#WorldScience
Published 18 June 2022
ဒေါ်လာသန်း ၁၈၀ တန် စကိုင်းအိုင်းတယ်လီစကုပ်ကို အသုံးပြုရာမှာ ကမ္ဘာမြေပြင်ပမှ သက်ရှိလိုယူဆရတဲ့ အရာတွေရဲ့လှုပ်ရှားမှုတွေ တွေ့ခဲ့တယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။
တရုတ်နိုင်ငံကွေ့ကျိုးဒေသမှာရှိတဲ့ ၁,၆၄၀ ပေအချင်းရှိတဲ့ စကိုင်းအိုင်းတယ်လီစကုပ်ဟာ ပုံမှန်မဟုတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကို တွေ့ရှိခဲ့ကြောင်း၊ ကမ္ဘာမြေပြင်ပမှ ဂြိုဟ်သားတွေတည်ရှိရာနေရာကနေ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားလိုက်ပါတယ်။
ဒီသတင်းကို ပေကျင်းမှာရှိတဲ့ သိပ္ပံနဲ့နည်းပညာနေ့စဉ်သတင်းစာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဘလွန်းဘာ့ဂ်သတင်းဌာနရဲ့ဖော်ပြချက်အရ သိပ္ပံနဲ့နည်းပညာသတင်းစာဟာ သတင်းဖော်ပြပြီးခဏအကြာမှာပဲ ပြန်လည်ဖယ်ရှားပစ်ခဲ့ပါတယ်။
"စကိုင်းအိုင်းတယ်လီစကုပ်က ကမ္ဘာမြေပြင်ပက သက်ရှိလှုပ်ရှားမှုတွေကို ဖမ်းယူခဲ့ပြီး သတင်းမှာဖော်ပြခဲ့ပြီးနောက် ပြန်လည်ဖျက်ပစ်ခဲ့တယ်လို့ ဘလွန်းဘာ့ဂ်က ဖော်ပြခဲ့ပါတယ်။
ဒီသတင်းဟာ ဆိုရှယ်မီဒီယာတွေနဲ့ သတင်းဌာနတွေမှာ ချက်ချင်းပျံ့နှံသွားခဲ့ပါတယ်။
ပြင်ပသက်ရှိလှုပ်ရှားမှုသုတေသနအဖွဲ့က ၂၀၂၀ ခုနှစ်က သံသယဖြစ်ဖွယ်လှုပ်ရှားမှု ၂ ခုတွေ့ရှိခဲ့ပြီး ၂၀၂၂ အတွင်းမှာလည်း နေအဖွဲ့အစည်းစနစ်အပြင်ဘက်က ဂြိုဟ်တွေမှာ နောက်ထပ်သံသယဖြစ်ဖွယ်လှုပ်ရှားမှု တွေ့ရှိခဲ့ပါတယ်။
ဒီလှုပ်ရှားမှုတွေက ရေဒီယိုလှိုင်းနှောင့်ယှက်မှုကြောင့် ဖြစ်နိုင်တာကြောင့် နောက်ထပ်လေ့လာခဲ့ကြပါသေးတယ်။
လက်ရှိအချိန်မှာ ကမ္ဘာမြေအပြင်ဘက်က သက်ရှိထင်ရှားရှိမှုမျိုးမတွေ့ရှိရသေးပေမယ့် ကမ္ဘာ့အပြင်ဘက် စကြဝဠာကြီးမှာ သက်ရှိတွေလုံးဝမရှိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။
စကိုင်းအိုင်းစက်ဝိုင်းတယ်လီစကုပ်ကြီးဟာ ဂြိုဟ်သားလှုပ်ရှားမှုမျိုးကို တွေ့ရှိနိုင်တဲ့ကိရိယာကြီးဖြစ်ပါတယ်။
အချင်း ၁,၆၄၀ ပေရှိကာ ကမ္ဘာ့အကြီးဆုံးရေဒီယိုတယ်လီစကုပ်ကြီးဖြစ်ပါတယ်။
