#Daily_News
Published_ 17 May 2023
၁။ မုတ်သုန်လေ ရက်ပိုင်းအတွင်း ဝင်ရောက်တော့မည်ဖြစ်၍ မွန်၊ကရင်၊တနင်္သာရီ စသည့်တောင်ပိုင်းဒေသများ၌ မိုးသက်လေပြင်းကျရောက်နိုင်
၂။ သဘာဝဘေးကျရောက်နေသည့် ရခိုင်ပြည်နယ်ကို ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် (၄၀၀)ကျော်စေလွှတ်ထားပြီဖြစ်
၃။ပြင်ပရွှေပေါက်စျေး သိန်း၃၀ကျော်ရှိနေပြီး ကမ္ဘာ့ရွှေစျေး ၁၉၉၁ ဒေါ်လာ ပေါက်စျေးရှိနေ
၄။ တရုတ်ကျေးရွာတစ်ခုတွင် ပန်းသီးများကို အွန်လိုင်းမှတိုက်ရိုက်ထုတ်လွှင့် ရောင်းချကာ စီးပွားဖြစ်ထွန်းလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 17 May 2023
မိုခါမုန်တိုင်းကြောင့်ပျက်စီးဆုံးရူံးမူများဖြစ်ပေါ်ခဲ့တဲ့ တီးတိန်၊ပလက်ဝ၊မတူပီ၊နှင့်ဟားခါးမြို့တိုကို သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ်မေလ ၁၆ရက်နေ့တွင်ထုတ်ပြန် ကြေညာလိုက်ပါတယ်။
#Local_News #ချင်းပြည်နယ်ရှိမြို့နယ်၄မြို့နယ် #သဘာဝဘေးအန္တရာယ် #ကျရောက်သောဒေသများ
#YMG #Yangon_Media_Group
Published 17 May 2023
အမေရိကန်ရဲ့ကြွေးမြီကန့်သတ်ချက်ဆိုတာ အမေရိကန်အစိုးရအနေနှင့် ပိုက်ဆံကို ဘယ်လောက်အထိ ချေးလို့ရတယ် ဆိုတာကို ခွင့်ပြုတဲ့ ပမာဏဖြစ်ပါတယ်။
ယခုအမေရိကန်လွှတ်တော်အမတ်တွေက အဲဒီကန့်သတ်ထားတဲ့ ငွေချေးနိုင်တဲ့ပမာဏကို ထပ်တိုးပေးရမှာလား၊ ဒီအတိုင်းပဲ ဆိုင်းထားရမလားဆိုတာ အချင်းချင်းငြင်းခုန်နေကြပါတယ်။
လက်ရှိကြုံနေရတဲ့ အနေအထားကို အလွယ်နားလည်အောင်ပြောရရင်တော့ ကမ္ဘာ့အကြီးဆုံးစီးပွားရေးဟာ အခု ပိုက်ဆံ တွေကုန်တော့မယ့်ဆဲဆဲလို့ပြောရမှာဖြစ်ပါတယ်။
အဲဒါကြောင့်လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျက်နက်ယီလင်က “ ရီပတ်ဘလီကန်နှင့်ဒီမိုကရက်တွေအကြား အခုလိုချောင်ပိတ်မိနေတာကို မကျော်လွှားနိုင်ဘူးဆိုရင် ဇွန်လ၁ရက်နေ့ဆိုရင် အမေရိကန်အစိုးရအနေနှင့် အကြွေးတွေ ပေးစရာပိုက်ဆံရှိတော့မှာမဟူတ်ဘူးလို့ သတိပေးနေရပါတယ်။
ယခုရိုက်ခတ်မှုဟာ ကမ္ဘာကြီးအထိအကျိုးသက်ရောက်ပြီး ဆုံးရှုံးမှုတွေရှိလာပါလိမ့်မယ်။ ဒါဟာ ဘဏ္ဍာငွေကြေး ဈေးကွက်မှာ ကပ်ဘေးတစ်ခုဆိုက်ရောက်ဖို့ ဖြစ်နိုင်ချေများလာလိမ့်မယ်” လို့ ကပ္ပီတယ်အီကော်နော်မစ် ရဲ့ အမေရိကန် စီးပွားရေးပညာရှင်ဒုတိယအကြီးအကဲ အင်ဒရူးဟန်တာက သုံးသပ်ပါတယ်။
၁၉၁၇ခုနှစ်ကစပြီး အမေရိကန်ဟာ အစိုးရအနေနှင့် အကြွေးယူလို့ရမယ့် ငွေပမာဏကို သတ်မှတ်ပေးတဲ့ ဥပဒေတစ်ခုကို ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ပထမဆုံးအကြွေးပမာဏကန့်သတ်ချက်က ဒေါ်လာ ၁၁.၅ ဘီလျံဖြစ်ပါတယ်။
ကွန်ဂရက်ဟာ အကြွေးယူလို့ရတဲ့ ငွေပမာဏကိုထပ်တိုးချင်တဲ့အခါတိုင်း ဥပဒေကြမ်းတစ်ခုတင်သွင်းအတည်ပြုလေ့ရှိခဲ့ ပါတယ်။
အမေရိကန်အစိုးရရဲ့ ကြွေးမြီတွေဟာ သမ္မတ ဟားဘတ်ဟိုဗားလက်ထက်ကစလို့ သမ္မတတစ်ဦးချင်းစီတိုင်းမှာ တိုးတိုး လာခဲ့ပါတယ်။ ကြွေးမြီကန့်သတ်ချက်ကို ထပ်ထပ်တိုးခဲ့ရတာ အကြိမ်ပေါင်း ၁၀၀မကရှိခဲ့ပါတယ်။ အခုဆို အကြွေး ကန့်သတ်ချက်ဟာ ဒေါ်လာ ၃၁.၄ ထရီလီယံအထိရှိနေပြီဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ ကြွေးမြီတွေဟာ အဲဒီကန့်သတ်ချက်ပမာဏကို ပြီးခဲ့တဲ့ဇန်နဝါရီက ရောက်ရှိခဲ့ပါတယ်။ ဆိုလိုတာ ကတော့ အစိုးရအနေနှင့် ဘယ်လိုနည်းနှင့်မှ တရားဝင် ပိုက်ဆံထပ်ချေးလို့မရတော့ဘူးဆိုတဲ့သဘောပဲဖြစ်ပါတယ်။
အခုတွေ့ကြုံနေရတာက အဲဒီကြွေးမြီကန့်သတ်ချက်ကို ထပ်တိုးမြှင့်ပေးဖို့ရာမှာ ရီပတ်ဘလီကန်အများစုနေရာရထားတဲ့ အောက်လွှတ်တော်ကနေထောက်ခံမဲပေးဖို့လိုအပ်နေတာပါ။ အာဏာရဒီမိုကရက်ပါတီက အောက်လွှတ်တော်မှ လူနည်းစု နေရာရထားတာပါ။ အဲဒါကြောင့် သဘောတူညီမှုရဖို့ဆိုတာ အာမခံချက်မရှိဖြစ်နေရတာပါ။
