#World_Politics
Published 19 September 2022
ထိုင်ဝမ်ကို တရုတ်ကျူးကျော်လာခဲ့ရင် ထိုင်ဝမ်ဘက်ကနေ အမေရိကန်တပ်များကာကွယ်ပေးသွားမယ်လို့ သမ္မတ'ဂျိုးဘိုင်ဒန်'က အရှင်းလင်းဆုံး ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ တရုတ်အတွက်တော့ သေချာပေါက်အမျက်ထွက်စရာပါပဲ။
တနင်္ဂနွေနေ့က CBS 60 Minutes အင်တာဗျူးထုတ်လွှင့်မှုကဏ္ဍမှာ အမေရိကန်တပ်တွေက ထိုင်ဝမ်ကိုကာကွယ်ပေးမှာလားလို့ မေးမြန်းခဲ့ရာ တကယ်လို့ မမျှော်လင့်ဘဲတိုက်ခိုက်လာခဲ့ရင် ကာကွယ်ပေးသွားမှာပါလို့ 'ဘိုင်ဒန်'က ဖြေကြားခဲ့ပါတယ်။
ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အမေရိကန်က နှစ်ရှည်လများရပ်တည်လာတဲ့ မူဝါဒကိုကျော်လွန်လုပ်ဆောင်သွားနိုင်တယ်လို့ အင်တာဗျူးမှာ သိရှိလိုက်ရတာဖြစ်ပါတယ်။
ထိုင်ဝမ်ကို အမေရိကန်တပ်ဖွဲ့များ စေလွှတ်ခြင်းနဲ့ပတ်သက်ပြီး အရင်ကထက် ပိုပြီးပြတ်ပြတ်သားသား ထုတ်ပြန်လာတာဖြစ်ပါတယ်။
အမေရိကန်ဟာ စစ်ရေးဗျူဟာမူဝါဒအတိုင်း လက်ကိုင်ထားခဲ့တာ ကြာပြီဖြစ်ကာ ထိုင်ဝမ်တိုက်ခိုက်ခံရရင် စစ်ရေးအရတုံ့ပြန်မှာလားဆိုတာကို ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။
အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ အမေရိကန်မူဝါဒက မပြောင်းလဲဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။
"သမ္မတက အရင်ကလည်း ပြောထားပါတယ်၊ ယခုနှစ်အတွင်း တိုကျိုမှာတုန်းကလည်း ပြောခဲ့ပါတယ်၊ ထိုင်ဝမ်အပေါ်ထားတဲ့ မူဝါဒက မပြောင်းလဲဘူးဆိုတာ သူပြတ်ပြတ်သားသား ပြောထားပါတယ်" လို့ ဆိုပါတယ်။
တနင်္လာနေ့မှာတော့ 'ဘိုင်ဒန်'ဟာ ဘုရင်မကြီး'အဲလိဇဘက်'ရဲ့အသုဘအတွက် ဗြိတိန်ကို ရောက်ရှိနေပါတယ်။
မေလတုန်းက ထိုင်ဝမ်ကို စစ်ရေးအရကာကွယ်ပေးမှာလားလို့ 'ဘိုင်ဒန်'ကိုမေးမြန်းခဲ့ရာမှာ "ကာကွယ်သွားမှာပါ၊ ကာကွယ်ဖို့အတွက် ကတိပြုထားပါတယ်" လို့ ဖြေကြားသွားခဲ့ပါတယ်။
အင်တာဗျူးအတွင်း 'ဘိုင်ဒန်'က အမေရိကန်ဟာ ထိုင်ဝမ်ရဲ့လွတ်လပ်ရေးကို အသိအမှတ်မပြုသလို တရုတ်တစ်သွေးတစ်သံတည်းမူဝါဒအတိုင်း ပေကျင်းကိုပဲ တရားဝင်အသိအမှတ်ပြုကြောင်း အကြိမ်ကြိမ် ပြောကြားထားပါတယ်။
