#World_News
Published 14 August 2022
အိန္ဒိယရဲ့ ဝါရန်ဘူဖေးလို့ သိထားကြပြီး ဒေါ်လာ ၆ ဘီလျံခန့် ကြွယ်ဝချမ်းသာတဲ့ စတော့ရင်းနှီးမြှပ်နှံတဲ့ သူဋ္ဌေးကြီး ရာကက်စ် ဂျွန်ဂျွန်ဝါလားဟာ ယနေ့ဩဂုတ် ၁၄ ရက် တနင်္ဂနွေနေ့မှာ ကွယ်လွန်သွားပြီလို့ မိသားစုကပြောပါတယ်။ သူဋ္ဌေးကြီးရာကက် ဟာကွယ်လွန်ချိန်မှာ အသက် ၆၃ နှစ် ရှိပြီဖြစ်ပါတယ်။
သူဟာ အိန္ဒိယရဲ့ ကန္တာရပြည်နယ် ရာဂျတ်စသန်မှဖြစ်ပြီး လက်မှတ်ရ စာရင်းကိုင်ပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ကောလိပ်တက်ကတည်းက စတော့ရှယ်ယာတွေ စတင်ကစားခဲ့ပြီး ကျောင်းပြီးတဲ့နောက် စတော့ရောင်းဝယ်ဖောက်ကားရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ RARE Enterprises ကို စီမံခန့်ခွဲခဲ့ပါတယ်။
“ ရာကက်စ်-ဂျီးဟာ သူ့မိသားစု၊သူ့အနီးကပ်လူယုံတွေအနားမှာပဲ ကွယ်လွန်ခဲ့ပါတယ်Ó လို့ မိသားစုဝင်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဂျီး-ဆိုတာ လေးစားတဲ့လူတွေကို ခေါ်ဆိုတဲ့အခါ အထူးပြုသုံးနှုံးတာပါ။
သူဘာကြောင့်သေဆုံးတယ်ဆိုတာကိုတော့ မသိကြရသေးပါဘူး။သူဟာ အိန္ဒိယရဲ့ နောက်ဆုံးပေါ် ဘတ်ဂျက်လေကြောင်းလိုင်းအသစ် အက်ကာဆာလေကြောင်းကို ပုံရိပ်မြှင့်တင်ပေးနေသူဖြစ်ပြီး သိပ်မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ အများပြည်သူတွေကို ကြေညာတဲ့အခမ်းအနားမှာ သူတက်ရောက်ခဲ့ပါသေးတယ်။သူကွယ်လွန်ချိန်မှာ ဇနီးနှင့် သားသမီး(၃)ဦးကျန်ရစ်ခဲ့ပါတယ်။
ဂျွန်ဂျွန်ဝါလားရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ ဆက်သွယ်ပြောဆိုမှု အရည်အချင်းတွေကြောင့် ရင်းနှီးမြှပ်နှံတဲ့ လုပ်ငန်းအသေးကလးတွေကတောင် စတော့ဈေးကွက်အကြောင်း နားလည်သွားကြရပါတယ်လို့ သူနှင့် နှစ်ပေါင်း(၃၀)ကျော် ထိတွေ့ရင်းနှီးခဲ့ကြတဲ့ မွမ်ဘိုင်းအခြေစိုက် စီးပွားရေးနှင့် ဘဏ်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။
