#Local_News
Published 29 October 2023
လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် ရှမ်းချောင်း ကျေးရွာမီးလောင်မှုကြောင့် နေအိမ် ၃၀ကျော်မီးလောင် ဆုံးရှုံးခဲ့ကြောင်း သွားရောက် ကူညီပေးခဲ့သည့် လူမှုရေးအသင်းများ ထံ က သိရသည်။
အောက်တိုဘာ ၂၈ ရက် ည၇နာရီ ၁၅မိနစ် အချိန်ခန့်က ရှမ်းချောင်းကျေးရွာ အောင်ချမ်းသာ ၂လမ်း တွင် မီးလောင် မှု ဖြစ်ပွားခဲ့ကာ မြို့နယ် မီးသတ်တပ်ဖွဲ့မှ level 1အုပ်စု ဖြင့် ထွက်ခွာ မီးငြိမ်းသတ်ပေးခဲ့ကာ ၇နာရီ ၄၀မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
''အိမ်ခြေ ၃၀ကနေ ၄၀ကြား မီးလောင်ဆုံးရှုံးခဲ့တယ် အိမ်ခြေ အရမ်းစိပ် တာလဲပါတယ် လမ်းကြား ဖြစ်တဲ့ အတွက် မီးသတ်ကား ကလဲ တစ်စီး စီ ပဲ ဝင်နိုင်တယ်၊ အဆောင်လိုင်ခန်းတွေ၊နဲ့ လုံးချင်း အိမ်လေးတွေ များတယ်၊သွပ်မိုးသွပ်ကာ အိမ်လေးတွေ များတယ်၊ ညဘက်အရမ်းမှောင်နေတော့ မီးသတ်သမားတွေ အရှေ့ ကိုသေချာ မြင်နိုင်အောင် ကျွန်တော်တို့ အဖွဲ့အနေနဲ့ အလင်းရောင် စလိုက်မီး ၂လုံးနဲ့ ထိုးပေးထားရတယ်၊ သွပ်ရှပြီး ထိခိုက်တဲ့ လူနာတော့ ရှိတယ် အခြားထိခိုက်ဒဏ်ရာ ကြီးကြီးမားမားရတာ မရှိပါဘူး''ဟု မေတ္တာပါရမီအသင်း(လှိုင်သာယာ)မှ ကိုအောင်ခိုင်က ပြောသည်။
အဆိုပါ မီးလောင်မှု နှင့် ပက်သက် ၍ သက်ဆိုင်ရာမှ စုံစမ်း စစ်ဆေးလျက်ရှိပြီး ဆုံးရှုံးမှုတန်ဖိုးထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
#Local_News #လှိုင်သာယာရှမ်းချောင်းကျေးရွာ #YMG/LW #Yangon_Times
#World_Health
Published 29 October 2023
ယနေ့ခေတ် အလုပ်အများစုဟာ အထိုင်များတဲ့ အလုပ်တွေ ဖြစ်နေကြတာကြောင့် အထိုင်များခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း အဖြစ်များလာကြပါတယ်။
ဒါပေမဲ့ မိနစ်အနည်းငယ်မျှ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ လှုပ်ရှားခြင်းတို့ဖြင့် ထိုဆိုးကျိုးတွေကို သက်သာစေနိုင်တယ်လို့ သုတေသန တွေ့ရှိထားပါတယ်။
၂၂ မိနစ်ခန့်ကြာအောင် သာမန်ကနေ အပြင်းအထန် လှုပ်ရှားခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့ဖြင့် ကျန်းမာရေးထိန်းသိမ်းရာမှာ အကူအညီဖြစ်စေကြောင်း ဗြိတိန်အားကစားဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။
လူတစ်ယောက်ဟာ လှုပ်ရှားမှုပိုလုပ်လေလေ ရောဂါခံစားရပြီး အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ပိုနည်းလေဖြစ်ပါတယ်။
၂၀၁၇ လေ့လာချက်တစ်ခုအရ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အထိုင်များခြင်းရဲ့ ဆိုးကျိုးကို သက်သာစေနိုင်ပေမယ့် လုံးဝပျောက်ကင်းစေတာတော့ မဟုတ်ပါဘူး။
