#WorldHealth
Published - 30 March 2022
ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ကုသခံယူနေရတဲ့လူနာများ ဖြင့် ဖိုင်ဇာမှထုတ်လုပ်တဲ့ ကိုဗစ်ကုသရေးသောက်ဆေးရဲ့ထိရောက်မှုကို ဗြိတိန်မှာလေ့လာဆန်းစစ်သွားမှာဖြစ်ကြောင်း သိပ္ပံပညာရှင်တွေကတနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာ ဖိုင်ဇာရဲ့ကိုဗစ်ကုသဆေးပက်ဇ်လိုဗစ်(Paxlovid)ကို အသိအမှတ်ပြုထားပြီဖြစ်ပြီး နိုင်ငံတဝန်းရှိဆေးရုံတွေမှာ စမ်းသပ်လေ့လာသွားမှာဖြစ်ပါတယ်။
"ပက်ဇ်လိုဗစ်ဆေးက ဗိုင်းရပ်စ်ချေဖျက်နိုင်တဲ့သောက်ဆေးကောင်းတစ်လက်ပါ။ ဒါပေမဲ့ ကိုဗစ်ရောဂါပြင်းထန်တဲ့သူတွေမှာ အသက်ရှင်သန်နိုင်ချေများအောင်လုပ်ပေးနိုင်မလားဆိုတာကိုတော့ မသိရသေးပါဘူး" လို့ အောက်စ်ဖိုဒ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'ပီတာဟော်ဘီ'က ပြောကြားလိုက်ပါတယ်။
စမ်းသပ်ခြင်းရည်ရွယ်ချက်က ဖိုင်ဇာပက်ဇ်လိုဗစ်ဆေးဟာ ဆေးရုံတက်ကုသခံယူနေရတဲ့ ကိုဗစ်လူနာတွေမှာ အသက်သေဆုံးမှုနှုန်းကို လျှော့ချပေးနိုင်လားဆိုတာကို အဓိကထားရည်ရွယ်ထားပါတယ်။
ယခုနှစ်အစောပိုင်းကလည်း Merck ကုမ္ပဏီရဲ့ ကိုဗစ်ကုသရေးသောက်ဆေးကိုလည်း ဆေးရုံတက်ရောက်ကုသခံနေရတဲ့လူနာတွေမှာ စမ်းသပ်ခဲ့ပါတယ်။
အောက်စ်ဖို့ဒ်တက္ကသိုလ်မှပြုလုပ်မယ့် ဒီစမ်းသပ်မှုဟာ ပက်ဇ်လိုဗစ်ဆေးဝါးအနေနဲ့ ဆေးရုံတက်ရောက်ရတဲ့အချိန်ကာလကို လျှော့ချနိုင်မလားဆိုတဲ့အချက်နဲ့ အသက်ရှူကိရိယာလိုအပ်မှုကို လျှော့ချနိုင်မလားဆိုတဲ့အချက်တွေကိုလည်း လေ့လာသုံးသပ်သွားမှာဖြစ်ပါတယ်။
ပက်ဇ်လိုဗစ်ဆေးဟာ protease inhibitors အမျိုးအစားဖြစ်ပြီး HIV ၊ အသည်းရောင်အသားဝါ-စီနဲ့ အခြားဗိုင်းရပ်စ်ရောဂါတွေကို ကုသရာမှာအသုံးပြုတဲ့အမျိုးအစားဖြစ်ကာ ဗိုင်းရပ်စ်တွေထပ်မံပျံ့ပွားမလာအောင် တားဆီးပေးတာဖြစ်ပါတယ်။
ယခုနှစ်အတွင်း ပက်ဇ်လိုဗစ်ဆေးဝါးကနေ ဒေါ်လာ ၂၀ ဘီလီယံကျော်ရောင်းချရနိုင်ဖို့ ဖိုင်ဇာကမျှော်လင့်ထားပါတယ်။
၂၀၂၀ ခုနှစ်တုန်းက စတီးရွိုက်တစ်မျိုးဖြစ်တဲ့ ဒက်ဆာမက်သဇုန်း(dexamethasone)က ကပ်ရောဂါကာလအတွင်း လူနာတွေကိုကယ်တင်ခဲ့နိုင်ကြောင်း၊ အဆစ်အမြစ်ရောင်ကုသဆေး tocilizumab နဲ့ ပဋိပစ္စည်းရောစပ်ဆေး Ronapreve တိုဟာလည်း ရောဂါကုသရာမှာ ထိရောက်မှုရှိခဲ့ကြောင်း သိပ္ပံပညာရှင်များက ဖော်ပြခဲ့ပါတယ်။