ဂျွန်ဂျွန်ဝါလာ စတော့ဝင်ကစားတဲ့ ကုမ္ပဏီတွေထဲမှာ အိန္ဒိယရဲ့အကြီးဆုံးကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်တဲ့ တာတာအုပ်စုလည်း ပါဝင်ပါတယ်။ သူကွယ်လွန်သွားတဲ့အတွက် နိုင်ငံရေးနင့် စီးပွာရေးခေါင်းဆောင်တွေက ဆိုရှယ်မီဒီယာပေါ်မှာ ဝမ်းနည်းကြေကွဲကြောင်း ရေးသားခဲ့ကြပါတယ်။
Source Reuters
#Rakesh_Jhunjhunwala
#India’s_Warren_Buffett
#India_sttock_trader
#Yangon_Media_Group
Published 14 August 2022
ယခုတော့ ဂျို့စ်ဆွာ ဒေါ့ဆွန်တစ်ယောက် သံတိုင်တွေနောက် အသွင်းခံထားနေရတာကို ဂရိတ်တားမန်ချက်စတာရဲတပ်ဖွဲ့က သတိပြုမိလိုက်ပြီး သူ့အနေနှင့် ကိုးလ ထောင်ဒဏ်ကို ခံနိုင်ရည်ရှိတော့မှာပါလို့ ယုံကြည်ထားကြပါတယ်။
အင်္ဂလန်နိုင်ငံ မန်ချက်စတာက ကားသူခိုးတစ်ဦးဖြစ်သူဟာ အဖမ်းခံရမှာကို ခံနိုင်ရည်ရှိပုံံမရလို့ ငါးပေအမြင့်ရှိတဲ့ တက်ဒီဝက်ဝံ အရုပ်ကြီးထဲ ဝင်ပုန်းဖို့ကြိုးစားခဲ့တာပါ။
ဂျို့စ်ဆွာ ဒေါ့ဆွန်ဟာ ရုပ်ဖျက်နိုင်တဲ့ဆရာကြီးတစ်ဦးဖြစ်ဖို့ သူကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ သူဟာ အခုဆိုရင် သံတိုင်တွေနောက်မှာ အချိန်တွေကုန်ဆုံးရမှာကို အောင့်အီးသည်းခံရတော့မှာဖြစ်ပါတယ်။
အသက်၁၈နှစ်အရွယ်သူ့ဟာ ကားတစ်စီးကို ခိုးယူပြီး ဓာတ်ဆီထည့်ထားတွေအတွက်လည်း ပိုက်ဆံမပေးခဲ့တဲ့အတွက် မေလကတည်းက သူ့ကို ဂရိတ်တာမန်ချက်စတာရဲက အလိုရှိနေခဲ့ပါတယ်။
ဒေါ့ဆွန်ဟာ ဇူလိုင်မတိုင်ခင်အထိ အရှောင်အတိမ်းကောင်းလို့ လွတ်မြောက်နေခဲ့ပါတယ်။ ဇူလိုင်မှာတော့ ရိုချ်ဒါလေးမှာ ရှိတဲ့ အိမ်တစ်အိမ်ကို ရှာဖွေတဲ့အခါ ဝက်ဝံရုပ်ကြီး အသက်ရှုနေတာကို ရဲတွေက သတိပြုမိလိုက်တယ်လို့ ရဲဌာနပြောရေးဆိုခွင့်ရသူက ပြောပါတယ်။
သူဟာ အဲဒီအရုပ်ထဲ ဝင်ပုန်းနေခဲ့တာဖြစ်ပြီး ရဲတွေက သူ့ကို ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနောက် ရာဇဝတ်မှုနှင့် တရားစွဲဆိုခဲ့ပါတယ်။ သူ့ကို ပြီးခဲ့တဲ့အပတ်မှာ ထောင်ဒဏ်(၉)လချမှတ်လိုက်တယ်လို့ မက်ထရိုသတင်းဌာနက ရေးသားပါတယ်။
ဂရိတ်တားမန်ချက်စတာရဲဌာနက သူထောင်ကျသွားတဲ့အကြောင်း ဖေ့စ်ဘုတ်ခ်မှာ ကြေညာခဲ့ပါတယ်။
