#World_News
Published 30 March 2024
အမေရိကန် ကွန်ဂရက်မှာ အငြင်းပွားနေကြတာကြောင့် ကတိပေးထားတဲ့အတိုင်း စစ်ရေးကူညီမှုများ မရရှိပါက ယူကရိန်းတပ်တွေအနေနဲ့ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားရလိမ့်မယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက အင်တာဗျူးတစ်ခုမှာ သောကြာနေ့က ပြောကြားလိုက်ပါတယ်။
အကယ်၍ အမေရိကန်မှ အကူအညီများ မရရှိပါက ယူကရိန်းအနေနဲ့ လေကြောင်းကာကွယ်ရေးတွေ၊ ဒုံးကျည်တွေ၊ စစ်သင်္ဘောတွေ၊ အမြှောက်ကျည်ဆံတွေ ရှိမှာမဟုတ်ဘူးလို့ ဇယ်လန်စကီက ဝါရှင်တန်ပို့စ်ကို ပြောပြလိုက်ပါတယ်။
ဖြည်းဖြည်းချင်းစီ ဆုတ်ခွာသွားရမှာဖြစ်ပြီး အဲဒီလိုနောက်မဆုတ်ရဖို့ နည်းလမ်းတွေ ရှာဖွေသွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်နက်ခဲယမ်းတွေ ပြတ်လပ်လာတာကြောင့် ရှေ့တန်းမှာ အင်အားလျော့ရဲလာပြီး ကျိုးပေါက်သွားမယ်ဆိုရင် ရုရှားတွေက မြို့ကြီးတွေကို ဝင်ရောက်လာနိုင်တယ်လို့ ပြောပြသွားပါတယ်။
ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်က စစ်ရေးနဲ့ ဘဏ္ဍာရေးထောက်ပံ့မှုအတွက် အတည်ပြုပေးဖို့ ရီပတ်ဘလစ်ကန် ထိန်းချုပ်ထားတဲ့ အမေရိကန် အောက်လွှတ်တော်ကို တိုက်တွန်းနေပေမယ့် အောက်လွှတ်တော်ဥက္ကဌ မိုက်ခ်ဂျွန်ဆန်က ပြည်တွင်းရေးတွေကို အဓိကထားရမယ်ဆိုပြီး လနဲ့ချီအောင် အချိန်ဆွဲထားပါတယ်။
ကူညီထောက်ပံ့ရေးကို အတည်ပြုပေးဖို့က အလွန်အရေးကြီးကြောင်း ဇယ်လန်စကီက ဂျွန်ဆန်ကို တယ်လီဖုန်းဖြင့် ပြောကြားခဲ့ပါတယ်။
ယူကရိန်းဟာ ဒုံးကျည်ပြတ်လပ်လာတဲ့အတွက် ပြည်တွင်းထုတ် လက်နက်တွေ လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ အစားထိုးထားပေမယ့် လုံလောက်ခြင်းမရှိဘူးလို့ ယူကရိန်းသမ္မတက ပြောကြားထားပါတယ်။
လတ်တလောမှာ ရုရှားတို့က စွမ်းအင်နဲ့ အခြားအခြေခံ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်လာပါတယ်။
ယူကရိန်းကလည်း ဒရုန်းများဖြင့် ကိုယ်ပိုင်ဒရုန်းများဖြင့် တိုက်ခိုက်နိုင်ကြောင်း၊ ရုရှားဘက်က တိုက်ခိုက်လာခဲ့ရင် ပြန်တိုက်မှာဖြစ်ပြီး ရုရှားအနေနဲ့ လောင်စာတွေ၊ လျှပ်စစ်မီးတွေမရှိဘဲ နေသွားရမှာဖြစ်ကြောင်း၊ ရုရှားတွေရပ်တန့်တဲ့အခါမှသာ ယူကရိန်းကလည်း ရပ်တန့်မှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
