#Asia_Legislation
Published 13 December 2022
အင်ဒိုနီးရှားနိုင်ငံမှာ လာမယ့် ၃ နှစ်အတွင်း စတင်ကျင့်သုံးသွားမယ့် ရာဇဝတ်ဥပဒေအသစ်က နိုင်ငံအတွင်းရှိ နိုင်ငံခြားသားဧည့်သည်များကိုတော့ သက်ရောက်မှုရှိလာမှာမဟုတ်ကြောင်း ဥပဒေရေးရာနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး'အိုမာရှာရစ်ဖ်ဟီယာရိဂျ်'က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဥပဒေအသစ်အရ လက်မထပ်ဘဲ အတူနေထိုင်ခြင်းနဲ့ လိင်မှုပြုခြင်းတို့ဟာ ရာဇဝတ်မှုဖြစ်နိုင်ပေမယ့် ကျူးလွန်ခံရသူရဲ့ မိဘများ၊ အိမ်ထောင်ဖက်များ၊ ကလေးများကသာ အမှုတိုင်ကြားနိုင်မှာဖြစ်ပါတယ်။
ဥပဒေအသစ်က နိုင်ငံခြားသားများကိုတော့ ရာဇဝတ်မှုမဖြစ်စေနိုင်လောက်ဖွယ်ရှိကြောင်း မစ္စတာ'ဟီယာရိဂျ်'က ဆိုပါတယ်။
လက်မထပ်မီ လိင်မှုပြုခြင်းဖြင့် အများဆုံးထောင်ဒဏ် ၁ နှစ် သို့မဟုတ် ရူပီး ၁၀ သန်း(၆၄၀ ဒေါ်လာ) ဒဏ်ကြေးပေးဆောင်ရဖွယ်ရှိပြီး လက်မထပ်ဘဲအတူနေထိုင်ခြင်းဖြင့် ထောင်ဒဏ် ၆ လ သို့မဟုတ် ရူပီး ၁၀ သန်းဒဏ်ကြေး ကျခံရဖွယ်ရှိပါတယ်။
လက်မထပ်ဘဲ အတူနေထိုင်ခြင်းနဲ့ လိင်မှုပြုခြင်းတို့ရဲ့ ဥပဒေအကြောင်းအရာတွေကို တော်တော်များများက နားမလည်ကြတာကြောင့် လူအများကြားစိုးရိမ်မှုတွေ ဖြစ်လာစေတယ်လို့ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ'ဟီယာရိဂျ်'က ပြောပြလိုက်ပါတယ်။
"အလေးအနက်ထားပြီး ပြောရရင် နိုင်ငံခြားဧည့်သည်များ အင်ဒိုနီးရှားလာနိုင်ပါတယ်၊ ဒီဥပဒေအသစ်နဲ့ သူတို့နဲ့မဆိုင်ပါဘူး၊ မိဘတွေ ကလေးတွေက နိုင်ငံခြားကမဟုတ်ဘူးဆိုရင် တိုင်ကြားလို့ရပါတယ်" လို့ ဆိုပါတယ်။
ယခုဥပဒေအသစ်က ၁၉၄၅ ခုနှစ် အင်ဒိုနီးရှားလွတ်လပ်ရေးမရခင် ဟော်လန်ကိုလိုနီအစိုးရလက်အောက်မှာ ချမှတ်ခဲ့တဲ့ဥပဒေနေရာမှာ အစားထိုးဖို့ရည်ရွယ်တာဖြစ်ပါတယ်။
ပြဌာန်းဥပဒေအသစ်မှာ ကဏ္ဍပေါင်း ၆၂၄ မျိုးကျော်ပါဝင်ပြီး အိမ်ထောင်မရှိလိင်မှုပြုခြင်းကစလို့ လွတ်လပ်စွာပြောဆိုခွင့်အထိ ကိစ္စအမျိုးမျိုးထည့်သွင်းထားပါတယ်။
ပြည်နယ်တစ်ခုကတော့ လက်မထပ်ဘဲ အတူနေထိုင်ခြင်းကဏ္ဍနဲ့ ပတ်သက်ပြီး လက်မခံခဲ့ကာ ဒါဟာပုဂ္ဂိုလ်ရေးကိစ္စသာဖြစ်တယ်လို့ ငြင်းဆိုလိုက်ပါတယ်။