စကိုင်းအိုင်းတယ်လီစကုပ်ဟာ ပူအာတိုရီကိုက တယ်လီစကုပ်ထက် ၃ ဆကနေ ၅ ဆလောက်ပိုမိုတွေ့ရှိနိုင်ပြီး ဂြိုဟ်သားသက်ရှိတွေကိုရှာဖွေတွေ့ရှိနိုင်ဖို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေကြပါတယ်။
စကိုင်းအိုင်းတယ်လီစကုပ်မဆောက်လုပ်ခင်မှာ ရွာတစ်ရွာဖျက်ဆီးခံလိုက်ရပြီး လျှပ်စစ်သံလိုက်လှိင်းနှောင့်ယှက်တာမျိုး မဖြစ်ဖို့အတွက် ၃ မိုင်ပတ်ပတ်လည်က လူပေါင်း ၉ ထောင်ကျော်ကိုပြောင်းရွှေ့ခိုင်းခဲ့ကာ တစ်ဦးစီကိုနစ်နာကြေးအဖြစ် ၁,၈၀၀ ဒေါ်လာပေးခဲ့ပါတယ်။
Source: DailyMail
#Yangon_Media_Group
#WorldHealth
Published 18 June 2022
ကိုရိုနာဗိုင်းရပ်စ်ရဲ့ အိုမီခရွန်မျိုးဗီဇကွဲဟာ အရင်မျိုးဗီဇကွဲတွေလောက် ကိုဗစ်နောက်ဆက်တွဲလက္ခဏာများ ဖြစ်ပေါ်နိုင်ချေနည်းပါးကြောင်း ယူကေမှလေ့လာတွေ့ရှိခဲ့ပါတယ်။
လန်ဒန်ကင်းစ်ကောလိပ်မှ သုတေသီများလေ့လာချက်အရ ရောဂါကူးစက်အပြီး ကိုဗစ်နောက်ဆက်တွဲလက္ခဏာဖြစ်နိုင်ချေဟာ ဒယ်လ်တာကူးစက်မှုလှိုင်းတုန်းကထက်စာရင် အိုမီခရွန် ကူးစက်မှုလှိုင်းမှာ ၂၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပါတယ်။
အဆိုပါ တွေ့ရှိမှုက လူနာရဲ့အသက်အရွယ်နဲ့ နောက်ဆုံးကိုဗစ်ကာကွယ်ဆေးထိုးခဲ့တဲ့အချိန်အပေါ်မူတည်ပြီး အပြောင်းအလဲဖြစ်နိုင်ပါတယ်။
ကိုဗစ်နောက်ဆက်တွဲ လက္ခဏာတွေထဲမှာ နုံးချည့်ခြင်းကနေ စိတ်အုံမှိုင်းမှုများအထိ ခံစားရနိုင်ပြီး ရက်သတ္တပတ်လများအထိ တာရှည်နိုင်ပါတယ်။
ဒီဝေဒနာတွေကို ပြည်သူ့ကျန်းမာရေးတစ်ရပ်အနေနဲ့ရှုမြင်လာကြပြီး အိုမီခရွန်က ကိုဗစ်နောက်ဆက်တွဲ လက္ခဏာဖြစ်နိုင်ချေများလားဆိုတာကို သုတေသီတိုက အရေးတကြီးရှာဖွေလေ့လာနေကြပါတယ်။
ကင်းစ်ကောလိပ်ရဲ့လေ့လာချက်အရ အိုမီခရွန်က ကိုဗစ်နောက်ဆက်တွဲ လက္ခဏာဖြစ်နိုင်ချေနည်းတယ်လို့ဆိုပေမယ့် နောက်ဆက်တွဲလက္ခဏာခံစားရသူတွေ နည်းသွားတာတော့မဟုတ်ပါဘူး။
ယူကေအမျိုးသား အချက်အလက်ရုံးရဲ့ဖော်ပြချက်အရ ယူကေမှာ အိုမီခရွန်ကူးစက်ပြီး ကိုဗစ်နောက်ဆက်တွဲ လက္ခဏာခံစားနေရသူ ၄၃၈,၀၀၀ ဦးရှိနေကာ ဝေဒနာခံစားရသူအားလုံးရဲ့ ၂၄ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါတယ်။