#World_News #ယူကရိန်းတပ်များဆုတ်ခွာရ #ဇယ်လန်စကီပြော #Source: Reuters
#World_Health
Published 30 March 2024
အစာအိမ်အူလမ်းကြောင်းစနစ်က အစာခြေခြင်း၊ အာဟာရစုပ်ယူခြင်း၊ အညစ်အကြေးစွန့်ခြင်းတို့ ပြုလုပ်ရာမှာ ပါဝင်ပတ်သက်နေပါတယ်။
အူလမ်းကြောင်းမှာ ဘက်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ် အပါအဝင် အဏုဇီဝပိုးမွှားများ ထရီလီယံနဲ့ချီပြီး ရှိနေပါတယ်။
နနွင်းမှာပါဝင်တဲ့ ကာကူမင်ဒြပ်ပေါင်းမှာ ရောင်ရမ်းခြင်းနဲ့ ဓာတ်တိုးခြင်းတို့ကို ဆန့်ကျင်တဲ့ အစွမ်းသတ္တိများရှိကာ အူလမ်းကြောင်း ရေရှည်ရောင်ရမ်းခြင်းက ကောင်းကျိုးပြုပိုးမွှားများကို ထိခိုက်စေကာ ကျန်းမာရေးပြဿနာ အမျိုးမျိုး ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် နနွင်းအပြင် အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေမယ့် အခြားဆေးဖက်ဝင်ပစ္စည်းများကို ဖော်ပြလိုက်ပါတယ်။
(၁) ဂျင်းက အစာခြေစနစ်ကို ကောင်းမွန်စေပြီး အကျိုးပြုဘက်တီးရီးယားများကို တိုးပွားစေပါတယ်။
(၂) ကြက်သွန်ဖြူမှာ ပိုးသတ်နိုင်တဲ့ အာနိသင်ရှိပြီး အူလမ်းကြောင်းပိုးမွှားများကို ကျန်းမာစေပါတယ်။
(၃) အော်ရီဂါနိုက အူလမ်းကြောင်းပိုးမွှားများကို ကျန်းမာစေရန် အထောက်အကူ ပြုပါတယ်။
(၄) ပူရှိန်းရွက်က လေထလေပွခြင်း၊ အစာမကြေခြင်းတို့ကို သက်သာစေကာ အန္တရာယ်ပြုဘက်တီးရီးယားများမှ ကာကွယ်ပေးပါတယ်။
(၅) သစ်ကြံပိုးခေါက်မှာ ရောဂါပိုးသန့်စင်နိုင်တဲ့ အစွမ်းသတ္တိရှိပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးပါတယ်။
(၆) စမုန်စပါးစေ့က အစာခြေခြင်းကို အကူအညီဖြစ်စေပြီး လေပွခြင်းကို သက်သာစေပါတယ်။
(၇) ကမ်မိုမိုင်က ရောင်ရမ်းခြင်းကို ဆန့်ကျင်နိုင်ကာ အစာခြေစနစ်ကို ချောမွေ့စေပါတယ်။
(၈) နွယ်ချိုမြစ်က အူလမ်းကြောင်းထဲက ရောင်ရမ်းခြင်းကို လျှော့ချပေးကာ အကျိုးပြုဘက်တီးရီးယားများ ကြီးထွားမှုကို ထောက်ပံ့ပေးပါတယ်။
(၉) ပင်စိမ်းက ရောဂါပိုးများ သေစေနိုင်ကာ ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးပါတယ်။
အူလမ်းကြောင်းကျန်းမာရေး ကောင်းမွန်စေရန် ထိုဆေးဖက်ဝင်ပစ္စည်းများကို နည်းလမ်းအမျိုးမျိုးဖြင့် စားသုံးသင့်ပါတယ်။
#Source: DoctorNDTV #World_Health #ကောင်းကျိုးပြုပိုးမွှားများကြီးထွားမှု #ဆေးဖက်ဝင်ပစ္စည်းများ