“ သူဟာ ကားတစ်စီးကိုခိုးယူတယ်။ ပြီးတော့ တရားမဝင်မောင်းနှင်တယ်။ဓာတ်ဆီဆိုင်မှာ ပိုက်ဆံမပေးဘဲ ဆီဖြည့်တယ် ။အခုတော့ ပြီးခဲ့တဲ့အပတ်မှာ သံတိုင်တွေကြားထဲ ရောက်သွားပါပြီ။ သူဟာ အထဲမှာ သည်းခံနေနိုင်မယ်လို့ ယုံရတာပဲ” လို့ ရဲက ပြောပါတယ်။
Soure: Huffpost
#Car_Thief
#Giant_Teddy_Bear
#World_Health
Published 14 August 2022
Johnson & Johnson ကုမ္ပဏီမှ ထုတ်လုပ်တဲ့ ကလေးပေါင်ဒါများကို ၂၀၂၃ ခုနှစ်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရောင်းချမှုရပ်ဆိုင်းတော့မှာဖြစ်ကြောင်း ကြာသပတေးနေ့က အသိပေးလိုက်ပါတယ်။
အမေရိကန်မှာတော့ သုံးစွဲသူထောင်ပေါင်းများစွာက အဆိုပါကလေးပေါင်ဒါသုံးစွဲခြင်းရဲ့ ဘေးကင်းစိတ်ချရမှုပြဿနာနဲ့ပတ်သက်ပြီး တရားစွဲဆိုခြင်းများရှိခဲ့ကာ ရောင်းချခြင်းကို ပိတ်ပင်ထားတာ ၂ နှစ်ကျော်ရှိခဲ့ပါပြီ။
တာလ်ကမ်အမှုန့်ကို အခြေခံပြီးထုတ်လုပ်ထားတဲ့ ကမ္ဘာကျော်ကလေးပေါင်ဒါဟာ နိုင်ငံအနှံအပြားမှာ ရောင်းချခဲ့တာကြာပါပြီ။
ပေါင်ဒါမှုန့်ရဲ့ ဘေးကင်းစိတ်ချရမှုပြဿနာနဲ့ ပတ်သက်တဲ့ သတင်းတွေကြောင့် တရားစွဲဆိုခြင်းများခံခဲ့ရကာ ဝယ်လိုအားကျဆင်းသွားခဲ့ပြီး အမေရိကန်နဲ့ ကနေဒါတို့မှာ ၂၀၂၀ ကစပြီး တာလ်ကမ်ကလေးပေါင်ဒါများကို ရောင်းချမှုရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း J&J က ကြေညာခဲ့ပါတယ်။
ထိုပေါင်ဒါမှုန့်တွေမှာ ကင်ဆာဖြစ်ပေါ်စေနိုင်တဲ့ အက်စ်ဘတ်စ်တိုစ်သတ္တုဓာတ်တွေ ပါဝင်တယ်ဆိုပြီး သုံးစွဲသူတွေထံမှ တရားစွဲဆိုချက်ပေါင်း ၃၈,၀၀၀ လောက် ရှိခဲ့ပါတယ်။
J&J က ထိုကဲ့သို့စွပ်စွဲချက်တွေကို ငြင်းဆန်လိုက်ကာ ဆယ်စုနှစ်များတိုင်အောင် သိပ္ပံနည်းကျစမ်းသပ်မှုများနဲ့ တရားဝင်ခွင့်ပြုချက်များအရ တာလ်ကမ်က ဘေးကင်းစိတ်ချရပြီး အက်စ်ဘတ်စ်တိုစ် မပါဝင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ကြာသပတေးနေ့ကလည်း ထိုကဲ့သို့ထပ်မံထုတ်ပြန်ခဲ့ကာ ပေါင်ဒါမှုန့်တွေကို ဆက်လက်မရောင်းချတော့ဘူးလို့ ကြေညာခဲ့ပါတယ်။
J&J က ယင်းတို့ရဲ့လုပ်ငန်းခွဲ LTL Management ကို ဖြုတ်ချကာ တာလ်ကမ်စွပ်စွဲချက်များနဲ့ပတ်သက်တဲ့ ကိစ္စရပ်များကို တာဝန်ပေးအပ်ခဲ့ပြီး ချက်ချင်းဒေဝါလီခံခဲ့ပါတယ်။