နော်ဝေးအာတိတ်တက္ကသိုလ်မှ သုတေသီ အက်ဒ်ဗာ့ဆာဂျဲဗ်က တစ်ပတ်ကို မိနစ် ၁၅၀ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အထိုင်များခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးများကို တန်ပြန်နိုင်ရန် လုံလောက်ကြောင်း ဖော်ပြသွားပါတယ်။
မိနစ် ၁၅၀ က များတယ်လို့ ထင်ရပေမယ့် အချိန်အပိုင်းအခြားလေးတွေ ပြုလုပ်လို့ရပါတယ်။
တစ်နေ့ကို မိနစ် ၂၀ ကလုံလောက်တယ်ဆိုရင် ၁၀ မိနစ် ၂ ကြိမ်ပိုင်းခြားနိုင်ပါတယ်။
ဘတ်စ်ကားစီးတဲ့နေရာမှာ သွားလိုရာမှတ်တိုင် မရောက်ခင် တစ်မှတ်တိုင်စောဆင်းပြီး လမ်းလျှောက်တာမျိုး ပြုလုပ်နိုင်ပါတယ်။
ဆွီဒင်၊ နော်ဝေး၊ အမေရိကန်တို့မှ လူပေါင်း ၁၂,၀၀၀ ကျော်ကို ဆန်းစစ်ခဲ့ကြပြီး တင်ပါးမှာ ရွေ့လျားမှုကို တိုင်းတာနိုင်တဲ့ စက်ပစ္စည်းတစ်မျိုး ဝတ်ဆင်စေခဲ့ပါတယ်။
နောက်ထပ် ပျမ်းမျှ ၅ နှစ်ကြာတဲ့အခါမှာ လူပေါင်း ၈၀၅ ဦးသေဆုံးသွားခဲ့ပြီး ၃၅၃ ဦးက တစ်နေ့ကို ၁၀ နာရီခွဲအောက် ထိုင်ခဲ့ကြပြီး ၄၄၈ ဦးက ၁၀ နာရီခွဲနဲ့အထက် ထိုင်ခဲ့ကြပါတယ်။
တစ်နေ့ကို ၈ နာရီထိုင်တဲ့သူတွေနဲ့ နှိုင်းယှဥ်ပါက ၁၂ နာရီအထက် အထိုင်များသူတွေက သေဆုံးနိုင်ခြေ ၃၈ ရာခိုင်နှုန်းပိုများနေပါတယ်။
#World_Health #နေ့စဥ်မိနစ်(၂၀)ခန့်လှုပ်ရှား #ကျန်းမာရေးပြဿနာ #Source: WION
တညင်းကုန်းလက်ကားဈေးကြီး အတွင်း Dagon Group Of ကုမ္ပဏီ၊Myanmar Agro Exchang Public .Ltd ကုမ္ပဏီနဲ့ဈေးသူဈေးသားတွေ စုပေါင်းတည်ထားတဲ့ ထွဋ်မြတ်ထိပ်ခေါင်နဂါးရုံဘုရားပွဲနဲ့ သီတင်းကျွတ်ဆီမီးပူဇော်ပွဲအခမ်းအနားကို ၆ ရက်တိုင်တိုင် ကျင်းပပြုလုပ်မယ်လို့ တညင်းကုန်းလက်ကားဈေးကြီးလုပ်ငန်းရေးရာဌာနက သိရပါတယ်။
#Local_News
Published_ 29 October 2023
#သီတင်းကျွတ်ဆီမီးပူဇော်ပွဲ #တညင်းကုန်းလက်ကားဈေးကြီး
#YMG/LW #Yangon_Times
#World_Health
Published 29 October 2023
ကိုယ်အလေးချိန် ချနေတဲ့သူအများစုဟာ မနက်ခင်းမှာ သံပရာရည်နွေးနွေးလေး သောက်သုံးခြင်းဖြင့် အဆိပ်အတောက် ပြေစေပြီး ကိုယ်အလေးချိန်ကျဖို့ အထောက်အကူ ဖြစ်စေတယ်လို့ ယုံကြည်နေကြပါတယ်။
အာဟာရပညာရှင် လော့ဗ်နိဘာထရာက ဒီအကြောင်းအရာတွေဟာ အခြေအမြစ်မရှိဘူးလို့ ဖော်ပြလိုက်ပါတယ်။
သံပရာက ရေဓာတ်ဖြည့်ပေးပြီး ဗိုက်တာမင်စီ ရရှိတာကြောင့် ကျန်းမာရေးအတွက် အကျိုးရှိတာတော့ မှန်ပါတယ်။