ဂျပန်တွင် တစေးနီထမင်းစားသုံးခြင်းနှင့်ပတ်သက်၍ သေဆုံးသူ(၂)ဦးရှိနေကာ ကျန်းမာရေးပြဿနာတိုင်ကြားချက်များလည်းထွက်ပေါ်
ဂျပန်မှာ ကျန်းမာရေးဖြည့်စွက် စားစရာတစ်ခုဖြစ်တဲ့ တစေးနီထမင်းနဲ့ ပတ်သက်ကာ သေဆုံးသူ အနည်းဆုံး ၂ ဦးရှိပါပြီ။ လူတစ်ဦးဟာ ထိုထမင်းစားပြီးနောက် ကျောက်ကပ်ရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း အင်္ဂါနေ့က သတင်းထွက်ပေါ်ခဲ့ပြီး ဂျပန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ကိုဘာယာရှီက ထိုပစ္စည်းကို ပြန်လည်သုံးသပ်နေပါတယ်။
#Asia_Health
Published_ 29 March 2024
#တစေးနီထမင်းစားသုံးခြင်း #သေဆုံးသူ(၂)ဦးရှိ
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 29 March 2024
၁။ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း စမ်းသပ်ဇုန်ဧက(၇၀၀)နီးပါး ဆောင်ရွက်အောင်မြင်ခဲ့
၂။ မျှင်ကောင် ဖမ်းဆီးရရှိမှုနည်းလာသဖြင့် မျှင်ငါးပိ ဈေးနှုန်းများလည်းမြင့်လာ
၃။ မြန်မာဖူဆယ်-အာဖဂန်နစ္စတန်ဖူဆယ်ပွဲ ရက်ပိုင်းအတွင်းကန်မည်၊ လက်မှတ်များစရောင်းနေပြီဖြစ်
၄။ ဂျပန်တွင် တစေးနီထမင်းစားသုံးခြင်းနှင့်ပတ်သက်၍ သေဆုံးသူ(၂)ဦးရှိနေကာ ကျန်းမာရေးပြဿနာတိုင်ကြားချက်များလည်းထွက်ပေါ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_News
Published 29 March 2024
နိုင်ငံရပ်ခြားအဖွဲ့အစည်း ၆၀၀ ကျော်သို့ ကုန်ပစ္စည်များတင်ပို့နေခြင်းကို ရပ်တန့်ရန် အမေရိကန်ပြည်ထောင်စုက အမေရိကန် ကုမ္ပဏီတွေကို တောင်းဆိုလိုက်ကာ ထိုကုန်ပစ္စည်းတွေဟာ ယူကရိန်းကို ကျူးကျော်ရန် ကြိုးပမ်းနေတဲ့ ရုရှားတို့အသုံးပြုစရာ ဖြစ်လာမှာကို စိုးရိမ်ရတယ်လို့ အမေရိကန် အရာရှိတစ်ဦးက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
ကုန်သွယ်ရေးဝန်ကြီးဌာနက မကြာသေးမီက ရက်သတ္တပတ်တွေမှာ အနည်းဆုံး ကုမ္ပဏီ ၂၀ သို့ သတိပေးစာ ပေးပို့ခဲ့ပြီး ယူကရိန်းမှာ ရုရှားတို့စစ်ပွဲဆင်နွှဲနေခြင်းကို ဟန့်တားဖို့ ကြိုးစားနေတာဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေးဌာနမှ အရာရှိတစ်ဦးက ဆိုလိုက်ပါတယ်။
ထိုကုမ္ပဏီမှ ထုတ်လုပ်ရောင်းချခဲ့တဲ့ ပစ္စည်းတွေကို ယူကရိန်းနိုင်ငံအတွင်း တွေ့ရှိခဲ့တဲ့ ဒုံးကျည်တွေ ဒရုန်းတွေမှာ တွေ့ရပါတယ်။