ရီပတ်ဘလီကန်တွေက ကြွေးမြီကန့်သတ်ချက်တိုးပေးရမယ့် နောက်ဆုံးရက်သတ်မှတ်ချက်ကို ကြိုးစားအသုံးပြုပြီး သမ္မတဂျိုးဘိုင်ဒင် အသုံးစရိတ်တွေဖြတ်တောက်ဖို့ ဖိအားပေးနေပါတယ်။ ဧပြီ၂၆ ရက်တုန်းကတော့ ကြွေးမြီပမာဏကို နောက်ထပ် ၁.၅ ထရီလီယံတိုးပေးဖို့ အောက်လွှတ်တော်ကအတည်ပြုထားခဲ့ပါတယ်။ ဒါပေမယ့် သတ်မှတ်ချက်တွေနှင့် ဖြစ်ပါတယ်။ အဲဒီသတ်မှတ်ချက်တွေကတော့ အစိုးရရဲ့အသုံးစရိတ်တွေကို ၂၀၂၂ခုနှစ်ကအတိုင်းဖြတ်တောက်ဖို့နှင့် တစ်နှစ်ကို တိုးတက်မှု ၁ ရာခိုင်နှုန်းရှိစေဖို့တွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် ဒီဥပဒေကြမ်းဟာ ဒီမိုကရက်တွေအများစု နေရာရထားတဲ့ အထက်လွှတ်တော်အထိ မရောက်ဘဲဖြစ်နေရပါတယ်။
အဲဒါကြောင့် ယခုအခြေအနေမှာ နိုင်ငံရေးအရ မတိုးသာ မဆုတ်သာဖြစ်နေရပါပြီ။ ဆိုလိုတာကတော့ အမေရိကန်ရဲ့ အနာဂတ်စီးပွားရေးဟာ ငရဲကျလုဖြစ်နေတာပါ။ သဘောတူညီချက်သာ ခပ်စောစောမရခဲ့ဘူးဆိုရင် ပေါက်ကွဲထွက်နိုင်တဲ့ အခြေအနေတွေနှင့်ကြုံတွေ့ရလာနိုင်ပါတယ်။
အမေရိကန်အစိုးရဟာ လိုငွေပြပြီးမောင်းနှင်နေတာပါ၊ ဆိုလိုတာက သူဟာ အခွန်ရတာထက် ပိုက်ဆံတွေပိုသုံးနေတာ ပါ။အဲဒါကြောင့်နှစ်တိုင်း ချေးငွေပမာဏတိုးတိုးပေးခဲ့တာပါ။ အကယ်လို့ သဘောတူညီချက်မရတော့ဘူးဆိုရင် ပိုက်ဆံ ထပ်ချေးလို့မရတော့ပါဘူး။ အဲဒီအခါ အစိုးရဟာ ပေးစရာရှိတဲ့ စရိတ်တွေအကုန်လုံးကို မပေးနိုင်တော့ပါဘူး။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ဧပြီလကုန်အထိ ပိုက်ဆံ ဒေါ်လာ ၃၁၆ ဘီလျံရှိနေပါတယ်။ မေးစရာရှိတာက အဲဒီပိုက်ဆံတွေ ဘယ်တော့ ကုန်သွားမလဲဆိုတာပဲဖြစ်တယ်လို့ ဟန်တာကပြောပါတယ်။ ဘဏ္ဍာရေးဝန်ကြီးကတော့ ဇွန်လထဲမှာဆိုရင် အဲဒီပိုက်ဆံတွေကုန်ပြီလို့ပြောထားပါတယ်။
ပိုက်ဆံမရှိတော့ဘူးဆိုရင်တော့ အစိုးရဟာ အခွန်ကောက်လို့ရတဲ့ပိုက်ဆံတွေကိုပဲ သုံးစွဲလည်ပတ်ရတော့မှာဖြစ်ပါတယ်။ အဲသလိုသာဆိုရင် အများပြည်သူအတွက် လုပ်ဆောင်ပေးရမယ့် လုပ်ငန်းတွေအားလုံးအတွက် သူ ပိုက်ဆံမပေး နိုင်တော့ပါဘူး။ ဥပမာအားဖြင့် အစိုးရဝန်ထမ်းတွေရဲ့လစာ ဒါမှမဟုတ် လက်ရှိအကြေးတွေအားလုံးရဲ့ ဝန်ဆောင်မှုအလုပ် တွေစသဖြင့်ပေါ့။
ဇွန်လမှာ သက်တမ်းကုန်မယ့် ငွေချေးစာချုပ်တွေကို ပိုက်ဆံထုတ်ပေးနိုင်မှာမဟုတ်တော့ဘူး။ အဲသလိုဆိုရင် ဘဏ္ဍာ ရေးအကျပ်အတည်းတစ်ခုဖြစ်လာစေတော့မယ်လို့လည်း ဟန်တာကပြောပါတယ်။
အမေရိကန်အစိုးရဟာ သူ့ရဲ့ကြွေးမြီတွေအပေါ် ပျက်ကွက်ပြီဆိုရင် ဘာတွေဖြစ်လာမလဲ။ သီအိုရီအရပြောရရင်တော့ အစိုးရရဲ့ ကြွေးမြီတန်ဖိုးတွေဟာ ဝရုန်းသုန်းကားအခြေအနေနှင့်ရင်ဆိုင်ရတော့မှာပါ။
အမေရိကန်ရဲ့ ကြွေးမြီအများစုဟာ ပြည်တွင်းကချေးထားတာပါ။ ကြွေးမြီတွေရဲ့ ၆၉ ရာခိုင်နှုန်းဟာ ပြည်တွင်းမှာရှိပြီး အဲဒါတွေက ဖက်ဒရယ်အရန်ငွေကြေးထံမှ ၂၁.၂ ရာခိုင်နှုန်း၊ပင်စင် ဒါမှမဟုတ် mutual funds ကနေ ၁၂ ရာခိုင်နှုန်းနှင့် အမေရိကန် အိမ်ထောင်စုတွေဆီက ၆.၇ ရာခိုင်နှုန်းဖြစ်ကြပါတယ်။
ကျန်တဲ့ ၃၁ ရာခိုင်နှုန်းကတော့ နိုင်ငံခြားကပိုင်ပါတယ်။ ငွေချေးစာချုပ်တွေအများဆုံးဝယ်ထားတဲ့ နိင်ငံက ဂျပန်ဖြစ်ပြီး ဒေါ်လာ ၁.၁ ထရီလီယံရှိနေပါတယ်။ တရုတ်နိုင်ငံက ဒေါ်လာ ၈၆၇ ဘီလျံရှိပြီး ယူကေ ဒေါ်လာ ၆၅၄ ဘီလျံအသီးသီးနှင့် ဒုတိယနှင့် တတိယနေရာမှာရှိထားကြပါတယ်။
ကြွေးမြီပျက်ကွက်ပြီဆိုတာနှင့် အမေရိကန်နိုင်ငံမှာ ချေးငှားစရိတ်တွေကိုဒုက္ခပေးတော့မှာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ချေးငှားစရိတ်တွေလည်း အလိုက်အထိုက် လိုက်တက်လာလိမ့်မယ်လို့ ဟန်တာကပြောပါတယ်။