Source: Reuters
#WorldHealth
Published- 30 March 2022
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစတုတ္ထအကြိမ်ထိုးနှံခြင်းဖြင့် အသက် ၆၀ မှ ၁၀၀ ကြားလူကြီးတွေမှာ ကိုဗစ်ရောဂါကြောင့်အသက်သေဆုံးနိုင်ချေကို ၇၈ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း ကလဲလစ်ကျန်းမာရေးအဖွဲ့အစည်းက လေ့လာဖော်ပြခဲ့ပါတယ်။
အဆိုပါလေ့လာမှုကို ကလဲလစ်၊ ဆေပီယာကောလိပ်၊ ဘန်ဂူရီယန်တက္ကသိုလ်တို့က ပြုလုပ်ခဲ့ကြကာ အစ္စရေးလ်နိုင်ငံအတွင်း ဒုတိယအကြိမ်အားမြှင့်ကာကွယ်ဆေး(booster)ထိုးနှံခြင်းက အသက်သေဆုံးမှုနှုန်းကိုဘယ်လောက်အထိလျှော့ချနိုင်လဲဆိုတာကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။
စတုတ္ထအကြိမ်ကာကွယ်ဆေးထုတ်လုပ်ဖြန့်ဖြူးချိန်မှာ လက်တွေ့စမ်းသပ်ထိရောက်မှုအထောက်အထားနည်းပါးခဲ့တာကြောင့် အငြင်းပွားစရာတွေဖြစ်ခဲ့ပါသေးတယ်။
ဒါကြောင့် ပထမအကြိမ်အားမြှင့်ကာကွယ်ဆေးထိုးနှံသူတွေလောက်မများခဲ့ဘဲ ဒုတိယအကြိမ်အားမြှင့်ကာကွယ်ဆေးထိုးနှံသူတွေကတော့ အလွန်နည်းပါးနေခဲ့ပါတယ်။
ဒါပေမဲ့အခုဆိုရင် စမ်းသပ်မှုအချက်အလက်တွေအရ စတုတ္ထအကြိမ်ကာကွယ်ဆေးက အသက်သေဆုံးမှုကို သိသိသာသာလျှော့ချပေးနိုင်တာကြောင့် ထိုးနှံဖို့ တွန့်ဆုတ်နေတဲ့သူတွေအနေနဲ့ ကာကွယ်ဆေးဆက်လက်ထိုးနှံသွားဖို့ ဆုံးဖြတ်သွားရန်မျှော်လင့်ထားကြောင်း စာတမ်းပြုစုသူများက ဖော်ပြခဲ့ပါတယ်။
ကလဲလစ်ကျန်းမာရေးအဖွဲ့ အစည်းက စတုတ္ထအကြိမ်ကာကွယ်ဆေးထိရောက်မှုလေ့လာရေးအတွက် လူပေါင်း ၅၆၃,၄၆၅ ဦးကို လေ့လာမှုပြုလုပ်ခဲ့ကာ ပျမ်းမျှအသက် ၇၃ နှစ်ရှိပြီး လူဦးရေ ၅၃ ရာခိုင်နှုန်းက အမျိုးသမီးကြီးတွေဖြစ်ပါတယ်။
ထိုနောက် အားမြှင့်ကာကွယ်ဆေး booster ဒုတိယအကြိမ်ထိုးနှံပြီးသူတွေက တစ်ဖွဲ့ နဲ့ booster ပထမအကြိမ်ထိုးနှံပြီးသူတွေကတစ်ဖွဲ့ဆိုပြီး နှစ်ဖွဲ့ခွဲလိုက်ပါတယ်။
ဒုတိယအကြိမ် booster ကို ၂၀၂၂ ဇန်နဝါရီ ၁၀ ရက်နေ့မှ ဖေဖော်ဝါရီ ၂၀ ရက်နေ့အတွင်း ထိုးနှံထားတဲ့သူတွေကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။
