Published 26 Sept 2022
ကံပန်းရောင် Fortune Pink လို့ အမည်ပေးထားတဲ့ အင်မတန်မှာရှားပါးလှတဲ့ ကျောက်မျက်ကြီးတစ်လုံးကို နိဝင်ဘာလကျရင် ဂျနီဗာမြို့မှာ လေလံတင်ရောင်းချပါတော့မယ်။ အဲဒီ ရှားပါး ပန်းရောင်စိန်ပွင့်ကြီးကို ဒေါ်လာ ၃၅ သန်းအထိ ရရှိလိမ့်မယ်လို့ လေလံတင်သူတွေက မျှော်လင့်ထားကြတယ်လို့ ပြောပါတယ်။
၁၈ ကာရက်ရှိတဲ့ အရောင်စိုနေတဲ့ အဲဒီကျောက်မျက်ရတနာကြီးဟာ လေလံတင်ရောင်းချသမျှ ပန်းရောင်စိန်တွေထဲမှာ အရည်အသွေးအရရော အရွယ်အစားအရပါ အကောင်းဆုံးနှင့် အကြီးဆုံးဖြစ်ပါတယ်လို့ ခရစ်စတီး လေလံအိမ်က ပြောပါတယ်၊
နိုဝင်ဘာ ၈ရက်မှာ ဈေးပြိုင်စနစ်နှင့်လေလံတင်မယ့် စိန်ကြီးကို ဒေါ်လာ ၂၅သန်းကနေ ၃၅ သန်းအထိ ရရှိလိမ့်မယ်လို့ ခရစ်စတီးလေံလံအိမ်က မျှော်လင့်ထားပါတယ်။
တောက်ပြောင်နေတဲ့ ပန်းရောင် မျက်ရည်စက်ပုံစံ စိန်ကြီးဟာ အလေးချိန်အတိအကျပြောရရင် ၁၈.၁၈ ကာရက်ရှိပါတယ်။
ဒီနံပါတ်ဟာ အာရှအတွက် ကံကောင်းတဲ့ နံပါတ်ဖြစ်တယ်။ ဒီစိန်ပွင့်ကြီးကို ကမ္ဘာအနှံ့ကစုဆောင်းသူတွေ စိတ်ဝင်စားကြလိမ့်မယ်လို့ ခရစ်စတီးရဲ့ အကြီးတန်း လက်ဝတ်ရတနာ ကျွမ်းကျင်သူ အိန်ဂျယ်လာ ဘာဒန်က ပြောပါတယ်။ နံပါတ်က မင်္ဂလာရှိတဲ့ ၁၈.၁၈ကာရက်ဖြစ်လို့ ဒီအလေးချိန်ဟာ ပိုင်ရှင်အသစ်အတွက် ကံကောင်းခြင်တွေကို ယူဆောင်လာပေးလိမ့်မယ်လို့လည်း သူမကပြောပါတယ်။
“သိပ်လှတဲ့ကျောက်တစ်ပွင့်ပဲ။ ဒီအရွယ်အစားနှင့် စိုတောက်နေတဲ့ ပန်းရောင်ရှိတဲ့ ပန်းရောင်စိန်တစ်ပွင့်ဆိုတော အတော်ရှားရှားပါးပါး ရှာတွေ့တာမျိုးပါ” လို့လည်း သူကပြောပါတယ်။
ဒီကျောက်ရဲ့ အရောင်ပြည့်ဝမှုဟာ သဘာဝအတိုင်း အတော်ရှာတွေ့ဖို့ခက်ပါတယ်။ ဒီလို အရွယ်အစား ဒီလို အရောင်မျိုးနှင့် ဒီလို အရည်အသွေးသန့်မှုနှင့်ဆိုတာ ရှားပါး ကျောက်ပဲဖြစ်တယ်” လို့ သူမကပြောပါတယ်။