မွတ်ဆလင်အများစုနေထိုင်ရာ အနောက်ဆူမာတြားပြည်နယ်မှာ လူတွေက အမှုတိုင်တန်းခြင်းထက် ပိုပြီးအလိုရှိနေကာ လက်မထပ်ဘဲအတူနေထိုင်ခြင်းက ကိုယ်ကျင့်တရားပျက်ပြားတဲ့သဘောဖြစ်ပြီး အင်ဒိုလူမျိုးအများစုကျင့်သုံးတဲ့ အစ္စလာမ်သွန်သင်ချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့ ဆိုကြပါတယ်။
ဒါကြောင့် နှစ်ဦးနှစ်ဖက်စလုံး အဆင်ပြေစေမယ့်နည်းလမ်းကို အင်ဒိုနီးရှားလမ်းစဉ်အတိုင်း ဆောင်ရွက်ကြမှာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ လူဦးရေသန်း ၂၇၀ ရှိတဲ့နိုင်ငံဖြစ်ပြီး မတူညီတဲ့ဒေသများမှ လူများစုဝေးနေထိုင်ကြတာကြောင့် ဥပဒေအသစ်ကို လူတိုင်းသဘောကျမှာမဟုတ်ပါဘူး။
ဟိန္ဒူလူများစုရှိတဲ့ ဘာလီကျွန်းကတော့ လာရောက်တဲ့ဧည့်သည်ပဲဖြစ်ဖြစ်၊ ဘာလီမှာနေထိုင်သူပဲဖြစ်ဖြစ် ဥပဒေအသစ်ကို စိုးရိမ်စရာမရှိဘူးလို့ ဘာလီမြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။
"ဘာလီကိုလာဖို့အတွက် ဧည့်သည်တွေ တွေဝေနေစရာမလိုပါဘူး၊ ဘာလီကတော့ အရင်အတိုင်းပါပဲ" လို့ မြို့တော်ဝန်'ကော့စ်တာ'က ဆိုပါတယ်။
Source: CNA
#Yangon_Media_Group
#World_Lifestyle
Published 13 December 2022
မနက်ခင်း ဘာမှမစားရသေးဘဲ ကော်ဖီအရင်ဆုံးသောက်တာဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများကြောင်း အဟာရပညာရှင်တစ်ဦးက ဆိုလိုက်ပါတယ်။
အစာမရှိဘဲနဲ့ အရင်ဆုံးကော်ဖီသောက်မယ်ဆိုရင် စိတ်ဖိစီးမှုများနိုင်ပြီး ဟော်မုန်းတွေ ကမောက်ကမဖြစ်စေတယ်လို့ 'အိုလီဗီယာဟက်ဒ်လန်း'က TikTok ကနေ သတိပေးလိုက်ပါတယ်။
ကျန်းမာသန်စွမ်းစေတဲ့ နည်းလမ်းအကြံဉာဏ်တွေကို 'အိုလီဗီယာ'က တင်ပြနေခဲ့တာဖြစ်ပြီး ဒီအကြောင်းအရာဟာ အခုဆိုရင် ကြည့်ရှုသူ ၆ သိန်းနီးပါးရှိပြီဖြစ်ပါတယ်။
ကော်ဖီသောက်လို့ ရင်တုန်လက်တုန်ဖြစ်တာဟာလည်း အစာမရှိဘဲ သောက်လို့ဖြစ်တယ်လို့ ဆိုပါတယ်။
"အရင်တုန်းကဆိုရင် ကျွန်မက အစာမရှိဘဲ ကော်ဖီအများကြီးသောက်ခဲ့တယ်၊ ဝက်ခြံတွေလည်းထွက်လာပြီး ဘာကြောင့်လဲလို့ ထင်နေခဲ့တာပါ၊ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်က ဖိစီးမှုမြင့်တက်လာပါတယ်၊ ဒါကြောင့် ကော်ဖီမသောက်ခင် တစ်ခုခုစားပြီးသောက်ရင် ကွာခြားချက်တွေ့လာပါလိမ့်မယ်" လို့ ပြောပြခဲ့ပါတယ်။
ဟော်မုန်းတွေ မျှတအောင် ကျင့်ကြံသင့်တဲ့နည်းလမ်းတွေကတော့..
