#Local_News
Published-27 September 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် Center for Strategic Development in Civil Aviation (AVIACENTER) ၏ စီစဉ်မှုဖြင့် မော်စကိုမြို့တွင် ကျင်းပလျက်ရှိသည့် (၆) ကြိမ်မြောက် International Route Development Forum NETWORK 2023 ၏ မျက်နှာစုံညီအစည်းအဝေးသို့ စက်တင်ဘာလ ၂၆ရက်က ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။
မျက်နှာစုံညီ အစည်းအဝေးတွင် ဥရောပအာရှစီးပွားရေးကော်မရှင်၊ Department of Transport and Infrastructure ၏ Deputy Director ဖြစ်သူ Ms. Sherysheva Elena Ivanovna က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် မြန်မာသံအမတ်ကြီးက “Direct flight from Myanmar to Russia: Gateway to a new unique destination for Russian tourists” ဟူသော ခေါင်းစဉ်ဖြင့် ပြောကြားရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား Myanmar Airways International (MAI) က ရန်ကုန်-မန္တလေး-နိုဗိုစီဗစ် တိုက်ရိုက်လေကြောင်း ခရီးစဉ်သစ် ပြေးဆွဲနိုင်ခဲ့မှု၊ မြန်မာနိုင်ငံ၏ တည်နေရာ၊ ပထဝီ အနေအထားနှင့် အခြေခံအချက်အလက် များ၊ နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်နိုင်သည့် မြန်မာနိုင်ငံရှိ အထင်ကရနေရာများအား အဓိကထားပြောကြားခဲ့သည်ဟု သိရသည်။
ဒါ့အပြင် ရုရှားနိုင်ငံသားများအတွက် မြန်မာနိုင်ငံအနေဖြင့် ဗီဇာကင်းလွတ်ခွင့် ခွင့်ပြုထားမှု အခြေအနေ၊ ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်နိုင်ရေးအတွက် “Welcome Russia” အစီအစဉ်အရ မြန်မာအစိုးရ၏ လုပ်ဆောင်နေမှုများ၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဗီဒီယိုကို ပြသခဲ့ကြောင်း သိရသည်။
#Local_News #ရုရှားဖက်ဒရေးရှင်း #မြန်မာသံအမတ်ကြီး
#Yangon-Times/PP
#Local_News
Published_ 27 September 2023
ပြည်တွင်းရှိ စက်ရုံအချို့တွင် အလုပ်သမားဝန်ကကြီးဌာနက သတ်မှတ်ထားသည့် စက်ရုံတစ်ရုံ တွင်ရှိရမည့်အလင်းရောင်မရှိခြင်းနှင့် ဆူညံသံပမာဏကျော်လွန်တာတွေစစ်ဆေးတွေ့ရှိရ ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက၏ သတင်းထုတ်ပြန်ချက် အရသိရသည်။
အဆိုပါ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့ ရှိ စက်ရုံ၊ အလုပ်ရုံများကိုသွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ရာ စစ်ဆေးမှု နောက်ဆုံးပြုလုပ်ခဲ့သည့် သြဂုတ်လ ၂၇ ရက်မှ စက်တင်ဘာ ၁၅ရက်အထိ
