#World_News
Published 11 January 2023
ဇန်နဝါရီ ၁၀ ရက်နေ့မှာ စင်္ကာပူသို့ထွက်ခွာမည့် Scoot လေကြောင်းလိုင်းလေယာဉ်တစ်စင်းဟာ လေပေါ်မတက်ခင်မှာပဲ ပါဝါဘဏ် Power Bank တစ်ခုကနေ မီးထလောင်ခဲ့တာကြောင့် ခရီးသည် ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
"ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထိုင်ပေကနေ စင်္ကာပူသို့ပျံသန်းမယ့် Scoot လေယာဉ် TR993 ဟာ မြေပြင်မှာပြေးနေဆဲမှာပဲ ခရီးသည်တစ်ဦးရဲ့ ပါဝါဘဏ်ကနေ အပူလွန်လောင်ကျွမ်းခဲ့တာကြောင့် လေယာဉ်ဂိတ်သို့ ပြန်လှည့်ခဲ့ရပါတယ်" လို့ Scoot လေကြောင်းလိုင်းက CNA ထံ ပြန်ကြားခဲ့ပါတယ်။
လေယာဉ်က ဂိတ်သို့ ဘေးကင်းစွာပြန်ရောက်လာခဲ့ကြောင်း သိရပါတယ်။
ပါဝါဘဏ်ပိုင်ရှင်နဲ့ သူ့နဲ့အတူပါလာသူတို့ လက်ချောင်းတွေမှာ ဒဏ်ရာရခဲ့ပြီး ဆေးကုသစောင့်ရှောက်မှု ပေးခဲ့ပါတယ်။
"ခရီးစဉ်ကို အချိန်ရွှေ့ပြောင်းဖို့စီစဉ်နေပြီး ပါဝင်ခဲ့တဲ့ခရီးသည်တွေအတွက် နေထိုင်ရေးနဲ့ စားသောက်ရေး စီစဉ်ပေးမှာဖြစ်ပါတယ်" လို့ ဆိုပါတယ်။
ဒေသတွင်းမီဒီယာရဲ့ ဖော်ပြချက်အရ Scoot လေယာဉ်ဟာ ထိုင်ပေရှိ တောင်ယွမ်လေဆိပ်ကနေ မြေပြင်မှတက်ရန်ပြင်ဆင်နေတာဖြစ်ပြီး ညနေ ၇ နာရီ မိနစ် ၄၀ ခန့်မှာ လေဆိပ်အာဏာပိုင်များထံ မီးဘေးသတင်းတင်ပို့ခဲ့ကြပါတယ်။
လေဆိပ်အာဏာပိုင်များက မီးသတ်သမားများစေလွှတ်ခဲ့ကာ မီးငြှိမ်းသတ်ပြီးနောက် လေယာဉ်ကို ဂိတ်သို့ပြန်လာခွင့်ပြုလိုက်ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် တောင်ယွမ်လေဆိပ်ရှိ ထွက်ခွာလေယာဉ်များနဲ့ ဆိုက်ရောက်လေယာဉ်များကိုတော့ ဘာသက်ရောက်မှုမှ မဖြစ်စေခဲ့ပါဘူး။
အဖြစ်အပျက်အတွက် Scoot ကနေ အနူးအညွတ်တောင်းပန်ပါကြောင်း၊ ခရီးသည်များနဲ့ လေယာဉ်ဝန်ထမ်းများ ဘေးကင်းစိတ်ချဖို့က အရေးကြီးဆုံးဖြစ်ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စုံစမ်းစစ်ဆေးမှုတွေလည်း ပြုလုပ်နေတယ်လို့ ဖြည့်စွက်ပြောကြားလိုက်ပါတယ်။
Source: CNA
#Yangon_Media_Group
#World_Science
Published 11 January 2023
အိန္ဒိယကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(DRDO)ရဲ့ စက်ရုံလုပ်ငန်းကနေ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပြန်လည်ထူထောင်ရေးနဲ့ ထောက်လှမ်းရေးတို့မှာ အထောက်အကူဖြစ်စေမယ့် ကြွက်ဆိုက်ဘော့ဂ်(ဆိုက်ဘာကြွက်)တွေကို ဖန်တီးနေကြောင်း အရာရှိတစ်ဦးကဆိုပါတယ်။