လန်ဆက်ဂျာနယ်မှာ ဇွန်လ ၁၆ ရက်နေ့ကဖော်ပြရာမှာ ဒယ်လ်တာနဲ့အိုမီခရွန်ကိုနှိုင်းယှဉ်ကြည့်တဲ့အခါ အခြားမျိုးဗီဇကွဲများအကြား ကိုဗစ်နောက်ဆက်တွဲဖြစ်နိုင်ချေ ကွာခြားချက်ကြီးကြီးမားမားမရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။
အိုမီခရွန်ကူးစက်မှုက ဘာကြောင့်နောက်ဆက်တွဲဝေဒနာဖြစ်နိုင်ချေနည်းတာလဲဆိုတာကို သိရဖို့ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ရဦးမှာဖြစ်ပါတယ်။
Source: CNA
#Yangon_Media_Group
#WorldTechnology
Published 17 June 2022
ချဲအော့ပ်စ်ပိရမစ်ကြီးရဲ့အတွင်းပိုင်းနေရာများအထိဝင်ရောက်ကာ နိုင်းလ်မြစ်ကိုကနူးလှေဖြင့်သွားခြင်းနဲ့ ဖာရိုးခေတ်ရဲ့အငွေ့အသက်တွေကိုခံစားနိုင်ဖို့အတွက် ပဲရစ်မြို့က အာရပ်ကမ္ဘာအင်စတီကျု(IMA)မှာ သုံးဖက်မြင်ကွန်ပျူတာသရုပ်ဖော်ပုံဖြင့် အင်္ဂါနေ့ကစပြီး ဝင်ရောက်လေ့လာနိုင်ပြီဖြစ်ပါတယ်။
#Yangon_Media_Group
Published 17 June 2022
တရုတ်နိုင်ငံက တတိယမြောက် လေယာဉ်တင်စစ်သင်္ဘောကြီး ဖူကျင်းကို ရှန်ဟိုင်းမှာ ရေချလိုက်ပါတယ်။
သင်္ဘောရဲ့အမည်ကို တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းခြေက ဖူကျင်းပြည်နယ်ကို အစွဲပြုပြီး ပေးခဲ့တာဖြစ်ပြီး သောကြာနေ့ မနက်၁၁နာရီမှာ ကျန်းနန် သင်္ဘောကျင်းကနေ ရေချခဲ့တာပါ။ တက်ရောက်သူတွေက နိုင်ငံတော်အလံကို လွှင့်ထူတဲ့အခါ တရုတ်နိုင်ငံတော်သီချင်းကို သီဆိုကြပါတယ်။
အဲဒီနောက် အမည်ပေးလက်မှတ်ကိုအပ်နှင်းပြီးနောက် စစ်တပ်နှင့်အရပ် အရာရှိတွေဟာ စစ်သင်္ဘောကို ဖဲကြိုးဖြတ်ဖွင့်လှစ် ခဲ့ပါတယ်။
ရှန်ပိန်ပုလင်းတစ်လုံးကို ဖူကျင်းရဲ့ ဦးပိုင်းမှာ ဖောက်ခဲ့ပြီး ရောင်စုံတံခွန်တိုင်တွေနှင့် ရောင်စုံမီးခိုးတွေ၊ရေပန်းတွေ နှင့်အတူ ဖွင့်ပွဲကို ဆင်နွှဲကြပါတယ်။
အဲဒီနောက် လေယာဉ်တင်စစ်သင်္ဘောဟာ ဥဩဆွဲပြီး သင်္ဘောကျင်းကနေ ဖြည်းညှင်းစွာ ထွက်ခွာခဲ့ပါတယ်။
သင်္ဘောကြီးဟာ ဆိုက်ကပ်မှုနှင့်ပင်လယ်တွင်းလေ့ကျင့်မှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။
Source CCTV+
#DailyNews
Published - 17 June 2022
