#WorldNature
Published 9 June 2022
အာဂျင်တီးနားနဲ့ ဘရာဇီးလ်နိုင်ငံကြားနယ်စပ် အီဂွာဇူရေတံခွန်ရှိ ကမ္ဘာ့အကြီးဆုံးရေတံခွန်တွေထဲကတစ်ခုဖြစ်တဲ့ ဂါဂန်တာဒယ်လ်ဒီယာဘလိုရှုမျှော်ခင်းကြီးကို ခရီးသွားဧည့်သည်များအတွက် ဗုဒ္ဓဟူးနေ့ကပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အာဏာပိုင်များကထုတ်ပြန်လိုက်ပါတယ်။
#Yangon_Media_Group
#DailyNews
Published - 9 June 2022
၁။ နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် ထိုင်းတွင်ပြစ်ဒဏ်ကျ မြန်မာလုပ်သားများ ပြစ်ဒဏ်ကာလတိုးသကဲ့သို့ဖြစ်နေ
၂။ လှည်းကူးမြို့နယ်သမိုင်းပြတိုက်အခမဲ့ပြသထား၊ အနုပညာပြတိုက်တိုးချဲ့ဖွင့်နိုင်ရန်စီစဉ်နေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဘရာဇီးလ်နှင့် အာဂျင်တီးနားနယ်စပ်ကြားရှိ သေမင်းခံတွင်းဝရေတံခွန် မိုးရေကြီးပြီးနောက်ပြန်လည်ဖွင့်လှစ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 9 June 2022
တောင်ကိုးရီးယားနိုင်ငံ ဒေဂူးမြို့ရှိ ရုံးအဆောက်အအုံတစ်ခုတွင် ဇွန် ၉ရက် ကြာသပတေးနေ့က ရှို့မီးဟုသံသယဖြစ်စရာ မီးလောင်မှုကြောင့် အနည်းဆုံးလူ(၇)ဦးသေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရရှိသွားခဲ့ကြတယ်လို့ ဒေသမီးသတ်နှင့်ရဲအရာရှိတွေကပြောပါတယ်။
မီးသတ်သမားဒါဇင်များစွာနှင့် မီးသတ်ယာဉ်တွေဟာ အခင်းဖြစ်ပွားရာသို့ အမြန်ဆုံးရောက်ရှိလာကြပြီး ဒေသံစံတော်ချိန် မနက်၁၀နာရီ ၅၅မိနစ်ခန့်က စတင်လောင်ကျွမ်းခဲ့တဲ့ မီးကို ငြှိမ်းသတ်ခဲ့ကြပါတယ်။မီးဟာ ရုံးအဆောက်အဦကြီးရဲ့ ခုနှစ်ထပ်မှာ လောင်ကျွမ်းတာဖြစ်ပါတယ်။
လူ(၇)ဦးသေဆုံးကြောင်း သက်ဆိုင်ရာက အတည်ပြုပါတယ်။ အဲဒီအထဲမှာ ရှေ့နေရုံးခန်းကို မီးရှို့တယ်လို့ သံသယဖြစ်ရတဲ့ အမည်မသိသူတစ်ဦးလည်းပါဝင်ပါတယ်။
အနည်းဆုံး လူ၄၁ ဦးဒဏ်ရာရရှိခဲ့ကြပြီး အများစုကတော့ မီးခိုးတွေကြောင့် အသက်ရှုကြပ်ကြသူတွေဖြစ်ပါတယ်။ အဲဒီထဲက ၂၆ ဦးကို အနီးအနားက ဆေးရုံတွေဆီ ပို့ဆောင်ခဲ့ကြတယ်လို့ ဒေးဂူးခရိုင်ရဲဌာနမှူး ပတ်ခ်ဆောင်ဂျင်းက ပြောပါတယ်။
တစ်ဦးတစ်ယောက်မျှ အခန်းထဲမှာ ပိတ်မိမနေဘူးလို့ ပတ်ခ်ကပြောပါတယ်။
အဲဒီသံသယဖြစ်စရာအမျိုးသားဟာ မီးရှို့ရာမှာ အသုံးပြုဖို့ဖြစ်နိုင်တဲ့ ပုံးတစ်လုံးကို သယ်ပြီး အိမ်ကထွက်ခွာသွားတာကို လုံခြံရေးကင်မရာကနေ တွေ့ရတယ်လို့ ဒေးဂူးမြို့ပြရဲတပ်ဖွဲ့က အရာရှိ ဂျုန်းဟေဝုခ် ကပြောပါတယ်။
သေဆုံးသူတွေအားလုံးကို အခန်းတစ်ခန်းထဲမှာပဲတွေ့ကြရပြီး ဘာကြောင့် ဖြစ်ရသလဲဆိုတာကို ရဲက စုံစမ်းမှုတွေပြုလုပ်နေပြီလို့ဂျုန်းက ပြောပါတယ်။
