Published 18 Dec 2022
ဂျပန်နိုင်ငံရဲ့ မကြာသေးခင်က အမျိုးသား ကာကွယ်ရေးမူဝါဒကို ပြန်လည်ပြင်ဆင်လိုက်တာဟာ အင်မတန်အန္တရာယ်များတဲ့လုပ်ရပ်ဖြစ်ပြီး ကာကွယ်မှုမဟာဗျူဟာကနေ တိုက်ခိုက်ရေးမဟာဗျူဟာကို ပြောင်းလဲ လိုက်တဲ့ သင်္ကေတဖြစ်တယ်လို့ ဂျပန်ပညာရှင်တစ်ဦးကပြောလိုက်ပါတယ်။
ဂျပန်အစိုးရဟာ သောကြနေ့က အမျိုးသားလုံခြုံရေးမဟာဗျူဟာ၊ အမျိုးသားကာကွယ်ရေး မဟာဗျူဟာနှင့် ကာကွယ်ရေးမြှင့်တင်မှုအစီအစဉ်တွေကို အစိုးရအဖွဲ့အစည်းအဝေးမှာ ပြန်လည်ရေးဆွဲခဲ့ပါတယ်။
အဲဒီပြောင်းလဲမှုအရ ပြန်လည်တိုက်ခိုက်ခြင်းစွမ်းရည်လို့ အမည်တပ်ထားတဲ့ ဒုံးကျည်ပစ်လွှတ်စခန်းတွေကို အခြား နိုင်ငံတွေမှာ ဂျပန်ဟာ တပ်ဆင်ခွင့်ရှိလာမှာဖြစ်ပါတယ်။
ဒါဟာ ဂျပန်ရဲ့ စစ်ဆန့်ကျင်ရေးအခြေခံဥပဒေ အခန်း(၉)မှာပါရှိတဲ့ အထူး သီးသန့်ကာကွယ်ရေး ဗဟိုပြုမှု အခြေခံမူကို ချိုးဖောက်တာဖြစ်တယ်လို့ ဂျပန်ဝေဖန်သုံးသပ်သူတွေက ထောက်ပြကြပါတယ်။
အဲဒီအပြင် ဂျပန်ဟာ ကာကွယ်ရေးအသုံးစရိတ်တွေ သိသိသာသာတိုးမြှင့်တော့မှာလည်းဖြစ်ပါတယ်။ ကာကွယ်ရေးမြှင့်တင်မှုအစီအစဉ်မှာ ဂျပန်ဟာ ၂၀၂၃မှ ၂၀၂၇ အထိ(၅)နှစ်တာကလာအတွင်း အမေရိကန်ဒေါ်လာ ၃၁၄.၅ ဘီလျံနှင့်ညီမျှတဲ့ ဂျပန်ယမ်း ၄၃ ထရီလီယံကို သုံးစွဲပါလိမ့်မယ်။ဒီ ပမာဏဟာ လာမယ့်နှစ်မှာပြီးဆုံးမယ့် ဂျပန်ရဲ့ ကာကွယ်ရေးဘတ်ဂျက်ထက်တောင် ၁ဆခွဲများနေပါတယ်။
ဒီလိုဆောင်ရွက်ချက်တွေဟာ အစိုးရအဖွဲ့က ဂျပန်ရဲ့ စစ်ဆန့်ကျင်ရေးအခြေခံဥပဒေကနေသွေဖည်ဆောင်ရွက်တာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေနှင့် ဆက်ဆံရေးပိုမိုဆိုးရွားလာကာ လက်နက်ပြိုင်ဆိုင်မှုကို ပိုပြင်းထန်လာစေလိမ့်မှာမို့ အန္တရာယ်များတဲ့အလုပ်လို့ ပြည်သူတွေက ထင်မြင်နေကြပါတယ်။
ဒီလိုလုပ်ဆောင်တာဟာ ဂျပန်အနေနှင့် ကာကွယ်ရေးမဟာဗျူဟာကနေ တိုက်ခိုက်ရေးမဟာဗျူဟာကို ပြောင်းရွှေ့လိုက် တဲ့သဘောဖြစ်တယ်လို့ ယိုကိုဟားမား အမျိုးသားတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ ရှင်ဂျီယို ဟာဂီဝါယာက ပြောပါတယ်။