၁။ မေရီချက်ပ်မင်း နားမကြားသောကလေးများ ကျောင်းတွင်ကျောင်းသား (၁၅၀) ဦးပြန်တက်မည်ဟု မျှော်မှန်းစောင့်ဆိုင်းနေ
၂။ တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်းအပ်သူများသော်လည်း အမှန်တကယ် ကျောင်းတက်ရောက်သူ နည်းပါးနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကွန်ပျူတာဖြင့် ဖန်တီးထားသည့် အီဂျစ်ကချဲအော့ပ်စ်ပိရမစ် အစစ်ယောင်နေရာဆီသို့ ပဲရစ်မြို့ကနေ သွားရောက်လည်ပတ်နိုင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldPolitics
Published 17 June 2022
ဂျာမနီ၊ ပြင်သစ်၊ အီတလီနိုင်ငံတို့မှ ခေါင်းဆောင်များက ကြာသပတေးနေ့ကယူကရိန်းသို့ လာရောက်လည်ပတ်ခဲ့ကာ ရုရှားကျူးကျော်ခြင်းကို ကာကွယ်ဖို့ လက်နက်များတောင်းဆိုနေတဲ့ နိုင်ငံအတွက် ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင်ဖြစ်မြောက်ရေး မျှော်လင့်ချက်များရှိလာပါတယ်။
အဆိုပါ နိုင်ငံများအနေနဲ့ အရင်တုန်းက ထောက်ပံ့ကူညီရာမှာ အလွန်သတိထားစိုးရိမ်စွာလုပ်ဆောင်ကြတယ်လို့ ယူကရိန်းကဝေဖန်ခဲ့ဖူးပါတယ်။
ပြင်သစ်သမ္မတ'အီမန်နျူယယ်မက်ခရွန်'၊ ဂျာမနီအကြီးအကဲ'အိုလက်ဖ်ရှော့လ်ဇ်'နဲ့ အီတလီဝန်ကြီးချုပ်'မာရီယိုဒရာဂီ'တိုလာရောက်ခဲ့ကြတာဖြစ်ပြီး စစ်ပွဲကာလအစောပိုင်းတုန်းက ပျက်စီးခဲ့တဲ့မြို့ကိုလည်း သွားရောက်ခဲ့ကြပါတယ်။
ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'နဲ့ တွေ့ဆုံပြောကြားခဲ့အပြီးမှာ ယူကရိန်းကို အီးယူအဖွဲ့အစည်းနဲ့ ပိုမိုနီးစပ်လာစေမယ့် အီးယူအဖွဲ့ဝင်လောင်းဖြစ်မြောက်ရေးအတွက် သတ်မှတ်ထောက်ခံသင့်ကြောင်း ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဂျာမနီအနေနဲ့ ယူကရိန်းစစ်ဘေးရှောင် ၈ သိန်းခန့်ကိုခေါ်ဆောင်ထားပြီး လိုအပ်သမျှအကူအညီတွေ ဆက်လက်ထောက်ပံ့သွားမယ်လို 'အိုလက်ဖ်'က ဆိုပါတယ်။
စစ်မြေပြင်မှာ အရှေ့ဘက်ဆီဗီရိုဒိုနက်စ်မှာ ရုရှားတပ်များအပြင်းအထန်ဗုံးကျဲတိုက်ခိုက်တာတွေကို ယူကရိန်းတပ်တွေကခုခံနေဆဲဖြစ်ပြီး တောင်ပိုင်းမှာတော့ တန်ပြန်ထိုးစစ်ဆင်နေကြောင်း ယူကရိန်းအရာရှိများက ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ စစ်မြေပြင်အဓိကမျက်နှာစာနှစ်ဖက်စလုံးက အနောက်နိုင်ငံမှအကူအညီရရှိဖို့ကို မှီခိုနေရပြီး အထူးသဖြင့် ရုရှားရဲ့အားသာချက်ဖြစ်တဲ့ ပစ်ခတ်မှုအပိုင်းကို တန်ပြန်ဖို့အတွက် လက်နက်ခဲယမ်းတွေ လိုအပ်နေပါတယ်။