ယူကရိန်းကို ရုရှားတို့ကျူးကျော်ကတည်းက အမေရိကန်နဲ့အတူ အခြားနိုင်ငံ ၃၀ လောက်ဟာ ရုရှားရဲ့နည်းပညာပိုင်း ရရှိအသုံးပြုနိုင်စွမ်းကို လျှော့ချနိုင်ရန် ရည်ရွယ်ကာ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပေမယ့် ယူကရိန်းစစ်မြေပြင်တွေမှာ ကျန်ခဲ့တဲ့ ရုရှားလက်နက်တွေမှာ အမေရိကန် အစိတ်အပိုင်းများကို တွေ့ရှိရပါတယ်။
နိုင်ငံရပ်ခြားကုမ္ပဏီတွေကို ရောင်းချလိုက်ရာကနေ ရုရှားကို ရောက်ရှိလာမှာ စိုးရိမ်တဲ့အတွက် အမေရိကန် ကုမ္ပဏီတွေအနေနဲ့ တင်ပို့မှုရပ်ဆိုင်းရန် စာဖြင့်တောင်းဆိုလိုက်တယ်လို့ လက်ထောက်အတွင်းရေးမှူး မက်သရူးအိတ်ဇဲလ်ရော့ဒ်က ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ နှစ်စဥ်တင်ပို့မှုထိန်းချုပ်ရေး အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
ထုတ်ကုန်ပစ္စည်းများ ရုရှားသို့ရောက်ရှိခြင်းကို ကာကွယ်နိုင်ရန် ကုန်သွယ်ရေး၊ နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေးဌာနများမှ အကြီးတန်း အမေရိကန်အရာရှိများက အမေရိကန်ကုမ္ပဏီများမှ ခေါင်းဆောင်များနဲ့ ဆွေးနွေးနိုင်ရန် တိုက်ရိုက်ချိတ်ဆက်နေတယ်လို့ အိတ်ဇဲလ်ရော့ဒ်က ပြောပြသွားပါတယ်။
#World_News #ရုရှားသို့လက်နက်နည်းပညာများရောက်ရှိ #ကုန်ပစ္စည်းများတင်ပို့ရပ်ဆိုင်း #Source: Reuters
#World_Science
Published 29 March 2024
ကျွန်ုပ်တို့နေစကြဝဠာရှိ အဓိကနေရာတွေထဲက ရေခဲတွေထဲကနေ ဂြိုဟ်သားသက်ရှိများကို ရှာဖွေတွေ့ရှိနိုင်ဖွယ် ရှိတယ်လို့ သုတေသီများ ငြင်းခုံနေကြပါတယ်။
ဆေတန်ဂြိုဟ်နဲ့ ဂျူပီတာဂြိုဟ်တို့ကို လှည့်ပတ်နေတဲ့ လတွေမှာ ရေခဲလွှာအောက် သမုဒ္ဒရာပြင်ကျယ်ကြီးများ ရှိနေပြီး ဂြိုဟ်သားသက်ရှိမျိုးစိတ် အများအပြား နေထိုင်ရာနေရာ ဖြစ်နိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်များ ငြင်းခုံလာကြတာ ကြာပါပြီ။
ကမ္ဘာမြေပေါ်မှ စွမ်းအားမြင့်တယ်လီစကုပ်များဖြင့်လည်း အတည်ပြုနိုင်ပေမယ့် ထိုအရာများမှ ရေများကို ဆန်းစစ်ရန် လိုအပ်နေပါတယ်။
ရေခဲလွှာတွေကနေ ထွက်လာတဲ့ ရေပန်းဖွားပုံစံတွေက စဥ်းစားစရာဖြစ်လာပြီး သိပ္ပံပညာရှင်တွေက အာကာသယာဥ်များလွှတ်ကာ လေ့လာနေပြီဖြစ်ပါတယ်။
ကိရိယာပစ္စည်းတွေသုံးပြီး လေ့လာချက်တွေက ပိုမိုသေချာလာစေသလို ကမ္ဘာမြေပေါ်ကလိုမျိုး သက်ရှိတွေ တွေ့ရှိလာနိုင်တယ်လို့ ဝါရှင်တန်တက္ကသိုလ်မှ ဦးဆောင်စာတမ်းပြုစုသူ ဖေဘီယန်ကလင်နာက ယုံကြည်နေပါတယ်။