အမှန်တကယ်က အမေရိကန်အစိုးရဟာ အကြွေးကို တကယ်တမ်းမပေးနိုင်တော့တာမဟုတ်ဘဲ ဥပဒေအရ ပေးလို့မရ အောင်တုပ်နှောင်ခံလိုက်ရတာဖြစ်လို့ လူတွေဖန်တီးတဲ့ အန္တရာယ်တစ်ခုကို ဖန်တီးတဲ့သဘောသာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဒါပေမယ့် အခုတစ်ခါမှာတော့ အရင်ဖြစ်ခဲ့တာတွေထက် အန္တရာယ်ပိုများနေပါတယ်။ ၂၀၁၁ခုနှစ်တုန်းက ဖက်ဒရယ်ကြွေးမြီဟာ အမေရိကန် ဂျီဒီပီရဲ့ ၆၅.၈ ရာခိုင်နှုန်းရှိခဲ့ပေမယ့် ယခု ၉၈ ရာခိုင်နှုန်းအထိရှိနေပါတယ်။ ပြီးတော့ အတိုးနှုန်းတွေကလည်း အလွန့်ကိုမြင့်မားနေတာဖြစ်ပါတယ်။ ဒီအချက်တွေပေါင်းလိုက်ရင် အစိုးရအနနှင့်ပိုပြီးမြင့်မားတဲ့ ကြွေးမြီဆိုင်ရာစရိတ်တွေနှင့်ရင်ဆိုင်ကြရပါလိမ့်မယ်။ အမေရိကန်အစိုးရရဲ့ ဘဏ္ဍရေးတည်ငြိမ်မှုအနေနှင့်ပြောရရင်တော့ လက်ရှိအခြေအနေဟာ လွန်ခဲ့တဲ့ ၁၀နှစ်ကထက် ပိုပြီးဆိုးရွားနေပါတယ် လို့ ဟန်တာကပြောပါတယ်။
Source: What is the US debt ceiling and what will it mean if it isn’t raised? By The Telegraph
#အမေရိကန်ကြွေးမြီကန့်သတ်ချက်
#US_Debt_Ceiling
#အမေရိကန်စီးပွားရေး
#Local_News
Published_ 17 May 2023
ရွှေတိဂုံစေတီတော်ကြီးအတွက် အလှူရှင်များမှရွှေစင်ရွှေပြား(၃၀)ချပ်နှင့် ငွေသားသိန်းတစ်သောင်းခုနှစ်ထောင်ကျော်လှူဒါန်းခဲ့ကြောင်းသိရသည်၊၊
ယင်းကဲ့သို့ လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကို ရွှေတိဂုံစေတီတော်၌ကျင်းပခဲ့ပြီး ရွှေတိဂုံစေတီတော်(၅၈၀)ကြိမ်မြောက်အလှူတော်ငွေပေးအပ်လှူဒါန်းပွဲထုတိအနုမောဒနာဂုဏ်ပြုလွှာပြန်လည်ချီးမြှင့်ခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပခဲ့သည်၊၊
အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော်(ရွှေပြား)အလှူရှင် ၂၆ ဦး က ရွှေပြားအချပ် ၃၀ ချပ် လှူဒါန်းခဲ့ကြပြီး ငွေသားအလှူရှင်၆၄ ဦးအပါအဝင် လှူဒါန်းငွေစုစုပေါင်း ကျပ် ၁၇၉၄,၂၃၉,၅၃၉/- (ကျပ်သိန်းပေါင်းတစ်သောင်းခုနှစ်ထောင့်ကိုးရာလေးဆယ့်နှစ်သိန်းသုံးသောင်းကိုးထောင်ငါးရာသုံးဆယ့်ကိုးတိတိ) ပေးအပ်ခဲ့ကြောင်း ဂေါပကအဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်၊၊
အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက လှူဒါန်းထားသော ရွှေစင်ရွှေပြား ၆ကျပ်သား ၁ချပ်၊ ၁ကျပ်သား ရွှေပြား ၂၉ချပ်နှင့် အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးထိန်ဝင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ဩဝါဒါ စရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ အဂ္ဂသာမိ၊ သာကေတမြို့နယ်၊ တိပိဋကလင်္ကာရကျောင်းတိုက်ဆရာတော် ထံမှ အခမ်းအနားတက်ရောက်လာသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရားနာယူကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ymg/tthl
#Local_News #ရွှေတိဂုံစေတီတော် #ရွှေစင်ရွှေပြား(၃၀)ချပ် #ငွေသားသိန်းတစ်သောင်းခုနှစ်ထောင်ကျော်လှူဒါန်း
#YMG #Yangon_Media_Group
#World_Politics
Published_ 17 May 2023
အမေရိကန်မှာ ကြွေးမြီကန့်သတ်ချက်ကိစ္စဆွေးနွေးရန်ရှိတဲ့အတွက် အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က ဩစတြေးလျခရီးစဉ်ကို ပယ်ဖျက်လိုက်တာကြောင့် လာမယ့်သီတင်းပတ် ဆစ်ဒနီမြို့မှာ ၄ နိုင်ငံအစည်းအဝေးကျင်းပဖြစ်မှာမဟုတ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် 'အန်သိုနီအယ်ဘေးနိစ်'က မေလ ၁၇ ရက်နေ့မှာပြောကြားလိုက်ပါတယ်။
ဘိုင်ဒင်က ခရီးစဉ်ပယ်ဖျက်လိုက်ပြီးနောက် ဩစတြေးလျ၊ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်တို့မှ သမ္မတတွေဟာ ဂျပန်နိုင်ငံမှာပြုလုပ်မယ့် G7 အစည်းအဝေးကျမှ တွေ့ဆုံသွားမယ်လို့ ဖော်ပြလိုက်ပါတယ်။
"၄ နိုင်ငံခေါင်းဆောင်များအစည်းအဝေးဟာ လာမယ့်သီတင်းပတ် ဆစ်ဒနီမှာ ပြုလုပ်တော့မှာမဟုတ်ဘဲ ဂျပန်ရောက်မှ ဆွေးနွေးသွားမယ်" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ်'ဖူမီယိုကီရှီဒါ'အနေနဲ့ ဆစ်ဒနီကိုလာလည်ဦးမှာလားဆိုတာတော့ မဖော်ပြသွားပါဘူး။
၄ နိုင်ငံအဖွဲ့က အင်ဒိုပစိဖိတ်ဒေသအတွက် ဖွဲ့စည်းထားတာဖြစ်ပြီး တရုတ်လွှမ်းမိုးလာမှုကို တန်ပြန်ဖို့ရည်ရွယ်နေတယ်လို့ တရုတ်ကယူဆနေပါတယ်။
