#Local_News
Published -14 August 2023
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၌ ခြောက်ဘီးယာဥ်တစ်စီးဘရိတ်ပေါက်၍ လမ်းဘေးသစ်ပင်အားဝင်တိုက်မှုဖြစ်ခဲ့၍ အမျိုးသား ၁ဦး သေဆုံးခဲ့ကြောင်း သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းမှသိရသည်။
ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင် - မန္တလေးအဆင်းလမ်း၊ မိုင်တိုင်အမှတ်(၂၁) တွင် ပြင်ဦးလွင်မှမန္တလေးသို့မောင်းနှင်လာသော Canter အမျိုးအစား ၆ ဘီးကုန်တင်ယာဥ် တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးသစ်ပင်အား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့သဖြင့် ယာဥ်မောင်းအမျိုးသား သေဆုံးသွားခဲ့ပြီး ယာဥ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ြသဂုတ်လ ၁၃ရက်က ဖြစ်ခဲ့သည်။
ယာဥ်တိုက်မှုဖြစ်စဥ်ကြောင့် ယာဥ်မောင်းအမျိုးသားမှာ ယာဥ်၏ခေါင်းခန်းအတွင်း ညပ်မိနေ၍ ထိခိုက်ဒဏ်ရာများပြင်း ထန်စွာရရှိကာ ယာဥ်ခေါင်းခန်းအတွင်းမှ ခက်ခက်ခဲခဲထုတ်ယူခဲ့ရပြီးသန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဥ်သေဆုံး သွားခဲ့ကြောင်းသိရသည်။
ယင်းအပြင် ကျန်အမျိုးသား ၁ဦးနှင့် ကလေးငယ် ၁ ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့၍ သီရိဎထန (ညောင်ပေါ)လူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #လမ်းဘေးသစ်ပင်အားဝင်တိုက် #ယာဥ်မောင်းသေဆုံး
#Yangon_Times/PP
‘ပဲခူးရှိရေဘေးသင့်ပြည်သူတွေကို ရန်ကုန်မှလူမှုကူညီရေးအဖွဲ့ဝင်လူအင်အား(၉၀)ဖြင့် သွားရောက်ကူညီပေးခဲ့ပါတယ်။ ရေဘေးသင့်သူတွေထဲမှ သက်ကြီးရွယ်အို၊နာမကျန်းဖြစ်နေသူနဲ့ ကလေးငယ်တွေကို လှေတွေ၊လူနာတင်ယာဉ်တွေ နဲ့ဘေးကင်းရာကိုရွေ့ပြောင်းနိုင်အောင် ကူညီပေးခဲ့တယ်။ ထမင်းထုတ်တွေလှူဒါန်းခဲ့ပါတယ်’ ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဌ ဦးထွန်းထွန်းဦး
Published_ 14 August 2023
#ပဲခူးရေဘေးသင့်ပြည်သူ #ကူညီကယ်ဆယ်ပေးခဲ့
#tthl
#Yangon_Times
#Local_News
Published-14-8-2023
ပြည်ပသို့ထွက်ခွာမည့် မြန်မာနိုင်ငံသားအတွက် နှစ်လကျော်ကာလအတွင်း (၂၉၅၆)ဦးအား နိုင်ငံခြားငွေများ ရောင်းချပေးနိုင်ခဲ့ကြောင်း ဗဟိုဘဏ်၏ထုတ်ပြန်ချက်အရ သိရသည်။
ယင်းသို့ ရောင်းချရာတွင် နေ့စဉ်ဈေးကွက်၏ ပျမ်းမျှငွေလဲလှယ်နှုန်းအပေါ်မူတည်၍ အမေရိကန်တစ်ဒေါ်လာလျှင် (၂၅၀၀) ကျပ်မှ(၂၆၀၀ )ကျပ်နှင့် ထိုင်းဘတ်တစ်ဘတ်လျှင် (၇၅ )ကျပ်မှ (၈၅)ကျပ် အတွင်း ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