“ သိပ်အန္တရာယ်များတယ်လို့ ကျွန်တော်ထင်တယ်။ သုံးထားတဲ့ အထူးသီးသန့် ကာကွယ်ရေးဆိုတဲ့အသုံးအနှုံးက ဗန်းပြ သက်သက်ဖြစ်နေတယ်။ ဂျပန်ဟာ ကာကွယ်ရေးကိုပဲဆက်လုပ်မှာပါလို့ ပါးစပ်ကပြောနေပေမယ့် လက်တွေက အခြား နိုင်ငံတွေရဲ့ စစ်အခြေစိုက်စခန်းတွေကို စတင် တိုက်ခိုက်ဖို့ စဉ်းစားတာပဲဖြစ်တယ်။ ဂျပန်ဟာ သမိုင်းသင်ခန်းစာမယူသေးဘူး” လို့ သူကဆက်ပြောပါတယ်။
ဂျပန်ဟာ တရုတ်နှင့် တစ်ခါက စစ်ပွဲအပြင်းအထန်ဖြစ်ခဲ့ဖူးပြီ။အဲဒီမှာ တရုတ်တွေအများကြီးသေသလို ဂျပန်တွေလည်း သေကြတာပဲ။အနာဂတ် မျိုးဆက်သစ်တွေကို ဒီလမ်းကြောင်းအတိုင်း ဆက်လိုက်ခိုင်းခွင့်မပေးနိုင်ဘူး” လို့ ဆန္ဒပြသူတစ်ဦးကပြောပါတယ်။
ကာလရှည်ကြာထိန်းသိမ်းထားတဲ့ ဂျပန်ရဲ့ကာကွယ်ရေးမူဝါဒဟာ ဂျပန်ကို စစ်အင်အားကြီးနိုင်ငံဖြစ်လာစေဖို့မဟုတ်ဘူး။ဒီလိုပြောင်းလဲလိုက်တာဟာ ဒေသအတွင်း မတည်မငြိမ်ပိုဖြစ်စေလိမ့်မယ် လို့ ဂျပန်ကျိုဒိုသတင်းဌာနက ဝေဖန်ရေးသားခဲ့ပါတယ်။
Source CCTV+
#Japan’s_national defense policy
#Japan_change_defense_strategy
#Geo_politics
Published 19 Dec 2022
တရုတ်အမျိုးသမီးဟာ သူနှင့် ၁၀နှစ်ကြာလက်ထပ်ထားတဲ့ ခင်ပွန်းဖြစ်သူဟာ ငါးမျှားဝါသနာကြီးလွန်းလို့ ကွာရှင်းလိုက်ပါတယ်။ ခင်ပွန်းဟာ ငါးမျှားတာကို မိသားစုအရေးထက် ရှေ့တန်းတင်ထားတယ်လို့ သူမကပြောပါတယ်။
ရှန်ဒေါင်းပြည်နယ် ဂျုယီခရိုင်ပြည်သူ့တရားရုံးမှာ ကျန်လို့အမည်ရတဲ့ အမျိုးသမီးက ခင်ပွန်းဖြစ်သူကို ကွာရှင်းခွင့်လျှောက်ထားခဲ့ပါတယ်။ သူမအနေနှင့် ခင်ပွန်းဖြစ်သူရဲ့ ငါးမျှားတာစွဲလန်းနေမှုအပေါ် ဆက်ပြီး စိတ်မရှည်နိုင်တော့ဘူး၊လုံလောက်ပြီလို့ သူမကပြောပါတယ်။ သူမက အိမ်မှုတာဝန်တွေအကုန်သိမ်းကျုံးလုပ်ပြီး ကလေးနှစ်ယောက်ထိန်းနေရချိန်မှာ ခင်ပွန်းက ဆိုဖာပေါ်မှာ စမတ်ဖုန်းတောက်လျှောက်ပွတ်နေပြီး ညစာစာပြီးတာနှင့် သူငယ်ချင်းတွေနှင့် နေ့တိုင်းငါးမျှားထွက်တော့တာဖြစ်တယ်လို့ သူမက ဆိုပါတယ်။
ငါးမျှားတာထက် သူမနှင့်ကလေးတွေအတွက် အချိန်ပိုပေးဖို့သူမက မကြာခဏ ထပ်တလဲလဲပြောခဲ့ပြီးနောက် မရတော့တဲ့အဆုံး “ကျန်”က ရွေးစရာလမ်းမရှိဘဲ ကွာရှင်းခဲ့ရတာဖြစ်ပါတယ်။