စက်ရုံ၊ အလုပ်ရုံ ၂၃ ရုံ၏ လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေကို တိုင်းတာခဲ့ရာ စက်ရုံ ၁၃ ရုံမှာ သတ်မှတ်အလင်းရောင် ပမာဏအတွင်းမရှိခြင်းနှင့် စက်ရုံ ၄ ရုံမှာ သတ်မှတ်ထားသည့် ဆူညံသံ ပမာဏထက် ကျော်လွန်နေတာကို တွေ့ရှိရကြောင်း သိရသည်။
''သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့စက်ရုံတွေကို လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်စေရေးအတွက် ညွန်ကြားတာတွေ၊ အကြံပေးတာတွေပြုလုပ်ခဲ့တယ်၊ နောက်တစ်ကြိမ် လာရောက်စစ်ဆေးတဲ့အခါ သတ်မှတ်ချက်နဲ့ ကိုက်ညီဖို့တော့လိုမယ်၊ အခုတိုင်းပဲရှိမယ်ဆို ရင်တော့ အရေးယူမှုတွေလုပ်သွားမှာပါ''ဟု အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်မှ ဩဂုတ်လ ၁၅ ရက်အထိ စက်ရုံ၊ အလုပ်ရုံ ၁၇ ရုံကို စစ်ဆေးရာမှာလည်း စက်ရုံ ၁၂ ရုံမှာ သတ်မှတ်အလင်းရောင် ပမာဏအတွင်း မရှိ ခြင်းးနှင့် စက်ရုံ ၁၀ ရုံမှာ သတ်မှတ်ဆူညံသံ ပမာဏထက်ကျော်လွန်နေတာကို တွေ့ရှိရကြောင်းသိရသည်။
#YMG/LW #Local_News #ပြည်တွင်းစက်ရုံအချို့ #သတ်မှတ်အလင်းရောင်
#Yangon_Times
#Local_News
Publushed-27 September2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ဆော-စေတုတ္တရာလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်၍ ယာဥ်ပေါ်ပါလာသူ ၁၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ကျောက်မွဲကျေးရွာအနီး၊ ဆော-စေတုတ္တရာလမ်း၊ မိုင်တိုင်အမှတ် (၅၅/၅)နှင့်(၅၅/၆)ကြားတွင် စက်တင်ဘာလ၂၆ရက် ညနေပိုင်းကယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့၍ ယာဉ်ပေါ်ပါ ကျား(၅)ဦး၊ မ(၈)ဦး ၊ စုစုပေါင်း (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဥ်တိမ်းမှောက် မှုဖြစ်စဥ်နေရာသို့ စေတုတ္တရာမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက်ကားပေါ်ပါလာသူ အမျိုးသား ၅ဦးနှင့် အမျိုးသမီး (၈)ဦးလုံးမှာ ထိခိုက်ဒဏ်ရာဒဏ်ရာရရှိခဲ့ပြီးစိုးရိမ်စရာမရှိ၍ စေတုတ္တရာမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မေတ္တာစေရာ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်(၁)စီး၊ စေတုတ္တရာမြို့နယ်ဆေးရုံမှ သူနာတင်ယာဉ်(၁)စီးတို့ဖြင့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #မကွေးတိုင်း #ဆော-စေတုတ္တရာလမ်း #ဒဏ်ရာရသူ(၁၃)ဦး
