသိုလ်တို့မှ ဇီယက်အယ်အလီက ဖော်ပြခဲ့ပါတယ်။
Source: The Jerusalem Post #World_Health #ကိုဗစ် #နှလုံးခုန်မမှန်ခြင်း
#YMG #Yangon_Media_Group
Page 1039 of 1777