“ ကျွန်မ မနက် ၆နာရီဆို နေ့တိုင်းအိပ်ရာထရတယ်။မနက်စာပြင်ရတယ်။ အဲဒီနောက် ကျွန်မ အလုပ်မသွားခင် ကလေးနှစ်ယောက်ကို ကျောင်းပို့ရတယ်။ နေ့တိုင်း ပန်းကန်ဆေးတော့လည်း ကျွန်မ၊အိမ်သန့်ရှင်းရေးလုပ်တာလည်း ကျွန်မ၊ ကလေးတွေကို ကျောင်းသွားကြိုတာလည်း ကျွန်မ၊ပြီးတော့ ကလေးတွေနှင့်အိမ်စာလုပ်ပေးရတာလည်း ကျွန်မ။ ကျွန်မသိပ်ပင်ပန်းပြီ” လို့ ကျန်က တရားရုံးကို လျှောက်တဲ့စာမှာ ရေးသားဖော်ပြထားပါတယ်။
“ ကျွန်မမနက်စာပြင်ပြီးမှ သူက အိပ်ရာထတယ်။ အလုပ်ကပြန်လာရင်လည်း ဆိုဖာပေါ်မှာပဲလှဲလျှောင်းပြီး မိုဘိုင်းဖုန်းတစ်လုံးနှင့်ဆော့နေတော့တာပဲ” လို့ သူမကဖြည့်စွက်ပြောပါတယ်။” ညစာလည်းစားပြီတာနှင့် ချက်ခြင်းပဲ ငါးမျှားထွက်တော့တာ။ မကြာခဏဆိုသလို ငါးကို တစ်ညလုံးမျှားတာ” လို့လည်း သူမကပြောပါတယ်။
မိန်းမဖြစ်သူရဲ့ ညည်းတွားပြောဆိုသံတွေကို ငြီးငွေ့လာပြီးနောက် “ဆန်း” လို့ခေါ်တဲ့ အဲဒီခင်ပွန်းဖြစ်သူက ကွာရှင်းပေးဖို့ သဘောတူလိုက်ပါတယ်။ (သူ့အနေနှင့် ငါးမျှားဖို့ အချိန်ပိုရသွားပြီလို့ ထင်သွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်)။ သူတို့နှစ်ဦးကို တရားရုံးကစေ့စပ်ပေးဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တရားရုံးက ကွာရှင်းမိန့်ချလိုက်ရပါတယ်။ အမိန့်ချမယ့်အချိန်မှာ “ဆန်း”က လက်ရှိတရားရုံးအလုပ်ရှိနေတာမေ့နေပြီး ငါးထွက်မျှားနေလို့ဖြစ်ပါတယ်တဲ့။
“ ငါးမျှားတာ မကောင်းတဲ့အလုပ်မဟုတ်ပါဘူး။ ဒါပေမယ့် ဘာပဲလုပ်လုပ် စည်းတစ်ခုတော့ရှိရမယ်လေ။ ခင်ဗျား လက်ထပ်ပြီးပြီဆိုရင် ခင်ပွန်းတစ်ယောက်အနေနှင့် ဒါမှမဟုတ် ဇနီးတစ်ယောက်အဖြစ် ပြီးတော့ မိဘအဖြစ် တာဝန်ယူဖို့လိုတယ်။ မိသားစုရဲ့ရှေ့မှာ ငါးမျှားတဲ့အလုပ်ကိုသွားမထားပါနှင့်” လို့ တရားသူကြီး ဖူဟောင်လျန်းက “ဆန်း”ကိုပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။ ဒါပေမယ့် “ဆန်း”ကြည့်ရတာ အဲသလိုပြောလို့ နာတဲ့ပုံလည်း မပေါ်ပါဘူးလို့ သတင်းမှာရေးသားထားပါတယ်။
Source:SCMP
#fishing_addiction
#Wife_divorces_husband_of_fishing_addiction
#Strange_News
Published 18 Dec 2022
မြောက်ကိုရီးယားနိုင်ငံဟာ ကိုရီးယားကျွန်းဆွယ်အရှေ့ဖက်ကမ်းခြေ ပင်လယ်ထဲကို ပဲ့ထိန်းဒုံးကျည်နှစ်စင်း ဒီဇင်ဘာ ၁၈ ရက် တနင်္ဂနွေနေ့က ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုးရီးယားနှင့် ဂျပန်တို့ကပြောပါတယ်။