နိုင်ငံခြားငွေများရောင်းချပေးမှုအား ယခုနှစ်မေ(၅)ရက်နေ့မှ ဩဂုတ် (၁၀) ရက်နေ့အထိ လူဦးရေ (၂,၆ဝ၃)ဦးအတွက် အမေရိကန်ဒေါ်လာ (၇၈၉,၈၀၆)ကို လည်းကောင်း၊ လူဦးရေ (၃၀၁) ဦးအတွက် ထိုင်းဘတ်(၂,၄၅၄,၅၅၀)ကို လည်းကောင်း၊ လူဦးရေ (၂၇) ဦးအတွက် စင်္ကာပူဒေါ်လာ (၉,၈၆၁) ကို လည်းကောင်း၊ လူဦးရေ (၂၀ )ဦးအတွက် မလေးရှားရင်းဂစ် (၁၆,၇၃၈)ကို လည်းကောင်း၊ လူဦးရေ (၅) ဦးအတွက် ယူရို (၁,၄၅၀)ကို လည်းကောင်း အသီးသီးရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများ ပြည်ပသို့ထွက်ခွာရာ၍ အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန် သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများအား အသေးသုံး နိုင်ငံခြားငွေသား ဆောင်ယူသွားနိုင်နှင့် ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ပေးသည့်အစီအစဉ်တစ်ခုလည်းဖြစ်သည်။
အဆိုပါ အစီအစဉ်ကို ဗဟိုဘဏ်က ယခုနှစ် မေလ ၂၆ ရက်တွင် AD လိုင်စင်ရဘဏ်များအနေဖြင့်ရောင်းချပေးရန်ထုတ်ပြန်ခဲ့ပြီး၊ မေလ ၃၁ ရက်တွင် စတင်ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါအစီအစဉ်တွင် CB Bank PCL (CB) ၊ ကမ္ဘောဇဘဏ်လီမိတက် (KBZ) ၊ AYA Bank PCL (AYA) ၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်လီမိတက် (A bank) ၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက် (MAB) ၊ ရိုးမဘဏ်လီမိတက် (Yoma) ၊ ယူအေဘီဘဏ်လီမိတက်(uab)၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD) ၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက် (MOB)၊ ကမ္ဘာ့ရတနာဘဏ်လီမိတက် (GTB) ၊ ထွန်းကော်မာရှယ်ဘဏ်လီမိတက် (TCB) ၊ ရွှေ (ကျေးလက် နှင့် မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက် (Shwe ) ၊ ပထမပုဂ္ဂလိကဘဏ်လီမိတက် (FPB) ၊ အင်းဝဘဏ်လီမိတက် (Innwa) ၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက် (MCB) တို့မှ ပါဝင်ရောင်းချပေးလျက်ရှိပြီး ဝယ်ယူရရှိနိုင်သည့် ကောင်တာများအား သက်ဆိုင်ရာဘဏ်၏ Website နှင့် Facebook Page များတွင် ကြေညာပေးခဲ့ကြောင်း သိရသည်။
#Local_News #နိုင်ငံခြားငွေ #ပြည်ပသို့ထွက်ခွာ
#YMG/my
#Yangon_Times
