Published 21 May 2022
ရုရှားသမ္မတ ဗလက်ဒီမာပူတင်က နည်းပညာဆိုင်ရာ အချုပ်အခြာအာဏာကို တောင်းဆိုလိုက်ပြီး နိုင်ငံခြားနည်းပညာတွေ အပေါ်မှီခိုတာတွေဖြတ်တောက်ပစ်ရလိမ့်မယ်လို့ပူတင်ကပြောပါတယ်။ ယူကရိန်းကို စစ်တပ်တွေစေလွှတ်ကတည်းက ရုရှားဟာ များပြားလှစွာသော ဆိုက်ဘာတိုက်ခိုက်မှု ခံနေရတာဖြစ်ပါတယ်။
Source AFP
#DailyNews
Published - 21 May 2022
၁။ ရန်ကုန်တွင်ဂျာနယ်၊ သတင်းစာများ ရောင်းအားထက်ဝက်လောက်ထပ်မံကျဆင်း။
၂။ ရန်ကုန်တိုင်းအတွင်းရှိ ခရမ်း၊ သုံးခွ၊ သန်လျင် ၃ မြို့နယ်အား ဆိုင်ကယ်မစီးရ မြို့နယ်များအဖြစ်သတ်မှတ်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပြောင်းလဲဖန်တီးလာသည့်ဂျပန်တို့၏ တိုင်ကိုဒရမ်တီးခတ်ခြင်းပညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 21 May 2022
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ တောင်ကိုးရီးယားခရီးစဉ်အတွက် စေလွှတ်ထားတဲ့ အမေရိကန်ထောက်လှမ်းရေးနှစ်ဦးဟာ သမ္မတ ဆိုးလ်မြို့ကိုမရောက်ခင် တစ်ရက်မှာ အရက်မူးပြီး တောင်ကိုးရီးယားတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့လို့ သူတို့ကို အမေရိကန်ပြန်ပို့လိုက်တယ်လို့ အရာရှိတွေကပြောပါတယ်။
အငှားယာဉ်ထဲမှာ ရန်ဖြစ်ကြပြီးနောက် ကြာသပတေးနေ့ အစောပိုင်းအချိန်မှာ ထောက်လှမ်းရေးနှစ်ဦးထဲက တစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ယောင်ဆန်ခရိုင်ရဲအရာရှိ တစ်ဦးက ပြောပါတယ်။
အဲဒီသူကိုဖမ်းဆီးထိန်းသိမ်းခဲ့တာမဟုတ်ဘဲ တောင်ကိုးရီးယားအရာရှိတွေက စစ်ဆေးခဲ့တာဖြစ်တယ်လို့ အမေရိကန် အရာရှိတစ်ဦးက အငြင်းပွားပါတယ်။ အငြင်းပွားမှုမှာ ပါဝင်တဲ့ အခြားထောက်လှမ်းရေးတစ်ဦးကတော့ စစ်ဆေးမှုလည်း မခံခဲ့ရဘူးလို့ သူကဆက်ပြောပါတယ်။
“ လျှို့ဝှက်ထောက်လှမ်းရေးဌာနဟာ အလုပ်ချိန်ပြင်ပမှာ အဲဒီဝန်ထမ်းနှစ်ဦး အခင်းဖြစ်ပွားခဲ့တာသိပါတယ်။ အဲဒီအဖြစ်အပျက်ဟာ မူဝါဒဖောက်ဖျက်တဲ့ အခြေအနေတစ်ခု ဖြစ်နိုင်ချေရှိတယ်လို့ ဌာနရဲ့ပြောရေးဆိုခွင့်ရသူ အန်တိုနီ ဂူဂလီမီက ရိုက်တာကိုပြောပါတယ်။
အဲဒီသူတွေကို သူတို့တာဝန်ကျရာဌာနကို ချက်ခြင်းပြန်ပို့လိုက်ပြီး အုပ်ချုပ်ရေးဆိုင်ရာခွင့်ခံစားခွင့်ပေးထားပါတယ်။ ဒါပေမယ့် ဘိုင်ဒင်ရဲ့ခရီးစဉ်အပေါ်ထိခိုက်မှုမရှိပါဘူး” လို့ သူကပြောပါတယ်။
အဲဒီအဖြစ်အပျက်ဟာ Grand Hyatt ဟိုတယ်အပြင်ဘက်မှာဖြစ်ခဲ့တာပါ။ အဲဒီဟိုတယ်ဟာ မေ၂၀ကနေ ၂၄ရက်အထိ ဘိုင်ဒင်ရဲ့ တောင်ကိုးရီးယားနှင့် ဂျပန်ခရီးစဉ်အတွင်း ဘိုင်ဒင်ဟာ ဆိုးလ်မြို့တော်မှာ တည်းခိုဖို့စီစဉ်ထားတဲ့ ဟိုတယ်ဖြစ်ပါတယ်။