တောင်ကိုးရီးယား ပူးတွဲစစ်ဦးစီးချုပ် (JCS) ကပြောကြားရာမှာ တာလတ်ပစ် ဒုံးကျည်နှစ်စင်းဟာ ၅၀၀ကီလိုမီတာ အမြင့်ကနေ ပျံသန်းသွားတယ်လို့ ဆိုပါတယ်။
ဂျပန်ဒုတိယ ကာကွယ်ရေးဝန်ကြီး တိုရှီယိုအီနိုကလည်း ‘ ဒုံးကျည်တွေဟာ ဂျပန်ရဲ့ အထူးစီးပွားရေးဇုန်အပြင်ဘက်ကျသွားခဲ့ပုံရပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သတင်းတွေတက်မလာဘူး” လို့ ပြောပါတယ်။
“ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တွေဟာ ခပ်မတ်မတ်ပစ်လွှတ်ခဲ့တာဖြစ်ပြီး အရှေ့ပင်လယ်ထဲကျသွားတယ်” လို့ တောင်ကိုးရီးယားနိုင်ငံ (JCS)က သတင်းထုတ်ပြန်ပါတယ်။
“ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုက ထောက်လှမ်းရေးအဖွဲ့တွေဟာ မြောက်ကိုရီးယားရဲ့ လက်ရှိ ဒုံကျည်တွေပစ်လွှတ်နေတာနှင့် ဆက်စပ်ပြီး ဘာကိုဦးတည်နေသလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာသုံးသပ်နေတယ်” လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြောက်ကိုရီးယားဟာ မဟာဗျူဟာအစ်လက်နက်တွေထုတ်လုပ်ဖို့နှင့် နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်တွေ အရှိန်မြှင့်ဖို့ ကြံစည်နေတဲ့အလျောက် မကြာသေးခင်က မြင့်မားကန်အားရှိ solid-fuel အင်ဂျင်ကိုစမ်းသပ်ခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုဟာ ပဲ့ထိန်းဒုံးကျည်တွေကို လျင်လျင်မြန်မြန်ရွှေ့ပြောင်းနေရာချပေးနိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ အဆိုပါအင်ဂျင်စမ်းသပ်ပြီး ရက်အနည်းငယ်အကြာမှာ မြောက်ကိုရီးယားက ယခုလို ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ ပြန်လုပ်ဆောင်လာခြင်းဖြစ်ပါတယ်။
အဆိုပါစမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုန်အန်ကိုယ်တိုင် ကြာသပတေးနေ့က ဦးစီးခဲ့တာဖြစ်ပြီး ဒုံးပျံအင်ဂျင်တွေနှင့် အကာသပစ်တင်ယာဉ်တွေစမ်းသပ်မှုတွေအပါအဝင် ဒုံးကျည်နည်းပညာတွေ စမ်းသပ်နေတဲ့နေရာဖြစ်တဲ့ ဆိုဟေးဂြိုဟ်တုစခန်းမှာ လုပ်ဆောင်ခဲ့တာပါ။