"မဟာမိတ်နိုင်ငံများက ထောက်ပံ့ပေးထားတာတွေအတွက် ကျေးဇူးတင်ပါတယ်၊ ဒါ့အပြင် အဓိကလက်နက်ကြီးတွေ၊ ခေတ်မီဒုံးပျံလက်နက်တွေ၊ ဒုံးကျည်ကာကွယ်ရေးလက်နက်တွေ ထောက်ပံ့ပေးဖို့ မျှော်လင့်နေပါတယ်၊ အဆင့်မြင့်လက်နက်တွေရမှ ကျွန်တော်တို့ရဲ့ပြည်သူပြည်သားတွေ မြန်မြန်လွတ်မြောက်နိုင်မှာပါ" လို့ 'ဇယ်လန်စကီ'က ဥရောပခေါင်းဆောင်များနဲ့ တွေ့ဆုံပြောကြားခဲ့ပါတယ်။
ပြင်သစ်က ယူကရိန်းကို လက်နက်များပေးပို့ဖို့ ရှေ့တိုးလုပ်ဆောင်သွားမယ်လို့ 'မက်ခရွန်'ကပြောကြားလိုက်ကာ နေတိုး(NATO)ကာကွယ်ရေးဝန်ကြီးများက ယူကရိန်းအတွက် နောက်ထပ်လက်နက်များ ထောက်ပံ့ဖို့ ကတိပြုလိုက်ပြီး အရှေ့ဘက်အစွန်က အမေရိကန်ဦးဆောင်တဲ့စစ်ရေးမဟာမိတ်တွေကိုလည်း အင်အားတိုးချဲ့သွားဖို့ စီစဉ်နေပါတယ်။
"နေတိုးတပ်ဖွဲ့အနေနဲ့ တိုက်ခိုက်ရေးဗျူဟာများ ပိုမိုပုံဖော်နိုင်ဖို့နဲ့ လေကြောင်း၊ ရေကြောင်း၊ ဆိုက်ဘာကာကွယ်ရေးတို့အပြင် လက်နက်ကိရိယာများ ကြိုတင်နေရာချထားရေးနဲ့ လက်နက်သိုလှောင်မှုများ ပိုမိုလုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်" လို့ နေတိုးအထွေထွေ အတွင်းရေးမှူးချုပ်'ယန်းစ်စတိုလ်တန်ဘာ့ဂ်'က ထုတ်ပြန်လိုက်ပါတယ်။
အီးယူအင်အားကြီး ၃ နိုင်ငံမှ ခေါင်းဆောင်များအနေနဲ့ ရုရှားသမ္မတ'ပူတင်'အပေါ် လေးစားလွန်းရာကျတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ငြင်းဆိုခဲ့ကြရပြီး ယူကရိန်းကိုလာရောက်ဖို့ သီတင်းပတ်အတော်ကြာစီစဉ်ခဲ့ရပါတယ်။
Source: Reuters
#Yangon_Media_Group
#WorldHealth
Published 17 June 2022
အရွယ်ရောက်ပြီးသူ အမေရိကန်လူမျိုးတဝက်နီးပါးလောက်ဟာ သွေးပေါင်ချိန်များခြင်းကြောင့် လေဖြတ်ခြင်းနဲ့ နှလုံးရောဂါအန္တရာယ်ရှိနေပါတယ်။
နာတာရှည်သွေးတိုးခြင်းကို မကုသဘဲထားပါက နှလုံးကအလုပ်ပြင်းထန်စွာလုပ်ရပြီး သွေးလွှတ်ကြောတွေ ထိခိုက်ပျက်စီးစေနိုင်ကြောင်း အမေရိကန်နှလုံးရောဂါအဖွဲ့အစည်းက ဆိုပါတယ်။