လူ့ခန္ဓာကိုယ်မှာ ကျောက်ကပ်နဲ့ အဆုတ်တို့ကနေ သဘာဝအတိုင်း အဆိပ်အတောက် ဖယ်ရှားခြင်း ပြုလုပ်ပေးကြောင်း၊ ဒီဖြစ်စဥ်ကို သောက်စရာတစ်ခုခုက အံ့အားသင့်ဖွယ် မြှင့်တင်ပေးတာမျိုး မပြုလုပ်နိုင်ကြောင်း၊ ရေရှည် ကိုယ်အလေးချိန် ကျနေဖို့ဆိုတာက မျှတတဲ့အစားအစာ၊ ပုံမှန်လေ့ကျင့်လှုပ်ရှားမှု၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံတို့ကိုပါ တွဲဖက်လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောပြသွားပါတယ်။
ကိုယ်အလေးချိန် ချရာမှာ အထောက်အကူဖြစ်စေတဲ့ ဖျော်ရည်တွေ ရှိနေပြီး နာနတ်သီးဖျော်ရည်၊ ရှားစောင်းလတ်ပတ်ဖျော်ရည်၊ ဖရုံဖြူဖျော်ရည်၊ အုန်းရည်၊ ထောပတ်နို့တို့ ဖြစ်ပါတယ်။
ကိုယ်အလေးချိန်ကျစေရန် အထောက်အကူဖြစ်တဲ့ အစားအစာတွေဆိုရင်တော့..
လိမ္မော်သီး၊ သံပရာသီးတို့လို အချဥ်သီးတွေဟာ ကိုယ်အလေးချိန်ကို ပိုပြီးလျော့ကျစေပါတယ်။
ကန်စွန်းဥဟာ ဗိုက်ကိုပြည့်ဝစေပြီး ကိုယ်အလေးချိန်ကျဖို့ ကူညီပေးပါတယ်။
မစားခင်မှာ စွပ်ပြုတ်လို အရည်မျိုးသောက်သုံးခြင်းဖြင့် ဗိုက်ကိုပြည့်ဝစေပြီး ကယ်လိုရီတက်ခြင်းကို လျှော့ချပေးပါတယ်။
မုန်လာဥဖြူမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်ပါဝင်ပြီး အစာအိမ်ကို ပြည့်တင်းစေတာကြောင့် အခြားစားစရာတွေ မစားမိတော့ပါဘူး။
နေကြာစေ့မှာ ဖောလိတ်၊ ပရိုတိန်း၊ ဗိုက်တာမင်ဘီ၊ မဂ္ဂနီဆီယမ်၊ ဆယ်လီနီယမ်၊ ဗိုက်တာမင်အီးတို့ ပါဝင်ပြီး စားချင်စိတ်ကို ထိန်းချုပ်ပေးပါတယ်။
#World_Health #ကိုယ်အလေးချိန်ချ #သံပရာရည် #Source: NDTV
တရုတ်နိုင်ငံဟာ e commerce ကဏ္ဍတိုးချဲ့ရန်နဲ့ ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရှန်ဟိုင်းမှာ ပိုးသားလမ်းမကြီး e commerce ပူးပေါင်းဆောင်ရွက်မှုအတွက် ရှေ့ပြေးဇုန်တစ်ခု တည်ဆောက်သွားမှာဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့မှ ပြောကြားလိုက်ပါတယ်။
#Asia_Business
Published_ 28 October 2023
#ပိုးသားလမ်းမကြီး #Ecommerce #ရှေ့ပြေးဇုန်တစ်ခု
#Daily_News
Published_ 28 October 2023
၁။ ယခုနှစ်ထန်းရည်ထွက်ရှိမှုနှုန်းများသည့်အတွက် ရာသီကုန်ချိန်ဖြစ်သော်လည်း ထန်းလျက်ကုန်အဝင်များနေသေး
၂။ သီတင်းကျွတ်လပြည့်နေ့တွင် လကြတ်မည်၊ ကံဇာတာအညံ့ရှိသော နေ့နာမ်(၃)ခု လကြတ်ချိန်မကြည့်သင့်ဟုဆို
၃။ လားရှိုး_ ချင်းရွှေဟော်_လောက်ကိုင်လမ်းကြောင်းများ ပိတ်ထားပြီး မြန်မာ_တရုတ်ကုန်သွယ်ရေးများ ယာယီရပ်တန့်