J&J အနေနဲ့ တရားစွဲဆိုချက်များကို ပြန်လည်ခုခံချေပသင့်ပြီး ဒါဟာ လျော်ကြေးအနေနဲ့ သင့်တော်တဲ့နည်းလမ်းဖြစ်ပါတယ်။
ဒေဝါလီမခံခင်က ကုမ္ပဏီဟာ စီရင်ချက်များနဲ့ တရားဖြေရှင်းချက်များနဲ့ပတ်သက်ပြီး ဒေါ်လာ ၃.၅ ဘီလီယံကုန်ကျကာ အမျိုးသမီး ၂၂ ဦးကို ဒေါ်လာ ၂ ဘီလီယံ ပေးအပ်ခဲ့တာလည်းပါဝင်ပါတယ်။
ဧပြီလက ရှယ်ယာရှင်တစ်ဦးက တစ်ကမ္ဘာလုံးမှာ ကလေးပေါင်ဒါရောင်းချခြင်းကို ရပ်ဆိုင်ဖို့တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
၂၀၁၈ ခုနှစ်က ရိုက်တာစုံစမ်းစစ်ဆေးချက်များအရ J&J ဟာ သူတို့ရဲ့ပေါင်ဒါထဲမှာ အက်စ်ဘတ်စ်တိုစ် ပါဝင်နေတာကို သိခဲ့ကြောင်း ဆိုပါတယ်။
ကုမ္ပဏီအတွင်းရေးမှတ်တမ်းများ၊ တရားရုံးထွက်ဆိုချက်များ၊ အခြားအထောက်အထားများအရ အနည်းဆုံး ၁၉၇၁ ခုနှစ်ကစတင်ကာ ၂၀၀၀ ခုနှစ်တွေအထိ J&J ရဲ့ တာလ်ကမ်ကုန်ကြမ်းနဲ့ ထုတ်လုပ်ပြီးတဲ့ပေါင်ဒါတို့မှာ တစ်ခါတရံ အက်စ်ဘတ်စ်တိုစ်အနည်းငယ်တွေ့ရှိခဲ့တယ်လို့ သိရှိရပါတယ်။
ထိုအကြောင်းအရာတွေကို မီဒီယာတွေမှာ ဖော်ပြခဲ့ပြီးနောက် J&J က သူတို့ရဲ့ပေါင်ဒါမှုန့်ဟာ ဘေးကင်းပြီး ကင်ဆာမဖြစ်စေဘူးလို့ အကြိမ်ကြိမ်ထွက်ဆိုခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Climate
Published 14 August 2022
အန္တာတိကရေခဲပြင်များမှ ရေခဲပျော်ဆင်းလာခြင်းက သဘာဝအတိုင်းရေခဲဖွဲစည်းဖြစ်ပေါ်ခြင်းထက် ပိုမိုလျင်မြန်စွာ အရည်ပျော်ကျလာပြီး ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း ကမ္ဘာ့အကြီးဆုံးရေခဲပြင်ကြီးမှ ရေခဲဆုံးရှုံးမှုခန့်မှန်းခြေထက် ၂ ဆမျှ ပိုများနေကြောင်း ဂြိုဟ်တုမှဖမ်းယူရရှိတဲ့ပုံတွေကို ဗုဒ္ဓဟူးနေ့က မြင်တွေ့ခဲ့ကြပါတယ်။
လော့စ်အိန်ဂျလိစ်ရှိ နာဆာဓာတ်ခွဲခန်းတစ်ခုမှ သုတေသီများလေ့လာခဲ့ကြပြီး Nature ဂျာနယ်မှာဖော်ပြခဲ့ကြရာ ရာသီဥတုဖောက်ပြန်ခြင်းက အန္တာတိကရှိ ပေါလောပေါ်နေတဲ့ ရေခဲပြင်တွေကို အရည်ပျော်လာစေပြီး ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် လျင်မြန်စွာမြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။