တောင်ကိုးရီးယားရဲတွေက အဲဒီထောက်လှမ်းရေးနှစ်ဦးရဲ့ အမည်နှင့်အခြားအချက်အလက်တွေမပေးပါဘူး။
လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဟာ အမေရိကန်သမ္မတနှင့်အိမ်ဖြူတော်ကို စောင့်ကြပ်ပေးရတဲ့ အမေရိကန်အေဂျင်စီတစ်ခုဖြစ်ပါတယ်။ ဒီလို နိုင်ငံရပ်ခြားမှာ ဆိုသွမ်းစွာပြူမူလုပ်ဆောင်တာတွေ မကြာခဏဆိုသလို ရှိခဲ့ပါတယ်။
၂၀၁၂ခုနှစ်တုန်းက လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဝင် ၁၁ ဦးဟာ သမ္မတ ဘားရက်အိုဘားမား မရောက်ခင် ကိုလံဘီယာကို ကြိုတင်ရောက်ရှိနေစဉ်မှာ ပြည့်တန်ဆာတွေနှင့် အငြင်းပွားတာတွေအပါအဝင် မလျော်မကန်ပြုမူခဲ့တာတွေရှိခဲ့လို့ ယခုလိုပဲ အမေရိကန်ကိုပြန်ပို့ပေးခဲ့ရပါတယ်။
အထိန်းသိမ်းခံရသူဟာ အသက်၃၀ကျော်အရွယ်ဖြစ်ပြီး ဟိုတယ်မှာခရီးဖော် ဧည့်သည်တစ်ဦးက ရဲကိုဖုန်းဆက်ခေါ်လို့ ဖမ်းဆီးခံခဲ့ရကြောင်း တောင်ကိုးရီးယားရုပ်သံ TV Chosun က ပထမဆုံးသတင်းထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
Source Reuters
#Ukraine_Crisis
Published 21 May 2022
မာရီယူပိုလ်မြို့ရှိ အာဇော့ဗ်စတယ်လ်သံမဏိစက်ရုံမှာပုန်းခိုနေတဲ့ ယူကရိန်းနောက်ဆုံးခံတပ်အဖွဲ့ဟာ သောကြာနေ့ကအညံ့ခံလိုက်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
ဒါကြောင့် ဒွန်ဘတ်စ်ဒေသကို အပိုင်ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ ရုရှားတို့အနေနဲ့ စစ်ပွဲကာလအတွင်း အပျက်အစီးအများဆုံးဖြစ်ခဲ့တဲ့ တိုက်ပွဲကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။
ရုရှားတို့ကြေညာချက်မထုတ်ခင် နာရီပိုင်းအလိုမှာပဲ ယူကရိန်းစစ်တပ်က သံမဏိစက်ရုံမှာရှိတဲ့ နောက်ဆုံးခုခံရေးသမားတွေကို လက်နက်ချပြီး အသက်ရှင်လျက်ထွက်လာဖို့ ညွှန်ကြားခဲ့ကြောင်း သမ္မတ’ဇယ်လန်စကီ’က ပြောကြားသွားပါတယ်။
နောက်ဆုံးခံတပ်အဖွဲ့က ၅၃၁ ယောက် အညံ့ခံခဲ့တယ်လို့ ရုရှားကကြေညာခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းများအတွင်း ယူကရိန်းခံတပ်မှ လက်နက်ချအညံ့ခံသူ ၂,၄၃၉ ဦးရှိလာပြီလို့ ဆိုပါတယ်။
အာဇော့ဗ်စတယ်လ်သံမဏိစက်ရုံရှိတဲ့နယ်မြေဟာ နောက်ဆုံးတော့လွတ်မြောက်ငြိမ်းချမ်းသွားပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
ဒီအရေအတွက်ကို ယူကရိန်းဘက်ကတော့ ချက်ချင်းအတည်မပြုသေးပါဘူး။
