Published_ 24 September 2023
ညဘက်နောက်ကျမှ အချို့သော စားစရာတွေ စားသောက်ခြင်းဖြင့် အိပ်ပျော်ဖို့ ခက်ခဲစေတတ်ပြီး ဒီလိုမျိုး ညဘက်အိပ်ပျော်ဖို့ကို အနှောင့်အယှက်ဖြစ်စေတဲ့ စားစရာ ၅ မျိုးကို Benenden Health မှာ ဖော်ပြထားပါတယ်။
ညဘက်နောက်ကျမှ မစားသောက်သင့်သလို ဗိုက်ဟောင်းလောင်းအနေနဲ့လည်း မအိပ်သင့်ကြောင်း၊ စားသောက်တဲ့ ပမာဏကို အချိုးကျ ပိုင်းခြားသင့်သလို ညအိပ်ခါနီးချိန်မှ ကော်ဖီနဲ့ သကြားစားသောက်တာကိုလည်း ရှောင်ရှားသင့်တယ်လို့ ပညာရှင်များက မှတ်ချက်ပြုထားပါတယ်။
ဒါကြောင့် ညအိပ်ခါနီး မစားသင့်တဲ့ စားစရာများကို ဖော်ပြလိုက်ပါတယ်။
(၁) ချောကလက်
ချောကလက်မှာ ကဖင်းဓာတ်ပါဝင်တာကြောင့် ညအိပ်စက်မှုစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။
(၂) ဒိန်ခဲ
အချို့သော ချိစ်တွေနဲ့ ဝက်ပေါင်ခြောက်၊ ကြက်သားနဲ့ ပက်ပါရိုနီတို့လို ထိန်းသိမ်းထားတဲ့ အသားတွေမှာ တိုင်ရာမင်းပမာဏ မြင့်မားစွာပါဝင်ပြီး နာရီအချို့ကြာတဲ့အထိ နိုးကြားနေစေပါတယ်။
(၃) အချို့သောဟင်းလျာ
ဟင်းလျာတွေနဲ့ အစပ်ပါဝင်တဲ့ စားစရာတွေမှာ ကပ်ဆိုင်စင်ပါဝင်ပြီး ခန္ဓာကိုယ်အပူချိန် ထိန်းညှိခြင်း ဖြစ်ပေါ်စေတာကြောင့် အိပ်စက်မှုကို နှောင့်ယှက်စေပါတယ်။
(၄) ရေခဲမုန့်
လူတွေက ထမင်းစားပြီးရင် အချိုပွဲအနေနဲ့ ရေခဲမုန့်လေး စားချင်ကြပေမယ့် အိပ်ချိန်နဲ့ အရမ်းကြီး နီးကပ်မနေဖို့ လိုအပ်ပါတယ်။
ဒီလိုစားစရာတွေက သွေးထဲက သကြားဓာတ်ကို မြင့်တက်စေကာ အိပ်ပျော်ကာစအချိန်မှာ ထိုးကျသွားပြီး ခန္ဓာကိုယ်ကို နိုးကြားစေပါတယ်။
(၅) အာလူးကြော်
အငန်ဓာတ်ပါဝင်တဲ့ စားစရာတွေထဲက ဆားဓာတ်ကြောင့် ရေခန်းခြောက်ခြင်း ဖြစ်ပေါ်စေပြီး ရေပိုမိုဆွဲထားကာ ပင်ပန်းနွမ်းနယ်စေပါတယ်။
ဒါဟာ ပိုမိုအိပ်ပျော်စေတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေတယ်လို့ European Society of Endocrinology က လေ့လာဖော်ပြထားပါတယ်။
ချယ်ရီသီး၊ ပျားရည်၊ ငှက်ပျောသီး၊ ကြက်ဆင်၊ ဗာဒံသီးတို့ကတော့ မယ်လာတိုနင် ပိုမိုထွက်ရှိစေကာ အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။
Source: New York Post.