‘မိုးကာလမှာ YBS ယာဉ်တွေ လမ်းမချော်အောင်တာယာပန်းကောင်းတဲ့ကားဘီးတွေသာ အသုံးပြုပြေးဆွဲဖို့ ညွှန်ကြားထားသလို အရှိန်လွန်ပြီး တိုက်မိတာမျိုးမဖြစ်အောင် ဘရိတ်တွေကောင်းအောင် ပြုပြင်ထားဖို့လည်း ညွှန်ကြားထားတယ်။လက်ကိုင်ကွင်းတွေလည်းတပ်ဆင်ပေးထားရမယ်’ YRTCတွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မာန်
Published_ 14 August 2023
#YBS ယာဉ် # YRTCတွဲဖက်အတွင်းရေးမှူး
#tthl
#Yangon_Times
#Local_Sport
Published_ 14 August 2023
ပရီးမီးယားလိဂ်ကလပ် စပါးအသင်းဟာ အသင်းက ထွက်ခွာသွားတော့မယ့် ဟူရိလိုရစ်ရဲ့ နေရာမှာ ဆွန်ဟောင်မင်းကို အသင်းခေါင်းဆောင်သစ်အဖြစ်ခန့် အပ်ခဲ့ပါတယ်။
တိုက်စစ်မှူး ဟယ်ရီကိန်းကရာသီကြိုခြေစမ်းပွဲတွေမှာအသင်းခေါင်းဆောင် အဖြစ်ပါဝင်ကစားခဲ့ပြီး သူ့ကို ကပ္ပတိန်ခန့် အပ်ဖို့ နည်းဖြစ်တဲ့ ပို့စတီကိုဂလူး ကရည်ရွယ်ခဲ့ပေမယ့်ကိန်းဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ သွားခဲ့တာပါ။
ဒါကြောင့် အခုအချိန်မှာ စပါးကို၂၀၁၅ ခုနှစ်မှာရောက်ရှိလာခဲ့ပြီး ပွဲစဉ်ပေါင်း ၃၇၂ပွဲမှာ ၁၄ ၅ရိုးအထိ သွင်းယူထားတဲ့ ဆွန်ဟောင်မင်ကို အသင်း ခေါင်းဆောင်အဖြစ်ခန့်အပ်တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ အခုနှစ်မှအသင်းကိုရောက်ရှိလာတဲ့မက်ဒီဆင်နဲ့ အာဂျင်တီးနား နောက်ခံလူ ရိုမဲရိုးတို့ကို ဒုတိယအသင်းခေါင်းဆောင်တွေအဖြစ် နည်းပြကခန့်အပ်ခဲ့တယ်လို့လည်းသိရပါတယ်။
အသက် ၃၁နှစ်ရှိ ဆွန်ဟာတောင်ကိုရီးယား လက်ရွေးစင်အသင်းရဲ့အသင်းခေါင်းဆောင်လည်းဖြစ်ပြီး နိုင်ငံအသင်းအတွက် ၁၁၁ပွဲကစားထားပါတယ်။"ကျွန်တော် ဆွန်နဲ့အတူ တွဲပြီးအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။
သူအနေနဲ့ ခေါင်းဆောင်အရည်အသွေးတွေပြသပြီး အသင်းကို အောင်မြင်မှုတွေ ရယူဖို့ မျှော်လင်းထားပါတယ်" လို့စပါးနည်းပြ ပိုစတီကို ဂလူးက ဆိုခဲ့ပါတယ်။
#Local_Sport #ဆွန်ဟောင်မင်း
Ret; The Athletics
‘မိုးတွင်းမှာကားစီးလုံးငှားပြီး ခရီးသွားသူအချိုရှိနေပေမယ့်လည်း မိုးတွင်းဖြစ်တာတစ်ကြောင်း၊ ကားစီးလုံးငှားရမ်းခတွေ တိုးလာတာကြောင့်တစ်ကြောင်း ကားစီးလုံးငှားပြီးခရီးထွက်သူတွေပါးနေဆဲဖြစ်တယ်’’ ကားစီးလုံးငှားဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦး
Published_ 14 August 2023
#ပုဂံညောင်ဦးသို့သွားသူအချို့ရှိ
#tthl
#Yangon_Times
ဒေဝဘက်က လက်ခံခဲ့မယ်ဆိုရင် ဒါဟာပွဲကြီးပွဲကောင်းတစ်ခုဖြစ်လာလိမ့်မယ်ဟု ဝေဖန်ပြောဆို