လူဟန့်စ်ပြည်နယ်မှ ယူကရိန်းထိန်းချုပ်ထားရာနောက်ဆုံးနယ်မြေတစ်ခုကိုလည်း ရုရှားတို့ကအဓိကထား တိုက်ခိုက်နေပါတယ်။
“ဆီဗီရိုဒိုနက်စ်မြို့ကို ရုရှားတို့ကအပြင်းအထန်တိုက်ခိုက်ဖျက်ဆီးနေပါတယ်၊ လူနေရပ်ကွက်တွေကိုဗုံးကျဲပြီး တစ်အိမ်ပြီးတစ်အိမ်ဖျက်ဆီးနေပါတယ်၊ လူတွေဘယ်လောက်သေပြီလဲဆိုတာ မသိရပါဘူး၊ အခန်းတိုင်းလိုက်ကြည့်နေလို့မှ မဖြစ်နိုင်တာ” လို့ လူဟန့်စ်အုပ်ချုပ်ရေးမှူး’ဆာဟီဂိုင်ဒိုင်’က တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။
ရုရှားတို့ဟာ မြို့တော်ကိဗ်ကိုမသိမ်းနိုင်ခဲ့တဲ့နောက် ဆီဗီရိုဒိုနက်စ်မြိုနဲ့ လစ္စချန့်စ်မြို့တို့ကို သိမ်းပိုက်ဖို့ကြိုးစားလာခဲ့ပါတယ်။
လတ်တလောသီတင်းပတ်တွေမှာ ရုရှားတို့က နယ်မြေဆုံးရှုံးမှုများရှိခဲ့ပေမယ့် လူဟန့်စ်အရှေ့ဘက်သို့ချီတက်လာရာ ရုရှားထောက်ခံရေးသမားများ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ရုရှားတို့အဓိက သိမ်းပိုက်လာနိုင်ကြောင်း ကျွမ်းကျင်သူများကသုံးသပ်နေကြပါတယ်။
“ဒီအခြေအနေက နောက်သီတင်းပတ်တွေအတွင်း ပဋိပက္ခအဆုံးအဖြတ်ဖြစ်လာနိုင်ပါတယ်၊ ဆီဗီရိုဒိုနက်စ်နဲ့ အခြားနယ်မြေတွေကို ဘယ်လိုသိမ်းပိုက်ထိန်းချုပ်မလဲဆိုတဲ့အပေါ် မူတည်နေပါတယ်’’ လို့ လန်ဒန်ချာသမ်အိမ်တော်မှ ကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုလိုက်ပါတယ်။
ရုရှာတို့ဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ စတင်ကျူးကျော်ခဲ့ပြီးနောက် မာရီယူပိုလ်မြို့ကိုထိန်းချုပ်နိုင်ခဲ့တာဟာ အလွန်အရေးပါပေမယ့်လည်း ပျက်စီးဆုံးရှုံးမှု အတော်လေးများပြားခဲ့ပါတယ်။
မာရီယူပိုလ်တည်ရှိရာ ဒိုနက်စ်နဲ့လူဟန့်စ်တို့ပါဝင်တဲ့ ဒွန်ဘတ်စ်ဒေသဟာ လုံးဝဥသုံဖျက်ဆီးခံခဲ့ရပြီး ငရဲခန်းအသွင်ပျက်စီးသွားခဲ့ကြောင်း ‘ဇယ်လန်စကီ’က မိန့်ကြားသွားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#WorldHealth
Published 21 May 2022
သက်လတ်ပိုင်းအရွယ်တွေမှာ ဆီးချိုရောဂါဖြစ်ပွားသူတွေဟာ အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာခံစားရနိုင်ချေ ၄ ဆပိုများကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ဆီးချိုရောဂါက မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ ဆက်စပ်နေပြီး ဦးနှောက်မှာ ဆိုးကျိုးဖြစ်စေတဲ့ ပရိုတိန်းများ စုဝေးလာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်များက သံသယရှိနေပါတယ်။