၂၀၁၈ခုနှစ်တုန်းက ခရစ်စတီးဟာ Winston Pink Legacy ဆိုတဲ့ အလေးချိန် ၁၈.၉၆ ရှိ စိန်ပွင့်ကြီးကို ဒေါ်လာ သန်း၅၀ကျော်နှင့် ရောင်းခဲ့ပါတယ်။အဲဒီတုန်းက ဒီလိုကျောက်အမျိုးအစားတွေထဲမှာ တစ်ကာရက်မှာ ဈေးအများဆုံးရခဲ့တာပါ။ မနှစ်တုန်းက ၃၇.၃ ကာရက်ရှိတဲ့ Raj Pink ရာ့ချ်ပင့် စိန်ပွင့်ကြီးကို ဆောက်သဘီလေလံကုမ္ပဏီက လေလံတင်ရောင်းချခဲ့ပေမယ့် ရောင်းမထွက်ခဲ့ပါဘူး။ အဲဒီတုန်းက အဲဒီစိန်ကြီးကို ဒေါ်လာ သန်း၃၀အထိရလိမ့်မယ်လို့ မျှော်မှန်းခဲ့ကြတာဖြစ်ပါတယ်။
Source AFP
#The_Fortune_Pink
#Rare_pink_diamond
#Christie's_auction
#DailyNews
Published _ 26 September 2022
၁။ အကယ်ဒမီမီးလင်းရွှေဈေး တစ်ကျပ်သားလျှင် ၂၉သိန်းကျော်ဖြင့် ဈေးငြိမ်နေပြီး ပြင်ပဈေးကွက်တွင် ဈေးကစားမှုများရှိနေ
၂။ စက်ဘီးဖြင့် ရုံးသွားရုံးပြန်လုပ်မည့်သူများတိုးလာနိုင်၊ ဘေးကင်းစွာစီးနင်းရန်လိုဟုဆို
၃။ တရုတ်နိုင်ငံသို့ သကြားတင်ပို့နိုင်ရန် နှစ်နိုင်ငံအစိုးရအကြား G to G သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် တင်ပြထား
၄။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ရထားဖြင့် သွားလာရခက်ခဲနေသူတွေအတွက် ဆိုလာစွမ်းအင်သုံးရထားအား တောင်အာဖရိကဆယ်ကျော်သက်များ တီထွင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 26 Sept 2022
အက်ပဲလ်ကုမ္ပဏီက ယင်းတို့ရဲ့ နောက်ဆုံးထုတ် iPhone 14 ကို အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ ဒါဟာ နည်းပညာကုမ္ပဏီကြီးရဲ့ သူ့ရဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေကို တရုတ်ကနေ အချို့ ဖယ်ခွာလာတာဖြစ်ပါတယ်။
ကုမ္ပဏီဟာ အထင်ကရ အိုင်ဖုန်းဖြစ်တဲ့ iPhone 14 စတင်ဖြန့်ချိမှုအခမ်းအနားကို ဒီလစောစောပိုင်းမှာာကျင်းပခဲ့ပါတယ်။ အဲဒီမှာ သူတို့ဟာ မျက်စေ့နောက်စရာကောင်းလှတဲ့ နည်းပညာအသစ်တွေထက် လုံခြုံရေးတိုးမြှင့်တာကို အာရုံစိုက်ထားပါတယ်။
“ iPhone 14 lineup အသစ်ဟာ အမိုက်စား နည်းပညာအသစ်တွေနှင့်အတူ အရေးကြီးလှတဲ့ လုံခြုံရေးစွမ်းဆောင်ရည် တွေပါ ထည့်သွင်းထားပါတယ်။ အဲဒီ iPhone 14 ကို အိန္ဒိယမှာ ကျွန်တော်တို့ထုတ်လုပ်ရတာ စိတ်လှုပ်ရှားပါတယ်” လို့ အက်ပဲလ်က သတင်းထုတ်ပြန်ပါတယ်။