အားမြှင့်ကာကွယ်ဆေး booster တစ်ကြိမ်ထိုးနှံထားတဲ့အဖွဲ့ မှ ကိုဗစ်ရောဂါကြောင့်သေဆုံးသူ ၂၃၂ ဦးရှိခဲ့ပြီး ဒုတိယအကြိမ် booster ထိုးနှံထားတဲ့အဖွဲ့ မှ သေဆုံးသူ ၉၂ ဦးရှိခဲ့ပါတယ်။
ထိုသေဆုံးသူ ၉၂ ဦးထဲက ၅ ဦးက အသက် ၆၀ မှ ၆၉ နှစ်ကြား၊ ၂၂ ဦးက အသက် ၇၀ မှ ၇၉ နှစ်ကြား၊ ၆၅ ဦးက အသက် ၈၀ မှ ၁၀၀ နှစ်ကြား အသီးသီးတွေ့ရှိခဲ့ပါတယ်။
အားမြှင့်ကာကွယ်ဆေး booster တစ်ကြိမ်ထိုးနှံပြီးသေဆုံးသူတွေထဲမှာတော့ ၃၂ ဦးက အသက် ၆၀ မှ ၆၉ နှစ်ကြား၊ ၅၁ ဦးက အသက် ၇၀ မှ ၇၉ နှစ်ကြား၊ ၁၄၉ ဦးက အသက် ၈၀ မှ ၁၀၀ နှစ်ကြားရှိခဲ့ပါတယ်။
ဒယ်လ်တာမျိုးဗီဇကွဲကူးစက်မှုကာလအတွင်း တတိယအကြိမ်ကာကွယ်ဆေးထိုးနှံစဉ်က သက်ကြီးရွယ်အိုတွေမှာ အသက်သေဆုံးနိုင်ချေကို ၉၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်ခဲ့ပေမယ့် စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးနှံစဉ်မှာတော့ အသက်သေဆုံးနိုင်ချေကို ၇၈ ရာခိုင်နှုန်းသာလျှော့ချပေးနိုင်ပါတယ်။
ဒီစမ်းသပ်မှုရဲ့ရည်ရွယ်ချက်က အသက် ၆၀ အထက်လူကြီးတွေမှာ အားမြှင့်ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံကြဖိုဖြစ်တဲ့အပြင် အခြားနိုင်ငံတွေမှာလည်း ရောဂါကူးစက်ပြင်းထန်နိုင်တဲ့လူတွေမှာ ကာကွယ်ဆေးထပ်မံထိုးနှံဖို့ တိုက်တွန်းချင်ကြောင်း ဖော်ပြထားပါတယ်။
အခုအခါစမ်းသပ်မှုအထောက်အထားတွေရှိလာပြီဖြစ်တဲ့အတွက် ဒုတိယအကြိမ်အားမြှင့်ကာကွယ်ဆေး booster ထိုးနှံချင်တဲ့သူတွေများလာပြီဖြစ်ပါတယ်။
Source: The Jerusalem Post
Published 29 March 2022
ဂျပန်နိုင်ငံ မြိုတော်တိုကျိုတွင် ချယ်ရီပွင့်ချိန်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ မြို့သူမြို့သားတွေဟာ နွေဦးနေ့ကလေးတွင် မြို့တော်တစ်လျောက် ချယ်ရီပန်းများအပြည့်အဝဖူးပွင့်နေသည်ကို ကြည့်ရှုခံစားကြပါတယ်။ ဂျပန်နိုင်ငံဟာ ကိုဗစ်-၁၉ အရေးပေါ်စည်းကမ်းတွေကို ဖျက်သိမ်းပေးလိုက်ပါတယ်။ ဒါပေမယ့် ပန်းတွေဖူးပွင့်နေတဲ့အောက်မှာ နာမည်ကျော် ဟာနာမီ ပျော်ပွဲစားပါတီတွေ မလုပ်ကြဖို့ကိုတော့ တိုကျိုသားတွေကို သတိပေးထားပါတယ်။
Source AFP
Published 29 March 2022
ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ချွတ်ခြုံလုနီးပါးကျဆင်းခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ အပန်းဖြေကျွန်း ဖူးကက်မှာ ယခုဆိုရင် ငါးဖမ်း သင်္ဘောတွေရဲ့ မာလိန်မှူးတွေဟာ တူနာငါးတွေကြောင့် စီးပွားရေးပြန်ထူထလာနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
တူနာငါးဖမ်းတဲ့အလုပ်ဟာ ဖူးကက်မှာ အရေးကြီးတဲ့ အသက်မွေးမှုတစ်ခုဖြစ်ပါတယ်။ ကျွန်းသားတွေအတွက် အမေရိကန်ဒေါ်လာ ထောင်ချီပြီး ဝင်ငွေတွေရရှိတဲ့လုပ်ငန်းဖြစ်တာကြောင့်ပါ။ ဒါပေမယ့် ၂၀၁၄ခုနှစ်မှာ တရားမဝင် ဥပဒေမဲ့ ငါးဖမ်းဆီးခြင်းတွေကို နှိမ်နှင်းခဲ့ပြီး စည်းမျည်းတွေတင်းကြပ်လိုက်တဲ့အခါ လုပ်ငန်းတွေစွန့်လွှတ်ခဲ့ကြရပါတယ်။
ဒါပေမယ့် ကိုဗစ်ကြောင့် စီးပွားရေးအပေါ်ရိုက်ခတ်မှုတွေဖြစ်လာတဲ့အခါ ဖူးကက်အာဏာပိုင်တွေက ကမ္ဘာလှည့်တွေအပေါ် လုံးလုံးလျားလျားမှီခိုတာတွေမလုပ်ချင်တော့ဘဲ တူနာငါးဖမ်းလုပ်ငန်းကို ပြန်လည်အသက်သွင်းချင်လာခဲ့ကြပါတယ်။
ဖူးကက်က သင်္ဘောမာလိန်မှူးတော်တော်များများဟာ ပြောင်းလဲတင်းကြပ်ထားတဲ့ ငါးဖမ်းစည်းမျည်းတွေနှင့် ကိုက်ညီအောင် သူတို့ရဲ့ သင်္ဘောတွေကို ပြန်ပြီးပြုပြင်မွမ်းမံနေကြပါတယ်။ တူနာငါးမဖမ်းဖူးတဲ့ သင်္ဘောသားတွေကိုလည်း ငါးဖမ်းနည်းတွေ သင်ပေးနေကြပါတယ်။
“ တူနာငါးတွေပြန်ဖမ်းတဲ့စိတ်ကူးဟာ အလွန်ကောင်းပါတယ်။ လူတွေ အလုပ်ပိုရလာမယ်။ အခြားဒေသတွင်းက စီးပွား ရေးလုပ်ငန်းတွေကို အထောက်အပံ့ဖြစ်စေမယ်။ တူနာဟာ ဈေးကောင်းရလို့ ဝင်ငွေတွေကောင်းလာမယ်” လို့ သင်္ဘာမာလိန်မှူးတစ်ဦးဖြစ်တဲ့ အမ်နတ်ဂျိုအေကော်က ပြောပါတယ်။
ကိုဗစ်ကပ်ဘေးမတိုင်ခင်က ဖူးကက်စီးပွားရေးဟာ ခရီးသွားလုပ်ငန်းကို လုံးလုံလျားလျားနီးပါး မှီခိုထားရတာပါ။ ဖူးကက်ဟာ နိုင်ငံတကာနှင့်ပြည်တွင်းခရီးသွားဝင်ငွေတွေရဲ့ ၉၅ ရာခိုင်နှုန်းရရှိနေတာပါ။ ဒါပေမယ့် (၂)နှစ်တာကာလအတွင်း ခရီးသွား မရှိသလောက်ဖြစ်ခဲ့ပြီး ရာပေါင်းများစွာသော လုပ်ငန်းတွေ ဖူးကက်မှာရပ်တန့်ခဲ့ရပါတယ်။
အဲဒီအခြေအနေကိုပြောင်းလဲပစ်ဖို့အတွက် ဖူးကက်ဟာ အစားအသောက်ကောင်းချက်ပြုတ်ခြင်း၊ပညာရေး၊လှေဆိပ်၊ ကျန်းမာရေး၊အားကစား၊စမတ်စီတီးနှင့် တူနာလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ အစီအစဉ်ကို စတင်ခဲ့ပါတယ်။