လေ့လာချက်ရဲ့ အဓိကအပိုင်းက အန္တာတိကရေခဲများ သမုဒ္ဒရာထဲသို့ အရည်ပျော်ကျလာတဲ့ပမာဏက ပူနွေးလာတဲ့ပင်လယ်ရေကြောင့် ရေမျက်နှာပြင်အောက်မှ ရေခဲအပိုင်းများပါးလွှာလာခြင်းကြောင့် ဆုံးရှုံးရတဲ့ပမာဏလောက်နီးပါးအထိ ရှိနေတာပဲဖြစ်ပါတယ်။
ရေခဲထုပါးလွှာလာခြင်းနဲ့ အရည်ပျော်လာခြင်းနှစ်ချက်စလုံးကို ထည့်တွက်ကြည့်လိုက်ရင် ၁၉၉၇ နောက်ပိုင်း အန္တာတိကရေခဲပြင်ဟာ တန်ချိန် ၁၂ ထရီလီယံခန့်ဆုံးရှုံးထားရပြီး ဒါဟာ ခန့်မှန်းခြေထက် ၂ ဆမျှဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း အန္တာတိကရေခဲပြင်အရည်ပျော်ခြင်းတစ်မျိုးတည်းမှ အကျယ်အဝန်း ၃၇,၀၀၀ စတုရန်းကီလိုမီတာနီးပါးဆုံးရှုံးခဲ့ပြီး ဒါဟာ ဆွစ်ဇာလန်နိုင်ငံရဲ့အကျယ်အဝန်းနီးပါးမျှရှိကြောင်း နာဆာဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင်'ချက်ဂရင်း'က ပြောပြခဲ့ပါတယ်။
နောက်ဆက်တွဲ အကျိုးဆက်တွေက အလွန်ကြီးမားပြီး ကမ္ဘာ့ရေခဲထုအရည်ပျော်ခြင်းကြောင့် မြင့်တက်လာနိုင်တဲ့ပင်လယ်ရေမျက်နှာပြင်မှာ အန္တာတိကတိုက်နဲ့ ၈၈ ရာခိုင်နှုန်းသက်ဆိုင်နေပါတယ်။
ကုန်းမြေနဲ့ချိတ်ဆက်တည်ရှိနေတဲ့ ရေခဲပြင်တွေဟာ ရေခဲတောင်တန်းတွေကို ထောက်ပံ့ဖို့ နှစ်ပေါင်းထောင်နဲ့ချီပြီး အချိန်ယူရကာ ထိုကဲ့သို့မချိတ်ဆက်ဘူးဆိုရင် သမုဒ္ဒရာထဲကိုမျောပြီး ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှာ ဖြစ်ပါတယ်။
ရေခဲပြင်တွေတည်ငြိမ်နေတဲ့အခါ ရေခဲအရည်ပျော်ခြင်းနဲ့ ရေခဲပြန်လည်ဖွဲ့စည်းခြင်းတို့က သဘာဝအတိုင်းအလှည့်ကျဖြစ်ပေါ်နေမှာပါ။
ဂြိုဟ်တုဖြင့် တိုင်းတာချက်များအရ လတ်တလောဆယ်စုနှစ်များအတွင်း သမုဒ္ဒရာများပူနွေးလာကာ တစ်နှစ်ကို ရေခဲဆုံးရှုံးမှုတန်ချိန် ၁၄၉ သန်းရှိခဲ့ကြောင်း မှတ်တမ်းတင်ထားပါတယ်။
ရေခဲအရည်ပျော်ခြင်းက ရေခဲပြန်လည်ဖြစ်ပေါ်ခြင်းထက် မြန်လွန်းနေတဲ့အတွက် အန္တာတိကတိုက်အနေနဲ့ ၂၀၀၀ ခုနှစ်မတိုင်မီ ရေခဲပြင်အခြေအနေကို ပြန်လည်ရောက်ရှိနိုင်ဖွယ်မရှိပါဘူး။