ဒါကြောင့် 'ဘိုင်ဒန်'ရဲ့မှတ်ချက်တွေက တရုတ်အတွက် အမျက်ထွက်စရာဖြစ်စေမှာဖြစ်ပြီး ဩဂုတ်လတုန်းက အမေရိကန်အောက်လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုစီ' ထိုင်ဝမ်ကိုလာရောက်ခြင်းကလည်း တရုတ်တို့ မကျေနပ်စရာဖြစ်ခဲ့ပါတယ်။
အဲဒီနောက် တရုတ်က ထိုင်ဝမ်အနားမှာ စစ်ရေးပြများပြုလုပ်ခဲ့ပြီး ထိုင်ဝမ်ကို အမေရိကန်က စစ်ရေးထောက်ပံ့မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် အမေရိကန်လွှတ်တော်အမတ်တွေ တရားဥပဒေများပြဌာန်းဖော်ဆောင်နေခြင်းကိုလည်း တရုတ်က ကန့်ကွက်ထားပါတယ်။
တရုတ်သမ္မတ'ရှီကျင့်ဖင်'က ဒီမိုကရက်တစ်စနစ်အရ အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကို တရုတ်လက်အောက်သိမ်းသွင်းဖို့ ဆုံးဖြတ်ထားကာ လိုအပ်ပါက အင်အားသုံးသိမ်းပိုက်သွားမယ်လို့ ဆိုထားပါတယ်။
အမေရိကန်မှာရှိတဲ့ တရုတ်သံရုံးကတော့ မှတ်ချက်ပြုခြင်း မရှိသေးပါဘူး။
အမေရိကန်ရဲ့ ဂျာမနီမာရှယ်ရန်ပုံငွေအဖွဲမှ အာရှပိုင်းကျွမ်းကျင်ပညာရှင်'ဘွန်နီဂလေဆာ'က 'ဘိုင်ဒန်'အနေနဲ့ ကူညီမယ်လို့ ကတိပြုလိုက်ရင် တကယ်ကူညီထောက်ပံ့ပေးသင့်တယ်လို့ ဆိုလိုက်ပါတယ်။
"သမ္မတကြီးက ထိုင်ဝမ်ကိုကာကွယ်ဖို့ ဆုံးဖြတ်ထားရင် အမေရိကန်စစ်တပ်က သေချာပေါက်ကာကွယ်နိုင်စွမ်း ရှိရပါမယ်၊ စကားနဲ့ပဲ ထောက်ပံ့မယ်ပြောပြီး တကယ်မကာကွယ်နိုင်ရင် အကျိုးမရှိပါဘူး"လို့ ပြောကြားလိုက်ပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 19 September 2022
ကိုဗစ်ရောဂါဖြစ်ပွားခဲ့တဲ့ အသက် ၆၅ နှစ်အထက် အမေရိကန်လူမျိုး ၆ သန်းကျော်ကို မှတ်တမ်းလေ့လာခဲ့ရာ တစ်နှစ်အတွင်း အယ်လ်ဇိုင်းမားရောဂါဖြစ်လာနိုင်ချေ ရှိနေပါတယ်။
ကိုဗစ်ရောဂါက အယ်လ်ဇိုင်းမားဖြစ်စေတာမဟုတ်ပေမယ့် ဆက်စပ်မှုရှိနေကြောင်း အယ်လ်ဇိုင်းမားရောဂါဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။
လေ့လာမှုပြုလုပ်ခဲ့ရာမှာ ကိုဗစ်ရောဂါဖြစ်ခဲ့တဲ့ လူကြီးအယောက်တစ်ထောင်မှာ ၇ ယောက်က တစ်နှစ်အတွင်း အယ်လ်ဇိုင်းမားဖြစ်လာနိုင်ပြီး ကိုဗစ်မဖြစ်တဲ့ လူတွေမှာတော့ ၅ ယောက်နှုန်းသာ ရှိပါတယ်။
"ကိုဗစ်က ဦးနှောက်ကို သက်ရောက်စေတယ်ဆိုတာ သိထားပေမယ့် အယ်လ်ဇိုင်းမားဖြစ်လာနိုင်တယ်လို့တော့ မသိခဲ့ကြပါဘူး" လို့ စာတမ်းပြုစုသူ'ပါမယ်လာဒေးဗီးစ်'က ပြောပြခဲ့ပါတယ်။