သွေးတိုးရောဂါက အမျိုးသားတွေမှာ ပိုအဖြစ်များပေမယ့် အမျိုးသမီးတွေမှာလည်း အသက်အရွယ်ရလာတာနဲ့အမျှ သွေးတိုးရောဂါရှိလာနိုင်ပါတယ်။
PFAS လိုခေါ်တဲ့ ဓာတုပစ္စည်းတွေနဲ့ထိတွေ့ခြင်းက သက်လတ်ပိုင်းအရွယ်ရောက်လာတဲ့အမျိုးသမီးတွေမှာ သွေးတိုးရောဂါဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ကို Hypertension ဂျာနယ်မှာ တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။
လေထုရေထုညစ်ညမ်းတဲ့နိုင်ငံတွေမှ အမျိုးသမီးများရဲ့ကျန်းမာရေးစစ်ဆေးမှုများအရ အသက် ၄၅ နှစ်မှ ၅၆ နှစ်အတွင်းအမျိုးသမီး ၁ ထောင်ကျော်ကို ဆယ်စုနှစ် ၂ ခုနီးပါးစောင့်ကြည့်လေ့လာခဲ့ပြီး ရရှိလာတဲ့ကျန်းမာရေးအချက်အလက်များကို မီချီဂန်တက္ကသိုလ်မှသုတေသီများက ကြည့်ရှုခဲ့ကြပါတယ်။
ပါဖလိုရိုအယ်လ်ကိုင်း၊ ပိုလီဖိုရိုအယ်လ်ကိုင်း (PFAS) အပါအဝင် ဓာတုပစ္စည်းအမျိုးမျိုးရဲ့သက်ရောက်မှုတွေကို လေ့လာကြည့်ခဲ့ကြပါတယ်။
PFAS ဟာ လူလုပ်ဓာတုပစ္စည်းများဖြစ်ပြီး ကုန်ပစ္စည်းများကို အပူခံနိုင်စေရန်၊ မစွန်းထင်းစေရန်၊ မစိုထိုင်းစေရန်အတွက် အသုံးပြုလေ့ရှိကြပါတယ်။
ဒီဓာတုဓာတ်တွေဟာ သဘာဝပတ်ဝန်းကျင်မှာ မပြိုကွဲနိုင်တဲ့အတွက် တသက်တာခံသည့်ဓာတုပစ္စည်းများလို ခေါ်ဝေါ်ကြပြီး သောက်သုံးရေ၊ မြေ၊ လေနဲ့ အစားအစာတွေထဲမှာ ပါဝင်လာနိုင်ပါတယ်။
PFAS ဓာတုပစ္စည်းတွေ သွေးထဲမှာများလာတဲ့အခါ အသည်းရောဂါ၊ ကင်ဆာရောဂါနဲ့ အခုနောက်ဆုံး သွေးတိုးရောဂါပါဖြစ်လာနိုင်ချေရှိလာပါတယ်။
PFAS ဓာတုပစ္စည်း ၇ မျိုးစလုံးကို သွေးထဲမှာအများအပြားတွေ့ရတဲ့ အမျိုးသမီးတွေမှာ သွေးတိုးရောဂါဖြစ်နိုင်ချေ ၇၁ ရာခိုင်နှုန်းရှိနေကြောင်း သုတေသီများတွေ့ရှိခဲ့ကြပါတယ်။
PFAS ဓာတုပစ္စည်းတွေကို အလှကုန်ပစ္စည်းများ၊ ပါဆယ်ထုတ်များ၊ သောက်သုံးရေများ၊ အဝတ်အစားများနဲ့ အိမ်သုံးပစ္စည်းတွေမှာ လတ်တလောတွေ့လာရပါတယ်။
အချို့ပြည်နယ်တွေက ကုန်ပစ္စည်းထုတ်လုပ်ရေးတွေမှာ PFAS အသုံးပြုခြင်းကို တားမြစ်လာကြပါပြီ။
Source: MSN
#Yangon_Media_Group
Page 1017 of 1151