၄။ ဒီဂျစ်တယ် စီးပွားရေးကဏ္ဍတိုးချဲ့ရေးအတွက် ရှန်ဟိုင်းတွင် ပိုးသားလမ်းမကြီး Ecommerce ပူးပေါင်းဆောင်ရွက်ရေးရှေ့ပြေးဇုန်တစ်ခုကို တရုတ်တည်ထောင်သွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ကုန်သွယ်ရေးက မနေ့ကပိတ်တယ်လေ။ လမ်းတွေကလည်းသွားလို့မရလို့ ဆက်မသွားဘူး။ ဒီနေ့လည်းသွားတော့ မသွားရသေးဘူး။ အဝင်အထွက်က မနေ့ကစပြီးတော့ တိုက်ပွဲဖြစ်တော့ အကုန်လုံးထိန်းထားတယ်
#Local_News
Published_ 28 October 2023
#လားရှိုး #ချင်းရွှေဟော် #လောက်ကိုင်
#YMG/ NN #Yangon Times
"သီတင်းကျွတ်လပြည့်နေ့ လကြတ်ချိန်မှာ ကံဇာတာအညံ့ရှိတဲ့တနင်္ဂနွေ၊ အင်္ဂါ၊ စနေ သားသမီးတွေ လကြတ်တာကို ထွက်မကြည့်သင့်သလို ကြည့်မိရင်လည်းနောက်နေ့ အမွှေးနံသာနဲ့ခေါင်းဆေးလျှော်တာတွေပြုလုပ်သင့်တယ်" မြန်မာနိုင်ငံနက္ခတ်ပညာသင်တန်းကျောင်းအုပ် ၊နက္ခတ်ပညာရှင် ဒေါက်တာကြည်ကြည်စိန်
#Local_News
Published_ 28 October 2023
#သီတင်းကျွတ်လပြည့်နေ့ #လကြတ်ချိန်
#tthl #Yangon_Times
အထက်အညာဒေသတွေမှာ မိုးရွာသွန်းမှုများခဲ့တဲ့အတွက် ထန်းရည်ထွက်ရှိမှုနှုန်းများတာကြောင့် ရာသီကုန်ချိန် ဖြစ်ပေမယ့် ဈေးကွက်အတွင်း ထန်းလျက်ကုန်အဝင်များနေသေးတယ်လို့ ညောင်ဦးဒေသရှိထန်းလျက် အရောင်းအဝယ်လုပ်သူတွေထံက သိရပါတယ်။
#Local_News
Published_ 28 October 2023
#ထန်းရည်ထွက်ရှိမှုနှုန်း #ညောင်ဦးဒေသ #ထန်းလျက်
#YMG/LW #Yangon_Times
#Local_News
Published_ 28 October 2023
မြန်မာနိုင်ငံရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ဆေးဝါးစက်ရုံများက နိုင်ငံ၏ဆေးဝါး လိုအပ်ချက်များရဲ့ ၁၅ ရာခိုင်နှုန်းသာ ဖြည့်ဆည်းပေးနိုင်တယ်လို့ စက်မှုဝန်ကြီးဌာနဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့ပါတယ်။
ထို့ကြောင့် ဆေးဝါးများပိုမိုထုတ်လုပ်နိုင်ရေးအတွက် ဆေးဝါးအင်ဂျင်နီယာ ပညာရပ်သင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်)၌ ဆေးဝါးအင်ဂျင်နီယာ ပညာရပ်အရာရှိအဆင့်သင်တန်း သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့ပါတယ်။
သင်တန်းတွင် စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အသိအမှတ်ပြုအင်ဂျင်နီယာပညာရှင်များက ၎င်းတို့၏ လုပ်ငန်းခွင်နယ်ပယ်အတွေ့အကြုံ၊ ပညာရပ်များကို သင်ကြားပို့ချပေးပြီးဖြစ်၍ ဆေးဝါးထုတ်လုပ်တဲ့ လုပ်ငန်းများကို ပိုမိုသိရှိလာမယ်လို့ ဆိုပါတယ်။
လုပ်ငန်းများဆောင်ရွက်နေတဲ့ ပညာရှင်များအနေဖြင့် နားလည်တတ်ကျွမ်းတဲ့ နယ်ပယ်အတွင်း၌ ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမယ်လို့လည်း ဝန်ကြီးကပြောကြားခဲ့ပါသေးတယ်။
#Local_News #ပုဂ္ဂလိကဆေးဝါးစက်ရုံများ #ဆေးဝါးလိုအပ်ချက်
#ymg_mnn #Yangon_Media_Group
#Local_News