သုတေသီတွေက လူပေါင်း ၅ ထောင်ကို ဆယ်စုနှစ်တစ်ခုကြာအောင်စောင့်ကြည့်ခဲ့ပြီး မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်ပေါ်လာသလားဆိုတာကို လေ့လာခဲ့ကြပါတယ်။
ဆီးချိုရောဂါရှိတဲ့ အသက် ၅၅ နှစ်ဝန်းကျင်ရှိ လူတွေဟာ အသက် ၆၅ နှစ်ကျော်တဲ့အခါ မှတ်ဉာဏ် ချို့ယွင်းခြင်းဝေဒနာ ဖြစ်ပေါ်နိုင်ချေ ၄ ဆပိုများတာကို တွေ့ခဲ့ကြပါတယ်။
လူအများစုက ကျန်းမာရေးမညီညွတ်တဲ့ အစားအသောက်များနဲ့ ကိုယ်အလေးချိန်များခြင်းတို့ကြောင့် ဆီးချိုရောဂါဖြစ်လာနိုင်ချေရှိနေပါတယ်။
အသက် ၅၅ နှစ်အရွယ်မှာ ဆီးချိုရောဂါနဲ့ သွေးပေါင်ချိန်များခြင်းတို့က မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်လာနိုင်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။
နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိတဲ့ အသက် ၆၅ နှစ်အရွယ် လူတွေမှာလည်း မှတ်ဉာဏ်ချို့ယွင်းခြင်းမျိုး ဆက်စပ်ဖြစ်ပေါ်နိုင်ပါတယ်။
လေဖြတ်ခြင်း ဒါမှမဟုတ် ဆီးချိုရောဂါရှိတဲ့ အသက် ၇၀ ကျော်တွေကတော့ မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်နိုင်ချေ အများဆုံးဖြစ်ပါတယ်။
အိုင်ယာလန်ဂယ်လ်ဝေး အမျိုးသားတက္ကသိုလ်မှ ပရော်ဖက်ဆာ’အမ်မာမက်ဂရက်’က “သက်လတ်ပိုင်းတွေမှာ ဆီးချိုရောဂါရှိသူတွေက မှတ်ဉာဏ်ချို့ယွင်းခြင်းပိုမိုဖြစ်ပွားနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အသက်မကြီးသေးခင်မှာ ခန္ဓာကိုယ်နဲ့ဦးနှောက်ကို ပိုမိုထိခိုက်စေနိုင်တာကြောင့်ဖြစ်ပါတယ်” လို့ ပြောပြသွားပါတယ်။
ပင်စင်ယူပြီးတဲ့အချိန်မှာ အပူအပင်မရှိ အနားယူချင်ကြတာကြောင့် ဘယ်သူကမှ အဆိုပါဝေဒနာမျိုးမဖြစ်ချင်ကြောင်း ဆိုပါတယ်။
သုတေသီတွေရဲ့လေ့လာချက်တွေထဲမှာ အသက် ၅၅ နှစ်မှာဆီးချိုရှိသူတွေက မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်နိုင်ချေ ၄.၃ ဆပိုများပြီး အသက် ၆၅ နှစ်မှ ဆီးချိုရှိသူတွေက ၂ ဆသာပိုများပါတယ်။
ဒါကြောင့် အသက်ပိုငယ်တဲ့လူတွေမှာ ဦးနှောက်ပိုမိုထိခိုက်စေတတ်တယ်လို့ ယူဆနိုင်ပါတယ်။
အသက် ၅၅ နှစ်အရွယ်မှာ သွေးပေါင်ချိန် ၁၀ တက်လာတိုင်း မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်နိုင်ချေ ၁၂ ရာခိုင်နှုန်း ပိုများလာပါတယ်။
ယူကေမှ အယ်လ်ဇိုင်းမားရောဂါ သုတေသနဌာနရဲ့ ဦးစီးမှူးဒေါက်တာ’ရိုဆာဆန်ချို’ပြောကြားရာမှာ ဒီသုတေသနက ဆီးချိုနဲ့ သွေးတိုးရှိခြင်းဟာ နောက်ပိုင်းမှာမှတ်ဉာဏ်ချို့ယွင်းမှု ဖြစ်လာနိုင်စေတယ်လို့ ဖော်ပြခဲ့ပါတယ်။
Source: DailyMail.