Published_ 14 August 2023
#မြန်မာ့လက်ဝှေ့ကျော်ဒေဝ #ရွှေရာမာန်ကစိန်ခေါ်
#Ymg/my
#Yangon_Times
#Local_News
Published 14-8-2023
ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ပညာရေးကောလိပ်တွင် ယမန်နေ့ ညနေ ၅နာရီ မိနစ် ၃၀ အချိန်ခန့်က အခန်းတစ်ခုအတွင်းထားရှိသော တိုင်ကီတစ်လုံးမှ အမိုးနီးယားဓါတ်ငွေယိုစိမ့်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ယင်းအမိုးနီးနားယိုစိမ့်မှုအတွက် ငြိမ်းသတ်ရန် မိနစ် လေးဆယ်ခန့် ဆောင်ရွက်ခဲ့ရပြီးနောက် ၊ဓာတ်ငွေ့ယိုစိမ့်မှုကို ပိတ်ပစ်နိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားချိန်သည် ကျောင်းပိတ်ရက်ဖြစ်နေခြင်းကြောင့် တစ်စုံတရာ ထိခိုက်မှုမရှိခဲ့ဘဲ ၊ အမိုနီးယားယိုစိမ့်နေသော တိုင်ကီအား အခန်းအပြင်ထုတ်၍ သဲများဖြင့် ဖုံးအုပ်ကာဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်အတွက် အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
#YMG/my #Local_News #ရန်ကင်းပညာရေးကောလိပ် #အမိုးနီးယားဓါတ်ငွေ့ယိုစိမ့်မှုဖြစ်
#Yangon_Times
#Local_News
Published-14 August 2023
ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရေဘေးကြောင့်လယ်ယာမြေဧက သောင်းချီ၍ ပျက်စီးဆုံးရှုံးနိုင်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂကသိရသည်။
ရခိုင်ပြည်နယ်တွင်ဩဂုတ်လ ပထမအပတ်ကမိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြစ်ရေ၊ ချောင်းရေများ မြင့်တက်ခြင်းများကြောင့် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် စိုက်ပျိုးထားသည့် လယ်ယာမြေဧက အများအပြား ရေလွှမ်းမိုးမှုဒဏ်ကို ခံခဲ့ကြောင်း သိရသည်။
ရေကြီးရေလျှံမှုဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရသည့် ဒေသများမှာ လေးမြို့မြစ်ကမ်းဘေးတစ်လျှောက်ရှိ မြောက်ဦးတွင် လယ်ဧက (၁၃၀၀၀)ဝန်း ကျင်၊ မင်းပြားတွင် လယ်ဧက (၂၄၀၀၀) ကျော်နှင့် ကုလားတန်မြစ်ကမ်းတစ်လျှောက်ရှိ ကျောက်တော်တွင် ဧက(၁၅၀၀၀) ကျော် ရေလွှမ်းမိုးခံခဲ့ရပြီး ပျက်စီးသွားသည့်ဧက သောင်းနှင့်ချီရှိနိုင်ကြောင်း ခန့်မှန်းထားကြောင်းသိရသည်။
ပြီးခဲ့သည့် မေလအတွင်းက ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်တိုက်ခတ်ခဲ့၍ ပင်လယ်ကမ်းရိုးတန်းအနီးရှိ စစ်တွေ၊ ပုဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မြေပုံနှင့်ကျောက်ဖြူ စသည့်မြို့နယ်များရှိ လယ်ဧကအများအပြား ဆားငန်ရေဝင်ရောက် ပျက်စီးသွားခဲ့သေးကြောင်းသိရသည်။