ဂျပန်၊ အမေရိကန်၊ အိန္ဒိယ၊ ဩစတြေးလျတို့မှ အကြီးတန်းအရာရှိများ ၂၀၀၇ ခုနှစ်မှာ တရားဝင်တွေ့ဆုံပြီးနောက် ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ ရေတပ်လေ့ကျင့်ခန်းများအကြောင်းဆွေးနွေးတဲ့ အဖွဲ့ဖြစ်ကြောင်း နိုင်ငံတကာနှင့်ဗျူဟာမြောက်လေ့လာရေးစင်တာမှ ဆိုပါတယ်။
အမေရိကန်သမ္မတအနေနဲ့ အခုမှ ပါပူဝါနယူးဂီနီကို ပထမဆုံးလာရောက်ဖို့ အစီအစဉ်ရွှေ့ဆိုင်းလိုက်ရခြင်းဟာ တရုတ်လွှမ်းမိုးမှုကိုတုန့်ပြန်ချင်တဲ့အမေရိကန်အတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း အာရှအဖွဲ့အစည်းပေါ်လစီအင်စတီကျုမှ ရစ်ချတ်မော့ဒ်က ပြောပြခဲ့ပါတယ်။
ယူကေ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ အမေရိကန်တို့ပါဝင်တဲ့ G7 အဖွဲ့ထဲမှာ အိန္ဒိယနဲ့ ဩစတြေးလျတို့မပါဝင်ပေမယ့် ဂျပန်မှာပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးကိုတော့ ဖိတ်ကြားထားပါတယ်။
၁၉၇၀ ခုနှစ်တွေမှာ ငွေလဲလှယ်နှုန်းပျက်စီးခြင်း၊ ရေနံအကျပ်အတည်း၊ နောက်ဆက်တွဲဆုတ်ယုတ်မှုတွေကို ဖြေရှင်းရန် ၁၉၇၃ ခုနှစ်မှာ G7 ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။
စီးပွားရေး၊ ကုန်သွယ်ရေး၊ လုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှုစတဲ့ ကမ္ဘာလုံးဆိုင်ရာပြဿနာများဆွေးနွေးရန် အနည်းဆုံး ၁ နှစ်ကို ၁ကြိမ်တွေ့ဆုံကြပါတယ်။
နှစ် ၅၀ သက်တမ်းနီးပါးရှိပြီဖြစ်တဲ့ G7 ဟာ အောင်မြင်မှုအနေနဲ့ ကြွေးမြီနိုင်ငံများထောက်ပံ့ခြင်း၊ HIV/AIDS တိုက်ဖျက်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ၂၀၁၅ ပဲရစ်သဘောတူညီချက်တို့မှာ ပံ့ပိုးကူညီထားပါတယ်။
Source: WION
#World_Politics #ကြွေးမြီကိစ္စဆွေးနွေးရန်ရှိ #ဘိုင်ဒင်၏ဩစတြေးလျခရီးစဉ် #QUADလေးနိုင်ငံအစည်းအဝေးကိုပယ်ဖျက်လိုက်ရ
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
၂၀၂၃ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေအတိုးအရင်းအကျေဆပ်ပြီးသည့် တောင်သူများအား မေလ ၁၈ရက်နေ့မှစပြီး စိုက်ပျိုးစရိတ်ချေးငွေထပ်မံထုတ်ချေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်ထားသည်။
ယခင်နှစ်နည်းတူ အတိုးနူန်း ၅ရာခိုင်နူန်းဖြင့် သက်ဆိုင်ရာ ခရိုင်မြို့နယ် ဘဏ်ခွဲများမှတစ်ဆင့်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။ချေးငွေချေးမည့်တောင်သူများအနေဖြင့် ယခင်ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ် ထုတ်ချေးနိုင်မှာဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးကထုတ်ချေးသော အခြားနှစ်တို ၊နှစ်လတ် ချေးငွေ များကိုလည်းသတ်မှတ်စည်းကမ်းချက်မှားနှင့်အညီထုတ်ချေးခွင့်ရှိမှာဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ယခင်ချေးငွေအကျေဆပ်ပြီးသည့်တောင်သူများအနေဖြင့်သက်ဆိုင်မြို့နယ်ခရိုင်ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန် ထုတ်ပြန်ထားပါသည်။
ymg/ynzw
#Local_News #ယခင်ချေးငွေအကျေဆပ် #စိုက်ပျိုးစရိတ်ချေးငွေထပ်ထုတ်ချေး
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာကြားတွင် ယနေ့မနက်ပိုင်းက အမျိုးသားတစ်ဦး ရထားတိုက်ခံရပြီး သေဆုံးသွားတယ်လို့ မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းကသိရသည်။
ယနေ့ မေလ ၁၇ ရက် နံနက် ၇ နာရီကျော်က ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာကြားရှိ A.92, A.95 ကြားတွင် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး ရထားဖြင့်တိုက်မိပြီး သေဆုံးနေကြောင်း ဆက်သွယ်အကြောင်းကြားလို့ သွားရောက်ကူညီခဲ့ရတယ်လို့ အဆိုပါအသင်းက ပြောသည်။
ရထားတိုက်မိပြီး သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီးသေဆုံးသူ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့အသင်းကပြောသည်။