လူငယ်သိပ္ပံပညာရှင်များဓာတ်ခွဲခန်းအဖွဲ့က ကြွက်တွေရဲ့ခေါင်းပေါ်မှာ ကင်မရာတပ်ဆင်ကာ ဦးနှောက်ထဲမှာ လျှပ်ကူးပစ္စည်းများထည့်ပြီးတော့ အီလက်ထရောနစ်စနစ်ဖြင့် ညွှန်ကြားချက်များပေးနိုင်အောင် လုပ်ဆောင်နေကြကြောင်း ညွှန်ကြားရေးမှူး'ပီရှီဗာ'က ပြောပြပါတယ်။
"ဒီလိုနည်းပညာကို အိန္ဒိယမှာ ထုတ်လုပ်တာပထမဆုံး ဖြစ်ပေမယ့် နိုင်ငံခြားမှာတော့ လုပ်ဆောင်နေပြီဖြစ်ပါတယ်၊ ဒီနည်းပညာက စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ကူညီပေးနိုင်မှာဖြစ်ပါတယ်၊ ပထမအဆင့်စမ်းသပ်မှုတွေမှာ ကြွက်တွေကို ညွှန်ကြားချက်တွေနဲ့ ထိန်းချုပ်လုပ်ဆောင်နေပါတယ်" လို့ ဆိုပါတယ်။
"ဒုတိယအဆင့်မှာတော့ ရှာရမယ့်ပုံတွေကို ကြွက်ဆိုက်ဘော့ဂ်ခေါင်းပေါ်က ကင်မရာထဲ အမှန်တကယ်ထည့်သွင်းနိုင်အောင် စမ်းသပ်တာဖြစ်ပါတယ်" လို့ ဆိုပါတယ်။
ဥပမာအနေဖြင့် ၂၆/၁၁ အကြမ်းဖက်တိုက်ခိုက်မှုလိုမျိုး ဟိုတယ်အခန်းပေါင်း ၂၀၀ ကျော်ကို ရှာဖွေရမယ့်အခြေအနေတွေမှာ အသုံးဝင်မှာဖြစ်ပါတယ်။
အဝေးထိန်းစက်ရုပ်တွေနဲ့ ကျဉ်းမြောင်းတဲ့နေရာတွေဝင်ရောက်ခြင်း၊ နံရံတက်ခြင်းလိုမျိုး အခက်အခဲတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ကြွက်တွေက ဒီလိုလုပ်ငန်းဆောင်တာများမှာ ပိုမိုခံနိုင်ရည်ရှိပြီး တာဝန်များအပေါ်မူတည်ကာ စားစရာများဖြင့်မက်လုံးပေးပြီး ဘယ်လိုအားပေးရမလဲဆိုတာကို သိရှိထားပါတယ်။
ပထမအဆင့်မှာ လျှပ်ကူးပစ္စည်းတွေကို ကြွက်တွေရဲ့ဦးနှောက်ထဲမှာ စိုက်ထားမှာဖြစ်ပြီး ဒုတိယအဆင့်မှာတော့ ကြိုးမဲ့ထုတ်လွှင့်ပို့ဆောင်သွားမှာဖြစ်ကာ ဓာတ်ခွဲခန်းစမ်းသပ်မှုများအတွက် ကြွက် ၃/၄ ကောင်ကို အသုံးပြုထားကြောင်း သိရပါတယ်။
Source: WION
#Yangon_Media_Group
#World_Health
Published 11 January 2023
ဆောင်းရာသီမှာဖြစ်တတ်တဲ့ လည်ချောင်းနာခြင်းဝေဒနာဟာ အသက်အန္တရာယ်မရှိပေမယ့် နေရထိုင်ရခက်ခဲလေ့ရှိပါတယ်။
အဲဒီအခါမှာ လူတွေက ရေနွေးပူပူဖြင့် တစ်ခုခုပြုတ်သောက်တာမျိုး ပြုလုပ်ကြပါတယ်။
တကယ်လည်း ပြုတ်ရည်ပူပူနွေးနွေးသောက်တဲ့အခါ သွေးလည်ပတ်မှုကောင်းစေပြီး အလျင်အမြန်သက်သာစေနိုင်ပါတယ်။
ဒါကြောင့် လည်ချောင်းနာခြင်းကို သက်သာစေမယ့် အကြမ်းခြောက်ပြုတ်ရည် ၃ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