#World_Health
#YMG #Yangon_Times #Yangon_Media_Group
တရုတ်၌ကျင်းပသည့် ဂိုးလ်ဒင်းပန်ဒါဆုပေးပွဲတွင် နိုင်ငံဒေသအသီးသီးမှယဥ်ကျေးမှုများ ဖလှယ်ခွင့်ရရန် နိုင်ငံတကာရုပ်ရှင်ထုတ်လုပ်သူများမျှော်လင့်
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ ကျင်းပပြုလုပ်တဲ့ ဂိုးလ်ဒင်းပန်ဒါဆုပေးပွဲ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတကာမှ ရုပ်ရှင်ထုတ်လုပ်သူများဟာ ရုပ်မြင်ဇာတ်ကားများရဲ့ စွမ်းအားများဖြင့် ကမ္ဘာလုံးဆိုင်ရာ နားလည်မှုများ ပိုမိုရရှိရန် အကူအညီဖြစ်စေပြီး ယဥ်ကျေးမှုဖလှယ်မှုများ ရရှိရန် မျှော်လင့်နေကြပါတယ်။
#World_Event
#Published_ 23 September 2023
#YMG #Yangon_Times #Yangon_Media_Group
၂၃ စက်တင်ဘာ ၂၀၂၃
စာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ ၅၅၅ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၂၃ ရက် မနက်က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့ပါတယ်။
ရှေးဦးစွာ ဗိုလ်ချုပ်မှူးကြီးသည် စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပြခန်းအတွင်း လှည့်လည်၍ စာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ ဘဝမှတ်တမ်းများ၊ မှတ်တမ်းဓာတ်ပုံများ၊ ရေးသား ပြုစုတော်မူခဲ့သည့် စာပေနှင့် ပေကျမ်းများ၊ ခေတ်ပြိုင်စာဆိုတော်များ၊ စာဆိုတော် ရှင်မဟာရဋ္ဌသာရ ကို ဂုဏ်ပြုရေး သားထားသည့် ဆောင်းပါးများ ခင်းကျင်းပြသ ထားရှိမှုကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီနောက် စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက်မွေးနေ့ အထိမ်း အမှတ် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က အဆိုပါအခမ်းအနားကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ပါတယ်။
အဲဒီနောက် သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ လဲ့လဲ့ဝင်း၊ ဦးအမ်းယုမောင် (မောင်လူမွှေး-မြန်မာမှု)၊သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းဦးနှင့် ပြင်ပပညာရှင် ဦးသူရဇော် က ရှင်မဟာ ရဋ္ဌသာရနှင့်ပတ်သက်သည့် စာတမ်းအသီးသီးကိုဖတ်ကြားခဲ့ကြပါတယ်။
နစကဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူတွေဟာ စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ကပြဖျော်ဖြေတင်ဆက်ကြသည့် “ကျေးဇူးသစ္စာ ပန်းအလင်္ကာ” ဂုဏ်ပြု တေးဂီတ ကဇာတ် ကိုကြည့်ရှု အားပေးခဲ့ကြတယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာတို့၏ စာပေသမိုင်းတွင် ယနေ့ထက်တိုင် အမြတ်တနိုး တန်ဖိုးထား၍ လေ့ လာဖတ်ရှုပြီး အတုယူစံထားရသည့် စာပေပညာရှင်များ အမြောက်အများ ပေါ်ထွန်းခဲ့ ယင်းစာပေပညာရှင်များအနက် အင်းဝခေတ် သက္ကရာဇ်(၈၃၀) က ပေါ်ထွန်းခဲ့သည့် ရှင်မဟာရဋ္ဌသာရ သည်လည်း တစ်ပါးအပါအဝင်ဖြစ်ပါတယ်။
စာဆိုတော် ရှင်မဟာရဋ္ဌသာရ ရေးသားခဲ့တဲ့ ကဗျာလင်္ကာများအနက် မြန်မာနိုင်ငံ စာပေသင်ကြားမှုသမိုင်းတွင် အထင်ကရ ရှိခဲ့သည့် သင်ကြားမှုနည်းစနစ်တစ်ခုမှာ “သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ” “အက္ခရာစွဲသုံး ဤရှစ်လုံးကို သီကုံးပန်းသွင် နေ့တိုင်းဆင်လော့” ဟူသည့် ဆုံးမစာ လင်္ကာသွားပင်ဖြစ်ကြောင်းသိရှိရပါတယ်။