ymg/ppk
#Local_News #ပုဇွန်တောင်ဘူတာ #အမျိုးသားတစ်ဦးရထားတိုက်ခံရ
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
လေမုန်တိုင်းကျရောက်ပြီးနောက် ရုတ်တရက်ရေလွှမ်းမိုးမှုအန္တရာယ်၊ ရေကြီးမှုအန္တရာယ်၊ မိုးကြိုး အန္တရာယ်၊ မြေပြိုမှုအန္တရာယ်၊ ထိခိုက်ဒဏ်ရာရရှိမှုအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်၊ မြွေဆိုး ကိုက်မှုအန္တရာယ်များဖြစ်ပွားတတ်ကြောင်း သိရသည်၊၊
ယင်းအပြင်ကျန်းမာရေးဆိုင်ရာရောဂါများအနေဖြင့်အအေးမိ၍ဖျားနာခြင်း၊ အဆုတ်ရောင်ခြင်း၊ ခြင်မှတစ်ဆင့်ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါ၊ မသန့်ရှင်းသောရေနှင့် အစာကြောင့်ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အစာအဆိပ်သင့်ရောဂါနှင့် အခြားကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်ပွားတတ်သည်ဟုဆိုသည်၊၊
ယင်းဘေးအန္တရာယ်များမဖြစ်ပွားအောင်
၁။ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များမှ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်သော သတိပေးချက်များကို တိကျစွာလိုက်နာပါ၊
၂။ ရေလွှမ်းမိုးနေချိန်တွင် ချိုင့်ခွက်နှင့်မြောင်းများအတွင်းသို့ ချော်ကျ၍ ရေနစ်နိုင်သည့် အန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရရှိနိုင်သည့် အန္တရာယ်ရှိသောကြောင့် သတိပြု၍သွားလာပါ၊ ကလေးသူငယ်များကို သတိပေးရန်၊
၃။ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်ကို သတိပြုသွားလာရန်၊ မြေပြင်ပေါ်ပြတ်ကျနေသော သို့မဟုတ် ရေထဲသို့ကျနေသော လျှပ်စစ်ဓာတ်ကြိုးများအနီးသို့ သွားလာခြင်းကိုရှောင်ကြဉ်ရန်၊ ကလေးသူငယ်များကို သတိပေးရန်၊
၄။ မြွေဆိုးအန္တရာယ်ကြုံတွေ့ရတတ်သဖြင့် သတိပြုရန်၊
၅။ အန္တရာယ်ရှိသည့် ပျက်စီးနေသော အဆောက်အအုံအတွင်းသို့ သွားလာခြင်းမပြုရန်နှင့်၊
၆။ မသန့်ရှင်းသော အစားအစာနှင့်ရေမှတစ်ဆင့် ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် ကူးစက်တတ် သောရောဂါများဖြစ်ပွားနိုင်သဖြင့် FDA အသိအမှတ်ပြု သောက်ရေသန့် သို့မဟုတ် ကျိုချက်ထားသော ရေ သို့မဟုတ် ရေသန့်စင်ဆေးပြား စနစ်တကျခပ်ထားသောရေ သို့မဟုတ် ကလိုရင်း ဆေးခတ်၍ သန့်စင်ထားသောရေကိုသာ သောက်သုံးပါ၊ မြစ်ရေ၊ ချောင်းရေနှင့် မသန့်ရှင်းသော ရေများကို လုံးဝ မသောက်ပါနှင့်၊
၇။ အစာအဆိပ်သင့်မှု မဖြစ်စေရန် ရေမျောအစားအစာများနှင့် စည်သွတ်ဘူးများ၊ ရက်လွန် အစားအစာ၊ သိုးနေသော၊ မှိုတက်နေသော အစားအစာ၊ အမှည့်လွန်အသီးများနှင့် သန့်ရှင်းမှုမရှိသော အစားအစာ များကို မစားရန်နှင့်၊
၈။ အစားအစာများ ကိုင်တွယ်ပြင်ဆင်ခြင်းမပြုမီ၊ အစားမစားမီနှင့် အိမ်သာအသုံးပြုပြီးချိန်တိုင်း ဆပ်ပြာနှင့်ရေကိုအသုံးပြု၍ အနည်းဆုံးစက္ကန့် (၂၀) ကြာအောင် လက်ကိုစနစ်တကျ ဆေးကြောရန်၊
၉။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုဆောင်ရွက်ရန်၊ သန့်ရှင်းသော ယင်လုံအိမ်သာများ အသုံးပြုရန်၊
၁၀။ သောက်သုံးရေသိုလှောင်ရာနေရာများနှင့် ရေတွင်းရေကန်များအနီး အညစ်အကြေးမစွန့်ရန်နှင့်၊
၁၁။ အမှိုက်သရိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ အမှိုက်များကို မြေမြုပ်ခြင်း၊ မီးရှို့ခြင်း၊ အမှိုက်ပုံကို ထုံးဖြူးခြင်းတို့ကို ဆောင်ရွက်ပေးရန်၊
၁၂။ အအေးမမိစေရန် အမိုးအကာအောက်တွင်နေပါ၊ ရာသီဥတုနှင့်ကိုက်ညီသည့် အဝတ်အစားများ၊ ဥပမာ - နွေးထွေးသောအဝတ်များ ဝတ်ဆင်ရန်၊ (ကလေးသူငယ်များကို အထူးဂရုစိုက်ပါ၊)
၁၃။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ စသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊
၁၄။ ခြင်အန္တရာယ်သတိပြုပါ၊ မည်သည့်အချိန်တွင်မဆို ခြင်ထောင်ဖြင့်သာ အိပ်စက်ပါ၊