အယ်လ်ဇိုင်းမား ရောဂါလက္ခဏာရှာတွေ့တာက ရောဂါဖြစ်နေတယ်လို့ သေချာပေါက်အတည်ပြုနိုင်တာတော့ မဟုတ်ပါဘူး။
တစ်ခါတရံ မှတ်ဉာဏ်စမ်းသပ်ချက်တုံ့ပြန်ခြင်းနဲ့ အပြုအမူပြောင်းလဲခြင်းတို့ကြောင့် လက္ခဏာတွေ့ရတတ်ပါတယ်။
ကိုဗစ်နောက်ဆက်တွဲခံစားရသူတွေက အယ်လ်ဇိုင်းမားရောဂါဖြစ်ဖို့ အန္တရာယ်များ နေပါတယ်။
တစ်ယောက်ယောက်ကို အယ်လ်ဇိုင်းမားရောဂါရှိတယ်လို့ ပြောဖို့က ဦးနှောက်ထိုင်းမှိုင်းခြင်းနဲ့ ကိုဗစ်နောက်ဆက်တွဲကြောင့် စိတ်ရှုပ်ထွေးမှုဖြစ်ခြင်းတို့နဲ့ ကွဲပြားနေပါတယ်။
ဆရာဝန်က အယ်လ်ဇိုင်းမားရောဂါရှိတယ်လို့ နာမည်တပ်လိုက်ရင် မှတ်ဉာဏ်ချို့ယွင်းမှုရှိနေတာကို ရည်ညွှန်းပါတယ်။
အချို့လူနာတွေက ကိုဗစ်ကူးစက်ကတည်းက အယ်လ်ဇိုင်းမားဖြစ်လာနိုင်တဲ့ အလားအလာရှိနေပြီး ဦးနှောက်ကို သက်ရောက်နေပြီးသားဖြစ်ပါတယ်။
အယ်လ်ဇိုင်းမားဖြစ်နိုင်တဲ့ အခြေအနေက ကိုဗစ်လူနာတွေမှာ အချိန်ကြာလာတာနဲ့အမျှ မြင့်တက်လာပါတယ်။
ကိုဗစ်လူနာတွေရဲ့ ဆုတ်ယုတ်လာတဲ့ဦးနှောက်အချို့ကို ကိုလံဘီယာတက္ကသိုလ်ဗေဂဲလော့စ်ကောလိပ်မှ သိပ္ပံပညာရှင်များက လေ့လာခဲ့ကြရာ အယ်လ်ဇိုင်းမားရောဂါလို ညွှန်ပြနေတဲ့ ချို့ယွင်းနေတဲ့ လက်ခံဆဲလ်တွေ တွေ့ရှိရပါတယ်။
အရင်က မှတ်ဉာဏ်ချို့ယွင်းခြင်းလက္ခဏာမရှိခဲ့တဲ့ ကိုဗစ်လူနာတွေထံမှ သွေးရည်ကြည်ကို ရယူခဲ့ရာ သူတို့ရဲ့အာရုံကြောဆုတ်ယုတ်လာတဲ့အခြေအနေက အယ်လ်ဇိုင်းမားရောဂါသည်တွေနဲ့ တန်းတူအနေအထားရှိနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
Source: The Washington Post
#Yangon_Media_Group
Published 18 Sept 2022
"Hunt" ဆိုတဲ့ရုပ်ရှင်က ဇာတ်လိုက်နှစ်ယောက်အကြောင်းပါ သူတို့ရဲ့ ခံယူချက်တွေက သမာသမတ်ကျသလား မကျဘူးလား ဆိုတဲ့အကြောင်း ရိုက်ကူးထားတာပါ” လို့ တောင်ကိုးရီးယား ရဲ့နာမည်ကြီး စကွစ်ဂိမ်း Squid Game" ဒရာမာရဲ့ အဓိက ဇာတ်ဆောင်နှင့် ဒါရိုက်တာ လီဂျွန်ဂျေး က ပြောပါတယ်။ သူဟာ မကြာသေးခင်ကကျင်းပခဲ့တဲ့ အမ်မီဆုပေးပွဲမှာ စကွစ်ဂိမ်းနှင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုရရှိခဲ့ပါတယ်။