ဂျေပီ-မော်ဂန်ရဲ့သုံးသပ်မှုမှာတော့ အက်ပဲလ်ဟာ ၂၀၂၂နှစ်ကုန်ပိုင်းလောက်မှာ iPhone 14 ထုတ်လုပ်မှုအားလုံးရဲ့ ၅ ရာခိုင်နှုန်းခန့် အိန္ဒိယကိုရွှေ့နိုင်တယ်လို့ဆိုပါတယ်။ အိန္ဒိယဟာ တရုတ်ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် အကြီးဆုံးစမတ်ဖုန်း ဈေးကွက်ဖြစ်ပါတယ်။
၂၀၂၅ အရောက်မှာ အက်ပဲလ်ဟာ အိုင်ဖုန်း လေးလုံးတိုင်းမှာ တစ်လုံးကို အိန္ဒိယမှာ ထုတ်လုပ်သွားနိုင်တယ်လို့ ဂျေပီမော်ဂန်ကပြောပါတယ်၊
Source Reuters
#iphone14
#India_iPhone_producer
#Apple
#World_Politics
Published 26 September 2022
၂၀၁၉ ခုနှစ်တုန်းက 'ဂျော်ဂျီယာမယ်လိုနီ'ဟာ မိန့်ခွန်းတစ်ခုပြောကြားခဲ့ပါတယ်။
"ကျွန်မနာမည် ဂျော်ဂျီယာပါ၊ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အပြင် ကလေးအမေတစ်ယောက်လည်းဖြစ်ပါတယ်၊ အီတလီလူမျိုးဖြစ်ပြီးတော့ ခရစ်ယာန်ဘာသာဝင်တစ်ဦးပါ၊ ကျွန်မနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဘယ်သူကမှ ယူဆောင်သွားလို့ မရပါဘူး" လို့ ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။
အခုနောက် ၃ နှစ်အကြာမှာတော့ အဆိုပါအမျိုးသားရေးဝါဒီခေါင်းဆောင်ဟာ အီတလီနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာရန်အသင့်ဖြစ်နေပါပြီ။
တနင်္ဂနွေနေ့ အထွေထွေရွေးကောက်ပွဲ ယာယီရလာဒ်များအရ မယ်လိုနီရဲ့ အီတလီသွေးချင်းညီအစ်ကိုများအဖွဲ့(FdI)က မဲ ၂၆ ရာခိုင်နှုန်းနီးပါးဖြင့် ထိပ်ဆုံးမှဦးဆောင်နေပြီး ပါလီမန်နှစ်ဖွဲ့စလုံးက လက်ယာနိုင်ငံရေးပါတီအဖွဲ့ရဲ့ လူများစုနေရာတွေကို ဖယ်ရှားခိုင်းဖို့ တွန်းအားပေးလာပါတယ်။
နောက်ဆုံး အထွေထွေရွေးကောက်ပွဲ ၂၀၁၈ ခုနှစ်တုန်းက FdI အဖွဲ့ဟာ မဲဆန္ဒ ၄.၃ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။
ပါတီအဖွဲ့ကြီးရဲ့ ခေါင်းဆောင်အနေနဲ့ 'မယ်လိုနီ'ဟာ အစိုးရအသစ်ဖွဲ့ရန် နိုင်ငံ့အကြီးအကဲက ခွင့်ပြုဖို့သေချာသလောက်ရှိနေပြီး လောင်စာစွမ်းအင်ဈေးနှုန်းမြင့်တက်ခြင်း၊ ယူကရိန်းစစ်ပွဲစတဲ့ ပြဿနာများနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။