ခြင်ကျား၊ ပိုးလောက်လမ်းနှင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊
၁၅။ ထိခိုက်ဒဏ်ရာရရှိခြင်းအပါအဝင် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာန သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသရန်။
စသည့်အချက်များကိုလိုက်နာရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားကြောင်း သိရသည်၊၊
ymg/tthl
#Photo credit wai lu kyaw foundation
#Local_News #မုန်တိုင်းကျရောက်ဒေသ #သဘာဝဘေး #လျှပ်စစ်၊မြွေအန္တရာယ်နှင့်ကျန်းမာရေးဆိုင်ရာရောဂါများ #သတိပြုရန်ထုတ်ပြန်
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
ရန်ကုန်မြို့တွင် ထိုင်းတက္ကသိုလ်ပေါင်းစုံ အခမဲ့လေ့လာနိုင်မည့် ပညာရေးပြပွဲကို မေလ ၂၁ ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ပြပွဲ ကျင်းပရေးအဖွဲ့က သိရသည်။
ပြပွဲကို ပြည်လမ်းရှိ နိုဗို တယ်ဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ယင်းကို ထိုင်းတက္ကသိုလ်ဘွဲ့ရကျောင်းသားဟောင်းများအသင်းမှ ဦးစီးကျင်းပခြင်း ဖြစ်ကြောင်းနှင့် ပြပွဲအမည်ကို ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေး ပြပွဲ (Thailand Education Fair) ၂၀၂၃ ဟု အမည် ပေးထားကြောင်း သိရသည်။
ပြပွဲအတွင်းထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များ၊ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေး ပြပွဲတွင် ပညာသင်ဆုများ ပေးအပ်မည့် နာမည်ကျော်တက္ကသိုလ်များ နှင့် Asian Institute of Technology (AIT) ၊ Assumption တက္ကသိုလ်၊ University of Thai Chamber of Commerce(UTCC) ၊ဘန်ကောက် တက္ကသိုလ်အပြင် ထိုင်းနိုင်ငံရှိ ထိပ်တန်းတက္ကသိုလ် ၁၇ ခု ပါဝင်ပြသမည်ဖြစ်ကြောင်း ထိုင်းတက္ကသိုလ်ဘွဲ့ရ ကျောင်း သားဟောင်းများအသင်း က သိရသည်။
ymg/pl
#Local_News #ရန်ကုန်မြို့ #ထိုင်းတက္ကသိုလ်ပေါင်းစုံ အခမဲ့ပညာရေးပြပွဲ
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
မေလ ၁၁ ရက်နေ့ ည ၇ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပါလျှံ(၃) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် အိုက်ရီ၊ အိုက်ရီဖောင်း၊ အိုက်စိုင်း၊ ဇင်မိုးခန့် နှင့် နိုင်လင်းအောင် တို့ ၅ ဦးအား မော်တော်ဆိုင်ကယ် ၃ စီးနှင့်အတူတွေ့ရှိရှာဖွေရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါး(Happy Water) ၄ ဒသမ ၅ ကီလို စတင်သိမ်းဆည်းရမိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့မှသိရသည်။
ဆက်လက်ပြီးမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၂ ရက်နေ့ ည ၇ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် စိုင်းလုံတစ် မောင်းနှင်လာသည့် TOYOTA CROWN မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး (Happy Water) ၅ ဒသမ ၄၉ ကီလို ဆက်လက်သိမ်းဆည်းရမိခဲ့ပြန်သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ည ၉ နာရီအချိန် စိုင်းလုံတစ် နေထိုင်သည့် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိနေအိမ်မှ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၃၆ ဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိမှုစုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၀ ဒသမ ၁၂၆ ကီလို သိမ်းဆည်းရမိခဲ့၍ ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသိရသည်။
ymg/ppk
#Local_News ##ရှမ်းပြည်နယ်တာချီလိတ်မြို့ #စိတ်ပြောင်းဆေးဝါး(Happy Water)
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် VIGO အမျိုးအစားယာဉ်တိမ်းမှောက်၍ အမျိုးသားတစ်ဦးဒဏ်ရာရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့က သိရသည်။
