#Local_News
Published 16 September 2025

▪️ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ရှိ နောင်ချိုဘူတာဂုတ်ထိပ်ဘူတာနှင့် ဂုတ်ထိပ်တံတားများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီးသမိုင်းအမွေအနှစ်တံတားဖြစ်သဖြင့် မူလလက်ရာဒီဇိုင်းအတိုင်း ပြန်လည်တည်ဆောက်နိုင်ရေးမှာကြားခဲ့ကြောင်း သိရသည်။

▪️ ပြည်ထောင်စုဝန်ကြီးက ဂုတ်ထိပ်တံတားသမိုင်းအမွေအနှစ်တံတားဖြစ်သဖြင့် မူလလက်ရာဒီဇိုင်းအတိုင်း ပြန်လည်တည်ဆောက်နိုင်ရေး၊ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်အချိန်ဇယားအတိုင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး လိုအပ်ချက်များကိုမှာကြားခဲ့ပြီးတံတားကြီးနှင့် ကပ်လျက်ပေ ၃၅၀ အရှည်ရှိ ဥမင် လိုဏ်ခေါင်းအတွင်း အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးထားသည့် ရထားသံလမ်းများ၊ ကွန်ကရစ်ဇလီဖားတုံးများ၊ မိုင်းဖောက်ခွဲရန်စီစဉ်ထားခဲ့သည့်နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

▪️ အကြမ်းဖက်သောင်းကျန်းသူများ၏ ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဂုတ်ထိပ်တံတား လားရှိုးဘက်ခြမ်းကမ်းကပ်ခုံနှင့် တံတားတိုင်အမှတ် ၁၆ အကြား တံတားသံပေါင်များ အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ရေးအတွက် လိုအပ်သည့် တံတားပစ္စည်းများ သယ်ယူစုဆောင်းပြီး ယာယီ ဒေါက်တိုင်ဖြင့် ယာယီသံပေါင် တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း၊ပျက်စီးသွားသည့် တံတားအစိတ်အပိုင်းများဖယ်ရှားပြီး တံတားသံပေါင်အသစ်များ အစားထိုးတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြား မန္တလေး-လားရှိုးရထားလမ်းကြောင်းပေါ်၌ ပေ ၂၂၀၀ ကျော် ရှည်လျား၍ ပေ ၅၀၀ ခန့်နက်သည့် လျှိုချောက်ကြီး၏ တစ်ဖက်တစ်ချက်ရှိ တောင်နံရံနှစ်ခုကို ဖြတ်သန်းဆက်သွယ်ဖောက်လုပ်ထားခြင်းဖြစ်ပြီး တံတားကြီးကို လန်ဒန်မြို့ရှိ Sir A.M.R Rendel & Co., က ဒီဇိုင်းရေးဆွဲ၍ အမေရိကန်ပြည်ထောင်စုမှ Pennsylvania & Maryland Bridge and Construction Co., က ၁၈၉၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၀၀ ပြည့်နှစ်တွင် ပြီးစီးခဲ့သဖြင့် ၁၉၀၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့ရာ ယခုအခါ သက်တမ်းနှစ်ပေါင်း ၁၂၀ ကျော်ခဲ့ပြီဖြစ်သည်။

▪️ တံတားအရှည်ပေ ၂၂၆၀ ခန့်၊ တံတား သံမဏိတိုင်အမြင့်ပေ ၃၂၀ အပါအဝင် လျှိုကြမ်းပြင်မှ ရထားသံလမ်းမျက်နှာပြင်အထိ အမြင့် ၈၂၅ ပေခန့်မြင့်မားသောကြောင့် ၎င်းကာလက ကမ္ဘာ့အမြင့်ဆုံး သံမဏိတံတားအဖြစ် မှတ်တမ်းဝင်ခဲ့ကာ သံနှင့်သံမဏိတန်ချိန် ၄၃၁၁ တန်၊ သံမှိုတစ်သန်းခန့်သုံးစွဲထားပြီး မတ်စောက်သည့် တောင်စောင်းများအကြား ခက်ခဲစွာတည်ဆောက်ထားခြင်းဖြစ်သောကြောင့် မီးရထားဖြင့်လိုက်ပါစီးနင်းလျှင် တွေ့မြင်ရသည့် သံမဏိတံတားနှင့် ပတ်ဝန်းကျင်ရှုခင်းအလှအပမှာ လွန်စွာကျော်ကြားပြီး မြန်မာနိုင်ငံအနေဖြင့် ဂုဏ်ယူဖွယ်ရာအံ့မခန်းထင်ရှားသည့် တံတားတစ်စင်းဖြစ်သည်။

▪️ အဆိုပါတံတားကို ဩဂုတ် ၂၄ ရက်က အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ (TNLA)က မိုက်မဲစွာ မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရ သည်ကို နိုင်ငံပိုင်သတင်းမီဒီယာများတွင် ဖော်ပြအသိပေးခဲ့ပြီး ယခုအခါ မြန်မာ့မီးရထားမှ အင်ဂျင်နီယာဝန်ထမ်းများက ပျက်စီးသွားသည့် အစိတ်အပိုင်းများကို ရှေးမူရင်းလက်ရာ ဒီဇိုင်းပုံစံအတိုင်း ပြန်လည်ပြင်ဆင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

#YMG/SW #Yangon_Times