#Yangon_Times/PP
#World_News
Published_ 27 September 2023
အီရတ်နိုင်ငံ နီနက်ဗီပြည်နယ် ဟမ်ဒါနီယာခရိုင်မှာ ကျင်းပတဲ့ မင်္ဂလာဆောင်ပါတီတစ်ခုမှာ မီးလောင်ကျွမ်းခဲ့သဖြင့် လူ ၁၀၀ ကျော်သေဆုံးပြီး ၁၅၀ ဒဏ်ရာရရှိခဲ့ပါတယ်။
အရပ်ဘက် ကာကွယ်ရေးအဖွဲ့တွေက ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ မီးလောင်ကျွမ်းပြာကျနေတဲ့ အဆောက်အအုံထဲမှာ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေကြပါတယ်။
နီနက်ဗီ လက်ထောက်အုပ်ချုပ်ရေးမှူး ဟာဆန်အယ်အယ်လက်က သေဆုံးသူ ၁၁၃ ဦးရှိကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားထားပြီး ပြည်တွင်းမီဒီယာများကတော့ သေဆုံးသူအနည်းဆုံး ၁၀၀ ရှိကာ ၁၅၀ ဒဏ်ရာရရှိတယ်လို့ ဖော်ပြထားပါတယ်။
ပြည်တွင်းမီဒီယာရဲ့ ဖော်ပြချက်အရ ပါတီပွဲဂုဏ်ပြုချီးမြှောက်စဥ် မီးရှူးမီးပန်းများ ဖောက်ပြီးနောက် ဧည့်ခံပွဲခန်းမကြီးတစ်ခန်းလုံး မီးလောင်စွဲသွားခဲ့တယ်လို့ ဒေသတွင်း အရပ်ဘက်ကာကွယ်ရေးက ပြောကြားခဲ့ပါတယ်။
‘’ခန်းမထဲကနေ မီးလှိုက်စားလောင်ကျွမ်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။ အထဲကနေ လွတ်မြောက်လာသူတွေဟာလည်း ဒဏ်ရာရရှိကုန်ကြပါတယ်’’ လို့ မီးလောင်ကျွမ်းခြင်းကနေ လွတ်မြောက်ခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် အီမက်ယိုဟာနာက ပြောပြခဲ့ပါတယ်။
ရိုက်တာသတင်းဌာနမှ သတင်းထောက်တစ်ဦးရဲ့ ဗီဒီယိုထဲမှာ မီးသတ်သမားတွေက အဆောက်အအုံပျက်ပေါ် တွယ်တက်နေကြပြီး အပျက်အစီးများကြား မီးထိုးကာ ရှာဖွေနေကြပါတယ်။
ကနဦး အချက်အလက်များအရ အဆောက်အအုံဟာ မီးလောင်ကျွမ်းလွယ်တဲ့ ဆောက်လုပ်ရေးပစ္စည်းများဖြင့် ပြုလုပ်ထားကာ ဒါဟာ အလျင်အမြန် လောင်ကျွမ်းပျက်စီးသွားရတဲ့ အကြောင်းအရင်းထဲမှာ ပါဝင်နေပါတယ်။
မီးလောင်ကျွမ်းရာ နေရာသို့ လူနာတင်ကားများနဲ့ ဆေးဝန်ထမ်းများကို အီရတ်အာဏာပိုင်များ စေလွှတ်ခဲ့ပါတယ်။
မျက်မြင်သက်သေများရဲ့ အဆိုအရ ဒေသစံတော်ချိန် ည ၁၀ နာရီ ၄၅ မိနစ်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ထိုအချိန်မှာ လူပေါင်းရာနဲ့ချီ ရှိနေခဲ့ပါတယ်။
#World_News #အီရတ်မင်္ဂလာဆောင် #မီးလောင်ကျွမ်းမှုဖြစ်ပွား
Source: Reuters
#World_Health
Published 27 September 2023
သေခြင်းတရားနဲ့ အလွန်နီးကပ်ခဲ့ပြီး အခြားလောကနဲ့ ကြုံတွေ့ခဲ့ဖူးသူတွေ အခုနောက်ပိုင်း များပြားလာပါတယ်။