“ဖူးကက်မှာ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် အရင်က ခရီးသွားလုပ်ငန်းကိုပဲ အာရုံထားခဲ့တယ်။ ကျွန်တော်တို့ ကျွန်းမှာ လုပ်လို့ရတာတွေအများကြီးပဲ။ အခုအစီအစဉ်က ကျွန်တော်တို့ကို အရင်ထက်ပိုပြီး သန်မာအားကောင်းစေလာလိမ့်မယ်” လို့ ဖူးကက် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ သန်နူဆက် ဖွန်ဒက်ကပြောပါတယ်။
Source CMG
#WorldHealth
Published - 29 March 2022
အိုမီခရွန်ကူးစက်မှုလွှမ်းမိုးတဲ့ကာလအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ကိုဗစ်ရောဂါကူးစက်နိုင်ချေ ၈ ဆပိုများပေမယ့် အရင်ကိုဗစ်ကူးစက်မှုလှိုင်းတွေတုန်းက ရောဂါခံစားခဲ့ရတဲ့ကိုယ်ဝန်ဆောင်တွေလောက် ရောဂါဆိုးရွားခြင်းမရှိကြောင်း သုတေသနတစ်ခုမှာတွေ့ရှိခဲ့ကြပါတယ်။
တက္ကဆက်စ်မှဆရာဝန်များက ၂၀၂၀ မေလမှ ၂၀၂၂ ဇန်နဝါရီလအတွင်း ကိုဗစ်ရောဂါကူးစက်ခဲ့တဲ့ ကိုယ်ဝန်ဆောင် ၂,၆၄၁ ဦးကို လေ့လာခဲ့ကြပါတယ်။ လေ့လာမှုကာလအတွင်း အပတ်စဉ်ကလေးမွေးဖွားမှုနှုန်း အတူတူနီးပါးဖြစ်ခဲ့ကာ ရောဂါကူးစက်ထားတဲ့အမျိုးသမီးများမှ အပတ်စဉ်မွေးဖွားသူအရေအတွက်ကတော့ ကပ်ရောဂါအစောပိုင်းကာလမှာ ၁၇ ဦး၊ ဒယ်လ်တာကူးစက်မှုကာလမှာ ၁၄ ဦး၊ အိုမီခရွန်ကူးစက်မှုကာလမှာ ၁၃၈ ဦးအသီးသီးရှိခဲ့ကြောင်း ကြာသပတေးနေ့က JAMA ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။
အိုမီခရွန်ကူးစက်မှုကာလအတွင်း ဆေးရုံတက်ကုသခံယူရမှုလိုအပ်ခဲ့တဲ့ ကိုယ်ဝန်ဆောင်တွေက ၁ ရာခိုင်နှုန်းအောက်သာရှိခဲ့ပြီး ဒယ်လ်တာကူးစက်မှုကာလတုန်းကတော့ ၁၂ ရာခိုင်နှုန်းရှိခဲ့တာဖြစ်ပါတယ်။
အိုမီခရွန်ကူးစက်မှုက မြန်ပေမယ့် ရောဂါဆိုးရွားခြင်းသိပ်မဖြစ်တာ ကံကောင်းသွားခဲ့ကြောင်း ဒေါက်တာ'အမ်မလီအက်ဒ်ဟီကာရီ'က ပြောကြားသွားပါတယ်။
Source: Reuters
#WorldPolitics
Published - 29 March 2022
ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'အနေနဲ့ ဆက်လက်အာဏာတည်မြဲနေနိုင်မှာမဟုတ်ကြောင်း အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က မိန့်ခွန်းတစ်ခုမှာဒေါသတကြီးပြောဆိုခဲ့ပါတယ်။
သူ့ရဲ့ပြောကြားချက်ကို ပြန်လည်ရုတ်သိမ်းသွားမှာမဟုတ်ကြောင်း တနင်္လာနေ့ကထပ်မံပြောကြားလိုက်ပါတယ်။