- ဖျော်ရည်သောက်ပါ
- ကော်ဖီအစား အခြားတစ်ခုခုသောက်ကြည့်ပါ
- စားသောက်ပြီးတိုင်း လမ်းလျှောက်ပါ
- ရေနွေးကြမ်းသောက်ပါ
- ပြင်းထန်မှုနည်းပါးတဲ့ လေ့ကျင့်ခန်းများဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း၊ အလေးမခြင်းတို့ ပြောင်းလုပ်ပါ
- အိပ်ရာထထချင်း တစ်နာရီအတွင်း အသီးကဲ့သို့ ဂလူးကို့စ်နည်းတဲ့ အစားအစာတွေ စားပါ။
လတ်တလော လေ့လာချက်အရလည်း ကော်ဖီသောက်တဲ့ကိုယ်ဝန်ဆောင်တွေဟာ ကလေးမွေးတဲ့အခါ အရပ်ပုစေတယ်လို့ ဆိုပါတယ်။
'အိုလီဗီယာ'ရဲ့အကြံပြုချက်အပေါ် ကြည့်ရှုသူတွေက အားပေးထောက်ခံသွားကြပါတယ်။
Source: NY Post
#Yangon_Media_Group
#World_Health
Published 13 December 2022
မျက်စိရဲ့ အမြင်အာရုံမှာ ပြဿနာတွေ ဖြစ်တတ်ပေမယ့် သိပ်ပြီးအန္တရာယ်ပေးလေ့ မရှိပါဘူး။
ဒါပေမဲ့ retina လို့ခေါ်တဲ့ မြင်လွှာအပိုင်းမှာ ပြဿနာဖြစ်ရင်တော့ မျက်စိကွယ်သည်အထိ ဖြစ်နိုင်ပါတယ်။
အစ္စရေးလ်နိုင်ငံ တဲလ်အေဗစ်ဆော်ရာစကီဆေးစင်တာ မျက်စိဌာနမှ မြင်လွှာနဲ့ အတွင်းတိမ်ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ'အေဗီအိုယွန်'က အမြင်အာရုံကို အန္တရာယ်ဖြစ်စေတဲ့အရာတွေနဲ့ ဘယ်လိုသတိပြုရမလဲဆိုတာကို ရှင်းပြလိုက်ပါတယ်။
မျက်လုံးရဲ့အပြင်ဘက်မှာ မျက်ကြည်လွှာနဲ့ မျက်စိအရောင်ဖြစ်စေတဲ့ မျက်ဝန်းတို့ဖြင့် ဖွဲ့စည်းထားကာ အတွင်းပိုင်းမှာတော့ မျက်လုံးထဲက ဂျယ်လီလိုအရာနဲ့ မြင်လွှာတို့ရှိပါတယ်။
မြင်လွှာရဲ့အလုပ်က အပြင်ဘက်က အလင်းတန်းတွေကို လက်ခံရယူကာ ပုံရိပ်အဖြစ်ပြောင်းလဲပေးပြီး ဦးနှောက်ကို ပေးပို့ပါတယ်။
အမည်းစက်တွေကို မြင်ရတာဟာ ဂျယ်လိုအစိတ်အပိုင်းမှာ ပြောင်းလဲတာကြောင့်ဖြစ်ပြီး အသက် ၅၀ ကျော်အရွယ်မှာ အဖြစ်များသလို အဝေးမှုန်လွန်းတဲ့ ငယ်ရွယ်သူတွေမှာလည်း ဖြစ်တတ်ပါတယ်။
မြင်လွှာမှာ ပြဿနာရှိတဲ့အခါ မှန်ထဲမှာ မမြင်ရပေမယ့် ခံစားလို့တော့ရနိုင်ပါတယ်။
မြင်ကွင်းမှာ အမည်းစက်တွေ့ရတာမျိုး၊ ယင်ကောင်ပျံနေသလို မြင်ရတာမျိုးဖြစ်ပေါ်တတ်ကာ ကြာလာတာနဲ့အမျှ ဦးနှောက်က ကျင့်သားရသွားတတ်ပါတယ်။
အမည်းစက်ကြီးလာတဲ့အခါ အမြင်ပိုင်းမှာ အနှောင့်အယှက်ဖြစ်တာကြောင့် မြင်လွှာခွဲစိတ်မှုပြုလုပ်ကာ မျက်လုံးအိမ်ကို သန့်ရှင်းပေးရကြောင်း ဒေါက်တာကဆိုပါတယ်။