လတ်တလော လေ့လာချက်များအရ အဆိုပါ ရေမွှားများ အနည်းငယ်မျှရှိလျှင်ပင် ဂြိုဟ်သားသက်ရှိ ဖြစ်တည်မှုကို တွေ့နိုင်ခြေရှိနေပါတယ်။
နာဆာနဲ့ အခြားအာကာသအေဂျင်စီများ ပူးပေါင်းလုပ်ဆောင်တဲ့ ကာဆီနီမစ်ရှင်မှာဆိုရင် ဆေတန်ရဲ့လတွေထဲက တစ်ခုဖြစ်တဲ့ အင်ဆဲလာဒပ်စ် တောင်ဝင်ရိုးစွန်းမှာ ကွဲအက်ကြောင်းတွေ မြင်တွေ့ရပြီး ဓာတ်ငွေ့နဲ့ ရေခဲမှုန်များ ထုတ်လွှတ်နေပါတယ်။
ယူရိုပါလကမ္ဘာကို ကူညီလေ့လာပေးမယ့် ယူရိုပါကလစ်ပါမစ်ရှင်ကို အောက်တိုဘာလမှာ ပြုလုပ်မှာဖြစ်ပြီး ကိရိယာများ ပိုမိုပါဝင်မှာ ဖြစ်ပါတယ်။
အနာဂတ် အာကာသမစ်ရှင်များအတွက် ဖန်တီးထားတဲ့ အာကာသကိရိယာတွေဟာ ရေပန်းဖွားများရှိ ဆဲလ်အဆင့် အရာဝတ္ထုတွေကို ရှာဖွေတွေ့ရှိနိင်တဲ့ စွမ်းရည်ရှိပါတယ်။
#World_Science #ယူရိုပါလမှရေပန်းဖွားပုံစံ #သက်ရှိဂြိုဟ်သားများရှာတွေ့နိုင် #Source: WION
#World_Health
Published 29 March 2024
အသီးတွေ အရွက်တွေ အခွံနွှာစားတာ ကောင်းလား မကောင်းဘူးလား ဆိုတာနဲ့ အာဟာရဓာတ်တွေက အခွံမှာပဲ ပါတာလားဆိုတာကို လူအများသိချင်နေကြပါတယ်။
ခရမ်းချဥ်သီး၊ ငရုတ်ပွသီး၊ ဆလတ်ရွက်၊ ဂေါ်ဖီတို့ကို အခွံမနွှာကြပါဘူး။
လိမ္မော်သီး၊ မုန်လာဥနီတို့ကိုတော့ အမြဲတမ်းအခွံနွှာကြပါတယ်။
ပန်းသီး၊ သခွားသီးတို့နဲ့ ပတ်သက်လာရင်တော့ အငြင်းပွားစရာရှိပါတယ်။
လူအများက သခွားသီးအခွံမှာ အာဟာရဓာတ်တွေ ပါဝင်တယ်လို့ယူဆကြပြီး အခွံပါ စားသုံးကြပေမယ့် တကယ်တမ်းက သခွားသီးမှာ အာဟာရတန်ဖိုး များများစားစား မရှိလှပါဘူး။
ရံဖန်ရံခါမှာတော့ အခွံပေါ်မှာ အမှုန်အမွှားတွေ၊ အညစ်အကြေးတွေ ပေနေနိုင်တာကြောင့် အခွံနွှာသင့်တာမျိုးရှိပါတယ်။
ပန်းသီးအခွံနွှာစားခြင်းက အမျှင်ဓာတ်အချို့ လျော့နည်းနိုင်ပေမယ့် ဗိုက်တာမင်တွေတော့ မလျော့နည်းပါဘူး။
ပန်းသီးအတွင်းထဲမှာလည်း ဗိုက်တာမင်တွေ ဆက်လက်ရှိနေပါတယ်။
ဒါကြောင့် အသီးအရွက်တွေကို လှီးဖြတ်အခွံနွှာပြီး စားသုံးတဲ့အခါ အာဟာရလျော့နည်းမှာကို စိုးရိမ်နေစရာ မလိုပါဘူး။
ခံတွင်းပြဿနာရှိသူတွေအတွက်တော့ ပန်းသီးကို အခွံနွှာစားသင့်ပါတယ်။
အခွံနွှာပြီး ပစ်ထားလိုက်ရင်တော့ အလျင်အမြန် ဓာတ်ပေါင်းသွားနိုင်တာကြောင့် ကြိုတင်ပြင်ဆင်မယ်ဆိုရင် အခွံမနွှာတာ ပိုမိုကောင်းမွန်ပါတယ်။
#World_Health #အသီးနှင့်အရွက်များအခွံနွှာစားသုံး #အာဟာရတန်ဖိုး #Source: The Jerusalem Post
Page 169 of 824