Published 14 August 2022

ကာလီဖိုနီးယားက အရေပြားရောဂါ အထူးကုတစ်ဦးဟာ သူ့ခင်ပွန်းကို အဆိပ်ခတ်ဖို့ကြံစည်မှုနှင့် ဖမ်းဆီးခံရပါတယ်။ သူ့ခင်ပွန်းဟာ ဇနီးရဲ့အပြုအမူကိုမသင်္ကာလို့ လျှို့ဝှက်ကင်မရာတပ်ဆင်ခဲ့တာဖြစ်ပါတယ်၊

ကင်မရာကရိုက်ကူးထားတဲ့ ဗွီဒီယိုမှာ အသက် ၄၅နှစ်အရွယ်ရှိ ယူအင်မလီယုဟာ ကာလီဖိုနီးယား၊အိုင်ဗင်းက သူတို့ရဲ့အိမ်မှာ ခင်ပွန်းဖြစ်သူ ဂျက်ချန်းသောက်မယ့် သံပရာ ရည်ထဲကို သန့်စင်ဆေးရည်တွေ အကြိမ်တော်တော်များများမှာ လောင်းထည့်ခဲ့တာတွေ မှတ်တမ်းတင်ထားပါတယ်။

ချန်းဟာ  သူနေမကောင်းဖြစ်ပြီး ပြင်းပြင်းထန်ထန်ဒဏ်ရာတွေရခဲ့တယ်ဆိုပြီး သူ့ဇနီးဟာ သူ့ကိုအဆိပ်ခတ်ခဲ့တယ်လို့ ရဲကို ပြောပါတယ်။  အဲဒီနောက် ဗွီဒီယိုကို သက်သေအဖြစ် တင်ပြခဲ့ပါတယ်။

(၁၀)နစ်ကြာ အိမ်ထောင်သက်ရှိခဲ့ပြီးနောက် ချန်းက သူ့ဇနီးယုဟာ သူနှင့် သူ့ကလေးနှစ်ယောက်အပေါ် ညှင်းပန်းနှိပ်စက်ခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီဆိုကာ  ကွာရှင်းခွင့်လျှောက်ထားခဲ့ပါတယ်။

အင်မလီ ဟာ ဒေါသထွက်ပြီး ကလေးတွေကို ဆူငေါက်တဲ့အခါ “သေကြစမ်း” လို့ အဓိပ္ပါယ်ရတဲ့ တရုတ်စကားကို သုံးလေ့ရှိတယ်လို့ နယူးယောက်ပို့စ်က ရရှိတဲ့ စာရွက်စာတမ်းတစ်ခုအရသိရပါတယ်။

ချန်းနှင့်ယုတို့ဟာ ၂၀၁၂ခုနှစ် ဇူလိုင်မှာ လက်ထပ်ခဲ့ကြပြီးနောက် ၂၀၁၃နှင့် ၂၀၁၄ခုနှစ်တွေမှာ ကလေးတွေရလာပြီးတဲ့နောက်ပိုင်း သူမရဲ့ အပြုအမူတွေပြောင်းလဲခဲ့ပါတယ်။

ယုဟာ အဲဒီတုန်းက သူတို့ရဲ့ သုံးနှစ်သမီးကလေး အိပ်ရာထဲ သေးပါတဲ့အခါ ရိုက်နှက်ခဲ့ပြီး နှစ်နှစ်သားကလေးကိုလဲ ရိုက်ခဲ့တယ်လို့ ချန်းက စွပ်စွဲပါတယ်။ အဲဒီအပြင် ကလေးတွေက သူအိပ်စေချင်တဲ့အချိန်ထက်စောအိပ်ရာဝင်ရင်လည်း သူမက အိပ်ခွင့်မပေးဘဲထားပါတယ်။ အဖေကို ချစ်ပြရင်လဲ ကလေးတွေကို ဒဏ်ပေးတယ်လို့ ချန်းက ပြောပါတယ်။

ခင်ပွန်းကိုအဆိပ်ခတ်တယ်ဆိုတာနှင့် သူနှင့်ကလေးတွေကို ညှင်းပန်းနှိပ်စက်တယ်လို့ စွပ်စွဲတာတွေအားလုံးကို ယုက ငြင်းဆိုပါတယ်။

ယုကို ပြီးခဲ့တဲ့ကြာသပတေးနေ့က ဖမ်းဆီးခဲ့ပါတယ်။ သူ့ကိုဘယ်ပုဒ်မနှင့်အရေးယူမလဲဆိုတာကိုတော့ မလုပ်ရသေးပါဘူး။ ချန်းကို ယာယီအကာအကွယ်ပေးတဲ့ အမိန့်ကိုတော့ ထုတ်ပြန်ပေးထားပါတယ်။

Source: Toronto SUN

#California_dermatologist

#Poisioning

#Crime_US