တီနာဟိုင်းနက်စ်ဆိုတဲ့ အမျိုးသမီးဟာ ၂၀၁၈ ဖေဖော်ဝါရီလက နှလုံးရပ်သွားခဲ့ပြီး ဘဝကူးပြောင်းမယ့် အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဆေးရုံသို့ သွားရာလမ်းမှာ ဆေးပညာရှင်တွေက သတိပြန်လည်လာအောင် ကြိုးစားခဲ့ကြပေမယ့် ခဏခဏ သတိလစ်နေခဲ့ပြီး ၂၇ မိနစ်ကြာအောင် ငြိမ်သက်ပြီးနောက် ကွယ်လွန်ပြီလို့ ကြေညာခဲ့ကြပါတယ်။
ဆေးရုံမှာ ရှိနေစဥ် ဟိုင်းနက်စ်ဟာ အံ့အားသင့်စွာ သတိပြန်ဝင်လာပြီး စာရွက်နဲ့ ဘောပင်တောင်းခဲ့ပါတယ်။
မပီမသလက်ရေးဖြင့် ‘အမှန်တကယ်ရှိတယ်’ ဆိုတဲ့ စာလုံးကို ရေးသားခဲ့ပါတယ်။
အရောင်တွေက ထူးခြားဆန်းပြားပြီး မြင်ခဲ့တဲ့သူက ယေရှုလို့ထင်မြင်ကြောင်း၊ သေဆုံးပြီးနောက် တစ်ခုခုဆက်ဖြစ်တယ်ဆိုတာ သေချာသိကြောင်း ပြောပြခဲ့ပါတယ်။
ဟိုင်းနက်စ်ရဲ့ တူမဖြစ်သူ မက်ဒီဂျွန်ဆန်က ဒီလက်ရေးစာလုံးကို ပြန်လည်ဖန်တီးခဲ့ကာ အင်စတာဂရမ်မှာ မျှဝေခဲ့ရာမှာ တုန့်ပြန်ရေးသားသူပေါင်း ၃၂,၀၀၀ ရှိခဲ့ပါတယ်။
သေခြင်းတရားနဲ့ နီးစပ်ခဲ့သူတွေ အများစုက သတိမေ့မြောနေခဲ့ချိန်က ဖြစ်ရပ်တွေကို မမှတ်မိကြပေမယ့် အနည်းစုကတော့ မြင်ခဲ့ တွေ့ခဲ့တာတွေကို ပြန်ပြောပြနိုင်ပါတယ်။
သိပ္ပံပညာရှင်တွေက ထိုဖြစ်ရပ်တွေရဲ့ အကြောင်းအရင်းတွေကို သိရဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
မီချီဂန်တက္ကသိုလ်မှ သုတေသီများက ကြွက်တွေနဲ့ စမ်းသပ်ရာမှာ သေဆုံးခါနီးအချိန်မှာ ဦးနှောက်လှိုင်းလှုပ်ရှားမှုတွေက ပိုပြီးပြင်းထန်လှုပ်ရှားနေပါတယ်။
နိုးကြားရှင်သန်နေတဲ့ အချိန်ထက်စာရင် သေခါနီးအချိန်မှာ ဦးနှောက်က ပိုပြီးသိသိသာသာ လှုပ်ရှားတာဖြစ်တယ်လို့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ရဲ့ ဇီဝကမ္မဖြစ်စဥ်တွေနဲ့ ဖြစ်ကြောင်းကုန်စဥ်ကို သေချာစွာ လေ့လာရဦးမှာ ဖြစ်ပေမယ့် သေဆုံးခါနီးဦးနှောက်ဟာ လှုပ်ရှားသက်ဝင်နေဆဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
သေဆုံးခါနီး ကြွက် ၉ ကောင်ကို သုတေသနပြုလုပ်ရာမှာ နှလုံးခုန်ရပ်ပြီး စက္ကန့် ၃၀ အတွင်း ဦးနှောက်လှိုင်း ရုတ်တရက် အလွန်မြင့်တက်သွားတယ်လို့ တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် ဟိုင်းနက်စ်ကြုံတွေ့ခဲ့တာကလည်း ဦးနှောက်လှိုင်း မြင့်မားစွာလှုပ်ရှားတာကြောင့် ဖြစ်တာလားဆိုတာ စဥ်းစားစရာဖြစ်နေပါတယ်။
#World_Health #(၂၇)မိနစ်ကြာအောင်သေဆုံး #ဘဝကူးပြောင်း
Source: The Jerusalem Post
#World_Health
Published 27 September 2023
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့မှာ နှစ်ခြိုက်စွာ အိပ်စက်ခြင်းက အရေးပါနေပါတယ်။
အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ပြေလျော့ခြင်း၊ ဖိစီးမှုများနဲ့ စိုးရိမ်စိတ်များ လျှော့ချခြင်းတို့ ပေးစွမ်းနိုင်ကာ အိပ်စက်မှုကို အထောက်အကူ ပြုပါတယ်။
ဖြည်းဖြည်းနဲ့ နက်ရှိုင်းစွာ အသက်ရှူခြင်းဖြင့် နှလုံးခုန်နှုန်း ငြိမ်စေခြင်း၊ သွေးပေါင်ချိန် ကျစေခြင်း၊ ဖိအားလျော့နည်းခြင်းတို့ ရရှိစေပါတယ်။
အိပ်ရာမဝင်ခင် အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ပြီး အိပ်စက်ခြင်းကို အထောက်အကူ ဖြစ်စေမယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။
(၁) ဝမ်းတွင်းခေါင်းအထိအသက်ရှူခြင်း
ကျောခင်းလဲလျောင်းပြီး လက်တစ်ဖက်ကို ဗိုက်ပေါ်တင်ထားပါ။
ဝမ်းခေါင်းပြည့်လာတဲ့အထိ နှာခေါင်းမှ အသက်ပြင်းပြင်းရှူပါ။
ဝမ်းခေါင်းလျော့ကျလာတဲ့အထိ ပါးစပ်မှ ဖြည်းဖြည်းချင်း လေပြန်ထုတ်ပါ။
(၂) မန္တန်ရွတ်ခြင်း
အသက်ရှူသွင်းရှူထုတ်တိုင်း တည်ငြိမ်အေးချမ်းနအောင် စိတ်ထဲကနေ မန္တန်ရွတ်ပေးပါ။
အထောက်အကူ ပြုနိုင်တဲ့မန္တန်ရွတ်ခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
(၃) ၄-၇-၈ အသက်ရှူကျင့်စဥ်
၁ ကနေ ၄ အထိ အမှတ်စဥ်ရေပြီး နှာခေါင်းကနေ အသက်ရှူပါ။
အမှတ်စဥ် ၇ အထိရေပြီး အသက်အောင့်ထားပါ။
အမှတ်စဥ် ၈ အထိရေပြီး ပါးစပ်မှအသက်ရှူထုတ်ကာ ထိုနည်းအတိုင်း ကြိမ်ဖန်များစွာ ပြုလုပ်ပေးပါ။
(၄) ခန္ဓာရှုမှတ်ခြင်း
အသက်ပြင်းပြင်းရှူလျက် ခြေဖျားမှစကာ အပေါ်ပိုင်းအထိ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီကို ရှုမှတ်ခြင်းဖြင့် ဖိအားများပြေလျော့လာမှာ ဖြစ်ပါတယ်။
(၅) အသက်ရှူရင်း အမှတ်စဥ်ရေတွက်ခြင်း
အမှတ်စဥ် ၄ အထိ ရေတွက်ရင်း အသက်ရှူသွင်းပါ။
အမှတ်စဥ် ၄ အထိ အသက်အောင့်ထားပြီးနောက် ၄ အထိရေတွက်ရင်း အသက်ရှူထုတ်ကာ ထပ်ခါထပ်ခါ ပြုလုပ်နိုင်ပါတယ်။
(၆) ဝမ်းဗိုက်ဖြင့်အသက်ရှူခြင်း
လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ပြီး နောက်လက်တစ်ဖက်ကို ဝမ်းဗိုက်ပေါ် တင်ထားပါ။
ဝမ်းဗိုက်မြင့်တက်လာတဲ့အထိ နှာခေါင်းမှ အသက်ရှူသွင်းပါ။
ဝမ်းဗိုက်လျော့သွားတဲ့အထိ ပါးစပ်မှ ရှူထုတ်ပေးပါ။
(၇) နှာခေါင်းပေါက်တစ်လှည့်စီအသက်ရှူခြင်း
ညာဘက်နှာခေါင်းပေါက်ကို ပိတ်ပြီး ဘယ်ဘက်နှာခေါင်းပေါက်မှ ရှူသွင်းပါ။
ဘယ်ဘက်နှာခေါင်းပေါက်ကို ပိတ်ပြီး ညာဘက်နှာခေါင်းပေါက်မှ လေထုတ်ပါ။
ဒီနောက် နှာခေါင်းပေါက်နှစ်ခုကို အပြန်အလှန် အပိတ်အဖွင့် ပြုလုပ်သွားပါ။