မြောက်ကိုးရီးယားဟာ နိုင်ငံတကာကကန့်ကွက်အရေးယူမှုတွေပြုလုပ်နေတဲ့ကြားထဲက ဒီနှစ်ထဲမှာ မကြုံစဖူး ဒုံးကျည်တွေအများအပြားစမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ အဲဒီအထဲမှာ တိုက်ကြီးအချင်းချင်းပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံကျည်တစ်စင်းလည်းပါဝင်ပါတယ်။ အဲဒီဒုံးကျည်ဟာ အမေရိကန် ပင်မကုန်းမြေကြီးအထိရောက်အောင်ပစ်ခတ်နိုင်ပါတယ်။
ဂျပန်နိုင်ငံကလည်း တရုတ်ကိုတိုက်ခိုက်နိုင်စွမ်းရှိတဲ့ ဒုံးကျည်တွေဝယ်ယူမယ့် အမေရိကန်ဒေါ်လာ ၃၂၀ဘီလျံတန် စစ်ရေးမြှင့်တင်မယ့်အစီအစဉ်ကို သောကြာနေ့ကကြေညာခဲ့ရာမှာ ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးကျယ်ဆုံးဖြစ်ပါတယ်။
Source:Reuters/CNA
#North_Korea_Launches_two_missiles
#North_Korea_Missile_testings
#Korea_ Peninsula_tension
#World_Health
Published 18 December 2022
အခုနောက်ပိုင်းခေတ်မှာ အမျိုးသားတွေရဲ့ သုတ်ပိုးအကောင်ရေ သိသိသာသာလျော့နည်းလာကြကာ မျိုးမအောင်တဲ့ပြဿနာ အဖြစ်များလာကြပါတယ်။
တဲလ်အေဗစ်ဆူရာစကီဆေးစင်တာရှိ အမျိုးသားကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ'စနဲဒက်ကလို'က ဒီလိုဖြစ်ရတဲ့အကြောင်းကို ရှင်းပြသွားပါတယ်။
အရင်တုန်းက စုံတွဲတွေ ကလေးမရဘူးဆိုရင် အမျိုးသမီးတွေကြောင့်လို့ ယေဘုယျယူဆခဲ့ကြပါတယ်။
အခုခေတ်မှာတော့ ကလေးမရခြင်းရဲ့ ပြဿနာအကြောင်းအရင်း ၅၀ ရာခိုင်နှုန်းလောက်က အမျိုးသားတွေကြောင့်လည်း ဖြစ်တယ်လို့ သိလာကြပါပြီ။
ဒီအကြောင်းနဲ့ပတ်သက်ပြီးလည်း အချက်အလက်တွေက ရှုပ်ထွေးလျက်ရှိပြီး သုတ်ပိုးအကောင်ရေက တက်လိုက်ကျလိုက်ဖြစ်နေတတ်ပါတယ်။
သုတ်ပိုးကျဆင်းရခြင်းအကြောင်းအရင်း များစွာခန့်မှန်းနေကြပေမယ့် စိတ်ဖိစီးမှု၊ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဘောင်းဘီအိတ်ထဲ လက်ကိုင်ဖုန်းထည့်ခြင်းတို့လောက် သေချာမသိကြပါဘူး။
ဒီပြဿနာအတွက် အမျိုးသမီးတွေကို ကုသတဲ့နည်းလမ်းများရှိသလို အမျိုးသားတွေအတွက်လည်း နည်းလမ်းတွေရှိပါတယ်။
သုတ်ရည်လွှတ်လိုက်တဲ့အထဲ ပမာဏ ၁ စီစီမှာ သုတ်ပိုးအကောင်ရေ ၁၅ သန်းရှိသင့်တဲ့အပြင် သုတ်ရည်ပမာဏ၊ သုတ်ပိုးလှုပ်ရှားနိုင်စွမ်းတို့ကိုလည်း အလေးထားရပါမယ်။
လှုပ်ရှားနိုင်စွမ်းကောင်းတဲ့ သုတ်ကောင်ရေ အနည်းဆုံး ၄၀ ရာခိုင်နှုန်းပါဝင်ဖို့လိုပြီး အရည်အသွေးလည်း ကောင်းရပါမယ်။