#Yangon_Media_Group
#WorldNews
Published 21 May 2022
ဂျပန်အစိုးရက ကိုဗစ်ကပ်ရောဂါထောက်ပံ့ရေးစရိတ် ယန်း ၄၆.၃ မီလီယံ (၃၆၂,၀၀၀ ဒေါ်လာ)ကို လူတစ်ဦးဆီသို့ မှားယွင်းစွာပိုမိခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
ထိုလူက ရရှိလာတဲ့ငွေတွေအားလုံးကို လောင်းကစားလုပ်ပစ်လိုက်တာကြောင့် အစိုးရအနေနဲ့ ပြဿနာရင်ဆိုင်နေရပါတယ်။
ဂျပန်နိုင်ငံအနောက်ဘက် ယာမာဂူချီစီရင်စုနယ်ရှိ အဘူမြို့ပေါ်က အသက် ၂၄ နှစ်အရွယ်အမျိုးသားဟာ အလုပ်လက်မဲ့တစ်ဦးဖြစ်ပြီး နိုင်ငံရပ်ခြားလောင်းကစားဝိုင်းတွေမှာ ပိုက်ဆံတွေအကုန်သုံးပစ်လိုက်ပြီလို့ ထွက်ဆိုခဲ့ကြောင်း NHK သတင်းဌာနက ဖော်ပြထားပါတယ်။
ဗုဒ္ဓဟူးနေ့က ထိုလူကို ကွန်ပျူတာအချက်အလက်လိမ်လည်သုံးစွဲမှုသံသယဖြင့် ဖမ်းဆီးခဲ့ပါတယ်။
ဧပြီလက ကိုဗစ်ထောက်ပံ့ရေးစရိတ် ယန်း ၁ သိန်းကို အဆိုပါမြို့ရှိ ဝင်ငွေချိုတဲ့တဲ့အိမ်ထောင်စု ၄၆၃ စုဆီ ဖြန့်ဝေပေးဖို့စီစဉ်ရင်း အမှားအယွင်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ငွေတွေအားလုံးဟာ ဖြန့်ဝေပေးမယ့်စာရင်းထဲက ပထမဆုံးနေရာကလူဆီသို့ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။
ထိုလူက ငွေတွေပြန်မပေးနိုင်တော့ပေမယ့် သူလုပ်ခဲ့တဲ့လုပ်ရပ်အတွက် ပြန်ပေးဆပ်ဖို့ဆန္ဒရှိကြောင်း ဖော်ပြခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ ကပ်ရောဂါထောက်ပံ့ရေးနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ဖြစ်ရတာဟာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့နှစ်က ဂျပန်ဝန်ကြီးချုပ်’ဖူမီယိုကီရှီဒါ’နဲ့ အစိုးရအဖွဲ့ဟာ အိမ်ထောင်စုတွေအတွက် ကိုဗစ်ကူပွန်များထောက်ပံ့ပေးဖို့စီစဉ်ခဲ့ရာ ဒေါ်လာ ၁ ဘီလီယံနီးပါးကုန်ကျခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။
ဒီကိစ္စက လူမှုကွန်ရက်တွေမှာလည်း ပွက်လောရိုက်သွားပါတယ်။
“ကြည့်ရတာ ဆုံးရှုံးသွားတဲ့ငွေတွေကို ဒီအတိုင်းထားလိုက်တော့မယ့်ပုံပါပဲ၊ ပြည်သူနဲ့အစိုးရကြား နားလည်မှု လွဲသွားတဲ့ပုံမျိုး ထုတ်ပြပါလိမ့်မယ်” လို့ လူတစ်ယောက်က တွစ်တာမှာသုံးသပ်သွားပါတယ်။
Source: Bloomberg.