Source: DoctorNDTV #World_Health #နှစ်ခြိုက်စွာအိပ်စက်နိုင် #အသက်ရှူလေ့ကျင့်ခန်း(၇)မျိုး #Yangon_Times #YMG
အမေရိကန် ဗဟိုဘဏ်ရဲ့အတိုးနှုန်း မြင့်တက်လာခြင်းနဲ့ စီးပွားရေး မရေရာမှုတို့ကြောင့် အမေရိကန် စီးပွားရေးအပေါ် ထိခိုက်လျက်ရှိပြီး အမေရိကန်ရှိ ကော်ပိုရေးရှင်း ဒေဝါလီခံရမှုများ ၁၃ နှစ်အတွင်း အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိဖွယ်ရှိနေကြောင်း ဂက်ဂင်ဟိမ်း အင်ဗက်စ်မန့်စ်က ယခုတစ်ပတ်အတွင်း ပြောကြားလိုက်ပါတယ်။
Published_ 26 September 2023
#World_Business #အမေရိကန်ရှိကော်ပိုရေးရှင်း #ဒေဝါလီခံရမှုစံချိန်တင်မြင့်မားလာ
#Daily_News
Published_ 26 September 2023
၁။ ပုဂံစေတီပုထိုးများနှင့် ပုံစံတူဖန်တီးထားသည့် ပုဂံစေတီပုထိုးပုံစံငယ်ဝါးနှီးလက်ရာများ လူကြိုက်များပြီးဈေးကွက်ရလာ
၂။ ရှမ်းပြည်ထွက်သီးနှံအချို့ဈေးမြင့်လာပေမယ့် ရန်ကုန်ဈေးကွက်တွင်အရောင်းသွက်နေ
၃။ ‘အာဆီယံ-ပရီတိုးရီယားရုပ်ရှင်ပွဲတော်’နှင့် ‘ဟောင်ကောင်ပါဖောင့်မန်အနုပညာကုန်စည်ပြပွဲ’တွင်ပါဝင်ရန် ဖိတ်ခေါ်ထား
၄။ အမေရိကန်ရှိကော်ပိုရေးရှင်းများ ဒေဝါလီခံရမှု စံချိန်တင်မြင့်မားလာ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ရာဘာအစေးခြစ်လုပ်သားတွေ အနေနဲ့ ပြည်ပကိုသွားရောက်လုပ်ကိုင်သူများလာပြီး နယ်မြေအေးချမ်းမှုရှိ မရှိကိုရွေးကာ အလုပ်လုပ်လက်ခံလာတဲ့အတွက် ရာဘာအစေးခြစ်လုပ်သားရှားပါးမှု ဖြစ်လာတယ်လို့ ဆိုပါတယ်။
Published_ 26 September 2023
# ရာဘာအစေးခြစ်လုပ်သားရှားပါး
#YMG/LW #Yangon_Times
ငလျင်နဲ့မိုးကြီးရေကြီးတာတွေကို အရေးပေါ်ကူညီကယ်ဆယ်ပေးဖို့ အသင့်ပြင်ထားပါတယ်။ ငလျင်လှုပ်ခတ်ရင်ကျောင်းတွေမှာ ကူညီကယ်ဆယ်နည်း၊ တိုက်ခန်းတွေမှာ ကူညီကယ်ဆယ်နည်းစတဲ့ ကူညီကယ်ဆယ်ရေးနည်းလမ်းတွေကိုလည်း ဇာတ်တိုက်လေ့ကျင့်ပြင်ဆင်ထားသလို ကြိုးတွေ၊ ခါးပတ်ကွင်းစတဲ့ကယ်ဆယ်ရေးပစ္စည်းတွေလည်း အသင့်ရှိတယ်’ ရန်ကုန်လူမှုကူညီရေးအဖွဲ့ချုပ်မှ ဦးထွန်းထွန်းဦး
Published_ 26 September 2023
#ငလျင်နှင့်မိုးကြီးရေလျှံ #အရေးပေါ်ကူညီကယ်ဆယ်
#tthl
#Yangon_Times
#Local_News
Published_ 26 September 2023