Knl/ymg



#Daily_News
Published_ 23 September 2023
၁။ ယခုနှစ်အတွက် လှည်းကူးမြို့၌ ခရီးသွားSiteများ ပြင်ဆင်ထားပြီဖြစ်၊ ဒါးပိန်ပန်းပုရွာ၊ ဆုံဆီ၊ ကနုကမာနှင့် ကြိမ်ထည်လုပ်ငန်းများ လေ့လာနိုင်ဟုဆို
၂။ YUFLမှ ဖွင့်လှစ်မည့် နိုင်ငံခြားသာသာအွန်လိုင်းသင်တန်းများနှင့် Face to Faceသင်တန်းများကျောင်းအပ်လက်ခံရက် ထပ်မံတိုးမြှင့်
၃။ ဒညင်းကုန်း လက်ကားဈေးကြီးမှ ကုန်ပစ္စည်းများကို အဝယ်တော်အပလီကေးရှင်း ကနေလက်လီ လက်ကားဝယ်ယူ နိုင်တယ်လို့ဆို
၄။ တရုတ်၌ကျင်းပသည့် ဂိုးလ်ဒင်းပန်ဒါဆုပေးပွဲတွင် နိုင်ငံဒေသအသီးသီးမှ ယဥ်ကျေးမှုများဖလှယ်ခွင့်ရရန် နိုင်ငံတကာရုပ်ရှင်ထုတ်လုပ်သူများ မျှော်လင့် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 23 September 2023
ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် မြန်မာ့လက်ရွေးစင်ဘိလိယက်ကစားသမား ဦးပေါက်စကို နည်းပြအဖြစ် အင်ဒိုနီးရှားနိုင်ငံမှ ငှားရမ်းခဲ့ပြီး စက်တင်ဘာလ၁၆ရက်တွင် အင်ဒိုနီးရှားနိုင်ငံသို့ထွက်ခွာသွားပြီဖြစ် ကြောင်းမြန်မာဘိလိယက်နှင့်စနူကာအဖွဲ့မှသိရသည်။
အင်ဒိုနီးရှားနိုင်ငံမှ နည်းပြအဖြစ်Contract စာချုပ်ချုပ်ဆိုပြီး စာချုပ်အရစားရိတ်ငြိမ်း(4)လ၊တစ်လလျှင် US$ dollar 3000ဖြင့်သွားရောက်သင်ကြားပေးရမည်ဟုဆိုသည်။
မြန်မာ့လက်ရွေးစင်ဘိလိယက်ကစားသမား ဦးပေါက်စသည် တိတ်တဆိတ်လူသတ်သမား(Silent killer)ဆိုတဲ့ (nick name) နဲ့နိုင်ငံတကာ အားကစားသမားတွေကြား လူသိများသူဖြစ်ပြီး အမှတ် (1000) break ထိုးနိုင်သူ ဖြစ်ကြောင်း၊ ယနေ့ကာလတွင်အမှတ်(1000)break ထိုးနိုင်သူ ကမ္ဘာတလွှား တွင်ပင်သက်ရှိထင်ရှား (5)ယောက်ပင်မရှိတော့ကြောင်း မြန်မာဘိလိယက်နှင့်စနူကာအဖွဲ့ဥက္ကဌ၏ရေးသားချက်အရသိရသည်။
‘‘မြန်မာအားကစားသမားတယောက် နိုင်ငံခြားထွက်ပြီးနည်းပြပေးရတာ တစ်ခြားနိုင်ငံတစ်ခုက မြန်မာတစ် ယောက်ကိုနည်းပြအဖြစ်ခေါ်ယူ ငှားရမ်းခဲ့တာ ကျွန်တော်မကြားဘူးပါ၊ရှိခဲ့ရင်လည်း ရှားရှားပါးပါးဘဲဖြစ်မှာပါ’’ဟု မြန်မာဘိလိယက်နှင့်စနူကာအဖွဲ့ဥက္ကဌမှသူ၏လူမှုကွန်ရက်ပေါ်တွင်သုံးသပ်ရေးသားထားသည်။
ဦးပေါက်စသည်2022 Vietnam နိုင်ငံမှာ ကျင်းပတဲ့ SEA Games ပြိုင်ပွဲနှင့်2023 Cambodia နိုင်ငံမှာကျင်းပတဲ့ SEA Games ပြိုင်ပွဲ ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲများမှ နိုင်ငံအတွက်ရွှေတံဆိပ် (2)ခုရယူပေးနိုင်သူတစ်ဦး ဖြစ်ပြီး ဇူလိုင်လတုန်းကလည်းမလေးရှားနိုင်ငံသို့ နည်းပြအဖြစ် သွားရောက်ခဲ့ပြီးပြီဖြစ်ကြောင်းလည်းသိရသည်။
#Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ဒညင်းကုန်း လက်ကားဈေးကြီး မှ ကုန်ပစ္စည်းများကို အဝယ်တော်အပလီကေးရှင်း ကနေလက်လီ လက်ကားဝယ်ယူ နိုင်တယ်လို့ဆို
ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်မှာ ရှိတဲ့ဒညင်းကုန်း လက်ကားဈေး ကြီး ကကုန်ပစ္စည်း တွေကို လူကိုယ်တိုင် လာစရာမလိုဘဲ အဝယ်တော်အပလီကေးရှင်း ကတစ်ဆင့်လက်လီ လက်ကားဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