"ဒီညကျော်သွားရင် ကျွန်မတို့မှတ်ထားရမှာက အဆုံးသတ်သွားတာမဟုတ်ပါဘူး၊ အခုမှစမှာပါ၊ မနက်ဖြန်ကစပြီး ကျွန်မတို့ရဲ့အရည်အချင်းကို သက်သေပြရမှာပါ" လို့ အသက် ၄၅ နှစ်ရှိ 'မယ်လိုနီ'က တနင်္လာနေ့မနက်အစောပိုင်းမှာ ပြောကြားသွားပါတယ်။
'မယ်လိုနီ'ဟာ ဖက်ဆစ်ရှေးရိုးစွဲများကို အငြင်းအခုံမလုပ်ဘဲ ဆန်းသစ်ခွဲထွက်လာကာ အီတလီသွေးချင်းညီအစ်ကိုများ အဖွဲ့အသွင်အနေဖြင့် ကူးပြောင်းလာပြီးနောက် အဓိကလမ်းကြောင်းပေါ် တက်ရောက်လာနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ သူအောင်မြင်ကျော်ကြားလာတဲ့ အခြေအနေနဲ့ ဆက်စပ်နေပါတယ်။
'မယ်လိုနီ'အခုလို ထောက်ခံမှုတွေရလာတာဟာ သူ့ရဲ့ခိုင်မာပြတ်သားတဲ့ သန္နိဌာန်ကြောင့်ဖြစ်တယ်လို့ မိတ်ဆွေများနဲ့ ဝေဖန်သူများကသုံးသပ်ကြပါတယ်။
'မယ်လိုနီ'ဟာ အသက် ၂၁ နှစ်မှာ ဒေသတွင်းရွေးကောက်ပွဲမှာ ပထမဆုံးအနိုင်ရခဲ့ပြီး အသက် ၃၁ နှစ်မှာ အီတလီရဲ့အငယ်ဆုံးဝန်ကြီးဖြစ်လာကာ ၂၀၀၈ ခုနှစ် 'ဘာလူစကိုနီ'အစိုးရအဖွဲ့ရဲ့ လူငယ်အဖွဲ့ဝင်ဖြစ်လာပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 26 September 2022
ရုရှားလင်းနိုတွေထံမှာရှိနေတဲ့ ကိုဗစ်လိုမျိုးဗိုင်းရပ်စ်ဟာ လူသားတွေထံ ကူးစက်လာနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးလိုက်ပါတယ်။
အမေရိကန်ဗိုင်းရပ်စ် ကျွမ်းကျင်ပညာရှင်တွေက Khosta-2 ခေါ့စ်တာ-၂ လို့ခေါ်တဲ့ ရောဂါပိုးအကြောင်း စမ်းသပ်လျက်ရှိရာ ကိုဗစ်ကပ်ရောဂါကာလအတွင်း ထိုးထားတဲ့ကာကွယ်ဆေးတွေကို ခံနိုင်ရည်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
သူက ကိုဗစ်ဗိုင်းရပ်စ်ကဲ့သို့ လူသားဆဲလ်တွေကို အလွယ်တကူချိတ်တွယ်နိုင်ပါတယ်။
ရုရှားအစိုးရနဲ့ဆက်နွယ်နေတဲ့ ပညာရှင်များက ခေါ့စ်တာ-၂ ဗိုင်းရပ်စ်တည်ရှိနေတယ်လို့ ပြီးခဲ့တဲ့မေလက မှတ်ချက်ပြုလိုက်ပါတယ်။
အဆိုပါ လင်းနို့ဗိုင်းရပ်စ်တွေကို ၂၀၂၀ မတ်လမှ အောက်တိုဘာလအတွင်း ရရှိတဲ့နမူနာတွေမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရုရှားကျန်းမာရေးဝန်ကြီးဌာနအခွဲဖြစ်တဲ့ ဂါမာလယ်ယာအမျိုးသားသုတေသနစင်တာမှာရှိတဲ့ သုတေသီတွေက ဆိုချီအမျိုးသားဥယျာဉ်မှာနေထိုင်တဲ့ လင်းနို့တွေကို စောင့်ကြည့်ခဲ့ကြပါတယ်။