ပူနွေးတဲ့ သမုဒ္ဒရာနဲ့နီးစပ်နေတဲ့ အန္တာတိကအနောက်ဘက်အပိုင်းမှာ ရေခဲအရည်ပျော်ခြင်းနဲ့ ပါးလွှာခြင်း ပိုမိုဖြစ်ပေါ်တယ်လို့သိထားပေမယ့် အန္တာတိကအရှေ့ဘက်အပိုင်းမှာပါ ရေခဲဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေကြောင်း 'ဂရင်း'ကဆိုပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို မလျှော့ချနိုင်ဘူးဆိုရင် လာမယ့်ရာစုနှစ်အနည်းငယ်အတွင်း ပင်လယ်ရေမျက်နှာပြင်များစွာ မြင့်တက်လာဖွယ်ရှိနေပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Tradition
Published 13 August 2022
ဆူဒန်နိုင်ငံ ဟာဒါရီယာတိုင်းရင်းသားလူမျိုးစုတွေမှာ မျက်နှာကို ဓားဖြင့်မွှန်းပြီး အမာရွတ်ပြုလုပ်လေ့ရှိတဲ့ ရှေးဟောင်းအလေ့အထတစ်ခုရှိခဲ့ပါတယ်။
#Yangon_Media_Group
Published 13 August 2022
ကပ်ရောဂါဘေးကြောင့် လွန်ခဲ့တဲ့ (၂)နှစ်ကတည်းက မကျင်းပဖြစ်ခဲ့တဲ့ ပန်းကော်ဇောပွဲတော်ကို ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲ လ်မြို့ မှာ ပြန်လည် ကျင်းပနေပါတယ်။ ဘရပ်ဆဲလ်ရဲ့ ပန်းကော်ဇောပွဲတော်ဟာ ထင်ရှားကျော်ကြားတဲ့ (၂)နှစ်တစ်ကြိမ်ကျင်းပတဲ့ ပွဲတော် တစ်ခုဖြစ်ပါတယ်။ဘယ်လ်ဂျီယမ်နိုင်ငံတစ်လွှားက လုပ်အားပေးတွေဟာ ပွဲတော်ကျင်းပရာ ဘရပ်ဆဲလ်မြို့ရဲ့ သမိုင်းဝင် ဂရင်းပဲလေ့စ် Grand Palace ကို စုရုံးရောက်ရှိလာပြီး ပွဲတော်ကိုဆင်နွှဲလေ့ရှိကြပါတယ်။
ဒီနှစ် ပွဲတော်ကို နှစ်(၅၀)မြောက်ပွဲတော်အဖြစ် ဆင်ယင် ကျင်းပနေကြပါတယ်။ ဘရပ်ဆဲလ် ပန်းကော်ဇောပွဲတော်ကို ၁၉၇၁နှစ်မှာ စတင်ခဲ့ကြပါတယ်။ပထမဆုံးပန်းကော်ဇော်ကို ဖန်တီးခဲ့သူက မြေယာအလှပြုပြင်ဗိသုတာတစ်ဦးဖြစ်တဲ့ အီး-စတော့မင်းဆိုသူဖြစ်ပါတယ်။ Mexican မက္ကဆီကန် ပန်းချီဆရာမ ရိုဆာ အော်ဂူလာ အော်ဂါဒိုက ပထမဆုံးလက်ရာကို ပြန်လည်ခံစား ဖန်တီးခဲ့ပါတယ်။
“ ဒီကိုလာရတာ ကြီးကျယ်တဲ့ အခွင့်အလမ်းတစ်ခုပါ။ ဒီဇိုင်းလက်ရာဖန်တီးရတာဟာ အားကစားသမားတစ်ဦးအတွက် အိုလံပစ်ပွဲတော်ကို သွားရတာနှင့် တူလိုက်တာလို့ သူမက တင်စားပြောခဲ့ပါတယ်။ ဒီပန်းကော်ဇောဟာ တကယ့်ကို မူရင်း တစ်ခုဖြစ်ပြီး အလှပဆုံးကော်ဇောတစ်ချပ်ပါ။ ဒီပွဲတော်ကို နေရာအနှံ့က လူတွေလာကြတယ်။ ဒီပွဲတော်မှာပါဝင်ရတာ ပီတိ ဖြစ်ရတယ်” လို့ ဒီနှစ်ပန်းကော်ဇောကို ဒီဇိုင်းဖန်တီးတဲ့ အန်နာရိုစာအော်ဂူလာက ပြောပါတယ်။