ယခုနှစ်တွင် ရခိုင်ပြည်နယ် လယ်ယာမြေဧကပေါင်း ဆယ့်နှစ်သိန်းကျော် စိုက်ပျိုးထားခဲ့ပြီး ရေဝင်နစ်မြှုပ်ခဲ့သည့် လယ်ယာမြေများ၌ ပြန်လည်ထွန်ယက်စိုက်ပျိုးရန် မျိုးစပါးမရှိသဖြင့် ဒေသခံများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းလည်း ဒေသခံများထံကသိရသည်။
#Local_News #ရေလွှမ်းမိုး #လယ်ဧကသောင်းနှင့်ချီပျက်စီး
#Yangon_Times/PP
#Local_News
Published14-8-2023
မွန်ပြည်နယ်၊ ဘီလင်းမြို့တွင် ပြီးခဲ့သော ဩဂုတ် (၁၂) ရက်မှစတင်ကာ ရေပြန်လည်ကျဆင်းသွားပြီဖြစ်သောကြောင့် ကယ်ဆယ်ရေးစခန်းများ အားလုံး ပြန်လည် ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဒေသအခြေစိုက် ကယ်ဆယ်အဖွဲ့ထံမှသိရသည်။
"၁၂ ရက်နေ့ထဲက ရေက တစ်ဖြည်းဖြည်းပြန်ကျသွားတာဆိုတော့ အခုဆို ရေအားလုံးကျသွားပါပြီ။ ဒေသခံတွေအားလုံးလည်း နေရပ်ပြန်ကုန်ကြပါပြီ။ ယာယီဆယ်ရေးစခန်းတွေလည်း ရုပ်သိမ်းလိုက်ပါပြီ။ အခုနှစ်က ဒေသခံ လူမှုကူညီရေးအဖွဲ့တွေကဘဲ ဦးဆောင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ခဲ့ရတာပါ"ဟု ဆိုသည်။
ပြီးခဲ့သော ဩဂုတ် (၇) ရက်က စတင်၍ ဘီးလင်းမြစ်ရေမြင့်တက်လာခြင်းကြောင့် မြေနိမ့်ပိုင်းနှင့်မြို့ပေါ်ရပ်ကွက်များ ရေနစ်မြှပ်ခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ဘီးလင်းမြစ်ရေကျဆင်းသွားခြင်းကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း (၂၇)ခုအနက် (၂၅)ခုကို ရုပ်သိမ်းပြီး အိမ်ထောင်စု (၁၇၀၉ )စုရှိ လူဦးရေ (၈၀၁၀)ဦးမှာ မူရင်းနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့သွားကြပြီဖြစ်ကြောင်း သိရသည်။
#YMG/my #Local_News ##ဘီးလင်းမြို့ရေပြန်ကျပြီ #ကယ်ဆယ်ရေးစခန်း
#Yangon_Times
#World_News
Published 14 August 2023
တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားတို့မှ တီထွင်ထုတ်လုပ်နေတဲ့ အသံထက်မြန် ဒုံးကျည်ထိပ်ဖူးများကို တန်ပြန်နိုင်မယ့် ဖျက်ဒုံးကျည်များ ထုတ်လုပ်ရန် ဂျပန်နဲ့ အမေရိကန်တို့ ယခုသီတင်းပတ်အတွင်း သဘောတူညီခဲ့ကြောင်း ဂျပန်နိုင်ငံမှ 'ယိုမီယူရီ'သတင်းစာက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