ဘီအိုမီအိုဒေါင်းရပ်ကွက်က အဲဒီအဆောက်ကအဦထဲကနေ မီးခိုးတွေထွက်လာတာကိုမြင်ရတဲ့ မျက်မြင်သက်သေတွေဆီက ရတဲ့ပုံတွေကို တောင်ကိုးရီးယား မီဒီယာတွေက ထုတ်ပြန်ပါတယ်။ ဒေးဂူးဟာ တောင်ကိုးရီးယားရဲ့ စတုတ္ထအကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၂.၆သန်းကျော်နေထိုင်ကြပါတယ်။
ဒေးဂူးမှာ မီးရှို့တိုက်ခိုက်မှုတွေ အဆိုးရွာဆုံးဖြစ်ခဲ့တဲ့ မှတ်တမ်းရှိခဲ့ပါတယ်။ ၂၀၀၃ခုနှစ်က အသက်၅၆နှစ်အရွယ် အမျိုးသားတစ်ဦးက မြေအောက်ရထားအတွင်း မီးရှို့ခဲ့လို့ လူပေါင်း ၁၉၂ ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။
Source AP
#War_Crisis
Published 9 June 2022
ယူကရိန်းကို ရုရှားကျူးကျော်ခြင်းရဲ့အကျိုးဆက်တွေက တစ်ကမ္ဘာလုံးမှာ ပိုမိုဆိုးရွားလာပြီး လူပေါင်း ၁.၆ ဘီလီယံခန့် ဒုက္ခရောက်ဖွယ်ရှိနေကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်'အန်တိုနီယိုဂူတာရက်စ်'က ဇွန်လ ၈ ရက်နေ့ ဗုဒ္ဓဟူးနေ့က သတိပေးပြောကြားလိုက်ပါတယ်။
"စားနပ်ရိက္ခာဖူလုံရေး၊ စွမ်းအင်ကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍတို့မှာ စစ်ပွဲရဲ့သက်ရောက်မှုက ပိုပြီးပြင်းထန်လာပါပြီ၊ တစ်ကမ္ဘာလုံးမှာ စစ်ပွဲရဲ့သက်ရောက်မှုက မကြုံစဖူးငတ်မွတ်ခေါင်းပါးမှုဖြစ်ပေါ်လာနိုင်စေပြီး လူမှုရေးစီးပွားရေးများ မငြိမ်မသက်ဖြစ်လာနိုင်ပါတယ်၊ ယခုနှစ်မှာ စားနပ်ရိက္ခာရရှိရေးအကျပ်အတည်းဖြစ်နေပြီး နောက်နှစ်မှာတော့ စားနပ်ရိက္ခာပြတ်လတ်မှုဖြစ်ပေါ်လာနိုင်ပါတယ်၊ ဒီပြဿနာတွေရပ်တန့်ဖို့တစ်ခုတည်းသောနည်းလမ်းက ရုရှားကျူးကျော်ခြင်း အဆုံးသတ်မှရပါမယ်"လို့ ကုလထွေချုပ်က ပဋိပက္ခဂယက်ရိုက်ခတ်မှုများနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ဒုတိယအကြိမ်အစီရင်ခံစာကို တင်ပြခဲ့ပါတယ်။
ပင်လယ်နက်မှတဆင့် ယူကရိန်းနိုင်ငံထုတ်ကုန်အစားအသောက်များကို ဘေးကင်းစိတ်ချစွာတင်ပို့နိုင်ရေးနဲ့ ရုရှားအစားအစာများနဲ့ မြေဩဇာများ ကမ္ဘာ့ဈေးကွက်သို့ အတားအဆီးမရှိဝင်ရောက်နိုင်ရေးတို့အတွက် ကုလထွေချုပ်က လက်တွဲဖော်နိုင်ငံများအား အကူအညီတောင်းဆိုထားပါတယ်။
ဒီဆောင်ရွက်ချက်က ဆာဟာရအာဖရိကအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ သန်းပေါင်းရာနဲ့ချီတဲ့လူတွေအတွက် အလွန်အရေးကြီးကြောင်း 'ဂူတာရက်စ်'ကဆိုပါတယ်။
ကုလသမဂ္ဂရဲ့အစီရင်ခံစာထဲမှာ နိုင်ငံ ၉၄ နိုင်ငံလောက်က လူဦးရေ ၁.၆ ဘီလီယံလောက်ဟာ အကျပ်အတည်းအနည်းဆုံးတစ်မျိုးလောက်ကို ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရပြီး ဖြေရှင်းနိုင်စွမ်းမရှိဘူးလို့ ဖော်ပြထားပါတယ်။
၁.၆ ဘီလီယံထဲကမှ ၁.၂ ဘီလီယံလောက်က ဘဏ္ဍာရေး၊ စားနပ်ရိက္ခာ၊ စွမ်းအင်ကဏ္ဍသုံးရပ်စလုံးမှာ တစ်ပြိုင်တည်းဒုက္ခတွေ့နိုင်ပါတယ်။