အမျိုးသားအယောက် ၁၀၀ မှာ တစ်ယောက်နှုန်းက သုတ်ရည်လွှတ်လိုက်တဲ့အထဲ သုတ်ပိုးလုံးဝမပါဝင်တာမျိုး ဖြစ်တတ်ပါတယ်။
ဓာတုကုထုံးများခံယူနေရတဲ့ အမျိုးသားတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ဝှေးစေ့မဖွံ့ဖြိုးတဲ့အမျိုးသားတွေမှာ အဖြစ်များတတ်ပါတယ်။
အချို့လူတွေမှာတော့ သုတ်ပိုးထုတ်လွှတ်ရာ ဝှေးစေ့လမ်းကြောင်းမှာ ပိတ်ဆို့နေတာမျိုး ဖြစ်နေတတ်ပါတယ်။
သူတို့မှာတော့ သုတ်ပိုးထွက်ရှိတာဖြစ်တဲ့အတွက် ဝှေးစေ့ကနေ တိုက်ရိုက်ရရှိနိုင်အောင် ခွဲစိတ်နိုင်ရင် ၁၀၀ ရာခိုင်နှုန်းအောင်မြင်နိုင်ပါတယ်။
သုတ်ပိုးကောင်ရေနည်းခြင်း လှုပ်ရှားနိုင်စွမ်းနည်းခြင်းတို့မှာတော့ ကိုယ်အလေးချိန်လျှော့ချခြင်း၊ ဆေးလိပ်ဖြတ်ခြင်း စသဖြင့် နေထိုင်မှုပုံစံပြောင်းလဲပစ်ရပါတယ်။
ယောက်ျားတွေဟာ ဘဝတလျှောက်လုံး သုတ်ပိုးထုတ်လုပ်နိုင်ပေမယ့် အသက်ကြီးလာတာနဲ့အမျှ သုတ်ပိုးအရည်အသွေးကျဆင်းလာပါတယ်။
အခုခေတ်ဟာ မျိုးမအောင်တဲ့ပြဿနာဟာ ကိုယ်တစ်ယောက်တည်းဖြစ်တာ မဟုတ်ဘူးဆိုတာကို သိလာတာနဲ့အမျှ ပိုမိုပွင့်လင်းစွာပြောကြားလာကြတာကြောင့် ကုသမှုခံယူလာကြပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Health
Published 18 December 2022
ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်ဟာ အချို့လူတွေရဲ့ မျိုးရိုးဗီဇနဲ့ သက်ဆိုင်နေကြောင်း လေ့လာတွေ့ရှိထားပါတယ်။
မိမိကိုယ်ကိုသတ်သေခြင်း ဒါမှမဟုတ် သတ်သေချင်စိတ်ရှိတဲ့ စစ်မှုထမ်းဟောင်းတွေမှာ အတွေ့များတဲ့မျိုးရိုးဗီဇ ၄ မျိုးကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။
ထိုမျိုးရိုးဗီဇတွေက စိတ်ထိခိုက်ဒဏ်ရာရခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်စဉ်တို့နဲ့ ဆက်စပ်နေတာကို အရင်ကလည်း တွေ့ရှိခဲ့ကြပါတယ်။
ဒီမျိုးရိုးဗီဇတွေက သတ်သေချင်စိတ်ကို ဖြစ်စေပေမယ့် လူတွေရဲ့အနာဂတ်ကိုတော့ ဆုံးဖြတ်ပေးတာမဟုတ်ပါဘူး။
၂၀၂၀ မှာ အမေရိကန်လူမျိုး ၄၅,၉၇၉ ယောက် ကိုယ့်ကိုယ်ကိုသတ်သေခဲ့ပြီး စစ်မှုထမ်းဟောင်း ၆,၁၄၆ ယောက် ပါဝင်ခဲ့ပါတယ်။