လက်ရှိ ပဲ့ထိန်းဒုံးကျည်တွေကို ရှောင်ရှားဖို့ ဒီဇိုင်းထုတ်ထားတဲ့ လက်နက်တွေကို ပစ်မှတ်ထားမယ့် ဖျက်ဒုံးကျည်များကိစ္စကို အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'နဲ့ ဂျပန်ဝန်ကြီးချုပ် 'ဖူမီယိုကီရှီဒါ'တို့ အမေရိကန်မှာ သောကြာနေ့၌ တွေ့ဆုံတဲ့အခါ သဘောတူညီသွားဖို့ မျှော်မှန်းရကြောင်း တင်ပြထားပါတယ်။
သာမန်ပဲ့ထိန်းဒုံးကျည်တွေက ကြိုတင်ခန့်မှန်းတဲ့အတိုင်း ဝေဟင်ကနေ မြေပြင်သို့ ကျရောက်တာဖြစ်ပေမယ့် အသံထက်မြန် ဒုံးကျည်တွေကတော့ လမ်းကြောင်းပြောင်းလဲနိုင်ကာ သူတို့ကို ပစ်မှတ်ထားဖို့ ပိုမိုခဲယဉ်းပါတယ်။
အမေရိကန်၊ ဂျပန်တို့နဲ့အတူ တောင်ကိုရီးယားသမ္မတ 'ယွန်ဆော့ယောလ်'ပါဝင်မယ့် သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲကို မယ်ရီလန်း ကမ့်ဒေးဗစ်ရှိ သမ္မတအပန်းဖြေနေရာမှာ တွေ့ဆုံမှာဖြစ်ပြီး ဘိုင်ဒင်နဲ့ ကီရှီဒါတို့က နောက်ထပ်တွေ့ဆုံသွားဦးမှာ ဖြစ်တယ်လို့ ယိုမီယူရီက ဆိုပါတယ်။
ဖျက်ဒုံးကျည်ထုတ်လုပ်ရေး ဆွေးနွေးရန် အမေရိကန်နဲ့ ဂျပန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးများ ဇန်နဝါရီလက အစည်းအဝေးပြုလုပ်ပြီး သဘောတူညီခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ သဘောတူညီမှုဟာ ဒုံးကျည်ကာကွယ်ရေးနည်းပညာပိုင်းမှာ ဒုတိယမြောက် ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာမှာဖြစ်ပါတယ်။
အာကာသမှ ဒုံးကျည်ထိပ်ဖူးများကို ပစ်ရန်ရည်ရွယ်ပြီး အမေရိကန်နဲ့ ဂျပန်တို့က တာဝေးပစ်ဒုံးကျည် ထုတ်လုပ်တာဖြစ်ပြီး မြောက်ကိုရီးယားဒုံးကျည် ပစ်လွှတ်မှုများကို ကာကွယ်ရန် ဂျပန်နဲ့ ကိုရီးယားကျွန်းဆွယ်ကြား ပင်လယ်ထဲက စစ်သင်္ဘောတွေပေါ်မှာ ဂျပန်က နေရာချတပ်ဆင်ထားတာ ဖြစ်ပါတယ်။
Source: Reuters #World_News #အသံထက်မြန်ဒုံးကျည် #အမေရိကန်နှင့်ဂျပန်တို့ပူးပေါင်း
#Yangon_Times
Published_ 14 August 2023
အက်ဆစ်လျှံတက်ခြင်းအတွက် သောက်သုံးလေ့ရှိတဲ့ နာမည်ကြီးဆေးတွေကို ရေရှည်သုံးစွဲခြင်းဟာ မှတ်ဉာဏ်ချို့ယွင်းတဲ့ ဒီမန်ရှာရောဂါ ဖြစ်နိုင်ချေများကြောင်း လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
အိုမီပရာဇိုးလ်၊ အီစိုမီပရာဇိုးလ်၊ လန်ဆိုပရာဇိုးလ် စတဲ့ ပရိုတွန်ပန့်အင်ဟစ်ဘစ်တာဆေး (PPI)တွေကို သောက်သုံးနေရတဲ့ လူနာတွေကို လေ့လာကာ American Academy of Neurology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
အစာစားပြီး လဲနေတဲ့အခါ အစာအိမ်အက်ဆစ်က အစာပြွန်ထဲသို့ ရောက်လာကာ ပြွန်နံရံတွေကို ထိပါးစေပြီး အက်ဆစ်လျှံတက်ခြင်း ဖြစ်ပေါ်စေပါတယ်။