ခွဲစိတ်မှုပြုလုပ်တဲ့အခါ ထုံဆေးပေးတာကြောင့် လုံးဝမနာကျင်ရပါဘူး။
မျက်လုံးကို ၂၄ နာရီကြာအောင် ပတ်တီးစည်းထားကာ အရောင်ကျဆေးများဖြင့် ကုသနိုင်ပါတယ်။
ပထမပတ်အတွင်း မြင်ကွင်းဝါးနိုင်ပေမယ့် တဖြည်းဖြည်းနဲ့ ကောင်းမွန်သွားပါတယ်။
အန္တရာယ်အများဆုံးကတော့ မြင်လွှာပြဲပြီး ပျက်ကျသွားတာပါပဲ။
ပျက်ကျပြီး ရက်ပိုင်းအတွင်းမှာပဲ ကွယ်သွားနိုင်တာကြောင့် ချက်ချင်းအကူအညီတောင်းခံသင့်ပါတယ်။
မြင်လွှာသွေးထွက်ခြင်း အပေါက်ဖြစ်ခြင်းတို့ ဖြစ်နိုင်ကာ အမြင်အာရုံချက်ချင်းထိခိုက်တတ်ပါတယ်။
ဒီလိုဖြစ်နိုင်တဲ့ အဓိကအကြောင်းအရင်းတွေက အသက်အရွယ်နဲ့ အဝေးမှုန်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။
ဒါကြောင့် မျက်လုံးကို အနည်းဆုံး တစ်နှစ်တစ်ခါစစ်ဆေးသင့်တယ်လို့ ဒေါက်တာက အကြံပြုလိုက်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Asia_Island
Published 12 December 2022
ဘက်ခ်ယောင်ကျွန်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အနောက်စွန်ဆုံးနေရာမှာရှိပြီး သံဆူးကြိုးချထားတဲ့ကမ်းခြေနေရာတိုင်းကနေ မြောက်ကိုရီးယားဘက်ကို မြင်တွေ့နိုင်ပါတယ်။
#Yangon_Media_Group
Published 12 Dec 2022
တရုတ်ပြည်တွင်းထုတ် C919 လေယာဉ်ဟာ နိုင်ငံတကာ ဂျက်လေယာဉ်ကြီးဈေးကွက်မှာ ဘိုအင်းနှင့်အဲယားဘတ်စ် ကုမ္ပဏီနှစ်ခုပဲ ကြီးစိုးထားတာကို အဆုံးသတ်စေလိမ့်မယ်လို့ မျှော်လင့်ပြီး ဖောက်သည်တွေအတွက် ရွေးချယ်စရာ ပိုများလာစေလိမ့်မယ်လို့ အဆိုပါလေယာဉ်ရဲ့ ဒီဇိုင်းအင်ဂျင်နီယာချုပ် ဝူကွမ်ဟွေ့က ပြောလိုက်ပါတယ်။
ပထမဆုံး C919 လေယာဉ်ကို ပထမဆုံးဖောက်သည်ဖြစ်တဲ့ တရုတ်အရှေ့ပိုင်းလေကြောင်းလိုင်းကို သောကြာနေ့က ပေးပို့ ခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ မြို့ပြလေကြောင်းသယ်ယူပို့ဆောင်ရေးဈေးကွက်မှာ ပထမဆုံး ပြည်တွင်းထုတ် ဂျက်လေယာဉ်ကြီးစတင်ရရှိလိုက်တာပဲဖြစ်ပါတယ်။
အဲဒီလေယာဉ်ဟာ ခရီးသည်မပါဘဲ နာရီ၁၀၀ စမ်းသပ်ပျံသန်းမှုတွေပြုလုပ်မှာပါ။အဲသလိုပျံသန်းတဲ့အခါ ရှန်ဟိုင်း၊ပေကျင်း နှင့် ကွမ်ကျိုးတို့မှာ ရပ်နားပါလိမ့်မယ်။