Published-28 Oct 2023
တရားဝင်ဘဏ်လမ်းကြောင်းမှ တစ်ဆင့် ငွေလွှဲပို့သူများကို ကန်ဒေါ်လာနှစ်သိန်းအစား ကန်ဒေါ်လာ ၅ သောင်းပြင်ဆင်သတ်မှတ်လိုက်ပြီး၊ တစ်ဉီးချင်းတင်သွင်းမှုအပြင် ယာဉ်တန်ဖိုးမပြည်မီပါက စုပေါင်းတင်သွင်းရန်လည်းခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ ကြေညာချက်တွင် ပုံမှန်လစာရရှိသူများ သင်္ဘောသားများအပါအဝင် အခြားဝင်ငွေရရှိသူများအနေဖြင့် တစ်နှစ်အတွင်းအမေရိကန်ဒေါ်လာ ၅ သောင်းနှင့်အထက်လွှဲပို့ပါက စုစုပေါင်းလွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့်ညီမျှသောလျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်တစ်နှစ်လျှင်တစ်စီးနှုန်းကို အောက်တိုဘာ ၁၆ ရက်နေ့မှစတင်ရေတွက်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုသို့လျှပ်စစ်သုံးမော်တော်ယာဉ်၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များအား တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်းတင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်းတင်သွင်းရန်ယာဉ်တန်ဖိုးမပြည့်မီပါက စုပေါင်း၍တင်သွင်းမှုကိုလည်းကောင်းခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ်များအသုံးပြုမှု ပိုမိုတိုးတက်ဖြစ်ထွန်းစေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စအား အထောက်အကူပြုရန်ရည်ရွယ်၍ ပြည်ပတွင်အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများကမိမိတို့ရရှိသည့် လစာငွေသို့မဟုတ်အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ဘဏ်လမ်းကြောင်းမှ တဆင့်ပြန်လည်လွှဲပို့ခြင်းအပေါ်အထူးအစီအစဉ်တစ်ရပ်အနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်တင်သွင်းခွင့်ကို ခွင့်ပြုဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Local_News #ကန်ဒေါ်လာနှစ်သိန်းအစား #စုပေါင်းတင်သွင်း #ဒေါ်လာ ၅ သောင်းပြင်ဆင်သတ်မှတ် #Yangon Times
#World_News
Published 28 October 2023
ပါလက်စ်တိုင်း ဟားမတ်စ်စစ်သွေးကြွများ အုပ်စိုးနေတဲ့ ဂါဇာကမ်းမြောင်မှာ အစ္စရေးလ်တပ်များက မြေပြင်တိုက်ခိုက်မှုများ ပိုမိုချဲ့ထွင်ပြုလုပ်လာရာ ဂါဇာဒေသဟာ အပျက်အစီးဒဏ်တွေ ဆက်လက်ပြီး ခံစားနေရပါတယ်။
ဂါဇာသို့ တင့်ကားများဖြင့် နှစ်ညဆက်တိုက် ကျူးကျော်တိုက်ခိုက်ပြီးနောက် မြေပြင်တပ်တွေဟာ ဒီညမှာ စစ်ဆင်ရေးတိုးချဲ့ လုပ်ဆောင်နေပါတယ်လို့ အစ္စရေးလ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်ဟာဂါရီက မနေ့က ပြောကြားလိုက်ပါတယ်။