#Yangon_Times/LW
#Published_ 23 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 23 September 2023
၂၃ စက်တင်ဘာ ၂၀၂၃ယခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၃ လအတွင်း ပြည်ပသို့ တစ်လလျှင် ပျမ်းမျှ ဆန်တန်ချိန် ၂ သိန်းကျော်ခန့် တင်ပို့နိုင်ရန် လျာထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။
ယနေ့ စက်တင်ဘာ ၂၃ ရက်တွင် အွန်လိုင်းမှတဆင့် ပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ်အတွင်း ပြီးခဲ့သည့်လများတွင် ပြည်ပသို့ ဆန်တင်ပို့မှု ဆက်တိုက်လျော့ကျခဲ့သော်လည်း လာမည့် ပွင့်လင်းရာသီကာလတွင်မူ ဆန်တင်ပို့မှုများ ပြန်မြင့်တက်လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
‘’အောက်တိုဘာလမှာ ပြည်ပကို ဆန်တန်ချိန် ၂ သိန်း၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာတော့ ပြည်ပကို ဆန်တန်ချိန် ၂ သိန်းခွဲစီ တင်ပို့နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်’’ ဟု ဦးရဲမင်းအောင်က ပြောသည်။
ပြီးခဲ့တဲ့နှစ်များက မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လစဉ် ဆန်တန်ချိန် ပျမ်းမျှ ၂ သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ပြည်တွင်း ဆန်ဈေးနှုန်းများ စံချိန်တင်မြင့်တက်နေသည့်အတွက် တစ်လလျှင် ပျမ်းမျှ ဆန်တန်ချိန် ၁ သိန်းအောက်သာ တင်ပို့နိုင်ခဲ့သည့် အခြေအနေရှိကြောင်း စီးပွား/ ကူးသန်း၏ အချက်အလက်များအရ သိရသည်။
လက်ရှိကာလတွင် အိန္ဒိယနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှု ပိတ်ပင်ထားသဖြင့် ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပြည်ပဆန်တင်ပို့မှုများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ဆန်ကုန်သည်တစ်ဦးက သုံးသပ်သည်။
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လအထိ ၅ လအတွင်း မြန်မာနိုင်ငံက ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၃၇၉,၀၀၀ ကျော်သာ တင်ပို့ထားပြီး ပြီးခဲ့သည့်နှစ် ကာလတူထက် ထက်ဝက်ကျော် လျော့ကျနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
ယခုနှစ်အတွင်း ဖိလစ်ပိုင်၊ တရုတ်နှင့် ဥရောပနိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။
tkz/yt
#Local_News
#YMG #Yangon_Times #Yangon_Media_Group
YUFLနိုင်ငံခြားဘာသာအွန်လိုင်းသင်တန်းနှင့်အချိန်ပိုင်းသင်တန်းများအောင်တိုဘာတွင်ဖွင့်မည်
‘နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)အွန်လိုင်းသင်တန်းကိုအောက်တိုဘာလ(၁၃)ရက်၊ ရိုးရိုးအချိန်ပိုင်းသင်တန်းFace to Faceသင် တန်းကို အောက်တိုဘာလ(၁၄)ရက်မှဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် အောက်တိုဘာလ(၁၀)ရက်အထိ ကျောင်းအပ်လက်ခံသွားမှာဖြစ်တယ်’
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)
#Yangon_Times/tthl