၂၀၂၃ခုနှစ် နွေဦးမှာတော့ လေယာဉ်ကို ခရီးစဉ်တွေစတင်ပျံသန်းဖို့ မျှော်မှန်းထားကြပါတယ်။
“ ၂၀၁၇ခုနှစ်မှာ C919 ကိုပထမဆုံးပျံသန်းခဲ့တာကနေ လေကြောင်းပျံသန်းခွင့်လက်မှတ် ၂၀၂၂မှာရခဲ့တဲ့အထိ ကျွန်တော်တို့ ငါးနှစ်တာကာလပတ်လုံး စမ်းသပ်မှုတွေ အများကြီးလုပ်ခဲ့ပြီးပါပြီ။ အဲဒီအထဲမှာ မြေပြင်နှင့်ဝေဟင်စမ်းသပ် မှဒတွေကနေ လေယာဉ်အန္တရာယ်ကင်းရှင်းမှု အသေအချာဖြစ်စေဖို့အထိပါဝင်ပါတယ်” လို့ တရုတ်ဗဟိုရုပ်သံနှင့် တနင်္ဂနွေနေ့က အင်တာဗျူးမှာ ဝူက ပြောခဲ့ပါတယ်။
တရုတ်လေကြောင်းလိုင်းတွေဟာ C919 ကို နိုင်ငံတကာခရီးစဉ်တွေမှာ ပျံသန်းနိုင်မယ်လို့ သူကမှတ်ချက်ပေးပါတယ်။ ဒါပေမယ့် အကယ်၍ နိုင်ငံခြားလေကြောင်းကုမ္ပဏီတွေက C919 ကို ဝယ်ယူပျံသန်းချင်ရင် သူတို့ရဲ့မိခင်နိုင်ငံတွေဆီက လေယာဉ်ပျံသန်းခွင့်လက်မှတ်အရင်ရယူဖို့လိုမယ်လို့လည်းသူကပြောပါတယ်။
အခြားနိုင်ငံတွေဆီက ပျံသန်းခွင့်လက်မှတ်ကို ခပ်မြန်မြန်ရနိုင်သမျှရယူသွားမှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖောက်သည်တွေ အတွက် ရွေးချယ်စရာပိုများလာမှာဖြစ်တယ်လို့ ဝူကပြောပါတယ်။
“လေယာဉ်ပျံကြီးတွေရဲ့ဈေးကွက်ဟာ အလွန်ကြီးတယ်။ပြီးတော့ အလွန်လျင်မြန်စွာဖွံ့ဖြိုးနေတယ်။ တရုတ်လေယာဉ် တွေ အဲဒီဈေးကွက်ထဲရောက်ရှိလာပြီး လာမယ့် အနှစ်(၂၀)အတွင်း အရေအတွက်နှစ်ဆတိုးလာလိမ့်မယ်။ အဲသလို ဖွံဖြိုးမှုနှုန်းနှင့် ဈေးကွက်ဟာ တတိယနှင့် စတုတ္ထမြောက် လေယာဉ်ကြီးထုတ်လုပ်သူတွေအတွက် လုံလောက်တဲ့ နေရာ ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ ဒီဈေးကွက်မှာ အားလုံးအောင်နိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိလာနိုင်မယ်လို့ယုံကြည် တယ်” လို့လည်း သူကပြောပါတယ်။
C919 ဟာ အားသာချက်တွေအများကြီးရှိပြီး ကမ္ဘာပေါ်မှာ ခေတ်အမီဆုံးခရီးသည်တင်လေယာဉ်တွေထဲက တစ်စီး ဖြစ်တယ်လို့ ဝူကပြောပါတယ်။
“ C919ဟာ ဒီဇိုင်းအသစ်တွေ အများကြီးသုံးထားတယ်။ တည်ဆောက်ပုံ၊အသုံပြုတဲ့ပစ္စည်းနှင့်အင်ဂျင်အရ ပြောရရင် ခေတ်အမီဆုံးလေယာဉ်တွေထဲမှာ ပါဝင်နေတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်အပေါ် ကျွန်တော်တို့ ယုံကြည်မှုအပြည့်အဝ ရှိတယ်။ C919 ကိုကမ္ဘာ့နိုင်ငံတွေကို ရောင်းနိုင်ပြီးတစ်နေ့နေ့မှာ လေယာဉ်ဟာ ကမ္ဘာအနှံ့ပျံသန်းနေတဲ့လေယာဉ်ဖြစ်လာ မယ်လို့မျှော်လင့်ယုံကြည်ထားတယ်” လို့လည်း သူကပြောပါတယ်။