၂၀၂၂ အတွင်း စားနပ်ရိက္ခာမလုံလောက်သူဦးရေ ၄၇ သန်းရှိရာမှ နှစ်ကုန်ရောက်တဲ့အခါ ၃၂၃ သန်းရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။
ယခုနှစ်အတွင်း အာဖရိကနိုင်ငံသား ၅၈ သန်းခန့် ဆင်းရဲတွင်းကျနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
၂၀၂၂ မှာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ဘက်ပိုင်းတို့မှာ လူဦးရေ ၂.၈ သန်းဆင်းရဲတွင်းနက်နိုင်ပြီး တောင်အာရှမှလူဦးရေသန်း ၅၀၀ ဒုက္ခရောက်နိုင်ဖွယ်ရှိနေပါတယ်။
အထိခိုက်နိုင်ဆုံးနေရာဒေသတွေကို စားနပ်ရိက္ခာနဲ့ စွမ်းအင်ထောက်ပံ့ရရှိရေးအတွက် ကြိုးစားအားထုတ်ရပါမယ်လို့ အစီရင်ခံစာမှာ ဖော်ပြသွားပါတယ်။
Source: The Straits Times
#Yangon_Media_Group
#WorldHealth
Published 9 June 2022
၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ရောဂါစတင်ပျံ့ပွားကတည်းက ဗြိတိန်နိုင်ငံအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၁၈၀,၀၀၀ နီးပါးရှိလာပါပြီ။
အဲဒီအချိန်မှာပဲ သွေးတိုးရောဂါက အသံတိတ်ဖြင့် အသက်အန္တရာယ်တွေကိုခြိမ်းခြောက်လာပြီး အသက်ဆုံးပါးသူ အများအပြားရှိလာပါတယ်။
အစိုးရရဲ့ခန့်မှန်းထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လူပေါင်း ၁ သိန်းခွဲလောက်ဟာ သွေးတိုးခြင်းကြောင့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောပြတ်ခြင်း၊ ဦးနှောက်ထိခိုက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့တယ်လို့ ယူဆရပါတယ်။
ဒါဟာအတော်ကြီးမားတဲ့ ပြဿနာဖြစ်ပြီး ယူကေမှ လူကြီးလူလတ် ၄ ယောက်မှာ ၁ ယောက်ကျော်လောက်က သွေးပေါင်ချိန်တိုးခြင်း ဝေဒနာခံစားနေရတာဖြစ်တယ်လို့ တရားဝင်ဖော်ပြထားပါတယ်။
နိုင်ငံတော်ရဲ့ကျန်းမာရေးကဏ္ဍကိုထိခိုက်စေတဲ့ သွေးတိုးရောဂါကိုလျှော့ချနိုင်ဖို့ရာ NHS ပါဝင်ပတ်သက်နေတာလည်း အချိန်အတော်ကြာနေခဲ့ပါပြီ။
ဒီလိုလျှော့ချနိုင်ပါက ရေရှည်ကြုံတွေ့လာရမယ့် ကျန်းမာရေးပြဿနာများအတွက်ကုန်ကျနိုင်တဲ့ တစ်နှစ်ကို ၂ ဘီလီယံပေါင်ကျော် သက်သာနိုင်မယ်လို့ ယူဆရပါတယ်။
လူတွေအနေနဲ့ သွေးတိုးရောဂါကို ကုသမှုခံယူသင့်တယ်လို့ အချိုကယုံကြည်နေကြသလို နောက်ထပ်လူအချို့ကလည်း သွေးပေါင်ကျဆေးသုံးစွဲခြင်းက ဘေးထွက်ဆိုးကျိုးများဖြစ်နိုင်တယ်လို့ အထောက်အထားများ ပြသလာကြပါတယ်။
သွေးတိုးရှိသူ ၅၀ ရာခိုင်နှုန်းလောက်ကသာ ခေါင်းကိုက်ခဲခြင်း၊ မူးဝေခြင်း၊ အသက်ရှူမဝခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ အမြင်ဝါးခြင်းစတဲ့ လက္ခဏာများခံစားရတာကြောင့် လက္ခဏာမပြတဲ့သူတွေက ကြုံတွေ့လာနိုင်တဲ့အန္တရာယ်ကို သတိမမူမိကြပါဘူး။