ထိုင်းနိုင်ငံဘန်ကောက်-ရန်ကုန်- မကွေးဒေသ (Fam Trip)ခရီးစဉ်ဖော်ဆောင်ရန်ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ခရီးသွားဈေးကွက် ဖော်ဆောင်ရန်နှင့် ထိုင်းခရီးသွားဧည့်သည်များ ဝင်ရောက်လာစေရန် ရည်ရွယ်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ခွင့်ပြုမှု၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်း၏ စီစဉ်မှုဖြင့် ထိုင်းနိုင်ငံသား Ms.Petchsri Nonsiri ပါအဖွဲ့ဝင်(၃)ဦးတိုအားဖိတ်ခေါ်ခဲ့ပြီး ဇူလိုင်လအတွင်း ဘန်ကောက်- ရန်ကုန် - မကွေး - မင်းဘူး - ပွင့်ဖြူ - မင်းဘူး - မင်းလှ - မကွေး - ရေနံချောင်း - ရန်ကုန် - ဘန်ကောက်ခရီးစဉ် (Fam Trip) အား လာရောက်လည်ပတ်စေပြီး Fam Trip ခရီးစဉ်ကို မိတ်ဆက်ခဲ့သည်ဟုဆိုသည်။
မကွေးတိုင်းသို့လာရောက်လည်ပတ်သည့် ထိုင်းခရီးသွားများသည် (၃)ညအိပ်(၄)ရက်ခရီးစဉ် Package Tour အားသဘောကျနှစ်ခြိုက်၍ ထိုင်းနိုင်ငံရှိမိတ်ဆွေများနှင့်ခရီးသွားကုမ္ပဏီများ ခရီးစဉ်ကိုဖြန့်ဝေပေးသွားမည်ဟု မျှော်လင့်ကြောင်းဖော်ပြထားသည်။
ထိုင်းခရီးသွားဧည့်သည်များသည် ခရီးစဉ်ပထမနေ့၌ မကွေးမူလမြသလွန်စေတီတော် ၊ ကမ်းနားလမ်းညဈေးတန်းနှင့် ကန်သာကန်တို အားသွားရောက်လည်ပတ်ခဲ့ပါသည်။
ခရီးစဉ်ဒုတိယနေ့တွင် မင်းဘူးမန်းရွှေစက်တော်ရာဘုရား ၊ မန်းချောင်းအတွင်း ကနူးလှေလှော်ခြင်း၊ မန်းချောင်းဆင်စခန်း၊ ရှားပါးကြယ်လိပ်များနှင့် ရွှေသမင် များအားအစာကျွေးခြင်း၊ မင်းဘူးနဂါးပွက်တောင်နှင့် စက္ကိန်းတဲဘုရားတို့အား ဖူးမြော်ကြည်ညိုခဲ့သည်။
ခရီးစဉ်တတိယနေ့တွင် မင်းလှခံတပ်၊ ကွေ့ချောင်းခံတပ်တိုအား ကြည့်ရှုလေ့လာပြီးနောက် ဒေသထွက်ကုန်များအား ဝယ်ယူကြကြောင်း၊ ခရီးစဉ်စတုတ္ထနေ့တွင် ရေနံချောင်းမြို့ရှိ ကျောက်စာရုံ၊ ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံများ၊ သဘာဝလှပသော ရေနံချောင်း ဂျပ်ကြားနှင့် ဒေသခံများ၏ လူနေမှုသဘာဝများကို ကြည့်ရှုလေ့လာကြောင်း သိရသည်။
#tthl #Local_News #ဘန်ကောက်-ရန်ကုန်-မကွေး #(Fam Trip)
#Yangon_Times
‘ဟောင်ကောင်မှာကျင်းပမယ့် ‘ဟောင်ကောင်ပါဖောင့်မန် အနုပညာကုန်စည်ပြပွဲ’မှာပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံရသူ(သို့မဟုတ်)ရွေးချယ်ခံရတဲ့အဖွဲ့တွေကို ခရီးစရိတ်နဲ့နေထိုင် စရိတ် ကန်ဒေါ်လာတစ်ထောင်ပေးအပ်မှာဖြစ်ပြီး ကွမ်ကျိုးနဲ့ ရှန်ကျန့်ပြည်နယ်တို့ကိုလေ့လာရေး ခရီးသွားရောက်နိုင်မှာဖြစ်တယ်’ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
Published_ 26 September 2023
#ဟောင်ကောင် #ကွမ်ကျိုးနဲ့ ရှန်ကျန့်ပြည်နယ် #အနုပညာကုန်စည်ပြပွဲ
#tthl #Yangon_Times
Page 908 of 1858