ခေတ်အမီဆုံးလေယာဉ်တွေထဲက တစ်ခုဖြစ်တဲ့ C919 ဟာ ဆယ်စုနှစ်များစွာ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်တဲ့ အခြား ကုမ္ပဏီတွေက အသားကျပြီး လေယာဉ်တွေနှင့် ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့လည်းသူကပြောပါတယ်။
လွယ်ကူလှတဲ့အလုပ်မဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။ အတော်အပင်ပန်းခံကြိုးစားခဲ့ရပြီး ယခုထက်ထိ ပြဿနာကြီးကြီးကျယ်ကျယ်မကြုံခဲ့ရဘူးလို့ တရုတ်နိုင်ငံပိုင်ရုပ်သံကို ဝူကပြောကြားခဲ့တာဖြစ်ပါတယ်။
Source CCTV+
#C919_Jet
#China_Made_Jet_Liner
#China_Aviation
#DailyNews
Published _ 12 December 2022
၁။ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှု လျော့ကျလာ
၂။ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ယခုနှစ်တွင် အစကောင်းခဲ့ပြီး လာမည့်နှစ်တွင် ပိုတိုးတက်လာမည်
၃။ လာမည့်နှစ်တွင် ဘေးကင်းစွာမီးဖွားနိုင်ရေးနှင့် ဆေးလိပ်နှင့်အရက်သုံးစွဲမှု လျော့ကျစေရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားမည်ဟုဆို
၄။ တောင်ကိုရီးယားတပ်ဖွဲ့များနှင့် ခံတပ်များဖြင့် ကာရံထားသည့်နယ်ခြားကျွန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Business
Published 12 December 2022
အဲအိန္ဒိယ(Air India)လေကြောင်းလိုင်းဟာ အဲဘတ်စ်(Airbus)နဲ့ ဘိုးအင်း(Boeing)တို့ကနေ ဒေါ်လာဘီလီယံဆယ်ဂဏန်းခန့် တန်ဖိုးရှိတဲ့ ဂျက်လေယာဉ်အစင်း ၅၀၀ ကို မှာယူရန် နီးစပ်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။
Tata Group လုပ်ငန်းစုကြီးရဲ့ လက်အောက်မှာ လေကြောင်းလိုင်းကို ရည်မှန်းချက်ကြီးကြီးနဲ့ ပြန်လည်အကောင်အထည် ဖော်နေတာပဲဖြစ်ပါတယ်။
မှာယူမှုထဲမှာ ကိုယ်ထည်ကျဉ်းဂျက်လေယာဉ် အစင်း ၄၀၀ နဲ့ ကိုယ်ထည်ပိုမိုကျယ်တဲ့ ဂျက်လေယာဉ် အစင်း ၁၀၀ ကျော်ပါဝင်တဲ့အပြင် Airbus A350 ၊ Boeing 787, 777 ယာဉ် ဒါဇင်ခန့်ပါဝင်ကြောင်း သတင်းနီးစပ်သူတစ်ဦးက ဆိုလိုက်ကာ လာမယ့်ရက်ပိုင်းအတွင်း အတည်ပြုသွားမှာဖြစ်ပါတယ်။