သူက တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကား "Hunt" အကြောင်း အေအက်ဖ်ပီနှင့် အင်တာဗျူးမှာပြောထားပါတယ်။
ဒီဇာတ်ကားကြည့်ပြီးရင် ငါ့ရဲ့ခံယူချက်ဟာ သမာသမတ်ရှိရဲ့လားဆိုပြီး ပရိဿတ်က ကိုယ့်ကိုကိုယ်ပြန်မေးနိုင်ကြလိမ့်မယ်လို့ “လီ” ကယုံကြည်နေပါတယ်။
Source AFP
#Squid_Game
#Lee_Jung-jae
#Hunt_ Lee_Jung-jae
Published 18 Sept 2022
တရုတ်အာကာသအေဂျင်စီက ယခုတစ်ပတ်ထဲမှာ ကမ္ဘာဂြိုဟ်ကြီးနှင့်တျန်ဂေါင်းအာကာသစခန်းရဲ့ နေရောင်ခြည်ပြားတွေရဲ့ အံ့မခန်းစရာ ရှုမျှော်ခင်းတွေပါတဲ့ ဗွီဒီယိုကိုထုတ်ပြန်လိုက်ပါတယ်။ အဲဒီဗွီဒီယိုကို ဝမ်ရှန်းလက်ဗ်မော်ကျူး lab moduleမှာ တပ်ဆင်ထားတဲ့ မြင်ကွင်းကျယ်ကင်မရာကနေ ဗွီဒီယိုရိုက်ကူးပေးထားတာဖြစ်ပါတယ်။
စက်တင်ဘာ ၁ရက်က သူတို့ရဲ့ extravehicular လှုပ်ရှားမှုတွေအတွင်း တရုတ်ရဲ့ ရှန်ကျိုး-၁၄ အာကာသယာဉ်မှူးတွေဟာ တိုးတက်လာတဲ့နည်းပညာတွေသုံးပြီး ဝမ်ရှန်းလက်ဗ်မော်ကျူး က မြင်ကွင်းကျယ်ကင်မရာကို မတင်ခဲ့ပါတယ်။အဲဒီကင်မရာဟာ အာကာသစခန်းရဲ့ extravehicula ကိရိယာတွေကို စောင့်ကြပ်ကြည့်ရှုဖို့ တပ်ဆင်ထားတာဖြစ်ပါတယ်။ ကင်မရာကိုမပြီးရိုက်လိုက်တဲ့အတွက် ကျယ်ပြန့်တဲ့ မြင်ကွင်းနှင့် ပိုပြီးများပြားတဲ့ အချက်အလက်တွေစုဆောင်းရရှိခဲ့ကြပါတယ်။
Source CCTV+
#China_Manned_Space_Agency
#Panoramic_View_of_Earth
#Space_Station
Published 18 Sept 2022
နိုင်ငံတကာ တန်ဂိုအကပွဲတော်နှင့် ချန်ပီယံရှစ်ပြိုင်ပွဲကို အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီးစ်မြို့တော်ရဲ့ မြို့လယ်တွင် ကျင်းပနေပါတယ်။ အဲဒီပွဲတော်နှင့်ပြိုင်ပွဲကြီးကို စုံတွဲတွေက မော်ကွန်းကျိုက်တိုင်ကြီး နောက်ခံထားပြီး လာရောက်ယှဉ်ပြိုင်ကြပါတယ်။
နိုင်ငံတကာတန်ဂိုအကပြိုင်ပွဲကျင်းပနေပုံတွေကို အေအက်ဖ်ပီကတင်ဆက်ထားတာဖြစ်ပါတယ်။
Source AFP
#Tango_Championship
#Buenos_Aires
Published 18 Sept 2022
အကျဉ်းသားတစ်ဦးဖြစ်တဲ့ ဟာဗေးဝိန်းစတိန်းက သူ့ရဲ့ ဆိုးရွားနေတဲ့ အံသွားကို သွားဆရာဝန်ထံ အရေးပေါ်ပြသဖို့လိုအပ်လို့ ပြင်ပပုဂ္ဂလိက သွားဆရာဝန်တစ်ဦးနှင့်ပြခွင့်ပြုဖို့ တရားရုံးကိုတောင်းဆိုလိုက်ပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ ထောင် သွားဆရာဝန်က သွားတွေကို နှုတ်ပဲနှုတ်ပေးပြီး သူ့ပါးစပ်ထဲ ဟောင်းလောင်းပေါက်ကြီး ထားခဲ့လို့ဖြစ်တယ်လို့ အကြောင်း ပြလိုက်ပါတယ်။