"ရှင်းရှင်းလင်းလင်းသိသွားအောင် ပြောပြချင်တာပါ။ ပြောပြီးသားကိုနောက်ဆုတ်သွားမှာမဟုတ်ပါဘူး။ အရင်ကလည်းမလုပ်ခဲ့ဘူး၊ အခုလည်းနောက်မဆုတ်ပါဘူး။ ကျွန်တော်ခံစားနေရတဲ့ဒေါသအလျောက် ပြောလိုက်တာပါ။ ကိုယ့်ခံစားချက်အတွက်နဲ့ ဘယ်သူ့ကိုမှတောင်းပန်သွားမှာမဟုတ်ပါဘူး" လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကိုပြောကြားသွားပါတယ်။
'ဘိုင်ဒန်'ကအဆိုပါမိန့်ခွန်းကို စနေနေ့က ဝါဆောမြို့ရှိ ၃ ရက်မြောက်သံတမန်ရေးရာဆွေးနွေးပွဲအဆုံးသတ်မှာ မှတ်ချက်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။
စစ်ရေးပဋိပက္ခဖြစ်ပွားနေချိန်မှာ သမ္မတရဲ့လက်တန်းပြောကြားချက်က အမှားဖြစ်လာနိုင်တဲ့အပေါ် ရီပတ်ဘလစ်ကန်တွေနဲ့ ပြင်ပသုံးသပ်သူအချိုက စိုးရိမ်ပူပန်နေကြပါတယ်။
"ယူကရိန်းကို ရုရှားတို့ကျူးကျော်တာနဲ့ပတ်သက်ပြီး ပူတင်နဲ့တင်းမာမှုမြင့်တက်လာမှာကို မစိုးရိမ်ပါဘူး။ ကျွန်တော်တို့ ဘက်က ဘယ်လိုထင်မြင်ယူဆလဲဆိုတာကို ရုရှားပြည်သူတွေထံ အသိပေးထားပါတယ်။ ပူတင်ဘာတွေကြံစည်လဲ ဂရုမစိုက်ပါဘူး။ သူ့သဘောအတိုင်းသူလုပ်နေပြီး သူဘယ်လိုလူလဲ ဘာတွေလုပ်လဲဆိုတာကို ကျွန်တော်ဝေဖန်ခဲ့တဲ့အပေါ် မကျေနပ်စိတ်နဲ့တစ်ခုခုလုပ်မယ့်လူပါ။ ဆင်ခြင်တုံတရားမရှိတဲ့သူပါ" လို့ 'ဘိုင်ဒန်'ကပြောကြားသွားပါတယ်။
လွန်ခဲ့တဲ့ ၁ လကျော် 'ပူတင်'စတင်ကျူးကျော်ပြီးကတည်းက သေဆုံးသူပေါင်း ၁ သောင်းကျော်ရှိနေနိုင်ကြောင်း ယူကရိန်းအစိုးရကထုတ်ပြန်ထားပါတယ်။
ရုရှားတို့ က ကိဗ်မြို့တော်အနီးအနားကိုတိုက်ခိုက်ခဲ့ရာမှာ အိမ်ခြေပေါင်း ၈ သောင်းကျော် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ရပါတယ်။
လတ်တလော ရုရှားတို့တပ်ဆုတ်လာခြင်းက ယူကရိန်းအရှေ့ဘက်ခြမ်းကို ပိုမိုအားစိုက်လာပုံရပါတယ်။
'ဘိုင်ဒန်'က 'ပူတင်'နဲ့သံတမန်ရေးဆွေးနွေးဖို့ လမ်းဖွင့်ပေးထားပေမယ့် ဆွေးနွေးညှိနှိင်းဖို့သဘောတူမတူကတော့ 'ပူတင်'ပြောချင်တဲ့အကြောင်းအရာအပေါ်မူတည်နေပါတယ်။
"ဆွေးနွေးမယ့်အကြောင်းအရာက ဒီစစ်ပွဲကိုအဆုံးသတ်ပြီး ယူကရိန်းကိုပြန်လည်ထူထောင်ဖို့ အကြောင်းအရာတွေပါဝင်လားဆိုတဲ့အပေါ် မူတည်နေပါတယ်" လို့ 'ဘိုင်ဒန်'ကသတင်းထောက်တွေကို ပြောကြားသွားပါတယ်။
Source: AFP
Page 977 of 1033