ဝယ်ယူမယ့်စာရင်းအရ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံရှိလာနိုင်ကာ လေကြောင်းလိုင်းတစ်ခုတည်းကနေ ပမာဏအများဆုံး ဝယ်ယူမှုတွေထဲက တစ်ခုဖြစ်လာနိုင်ပြီး လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်တုန်းက Airbus နဲ့ Boeing တို့ကနေ အမေရိကန်လေကြောင်းလိုင်းများ စုပေါင်းမှာယူခဲ့တာထက် ပိုများနေပါတယ်။
ကိုဗစ်ကပ်ရောဂါကာလပြီးနောက် လေယာဉ်မှာယူမှုများ ပြန်လည်များပြားလာကာ ထုတ်လုပ်ရေးလုပ်ငန်းတွေအနေနဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
Air India နဲ့ Vistara တို့ပူးပေါင်းကာ စင်္ကာပူလေကြောင်းလိုင်းတွေနဲ့ လက်တွဲပြီး ပြည်တွင်းရော နိုင်ငံတကာမှာပါ ပိုမိုကြီးမားတဲ့ လေကြောင်းပို့ဆောင်ရေး ဖြစ်လာစေရန် Tata က ကြေညာပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလိုမှာယူလိုက်တဲ့သတင်းတွေ ထွက်ပေါ်လာတာပါ။
ဒီဝယ်ယူမှုကြောင့် Tata မှာ လေယာဉ်ပေါင်း ၂၁၈ စင်းရှိလာမှာဖြစ်ပြီး အိန္ဒိယနိုင်ငံအတွင်း အကြီးမားဆုံး နိုင်ငံတကာလေကြောင်းလိုင်း ဖြစ်လာမှာဖြစ်ပြီး ပြည်တွင်းမှာတော့ IndiGo ပြီးရင် ဒုတိယအကြီးဆုံး ဖြစ်လာမှာပါ။
Air India ဟာ တစ်ချိန်တုန်းက ပြင်ဆင်မှု၊ ဝန်ဆောင်မှုတွေနဲ့ နာမည်ကြီးခဲ့ပေမယ့် ၂၀၀၀ ခုနှစ်တွေမှာ ဘဏ္ဍာရေးပြဿနာများကြောင့် နာမည်ပျက်ခဲ့ရပါတယ်။
၁၉၃၂ ခုနှစ်မှာ JRD Tata က Air India ကိုတည်ထောင်ခဲ့ကာ ၁၉၅၃ မှာ ပြည်သူပိုင်သိမ်းလိုက်ပါတယ်။
Tata က ဇန်နဝါရီလမှာ ပြန်လည်ထိန်းချုပ်လိုက်ပြီး ကမ္ဘာ့အဆင့်လေကြောင်းလိုင်းအဖြစ် ပြန်လည်ဦးမော့လာစေရန် ကြိုးပမ်းနေပါတယ်။
မှာယူတဲ့ လေယာဉ်အစင်း ၅၀၀ ကို လေကြောင်းလိုင်းထဲမှာ အစားထိုးခြင်း၊ ထပ်ထည့်ခြင်းများ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ကမ္ဘာ့တစ်နေရာမှာ နေရာရဖို့အတွက် အခြေခံအဆောက်အအုံ လိုအပ်ချက်တွေ၊ လေယာဉ်မှူးနည်းပါးမှုတွေ၊ ပြိုင်ဆိုင်မှုပြင်းထန်ခြင်းတို့ကြောင့် Air India အနေနဲ့ အခက်အခဲများစွာ ကြုံရဦးမယ်လို့ ကျွမ်းကျင်သူများက သတိပေးလိုက်ပါတယ်။
Source: SCMP
#Yangon_Media_Group
Page 555 of 866