အသက် ၄၅ နှစ်အောက် အမေရိကန်အမျိုးသားတွေမှာ ကိုယ့်ကိုယ်ကိုသတ်သေခြင်းက ဒုတိယသေဆုံးမှုအများဆုံး အကြောင်းအရင်းဖြစ်နေကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အမျိုးသမီးတွေမှာလည်း ၅၀ ရာခိုင်နှုန်း အဖြစ်များလာကာ ဆိုရှယ်မီဒီယာတွေကနေ စိတ်ဖိစီးမှုတွေနဲ့ မိမိကိုယ်ကိုယုံကြည်မှု ပြဿနာတွေ များလာတာက အဓိကသက်ဆိုင်နေနိုင်တယ်လို့ ပညာရှင်များက သတိပေးထားပါတယ်။
စစ်မှုထမ်းဟောင်း ၆၃၀,၀၀၀ ပါဝင်တဲ့ ဒေတာဘေ့စ်ထဲက သွေးနမူနာများကို မြောက်ကယ်ရိုလိုင်းနားမှ သုတေသီများ လေ့လာခဲ့ကြပါတယ်။
မျိုးရိုးဗီဇတွေက လူတိုင်းရဲ့သွင်ပြင်လက္ခဏာတွေနဲ့ ဦးနှောက်ဆောင်ရွက်ပုံတို့မှာ ပါဝင်ပတ်သက်နေပါတယ်။
လူတစ်ယောက်မှာ မျိုးရိုးဗီဇအတွဲပေါင်း ၂ သောင်းခန့်ရှိပါတယ်။
ဖခင်ဆီက တစ်ခုနဲ့ မိခင်ဆီက တစ်ခုတို့ဟာ သားအိမ်ထဲမှာပေါင်းစပ်ပြီး တစ်စုံဖြစ်သွားပါတယ်။
မျိုးရိုးဗီဇကွဲပြားချက်အရ လူတစ်ယောက်ရဲ့ ဦးနှောက်၊ အာရုံကြောစနစ်၊ ခန္ဓာကိုယ်လုပ်ဆောင်မှုတို့ဟာ စိတ်ကျန်းမာရေးအပေါ် သိသိသာသာပြောင်းလဲမှု ဖြစ်ပေါ်စေပါတယ်။
စမ်းသပ်ခဲ့တဲ့သူတွေထဲမှာ မိမိကိုယ်ကိုသတ်သေချင်သူနဲ့ သတ်သေဖို့ကြိုးပမ်းခဲ့သူ ၁၂၁,၂၁၁ ဦးရှိခဲ့ပါတယ်။
ထိုလူတွေမှာ အတွေ့အများဆုံးမျိုးရိုးဗီဇ ၄ မျိုးက ESR1, DRD2, DCC နဲ့ TRAF3 တို့ဖြစ်ပါတယ်။
မျိုးရိုးဗီဇတွေက အခြားပြဿနာအန္တရာယ်တွေမှာ သိပ်ပြီးမသက်ရောက်ပေမယ့် သတ်သေချင်စိတ်နဲ့ ပတ်သက်လာရင်တော့ ဇီဝဖြစ်စဉ်လမ်းကြောင်းတွေကို သိထားဖို့လိုပါတယ်လို့ ဒေါက်တာ'နသန်ကင်ဘရယ်လ်'က ဖော်ပြထားပါတယ်။
ကိုယ့်ကိုယ်ကိုသတ်သေချင်တဲ့စိတ်ဟာ အချို့လူမျိုးတွေနဲ့ ပိုမိုသက်ဆိုင်တယ်ဆိုတဲ့ ပတ်သက်မှုမျိုးတော့ မတွေ့ခဲ့ကြပါဘူး။
Source: DailyMail
#Yangon_Media_Group
#World_Species
Published 17 December 2022
မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ အာဖရိကကုန်းတွင်းလိပ်အကောင်ရေ တိုးများလာစေရန်ရည်ရွယ်ပြီး လိပ်ကောင်ရေ ၅၀ ခန့်ကို မိုနာကိုကနေ ဆီနီဂေါကို စနေနေ့က ပို့ဆောင်နေပြီဖြစ်ပါတယ်။
#Yangon_Media_Group
Published 17 Dec 2022