ယနေ့ မေလ ၁၇ ရက် နံနက် ၈ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀/၆)အနီးတွင် VIGO အမျိုးအစား(အနက်ရောင်)ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိတန်းများကိုဝင်တိုက်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းနေရာသို့ (၁၁)မိုင်အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများထွက်ခွာဆောင်ရွက်ခဲ့ကြရာ ယာဉ်ပေါ်ပါကျား(၃)ဦး၊ မ(၄)ဦး၊ ကလေးငယ်(၁)ဦး စုစုပေါင်း(၈)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား ငါးဆူတောင်မေတ္တာရှင်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ymg/pl
#YMG #Yangon_Media_Group
#Local_News
Published-17 May 2023
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ “ကြယ်စင်လင်း” စိန်ရွှေရတနာဆိုင်ကို မေလ ၁၃ ရက် နံနက် ၁၀ နာရီခွဲခန့်က အမျိုးသား ၄ ဦးဝင်ရောက်လာကာ ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့သည့် ဖြစ်စဉ်မှ ကျူးလွန်သူများအား ဖမ်းမိပြီ ဖြစ်ကြောင်း နစက သင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
သတင်းပေးပို့သူများကြောင့် ဓားပြတိုက်လုယက်သည့် ခေါင်းဆောင်နှင့် ရွှေထည်ပစ္စည်းများကို ၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက် လုယက်မှုဖြစ်စဉ်ပါ သူများနှင့် လက်နက်ခဲယမ်းများကို ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓားပြတိုက်ရန်လာသူ ၄ ဦး က သေနတ်အတို ၁ လက် ကိုင်ဆောင်၍ Probox (အဖြူရောင်)ယာဉ်ဖြင့် ရောက်ရှိလာပြီး ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်း ၃ ဦးတို့အား သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၄,၀၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ ခုနှင့် CCTV Control Box တို့ကို ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့ကြောင်း၊ဓားပြတိုက်လုယက်ရာတွင် ပါဝင်သူများဟု ယူဆရသည့် မသင်္ကာဖွယ်ရာ လူများ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်တွင် ရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေး ရှာဖွေခဲ့ရာမှ အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓားပြတိုက်မှု ဖြစ်သည့် မေလ ၁၃ ရက် မွန်းလွဲ ၂ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ(၄)လမ်း၊ အိမ်အမှတ်(၅၅၉)၌ စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး နှင့် ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့အား ပွိုင့်-၃၈၀ ကျည် ၅၈ တောင့်၊ ၉ မမကျည် ၄၃ တောင့်၊ ပွိုင့်-၃၈၀ ကျည်အိမ် ၁ ခု၊ ရှို့ပစ်လက်လုပ်ဗုံး ၂ လုံး၊ ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့သည့် ရွှေဆွဲကြိုး ၂၅၆ ကုံး၊ ရွှေနားကပ် ၁၅၃ ရံ၊ ရွှေဆွဲသီး ၅၄ ခု၊ ရွှေဆံညှပ် ၁၅ ခု၊ ရွှေလက်ကောက် ၃၆၃ ကွင်း၊ ရွှေလက်စွပ် ၆၃၁ ကွင်း၊ ဟန်းချိန်း ၉၁ ခု၊ ငွေကျပ် ၃၀ သိန်းတို့နှင့်အတူပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်း ၊စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး ၏ထွက်ဆိုချက်အရ ယင်းနေ့ ညနေပိုင်းတွင် အင်းစိန်ပန်းခြံ၌ စကင်မရွန်းဇင် အားလည်းကောင်း၊ အင်းစိန် မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ “ရွှေကောင်းကြွယ်” လက်ဘက်ရည်ဆိုင်၌ မင်းခန့်မောင် အား လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ မင်းခန့်မောင် ၏ ထွက်ဆိုချက်အရ မေလ ၁၄ ရက် နံနက် ပိုင်းတွင် လှည်းကူးမြို့နယ်၊ မေဃဝတီရပ်ကွက်၌ ကျော်မင်းဝေ(ခ)ဝေကြီး နှင့် ဇေယျာအေး(ခ)ဇေယျာ တို့အား ဓားပြတိုက်ယူဆောင်ခဲ့သည့် ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေနားကပ် ၁ ရံ၊ ရွှေလက်စွပ် ၄ ကွင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည့်အပြင် သင်္ဃန်းကျွန်း မြို့နယ်၊ စံပြရပ်ကွက်၊ စံပြ(၅)လမ်း၊ တိုက်အမှတ်(၁၀၅)၌ တရားခံ နိုင်ဦး(ခ)စွန်ရဲအား Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ပွိုင့် ၃၈၀ ကျည် ၂၀ တောင့်၊ ဓားပြတိုက်ယူဆောင်ခဲ့သည့် ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလော့ကတ်သီး ၁ ခု၊ ရွှေဆွဲပြား ၂ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊နိုင်ဦး(ခ)စွန်ရဲ၏ ထွက်ဆိုချက်အရ မေလ ၁၄ ရက် နံနက် ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပတ္တမြား(၃)လမ်း၊ အိမ်အမှတ်(၅/၇၆၈)၌ ဓားပြတိုက်လုယက်ရာတွင် အသုံးပြုခဲ့သော လက်နက်၊ခဲယမ်း များအား သိမ်းဆည်းပေးသူ လင်းဦး အား လက်ပစ်ဗုံး ၃ လုံးနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း၊အဆိုပါ ဖြစ်စဉ်တွင် အမျိုးသား ၈ ဦးနှင့်အတူ Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၁၂၁ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ရှို့ပစ်လက်ပစ်ဗုံး ၂ လုံးတို့ ဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ငွေကျပ်သိန်း ၄,၀၀၀ ခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းအမျိုးစုံ ၃၀ ခုနှင့် ငွေကျပ် ၃၀ သိန်းတို့ကို ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
ဖမ်းမိသူများ၏ ထွက်ဆိုချက်အရ ပြီးခဲ့သည့် မတ်လ ၁၀ ရက်ကလည်း စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး မှ ဦးဆောင်၍ မင်းခန့်မောင်၊ ကျော်မင်းဝေ(ခ)ဝေကြီး၊ နိုင်ဦး(ခ)စွန်ရဲ၊ စကင်မရွန်းဇင်၊ ဇေယျာအေး(ခ)ဇေယျာ၊ ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့သည် လှည်းကူးမြို့နယ်၊ ကျောက္ကဒင်ကျေးရွာရှိ “လသာသာ” အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင်အား လက်နက်ဖြင့်ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၁၀၀ ကို ဓားပြတိုက် လုယက်ခဲ့ကြောင်း။ဧပြီလ ၃ ရက်ကလည်း စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး မှ ဦးဆောင်၍ မင်းခန့်မောင်၊ ကျော်မင်းဝေ(ခ)ဝေကြီး၊ နိုင်ဦး (ခ)စွန်ရဲ၊ စကင်မရွန်းဇင်၊ ဇေယျာအေး(ခ) ဇေယျာ၊ ရဲရင့်ခိုင်စိုး(ခ)ခိုင်စိုး တို့က ကျောက်တံတားမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ လမ်း(၄၀)၊ အလယ်ဘလောက်ရှိ Kaung Lay Mobile ဖုန်းဆိုင်ကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၅၀ နှင့် I Phone ၁၀ လုံး ဓားပြတိုက်လုယက်ခဲ့သေးကြောင်း နစက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စကင်မရွန်းဇင်သည် ဖောက်ခွဲရေး သင်တန်း ၁ လ တက်ရောက်ခဲ့ကာ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် Anti-Dictatorship Revolution People’s Army- DRPA ကို ဖမ်းဆီးရန်ကျန် ဟိန်းမင်းထက်(ခ)လင်းနွေ ခေါင်းဆောင်၍ စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး၊ မင်းခန့်မောင်၊ နိုင်ဦး(ခ)စွန်ရဲ၊ စကင်မရွန်းဇင်နှင့် ဖမ်းဆီးရန်ကျန် ကိုထွန်း၊ ဇင်လင်းထွန်း(ခ) ဇင်ကြီး၊ ဂျက်ပလက်၊ အာကာ၊ ပင်လယ်၊ လရောင်၊ ကျော်ကြီး၊ သာကြီး၊ သူရိန် အပါအဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ၊၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(စတုတ္တပတ်)တွင် စိုးသန်းနိုင်ဦး(ခ)ဇော်ကြီး နှင့် ဖမ်းဆီးရန်ကျန် သူရိန် တို့က လှည်းကူးမြို့၊ မြို့ကြီးကုန်းရပ်ကွက်၊ ရွှေသရဖီလမ်းနေ ဖိုးခွား ဆိုသူအား လုပ်ကြံကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် လှည်းကူးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ymg/pl
#Local_News #သာကေတမြို့နယ် #ရွှေဆိုင်ကိုဓားပြတိုက်ခဲ့ #ဖမ်းမိခဲ့
#YMG #Yangon_Media_Group
Page 872 of 1642