မြို့အစွန်မှာရှိတဲ့ ရာပေါင်းများစွာသော လှိုဏ်ဂူတွေထဲမှာ နေထိုင်တဲ့လင်းနို့တွေဖြစ်ပါတယ်။
ခေါ့စ်တာ-၂ ဗိုင်းရပ်စ်ကို ကိုရိုနာဗိုင်းရပ်စ်မျိုးရိုးဖြစ်တဲ့ ဆာဘီကိုဗိုင်းရပ်စ်အမျိုးအစားအဖြစ် သတ်မှတ်ထားပါတယ်။
ဝါရှင်တန်ပြည်နယ်တက္ကသိုလ်မှ သုတေသီများက ဗိုင်းရပ်စ်ကို စမ်းသပ်မှုများပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ခေါ့စ်တာ-၂ ဗိုင်းရပ်စ်ကလည်း ကိုရိုနာဗိုင်းရပ်စ်ကဲ့သို့ လူသားဆဲလ်တွေကို ကူးစက်နိုင်ကြောင်း စမ်းသပ်မှုများအရ တွေ့ရှိရပါတယ်။
စပိုက်ခ်ပရိုတိန်းကဲ့သို့ပင် ACE-2 ကို ဗိုင်းရပ်စ်က ချိတ်ဆက်တာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ်လောက်တော့ ကူးစက်မှုမြန်ဆန်မှုမရှိဘူးလို သိပ္ပံပညာရှင်များက ယူဆနေကြပါတယ်။
ဒါ့အပြင် ထိုဗိုင်းရပ်စ်ကို ကာကွယ်ဆေး ဒါမှမဟုတ် ဆေးများဖြင့် တိုက်ဖျက်နိုင်မလား၊ လူသားတွေဆီ ကူးစက်နိုင်မလားဆိုတာကိုလည်း လေ့လာခဲ့ကြပါတယ်။
Eli Lily ကထုတ်တဲ့ ပဋိပစ္စည်းဆေးတစ်မျိုးကိုတော့ ထိုဗိုင်းရပ်စ်က လုံးဝခံနိုင်ရည်ရှိနေပါတယ်။
ခေါ့စ်တာ-၂ ဗိုင်းရပ်စ်ဟာ မိုဒါနာနဲ့ ဖိုင်ဇာကာကွယ်ဆေးနှစ်မျိုးစလုံးကိုလည်း ခံနိုင်ရည်ရှိနေပြန်တယ်။
ရာနဲ့ချီတဲ့ ဆာဘီကိုဗိုင်းရပ်စ်အများစုဟာ လူတွေကိုမကူးစက်နိုင်ဘူးလို မှတ်ချက်ပြုထားပါတယ်။
ဒါပေမဲ့သူတို့ရဲ့တွေ့ရှိချက်အရ ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာ့ကျန်းမာရေးကို ခြိမ်းခြောက်နိုင်ပြီး စွယ်စုံရကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်ဖို့ အရေးတကြီး လိုအပ်ကြောင်း ဖော်ပြခဲ့ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Health
Published 26 September 2022
ငှက်ပျောသီးက တစ်နှစ်ပတ်လုံးသီးတဲ့ အသီးမျိုးဖြစ်ပါတယ်။
ငှက်ပျောသီးနေ့တိုင်းစားလို့ ကျန်းမာရေးအတွက်သင့်တော်ပါ့မလား?