#Published_ 23 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ယခုနှစ်အတွက် လှည်းကူး၌ ခရီးသွားSiteများ ပြင်ဆင်ထားပြီဖြစ် ၊ဒါးပိန်ပန်းပုရွာပါဝင်
‘ နိုင်ငံခြားသားခရီးသွားတွေအတွက် လက်မှုလုပ်ငန်းတွေလုပ်ကိုင်ကြတဲ့ ဒါးပိန်ကျေးရွာပန်းပုရွာအပြင် ဒေသရဲ့လုပ်ငန်းတွေဖြစ်တဲ့ ဆုံဆီ၊ကနုကမာလုပ်ငန်း၊ ကြိမ်ထည်ပစ္စည်းလုပ်ငန်းတွေကိုသွားရောက် ကြည့်ရူလေ့လာနိုင်အောင် ခရီးစဉ်တွေရေးဆွဲထားတယ်။ပြည်တွင်းခရီးသွားတွေအတွက် အပန်းဖြေနိုင်မယ့် Resortတွေရှိတယ်’ လှည်းကူးမြိုနယ်ယဉ်ကျေးမှုအမွေအနှစ်စောင့်ရှောက်ရေးအဖွဲမှတာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Published_ 23 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
မြန်မာဝူရှုးအားကစားမယ်တစ်ဦးဖြစ်တဲ့ စန္ဒီဦးဟာ ဝူရှုးအားကစားကို လိုက်စားလာခဲ့တာ ဆယ်စုနှစ် (၂)စုကျော်ကြာခဲ့ပါပြီ။ အခု သူမဟာ ၁၉ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရှင်ဖြစ်ဖို့ မျှော်မှန်းနေပါတယ်။စန္ဒီဦးဟာ ကစားပွဲများစွာ ကစားခဲ့တဲ့ အတွေ့အကြုံရှိတဲ့ အားကစားသမားတစ်ဦးပါ။ သူမဟာ အာရှအားကစားပြိုင်ပွဲရဲ့ ဝူရှုးပြိုင်ပွဲတွေ မှာ မြန်မာနိုင်ငံအတွက် ဆုတံဆိပ်တွေ ကိုယ်စားယူပေးပါလိမ့်မယ်။
၂၃ စက်တင်ဘာ ၂၀၂၃
ထိုင်းဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဆရက်သာ သာဗီဆင်းက ထိုင်းနိုင်ငံအနေနှင့် လူ့အခွင့်အရေး အရေးကြီးတာကို အလေးအနက်ထားပြီး နိုင်ငံထဲမှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို အကောင်းဆုံးစောင့်ရှောက်နေပါတယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။
မစ္စတာ ဆရက်သာက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် ကုလရုံးချုပ်မှာ တွေ့ဆုံအပြီး သတင်းထောက်တွေနှင့်တွေ့ဆုံရာမှာ အဲသလိုပြောကြားခဲ့တာလို့ ဘန်ကောက်ပို့စ်မှာ သတင်းဖော်ပြထားပါတယ်။
သူဟာ ကုလသမဂ္ဂ ၇၈ကြိမ်မြောက် အထွေထွေညီလာခံတက်ရောက်နေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအနေနှင့် လူ့အခွင့်အရေး အရေးကြီးမှုကို ဦးစားပေးပြီး ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးမှုတွေကို ထောက်ခံတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ ဒုက္ခသည်တွေကို ကူညီပေးခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြည်တွင်းရေး ပဋိပက္ခတွေမှာ ဝင်ရောက်ပတ်သက်မှာမဟုတ်ဘူးလို့လည်းပြောပါတယ်။
ကုလအတွင်းရေးမှူးချုပ်ကလည်း သူ့ကို စိုးရိမ်ပူပန်ကြောင်းပြောခဲ့ပြီး ထိုင်းအနေနှင့် သူ့ရဲ့ အရေးတကြီးသတင်းစကားဖြစ်တဲ့ ဒုက္ခသည်တွေကို စောင့်ရှောက်ဖို့ဆိုတာကို ယူဆောင်သွားမှာပါလို့လည်းဆိုပါတယ်။
ရှေ့သို့ချီပါတီMFP ရဲ့ အမတ်တစ်ဦးဖြစ်တဲ့ ချူလာပွန်ယူကိတ်က ရှမ်းပြည်နယ်မငြိမ်မသက်မှုရဲ့ ရိုက်ခတ်မှုခံစားရတဲ့ မြန်မာတွေကို ကူညီဖို့ အစားအစာတွေ၊ဆေးဝါးတွေနှင့် အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးချင်နေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ကူညီဖို့ အစိုးရကို သောကြာနေ့ကတောင်းဆိုထားပါသေးတယ်။
Published_ 23 September 2023
စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်ဟာ ၂၀၂၄ မှစတင်ပြီး စက်စနစ်လူဝင်မှုကြီးကြပ်ရေး ဖြတ်သန်းမှုစနစ်ကို အသုံးပြုကာ ပတ်စ်ပို့ကင်းလွတ်ခွင့်ဖြင့် သွားလာနိုင်ရန် စီစဥ်နေကြောင်း CNN မှ ဖော်ပြခဲ့ပါတယ်။
မျက်နှာမှတ်သားစနစ် အချက်အလက်များကိုသာ အသုံးပြုပြီး စင်္ကာပူကနေ ခရီးသည်တွေ ပတ်စ်ပို့မလိုအပ်ဘဲ ထွက်ခွာလို့ရမယ့် စက်စနစ် လူဝင်မှုကြီးကြပ်ရေး ဖြတ်သန်းမှုကို စတင်အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ထိုကြေညာချက်ကို စင်္ကာပူ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဂျိုဆက်ဖင်းထယ်အိုက တနင်္လာနေ့က ပါလီမန်အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပြောင်းလဲမှုအများအပြား အတည်ပြုနိုင်ခဲ့ပါတယ်။
ပတ်စ်ပို့မလိုအပ်သည့် စက်စနစ် လူဝင်မှုကြီးကြပ်ရေး ဖြတ်သန်းမှုကို စတင်မိတ်ဆက်မယ့် ကမ္ဘာ့နိုင်ငံအနည်းစုထဲမှာ စင်္ကာပူအပါအဝင် ဖြစ်လာလိမ့်မယ်လို့ ပြောကြားသွားပါတယ်။
မျက်နှာမှတ်သားခြင်း ဆော့ဖ်ဝဲစနစ်ဖြင့် ဘိုင်အိုမက်ထရစ်နည်းပညာကို ချန်ဂီလေဆိပ် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်များရှိ အချို့လမ်းကြောင်းတွေမှာ အတိုင်းအတာတစ်ခုအထိ အသုံးပြုနေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ယခုပြောင်းလဲချက်များအရ ခရီးသည်များဟာ စစ်ဆေးရေးဂိတ်တွေမှာ သွားလာရေး မှတ်တမ်းများ အကြိမ်ကြိမ်ပြသနေစရာ မလိုအပ်တော့ဘဲ ပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ထယ်အိုက ဆိုခဲ့ပါတယ်။
ခရီးဆောင်အိတ် တင်ချရေးနေရာကစလို့ လူဝင်မှုကြီးကြပ်ရေး ဖြတ်သန်းခွင့်နေရာများ၊ လေယာဥ်ပေါ်တက်သည်အထိ စက်စနစ်စစ်ဆေးရေးနေရာများမှာ မျက်နှာမှတ်သားစနစ်ဖြင့် ဖြတ်သန်းခွင့်အမှတ်အသား ပြုလုပ်ပေးလိုက်မှာ ဖြစ်ပါတယ်။
ပတ်စ်ပို့ကင်းလွတ်ဖြတ်သန်းမှု မရှိသေးတဲ့ ပြင်ပနိုင်ငံများမှာတော့ ပတ်စ်ပို့လိုအပ်နေဦးမှာ ဖြစ်ပါတယ်။
စင်္ကာပူမှ ချန်ဂီလေဆိပ်ဟာ ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ် မကြာခဏ သတ်မှတ်ခံရသလို အသွားအလာ အများဆုံးလေဆိပ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
လေဆိပ်ထဲမှာပဲ ဆိုက်ရောက်ရာနေရာတစ်ခု ရှိသလို အဆောက်အအုံဂိတ် ၄ ခုရှိပါတယ်။
ခရီးသည်များပြားလာတာနဲ့ ကိုက်ညီမှုရှိစေဖို့ နောက်ထပ်အဆောက်အအုံဂိတ်တစ်ခုကို တိုးချဲ့သွားဖို့ စီစဥ်ထားပါတယ်။
ချန်ဂီလေဆိပ်က ကိုဗစ်မတိုင်မီကာလကလိုမျိုး ခရီးသည်အများအပြားနဲ့ လေကြောင်းခရီးစဥ်များ ရရှိရန် ရည်ရွယ်ထားပြီး မကြာမီအသုံးပြုမယ့် မျက်နှာမှတ်သားစနစ်ဖြင့် ခရီးသည် ပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
‘’ကျွန်မတို့ရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်က များပြားလှသော ခရီးသည်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေး ဖြစ်စေရန်နဲ့ လုံခြုံဘေးကင်းစိတ်ချစွာဖြင့် ဖြတ်သန်းခွင့်ရရှိရန် ဆောင်ရွက်နိုင်ရမှာ ဖြစ်ပါတယ်’’ လို့ ပြောပြသွားပါတယ်။
Source: NDTV
#World_News
#YMG #Yangon_Times #Yangon_Media_Group
Page 912 of 1858