“ အခြေအနေက အရေးပေါ်ပါခင်ဗျာ” လို့ ယခင်ရုပ်ရှင်ထုတ်လုပ်သူလုပ်ခဲ့တဲ့သူက လော့အင်ဂျလိ တရားရုံးတစ်ခုထဲ ဘီးတပ် ကုလားထိုင်နှင့် ရောက်လာပြီးနောက် တရားသူကြီးကို တောင်းပန်လိုက်တာဖြစ်ပါတယ်၊
“ ကျွန်တော် သွားဆရာဝန်ဖိုးပေးမှာပါ။ တစ်ကြိမ်တည်းဖြစ်မှာပါ။တစ်ကြိမ်တည်းပါခင်ဗျာ” လို့လည်း သူကပြောပါသတဲ့။
သူဟာ ၂၀၀၄နှင့် ၂၀၁၃အကြား အမျိုးသမီးငါးဦးကို လိင်ပိုင်းဆိုင်ရော စော်ကားမှုတွေပြုလုပ်ခဲ့လို့ အကျဉ်းချခံထားရတာပါ။
ထောင်သွားဆရာဝန်တွေက ဝိန်းစတိန်းကို ရွေးချယ်စရာနည်းလမ်း(၂)ခုပေးပါတယ်။ သွားအစားမထိုးဘဲ သွားအနှုတ်ခံမလား ဒါမှမဟုတ် ဆက်ပြီး သွားတွေပိုးစားစေမှာလား ဆိုပြီးမေးတယ်လို့ သူ့ရဲ့ရှေ့နေမတ်ခ်ဝက်ခ်မင်းက ပြောပါတယ်။
နယူးယောက်မှာ လိင်ပိုင်းဆိုင်ရာအမှုတွေနှင့် ထောင်(၂၇)နှစ်ကျခံနေရတဲ့ အသက် ၇၀ အရွယ် ဝိန်းစတိန်းက တရားရုံးထုတ်တဲ့အခါ သူ့ကို ကြည့်ပျော်ရှုပျော်ဖြစ်အောင် သွားမှာ ဘရစ်ချ် တပ်ပေးတာ ဒါမှမဟုတ် သွားတုတပ်တာ ခွင့်ပြုပေးဖို့ကောင်းတယ်လို့ စောဒကတက်ပါတယ်။
“ ကျွန်တော်နေ့တိုင်း သွားကိုက်နေတယ်။ အခေါင်းပေါက်တွေဖြစ်နေတယ်။ သွားတွေမရှိတော့လို့ အစားမစားနိုင်ဘူး” လို့ သူက ဆက်ပြောပါတယ်။
ရှေ့နေဝက်ခ်မင်းက သူ့အမှုသည်ကို သွားဆရာဝန် ပေးမပြတာဟာ အခြေခံဥပဒေပါ လူ့အခွင့်အရေးတွေကို ချိုးဖောက် ရာရောက်တယ်၊ သူ့ရှေ့သွားတွေမှာ ဟောင်းလောင်းပေါက်ကြီးထားခဲ့တာဟာ ရယ်စရာဖြစ်နေယ်။ ရုပ်ပြောင်နှင့်တူနေတယ် လို့ တောင်းဆိုပါတယ်။
တရားသူကြီးလင့်ချ်က ပြင်ပသွားဆရာဝန်ဆီ အသွားအပြန်စရိတ်ကု သူကပဲပေးဦးတော့၊ ရဲဌာနက လူတွေလိုအပ်နေမှာ ဖြစ်တယ်။ ဒီလိုတောင်းဆိုမှုဟာ စံနှုန်းတွေနှင့်မညီဘူး။ ဝင်စတိန်းက ကြည့်ရတာ ရယ်စရာလည်းမကောင်းလှပါဘူးလို့ ပြန်ပြောပါသတဲ့။ ဒါပေမယ့် ပြန်လည်သုံးသပ်လို့ရအောင် တောင်းခံစာကိုရေးပြီး သူ့ဆီပို့ပေးဖို့တော့ပြောပါတယ်။
တရားရုံးထုတ်တဲ့ရည်ရွယ်ချက်က အီတလီမှာရှိနေတဲ့ သက်သေနှစ်ဦးကို ဗွီဒီယိုနှင့် ကြားနာဖို့ဖြစ်ပါတယ်။