PPI တွေက အစာအိမ်နံရံရှိ အက်ဆစ်ထုတ်လုပ်တဲ့ အင်ဇိုင်းများကို ပစ်မှတ်ထားကာ အက်ဆစ်လျှံတက်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အစာချေလမ်းကြောင်းပြဿနာများကို ကုသပေးတာဖြစ်ပါတယ်။
အက်ဆစ်လျှံတက်ခြင်းက အချိန်နဲ့အမျှ ဖြစ်ပေါ်တတ်ပေမယ့် မကြာခဏဖြစ်နေပြီဆိုရင်တော့ အစာအိမ်ရေမျိုအက်ဆစ်လျှံတက်ခြင်းရောဂါ ဖြစ်နိုင်ပြီး အစာပြွန်ကင်ဆာအထိပါ ဖြစ်နိုင်ကြောင်း မိုင်ယိုဆေးခန်းက ပြောပြခဲ့ပါတယ်။
PPI တွေက အက်ဆစ်လျှံတက်ခြင်းကို ကူညီထိန်းချုပ်ပေးပေမယ့် ရေရှည်မှာတော့ လေဖြတ်ခြင်း၊ အရိုးအက်ခြင်း၊ နာတာရှည် ကျောက်ကပ်ရောဂါတို့ ဖြစ်နိုင်ချေများနိုင်ကြောင်း တွေ့ရှိထားတယ်လို့ မင်နီဆိုတာတက္ကသိုလ်မှ သုတေသီတစ်ဦးက စာတမ်းပြုစုသူ 'ကာမက်ရှီလက်ရှ်မီနာရာယန်'က ပြောပြသွားပါတယ်။
ပျမ်းမျှအသက် ၇၅ နှစ်ခန့်ရှိတဲ့ စမ်းသပ်ခံ ၅,၇၁၂ ဦးကို အမျိုးသားကျန်းမာရေးအဖွဲ့အစည်းက လေ့လာခဲ့ရာ ထိုဆေးတွေကို ရေတိုသောက်သုံးတဲ့အခါ ဒီမန်ရှာမဖြစ်နိုင်ပေမယ့် ရေရှည်မှာတော့ အန္တရာယ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
ပါဝင်စမ်းသပ်ခံသူတွေကို အဖွဲ့ ၄ ဖွဲ့ခွဲကာ PPI ကို ၂.၈ နှစ်ကြာ သုံးစွဲသူအဖွဲ့၊ ၂.၈ နှစ်မှ ၄.၄ နှစ်အထိ သုံးစွဲသူအဖွဲ့၊ ၄.၄ နှစ်အထက် သုံးစွဲသူအဖွဲ့၊ လုံးဝမသုံးစွဲတဲ့အဖွဲ့ဆိုပြီး ခွဲခြားခဲ့ပါတယ်။
အခြားအချက်အလက်များပါ ထည့်သွင်းတွက်ချက်ပြီးနောက် ၄.၄ နှစ်ကြာသုံးစွဲသူတွေဟာ လုံးဝမသုံးစွဲသူတွေထက် ဒီမန်ရှာဖြစ်နိုင်ချေ ၃၃ ရာခိုင်နှုန်းပိုများကြောင်း တွေ့ရှိခဲ့ကြပါတယ်။
၄.၄ နှစ်အောက် ကြာအောင် သောက်သုံးသူတွေကတော့ ဒီမန်ရှာဖြစ်နိုင်ချေ များလာတဲ့အထောက်အထား မတွေ့ခဲ့ကြပါဘူး။
သုတေသီတွေက သူတို့တွေ့ရှိချက်ကို ဒီထက်ပိုပြီးချဲ့ထွင်နိုင်စေရန် မျှော်လင့်နေကြပါတယ်။
အက်ဆစ်လျှံတက်ခြင်းကို ကုသဖို့အတွက် အန်တဆစ်လိုမျိုး ဆေးတွေပြောင်းလဲခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ နောက်ကျမှစားသောက်ခြင်းကို ရှောင်ရှားခြင်းတို့ဖြင့် ကျင့်သုံးနိုင်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။
ပြောင်းလဲမှုမလုပ်ခင် အရင်ဆုံးဆရာဝန်နဲ့ တိုင်ပင်ဖို့အရေးကြီးကြောင်းလည်း သတိပေးသွားပါတယ်။
Source: NY Post
#World_Health
#အစာအိမ်အက်ဆစ်လျှံတက်ခြင်း #ဆေးဝါးများ #ဒီမန်ရှာ #လေ့လာတွေ့ရှိ
#YMG #Yangon_Times
Page 888 of 1776