#Yangon_Media_Group
Published 20 May 2022
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ မေ၂၀ရက်သောကြာနေ့မှာ တောင်ကိုးရီးယားကို ရောက်ရှိလာပါတယ်။ သူ့ရဲ့တောင်ကိုးရီးယားခရီးစဉ်ဟာ သူ့အတွက် အမေရိကန်ခေါင်းဆောင်တစ်ဦးအနေနှင့် အာရှရဲ့ပထမဆုံးခရီးဖြစ်ပြီး မြောက်ကိုးရီးယား နျူကလီးယားစမ်းသပ်မှု ကြီးထွားလာနေတဲ့အပေါ် ဒေသဆိုင်ရာ လုံခြုံရေးမဟာမိတ်တွေရဲ့ စိုးရိမ်ပူပန်မှုတွေနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေးချည်နှောင်ဖို့ဖြစ်ပါတယ်။
သူဟာ တောင်ကိုးရီးယားသမ္မတ ယွန်ဆောက်ယိုနှင့် ဆိုးလ်မြို့အပြင်ဘက် ဆမ်ဆောင်းအဆောက်အအုံမှာ တွေ့ဆုံပါတယ်။
ဘိုင်ဒင်ဟာသူ့ခရီးစဉ်မှာ တစ်နှစ်ရှည်ကြာပြီဖြစ်တဲ့ အမေရိကန်ရဲ့ အာရှမဏ္ဍိုင်ပြုမှုကို ထပ်မံအရှိန်မြှင့်လိုနေပါတယ်။အာရှဒေသမှာ တရုတ်ရဲ့စီးပွားရေးရဲ့စစ်ရေးပါဝါတွေမြင့်တက်မှုတွေက ဝါရှင်တန်ရဲ့ကြီးစိုးမှုတွေကို လျှော့ချနေတာဖြစ်ပါတယ်။
သူ့ကို ပြီးခဲ့တဲ့အပတ်ကမှ သမ္မတတာဝန်ယူလာတဲ့ အမေရိကန်လိုလားတဲ့ သမ္မတသစ်ယွန်ဆောက်ယိုက နွေးထွေးစွာကြိုဆိုခဲ့ပါတယ်။ မြောက်ကိုးရီးယားရဲ့ ခန့်မှန်းရခက်တဲ့ ခေါင်းဆောင်ဟာ ဘိုင်ဒင်ရဲ့အာရှခရီးစဉ်အတွင်း နျူကလီးယားစမ်းသပ်မှုတွေလုပ်မှာကိုလည်း စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။
ကျွန်တော်တို့ဒေသထဲမှာရှိတုန်း ရန်လိုတဲ့ပုံစံတစ်ခုခုလုပ်မယ့် အန္တရာယ်က တစ်ကယ်ရှိနေတာပါ လို့ အမေရိကန်လုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်ကပြောထားပါတယ်။
ဘိုင်ဒင်က တောင်ကိုးရီးယားကနေ ဂျပန်ကိုဆက်သွားမှာဖြစ်ပြီး ဂျပန်နိုင်ငံမှာ ဩစတြေလျ၊အိန္ဒိယ၊ဂျပန်နှင့်အမေရိကန်တို့ပါဝင်တဲ့ Quad လေးပြည်ထောင်အဖွဲ့ထိပ်သီးအစည်းအဝေးတက်ရောက်မှာ ဖြစ်ပါတယ်။
Source AFP
Page 755 of 861