အစ္စရေးလ်ရဲ့ ရန်လိုတိုက်ခိုက်မှုမှန်သမျှကို ဟားမတ်စ်တို့က အင်ပြည့်အားပြည့် ရင်ဆိုင်တိုက်ခိုက်သွားမယ်လို့ ကြွေးကြော်လိုက်ကာ အယ်လ်ကာဆမ် တပ်ဖွဲ့များနဲ့ ပါလက်စ်တိုင်း အတိုက်အခံတပ်များက လုံးဝအဆင်သင့် ဖြစ်နေပြီလို့ ယနေ့ဆိုလိုက်ပါတယ်။
အစ္စရေးလ်က ဂါဇာမှာ အပြင်းထန်ဆုံး ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကမ်းမြောင်တလျှောက်ရှိ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများ ပြတ်တောက်သွားပါတယ်။
ဒီလိုမျိုး ဆက်သွယ်ပြတ်တောက်သွားတာဟာ လူအများအပြား ဆုံးရှုံးပျက်စီးမှုကို ဖုံးကွယ်ထားသလို ဖြစ်နေမှာ စိုးရိမ်တယ်လို့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုလိုက်ပါတယ်။
ဒါဟာ သေကြေပျက်စီးမှုများကို ခြယ်လှယ်လုပ်ကိုင်ချင်လို့ ယခုကဲ့သို့ ဖြတ်တောက်လိုက်တာ ဖြစ်တယ်လို့ ဟားမတ်စ်တို့က အစ္စရေးလ်တို့ကို စွပ်စွဲလိုက်ပါတယ်။
ဟားမတ်စ်တို့က အကြီးဆုံးဆေးရုံကြီးကို ယင်းတို့စစ်ဌာနချုပ်အဖြစ် အသုံးပြုနေကာ အခြားဆေးရုံတွေကိုလည်း စစ်ဘက်ဆိုင်ရာအရ အသုံးချနေတယ်လို့ အစ္စရေးလ်တို့က စွပ်စွဲထားပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ချက်ချင်းအပစ်အခတ်ရပ်စဲရေးအတွက် အဆိုပြုလိုက်ပြီး ဟားမတ်စ်တို့က လက်ခံပေမယ့် အစ္စရေးလ်နဲ့ အမေရိကန်တို့ကတော့ ဝေဖန်လိုက်ပါတယ်။
ထိုအဆိုပြုချက်ဟာ ကုလအဖွဲ့ဝင်တွေထဲမှာ ထောက်ခံမဲ ၁၂၀ ၊ ကန့်ကွက်မဲ ၁၄ မဲ ၊ ကြားနေ ၄၅ နိုင်ငံ ပေါ်ထွက်ခဲ့ပါတယ်။
သောကြာနေ့က နယူးယော့ခ်ရှိ ဂရန်းစင်ထရယ်ဂိတ်မှာ ဆန္ဒပြသူရာချီ စုဝေးပိတ်ဆို့ခဲ့ကြပြီး အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ အပစ်အခတ်ရပ်စဲရေး အလိုရှိကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။
ကူညီထောက်ပံ့ရေးပစ္စည်းများ ဂါဇာသို့ရောက်ရှိရန်နဲ့ အရပ်သားများ လွတ်မြောက်ရေးအတွက် အပစ်အခတ်ရပ်စဲရေးကို အမေရိကန်က ထောက်ခံကြောင်း အိမ်ဖြူတော်က ထုတ်ပြန်လိုက်ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်တို့ဟာ အစ္စရေးဘက်ကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး လူပေါင်းထောင်ချီကို သတ်ဖြတ်ကာ ဓားစာခံများကို ပြန်ပေးဆွဲရာကနေ စစ်ပွဲစတင်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးလ်ဘက်က အလျင်အမြန်ပဲ စစ်ကြေညာခဲ့ပြီး ဂါဇာကမ်းမြောင်ကို ဆက်တိုက်ပစ်ခတ်နေခဲ့ပါတယ်။
#World_News #အင်တာနက်ဖြတ်တောက် #မြေပြင်တိုက်ခိုက်မှု #အစ္စရေးလ်တိုးချဲ့ #Source: NDTV
Page 1010 of 2002