ဂျပန်က လာတဲ့ လုပ်အားပေးစေတနာရှင်တစ်ဦးဖြစ်တဲ့ ယာဆူးဖူဂျီကာဝါကလည်း “ လန်းဆတ်တဲ့ပန်းတွေ။ တစ်ကမ္ဘာလုံးက ငြိမ်းချမ်းရေးလုပ်တယ်။ စစ်ပွဲမရှိဘူး။ ကျွန်တော်တို့ လူတစ်ရာလောက် ဒီကိုလာကြတယ်။ တစ်ယောက် အကြောင်း တစ်ယောက်သိပ်မသိလည်း အတူတကွ လက်တွဲလုပ်ကြတယ်။ ပန်းတွေမှာ နယ်စည်းမရှိဘူး။ဒါဟာ အရေးကြိးတယ်။ ပန်းတွေဟာ လူတွေကို ပြုံးစေတယ်” လို့ပြောပါတယ်။
အမေရိကန်က ခရီးသွားတစ်ဦးဖြစ်တဲ့ ဟဲလ် ဂျင်ဆင်ကလည်း “ ဒါဟာ သူမတူပဲ။ အဲဒါကြောင့်လည်း ဒါကိုကြည့်ရှရုသက်သက်အတွက် အမေရိကန်ကနေ ဘရပ်ဆဲလ်အထိ ကျွန်တော်တို့လာချင်တာပေါ့ လို့ပြောပါတယ်။
အရင်တုန်းကတော့ ပန်းတွေကိုဖြတ်ပြီး ကော်ဇောဖန်တီးခဲ့ကြပေမယ့် ဒီနှစ်မှာတော့ အပူဒဏ်ကိုပိုခံနိုင်အေင် ပန်းအိုးတွေ ကိုပါကြားညှပ်ထည့်ပြီး အလှဆင်ခဲ့ကြပါတယ်။
ဒီနှစ်မှာ စတုရန်းပေပေါင်း တစ်သောင်းရှစ်ထောင့်ရှစ်ဆယ် ရှိတဲ့ ပန်းကော်ဇောကြီး ကို ပန်းပွင့်ပေါင်း လေးသိန်းနှင့် အလှဆင်ဖန်တီးခဲ့ကြတယ်လို့ ပွဲတော်စီစဉ်သူတွေက ပြောပါတယ်။
Source: AFP
#Brussels_Flower_Carpet
#Grand_palace_Brussels
#Flower_Carpet_Event
#DailyNews
Published - 13 August 2022
၁။ လက်ရှိအကျပ်အတည်းကြောင့် အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်း အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရ
၂။ ရန်ကုန်တိုင်းတွင် ငါးစားသုံးမှုအဆင်ပြေစေရန် ငါးအကောင်ရေသိန်း(၂၀၀)ကျော်လွှတ်ရန်ရှိဟုဆို
၃။ စက်သုံးဆီဈေး ၂၃၀၀ ကျော်လာခြင်းကြောင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများ အခက်အခဲအချို့နှင့် ကြုံတွေ့နေ
၄။ မျက်နှာတွင် အမာရွတ်ပြုလုပ်သည့် ဆူဒန်တိုင်းရင်းသားလူမျိုးစုတို့၏ဓလေ့ တဖြည်းဖြည်းပျောက်ကွယ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 750 of 944