ယူကေမှ သွေးတိုးရောဂါကုသဖို့လိုအပ်တဲ့ အရွယ်ရောက်ပြီးသူ ၅ သန်းမှ ၈ သန်းကြားဟာ ပုံမှန်သွေးပေါင်ချိန်တိုင်းခြင်း မလုပ်တာကြောင့် ရောဂါရှိမှန်းမသိရှိကြဘူးလို့ ပရော်ဖက်ဆာ'ဂရေဟမ်မက်ဂရီဂေါ'က ပြောပြပါတယ်။
ဒါ့အပြင် ကိုဗစ်ကပ်ရောဂါအခြေအနေတွေကလည်း ဒီကိစ္စကို ပိုမိုဆိုးရွားလာစေပါတယ်။
သွေးတိုးခြင်းနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့နှစ်ရှည်လများတိုင်ပင်ဆွေးနွေးသူတွေဆိုရင် လုံးဝမတွေ့ဆုံနိုင်ခဲ့ကြပါဘူး။
ယူကေမှာ သွေးတိုးရောဂါက အသက်သေဆုံးခြင်းရဲ့အဓိကအကြောင်းအရင်းတစ်ခုဖြစ်နေပြီး သေဆုံးမှုနှုန်း ကျဆင်းလာတဲ့အထောက်အထားမျိုး မတွေ့ရသေးပါဘူး။
Source: DailyMail
#Yangon_Media_Group
#WorldEntertainment
Published 8 June 2022
ဂျပန်နိုင်ငံမှ အသက် ၅၀ နှင့် ၆၀ ဝန်းကျင်ရှိလူကြီး ၄ ဦးဟာ ရှပ်အင်္ကျီ၊ နက်ကတိုင်၊ ရောင်စုံဗိုက်ခါးပတ်များဝတ်ဆင်ပြီး TikTok မှာ ထူးထူးဆန်းဆန်းအကများ ပြုလုပ်ပြကြရာ အားပေးမှုအများအပြားရရှိလာကြပါတယ်။
#Yangon_Media_Group
Published 8 June 2022
အီရန်နိုင်ငံ အလယ်ပိုင်း တာဘားစ် မြို့အနီးမှာ ဇွန်၈ ရက်က ရထားတစ်စီး လမ်းချော်တိမ်းမှောက်မှုဖြစ်ခဲ့ရာ အနည်းဆုံး လူ ၁၇ ဦးသေဆုံးခဲ့ရပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ပါတယ်။
“ ၁၇ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၇ ဦးကို ဆေးရုံပို့ဆောင်ထားပါတယ်” ဟု အရေးပေါ်ဌာနပြောရေးဆိုခွင့်ရသူ မိုတာဘာခါလက်ဒီက နိုင်ငံပိုင်ရုပ်သံကိုပြောပါတယ်။
“ ဒဏ်ရာရသူအများစုဟာ စိုးရိမ်ရတဲ့ အခြေအနေရှိလို့ သေဆုံးသူအရေအတွက် တိုးလာနိုင်ပါတယ်” လို့ သူကပြောပါတယ်။ အရေးပေါ်ကား ၂၄စီးနှင့် ရဟတ်ယာဉ်(၃)စီးတို့နှင့် ကယ်ဆယ်နေတယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။
တာဘားစ်ဟာ တောင်ခါရာဆန်ပြည်နယ်မှာတည်ရှိပြီး တီဟီရန်မြို့တော်ကနေ လမ်းမိုင်၅၆၀ခန့်ကွာဝေးတဲ့ နေရာမှာ တည်ရှိတဲ့မြို့ဖြစ်ပါတယ်။
ရထားဟာ ခရီးသည် ၃၄၈ ဦးတင်ဆောင်လာတယ်လို့ နိုင်ငံပိုင်ရထားဌာနရဲ့ ဒုတိယအကြီးအကဲ မီယာဟန်ဆန်မိုဆာဗီက ပြောပါတယ်။
မနက်(၅)ရီခွဲခန့်မှာ ရထားလမ်းအနီးက မြေတူးစက်နှင့်တိုက်မိပြီးနောက် ရထားလမ်းချော်ခဲ့ရတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ဒဏ်ရာရသူအချို့ကို ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့ပြီး ဆေးရုံပို့ဆောင်ခဲ့ရတာကို နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ပြသခဲ့ပါတယ်။
ရထားတွဲ (၁၁) တွဲထဲက (၅)တွဲဟာ လမ်းချော်ခဲ့တာဖြစ်တယ်လို့ အီရန်လခြမ်းကြက်ခြေနီအသင်းဥက္ကဋ္ဌ မီဒီဗာလီပူးလ်က နိုင်ငံပိုင်ရုပ်သံကိုပြောပါတယ်။
Source AFP
Page 736 of 862