အဆိပ်သင့်တဲ့အရက်ကြောင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်မှာ လူ ၃၇ ဦးသေဆုံးခဲ့ရတယ်လို့ ဒီဇင်ဘာ ၁၇ ရက် စနေနေ့မှာ အရာရှိတွေကပြောပါတယ်။ အဲဒီပြည်နယ်ဟာ အရက်သောက်သုံးခြင်း တားမြစ်ထားတဲ့ပြည်နယ်ဖြစ်ပြီး အတည်မပြုရသေးတဲ့သတင်းတွေအရ သေဆုံးသူအရေအတွက်ဟာ ၆၀ကျော်အထိရှိနေတယ်လို့လည်းသိရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ နေရာတော်တော်များများမှာ အရက်ကိုရောင်းချသောက်သုံးခြင်းတွေကို တားမြစ်ထားတဲ့အတွက် အရက်ပုန်းသမား ပုရိဿတွေအတွက် မှောင်ခိုဈေးကွက်ဟာ အလုပ်ဖြစ်နေခဲ့ပါတယ်။ အဲဒီမှောင်ခိုအရက်တွေဟာ တစ်ခါတစ်ရံမှာ အက်သနောတွေထည့်ထားလို့ နှစ်စဉ် လူရာနှင့်ချီသေဆုံးနေခဲ့ကြရပါတယ်။
ဒေသကထုတ်တဲ့ချက်အရက် မာဟွာနှင့် ဒေစီဒါရူးတွေကို တနင်္လာနေ့က မင်္ဂလာဆောင်တစ်ခုနှင့် အခြားပွဲတွေမှာ ရွာတော်တော်များများက ရွာသားတွေ သောက်သုံးခဲ့ကြတယ်လို့ နောက်ဆုံးအဖြစ်ဆိုးမှာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကပြောပါတယ်။
တော်တော်များများဟာ ဗိုက်အောင့်ပြီး အမြင်အာရုံပျောက်ကုန်တယ်လို့ ပြောဆိုလာကြပြီးနောက် အော့အန်လာကြပါတယ်။ ကြာသပတေးနေ့အထိ နောက်ထပ် ၂၀ ဦးသေဆုံးခဲ့ပြီး စနေနေ့မှာတော့ လူဒါဇင်ခန့်ဟာ ဆေးရုံမှာ အသည်းအသန်ဖြစ်နေကြပါတယ်။
“ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း လူပေါင်း နှစ်ဒါဇင်ကျော် သေဆုံးခဲ့တယ်” လို့ ပုလိပ်အရာရှိ တစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။ အခုအထိ ၃၇ ဦးသေဆုံးခဲ့ပြီလို့လည်း သူကပြောပါတယ်။ ဒါပေမယ့် ဒေသမီဒီယာတွေက သတင်းရေးနေကြတဲ့ ၆၂ ဦးသေတယ်ဆိုတာကိုတော့ သူက အတည်ပြုမပေးနိုင်ပါဘူး။
တရားမဝင်အရက်ချက်လုပ်ရောင်းချတာနှင့်ပတ်သက်တဲ့ လူ၁၀၀ကျော်ကို လွန်ခဲ့တဲ့ သုံးရက်အတွင်း ရဲက ထိန်းသိမ်းလိုက်ပါတယ်။အရက် ၆၀၀လီတာကျော်ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။
မှောင်ခိုဈေးကွက်နှိမ်နှင်းဖို့ ဒေသအာဏာပိုင်တွေဟာ ဒရုန်းတွေ၊ရဟတ်ယာဉ်တွေနှင့် မော်တော်ဘုတ်တွေအသုံးပြု ကြိးစားခဲ့ကြပေမယ့် အခုနောက်ဆုံး ဖြစ်ရပ်ဟာ အလားတူဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ခဲ့တာတွေမှာ နောက်ဆုံးဖြစ်ခဲ့ရတာလို အေအက်ဖ်ပီကသတင်းပေးပို့ပါတယ်။
Source AFP
#Toxic_alcohol_kills_37_in_India
#Toxic Alcohol_incident_Bihar
#India_Illegal_Alcohol_business
Page 549 of 864