သူဟာ ၂၀၀၆ခုနှစ်တုန်းက “Project Runway” ဇာတ်ကားရဲ့ ထုတ်လုပ်ရေးလက်ထောက် မီရီယမ်ဟာလီရီကို အတင်းအကျပ်ပါးစပ်နှင့်ဆက်ဆံခိုင်းခဲ့ပါတယ်။ ၂၀၁၃ခုနှစ်မှာ ဆံပင်စတိုင်ဖန်တီးသူ ဂျက်ဆီကာမန်းကိုလည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုခဲ့တာဖြစ်ပါတယ်။ ၁၉၉၀ပြည့်လွန်နှစ်အလယ်လောက်မှာ မင်းသမီး အန်နာဘဲလ်စီယိုရာကို မတရားပြုကျင့်ခဲ့တယ်လို့လည်း တိုင်တန်းခံခဲ့ရပါတယ်။
Source NY Post
#Harvey_Weinstein
#sex_charges
#sexual_assault
Published 18 Sept 2022
နယူးယောက်မှာရှိတဲ့ မိသားစုတစ်စုရဲ့ လုံခြုံရေးကင်မရာက အိမ်ကနေ ပျောက်သွားတဲ့ သူတို့ရဲ့ကြောင်ကလေး အိမ်ပြန် ရောက်လာပြီး အိမ်ထဲဝင်ချင်လို့ တံခါးဘဲလ်ကို နှိပ်တဲ့ ဗွီဒီယိုကို ရိုက်ကူးမှတ်တမ်းတင်လိုက်နိုင်ခဲ့ကြပါတယ်။
စတက်ဖန်နီဝှိုက်လေက သူမမိသားစုရဲ့ (၈)နှစ်အရွယ် ကြောင်မလေး လီလီဟာ Long Island ၊ မစ်စတစ် ကမ်းခြေက သူတို့အိမ်သစ်ကလေးကိုပြောင်းပြီးနှစ်ပတ်ခန့်အကြာ တစ်ညမှာ အိမ်ပြန်မလာဘဲ ပျောက်သွားတာလို့ ပြောပါတယ်။
“ပုံမှန်အားဖြင့် သူအိမ်ပြန်လာတတ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ အရင်နှင့်မတူဘူး။ လီလီတော့ အိမ်ပြန်မလာတော့ဘူး လို့ ကျွန်မကထင်လိုက်မိတယ်” လို့ ဝှိုက်လေက WPIX_TVကို ပြောပါတယ်။
ဝှိုက်လေရဲ့စိုးရိမ်သောကဟာ လေးရက်တိုင်ကြာခဲ့ပါတယ်။ လေးရက်မြောက်နေ့မှာတော့ သူမရဲ့ တံခါးဘဲလ်ကင်မရာက လီလီ အိမ်ရှေ့ဆင်ဝင်ကို လျှောက်လာပြီး တံခါးဘဲလ်ကို ခုန်ပြီးနှိပ်လိုက်တာကို ဗွီဒီယိုရိုက်ကူးနိုင်ခဲ့ပါတယ်။(ဗွီဒီယိုကိုကြည့်)
“ ကျွန်မတို့ အသက်ရှုတောင်မှားမလိုဖြစ်သွားတယ်။ ပြီးတော့ရယ်မိကြတယ်။ စိတ်အတော်လှုပ်ရှားရတာပဲ။ ကျွန်မတို့ငိုလိုက် ကြတယ်။ တကယ့်အမှတ်တရအချိန်ပဲ” လို့ သူမကပြောပါတယ်။
တံခါးဘဲလ် သူမ တီးတာကို လီလီက မှတ်ထားပုံရတယ်လို့ ဝှိုက်လေကပြောပါတယ်။
“လီလီက စမတ်ဖြစ်တဲ့ကြောင်မလေးပါ” လို့ သူမကမှတ်ချက်ပေးပါတယ်။
ရုပ်သံကြည့်ရန်
https://t.me/yangonmediagroup/12074
Source: UPI
#Smart_Cat
#A_cat_rang_a_doorbell
#Strange_News
Page 753 of 982