နေ့စဉ်ငှက်ပျောသီး ၂ လုံး ၃ လုံးစားရင် ဘာတွေဖြစ်နိုင်သလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။
(၁) အားအင်ပြည့်ဖြိုးခြင်း
ငှက်ပျောသီးက အလွန်အားအင်ပြည့်ဖြိုးတဲ့ အသီးဖြစ်ပါတယ်။
အားဖြည့်အချိုရည်ကရတဲ့ ပမာဏလောက်ကို ရရှိနိုင်ပါတယ်။
အားဖြည့်အချိုရည်နဲ့ မတူညီတာက ငှက်ပျောသီးဟာ အဟာရဓာတ်လည်း ကြွယ်ဝတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
အားကစားသမားတွေဆိုရင် တစ်နေ့ကို ငှက်ပျောသီး ၂ လုံး ၃ လုံးစားပေးပါက ကြွက်သားကြွက်တက်ခြင်း မဖြစ်စေနိုင်ပါဘူး။
ပိုတက်ဆီယမ်လည်းကြွယ်ဝတာကြောင့် အလျင်အမြန်သက်သာစေပါတယ်။
(၂) အစာကြေခြင်း
ငှက်ပျောသီးက အမျှင်ဓာတ်အလွန်ကြွယ်ဝပါတယ်။
တစ်နေ့ကို ၂ လုံး ၃ လုံးလောက်စားပေးရင် အစာချေနှုန်းကို ထိန်းညှိပေးပါတယ်။
ငှက်ပျောသီးက ဗိုက်ပြည့်ဝစေပါတယ်။
ဒါကြောင့် ငှက်ပျောသီးလုံလောက်စွာစားရင် ဝမ်းချုပ်ခြင်းပြဿနာကင်းစေပါတယ်။
(၃) ကိုယ်အလေးချိန်ကျခြင်း
ဝိတ်ကျချင်တယ်ဆိုရင် ငှက်ပျောသီးက အထောက်အကူဖြစ်စေပါတယ်။
ကိုယ်ခန္ဓာထဲကဆဲလ်တွေ အဆီစုပ်ယူခြင်းကို ကန့်သတ်ပေးပါတယ်။
ဒီကောင်းကျိုးရဖို့အတွက်ကတော့ သင့်တင့်မျှတတဲ့ အစားအစာစားပေးဖို့ လိုပါတယ်။
(၄) နှလုံးသွေးကြောများကောင်းမွန်စေခြင်း
အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက နှလုံးအတွက်လည်း ကောင်းမွန်ပါတယ်။
ပိုတက်ဆီယမ်က သွေးဖိအားကိုကောင်းမွန်စေသလို တစ်နေ့ကို ၂ လုံး ၃ လုံးစားသုံးပေးပါက နှလုံးသွေးကြောဆိုင်ရာရောဂါများ ကာကွယ်ပေးပါတယ်။
(၅) စိတ်အားအင်ကောင်းမွန်စေခြင်း
ငှက်ပျောသီးက မဂ္ဂနီဆီယမ်ကြွယ်ဝတာကြောင့် စိတ်အခြေအနေကောင်းမွန်စေပါတယ်။
စိုးရိမ်စိတ်၊ စိတ်ဖိအားတို့ကို သက်သာစေပြီး စိတ်ဓာတ်မြှင့်တင်ပေးပါတယ်။
ဒါ့အပြင် ညအိပ်တဲ့အခါမှာလည်း အိပ်ပျော်စေပါတယ်။
Source: Soo Healthy
#Yangon_Media_Group
Published 25 Sept 2022
တရုတ်နိုင်ငံဟာ ယင်းရဲ့ ပထမဆုံး ပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောကြီး လျောင်နင်း စတင်တာဝန်ထမ်းဆောင်ကတည်းက ရေကြောင်း တိုက်ခိုက်ရေးစွမ်းရည်တွေဟာ သိသိသာသာတိုးတက်လာခဲ့တယ်လို့ တရုတ်အစိုးရ မီဒီယာတွေကပြောပါတယ်။
လျောင်နင်းကို ၂၀၁၂ခုနှစ် စက်တင်ဘာလမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထံ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကာလမှာ back-to-back (ဘက်တူဘက်) စနစ်ထိပ်တိုက်တွေ့မှုနှင့် လက်တွေ့တိုက်ပွဲလေ့ကျင့်ခန်း တွေကနေတစ်ဆင့် ပလက်ဖောင်းတစ်ခုမှသည် တိုက်ပွဲဖွဲ့စည်းမှုအထိ၊ အသေးစားစနစ်လေ့ကျင့်မှုမှသည် အကြီးစားပူးတွဲစစ်ဆင်ရေးတွေအထိ လျောင်နင်းလေယာဉ်တင်စစ်သင်္ဘောကြီးရဲ့ ဖွဲ့စည်းပုံဟာ သင်္ဘောတွေ၊ရေငုပ်သင်္ဘောတွေနှင့် လေယာဉ်တွေကို ကောင်းစွာ စုဖွဲ့ပေါင်းစပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဖွဲ့စည်းမှုရဲ့ တိုက်ပွဲစွမ်းရည်ဟာဆက်တိုက်တိုးတက်လာတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ လျောင်နင်းဟာ ပစိဖိတ်အနောက်ပိုင်းသမုဒ္ဒရာမှာ လေ့ကျင့်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ လျောင်နင်း လေယာဉ်တင်သင်္ဘောဖွဲ့စည်းမှုကနေ အရှိန်မြင့်မားစွာဖြင့် ပျံသန်းနေတဲ့အမျိုးအမည်မသိ လေယာဉ်အုပ်စုတွေကို ထောက်လှမ်းနိုင်ခဲ့ပါတယ်။
ဖွဲ့စည်းမှုဟာ မိနစ်အနည်းငယ်အတွင်းမှာပဲ တိုက်ပွဲအစီအစဉ်တွေနှင့် တုန့်ပြန်နိုင်စွမ်းရှိခဲ့ပါတယ်။ အမိန့်ပေးစစ်စခန်းကနေ တိုက်ခိုက်ဖို့ အမိန့်ပေးနိုင်ပါတယ်။ ပြီးတော့ J-15 တိုက်လေယာဉ်တွေ ပစ်မှတ် လေပိုင်နက်ထဲ ဦးတည်ပျံသန်းနိုင်ပါတယ်။ များစွာသော တိုက်ပွဲနည်းနာတွေကတစ်ဆင့် တင်းကြပ်တဲ့ တိုက်စစ်နှင့်ခံစစ်တွေကို ဖွဲ့စည်း တည်ဆောက်နိုင်ခဲ့ပါတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
၂၀၁၇ခုနှစ်မှာ 901 အမျိုးအစား သမုဒ္ဒရာသွား ထောက်ပို့ ရေယာဉ် ဟူလန်ဟူကို အဆိုပါ ဖွဲ့စည်းမှုပုံစံအထဲ စတင်တာဝန်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အနောက်ပိုင်းပစိတ်ဖိတ် သမုဒ္ဒရာမှာ ဟူလန်ဟူဟာ လျောင်နင်းလေယာဉ်တင်သင်္ဘောကို ရေကြောင်းဆိုင်ရာ ဖြည့်တင်းမှုအောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ ရန်သူတွေရဲ့ ခြိမ်းခြောက်မှုအောက်ကနေ အကြီးစားဖြစ်တဲ့ နေ့ ည ကာလရှည်ထောက်ပို့မှုတွေကို ထူးခြားအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။
တရုတ်ရဲ့ပထမဆုံး 055 ပုံစံ ပဲ့ထိန်းဒုံးဖျက်သင်္ဘော နန်ချန်းဟာလည်း ဖွဲ့စည်းမှုပုံစံထဲ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ လေယာဉ်တင်သင်္ဘော ဖွဲ့စည်းမှုဟာ မတူတဲ့ လုပ်ငန်းတာဝန်ပေါ်မူတည်လုပ်ဆောင်တာပါ။ တိုက်ပွဲ အုပ်စုဝင်တွေကို မစ်ရှင်ချက်ခြင်းစနိုင်အောင် ယာယီရွေးချယ်တာဝန်ပေးပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဟာ စံမှီတဲ့ အကဲဖြတ်ယန္တယားတစ်စုံကို မိတ်ဆက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂)နှစ်အတွင်း အရာရှိတွေနှင်စစ်သည်တွေ အကဲဖြတ်မှု ပိုမိုအောင်မြင်လာခဲ့ကြပါတယ်။ ကျွန်တော်တို့ဆီမှာ တာဝန်ပေးဖို့ ကြီးမားတဲ့ ရွေးချယ်မှုရှိပြီးဖြစ်ပါတယ်” လို့ လျောင်နင်း လေယာဉ်တင်သင်္ဘောရဲ့ ကပ္ပတိန် ချေးယွန်ဂန်ကပြောပါတယ်။
Source CCTV+
#Aircraft_carrier_Liaoning
#China_Navy
#China_Military_Power
Page 627 of 863