(၁) နွယ်ချိုပြုတ်ရည်
လေ့လာချက်တွေအရ နွယ်ချိုပြုတ်ရည်ဟာ သလိပ်နှာရည်ယိုခြင်းကို သက်သာစေပြီး နာကျင်မှုကိုလျော့ကျစေပါတယ်။
သူ့မှာပါဝင်တဲ့ လစ်ကွီလစ်တင်နဲ့ လစ်ကွီရီတီဂျနင်တို့ဟာ သလိပ်တွေကို အပြင်ထွက်လာအောင် ကူညီပေးပါတယ်။
ဂလစ်ဆာရစ်ဇင်းကတော့ လည်ချောင်းနားတဝိုက်ကို ကာကွယ်ပေးကာ အစာမျိုချတဲ့အခါ မသက်မသာဖြစ်ခြင်းကို လျော့နည်းစေပါတယ်။
(၂) လက်ဖက်စိမ်းအကြမ်းရည်
လက်ဖက်စိမ်းမှာပါဝင်တဲ့ ပိုလီဖီနောလ် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး လည်ချောင်းနာခြင်းကိုဖြစ်စေတဲ့ ရောဂါပိုးကူးစက်မှုကို တိုက်ထုတ်ပေးပါတယ်။
နောက်ထပ်ဒြပ်ပေါင်းတစ်မျိုးကတော့ လည်ချောင်းရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းတို့ကို သက်သာစေပါတယ်။
(၃) ဂျင်းပြုတ်ရည်
ဂျင်းကိုညှစ်ရာကနေရရှိတဲ့အရည်မှာ ပါဝင်တဲ့ဒြပ်ပေါင်းတွေက နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းတို့ကို သက်သာစေပြီး အအေးမိခြင်းကို သက်သာစေကြောင်း သိပ္ပံနည်းကျတွေ့ရှိထားပါတယ်။
ဂျင်းကိုညှစ်လိုက်တဲ့အခါ ရရှိတဲ့အရည်လောက် ဂျင်းပြုတ်ရည်က အာနိသင်မရှိတာကိုတော့ သတိပြုသင့်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Industry
Published 10 January 2023
ကာတာနိုင်ငံက အရှေ့အလယ်ပိုင်းဒေသမှာ အကြီးမားဆုံးအီသိန်းဖြိုခွဲမယ့်စက်အပါအဝင် သဘာဝဓာတ်ငွေ့ကနေ ပိုလီအီသိုင်လင်းနဲ့ အခြားပလတ်စတစ်များအဖြစ် ပြောင်းလဲပေးမယ့် စက်ရုံတစ်ရုံကိုဆောက်လုပ်ဖို တနင်္ဂနွေနေ့က ချက်ဗ်ရွန်ဖိလစ်ဓာတုကုမ္ပဏီနဲ့ ဒေါ်လာ ၆ ဘီလီယံတန်သဘောတူညီချက်မှာ ရေးထိုးခဲ့ပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 10 January 2023
၁။ အင်းလေးဒေသဖြစ်စဉ်ကြောင့် ပြည်တွင်းခရီးသွားပုံရိပ်ကို ကျဆင်းစေနိုင်သည်ဟုဆို
၂။ ၉ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅၉ ခု ဝင်ရောက်ခဲ့
၃။ YBS ယာဉ်လိုင်းအားလုံးတွင် တယ်လီမက်တစ်စနစ်တပ်ပြီးဖြစ်ဟုဆို
၄။ ဓာတ်ငွေ့မှ ပလတ်စတစ်သို့ပြောင်းလဲပေးမည့် ဒေါ်လာ(၆)ဘီလီယံတန်စက်ရုံအား ကာတာနှင့်ချက်ဗ်ရွန်တို့ တွဲဖက်ဆောက်လုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Politics
Published 10 January 2023
ဘရာဇီးလ်သမ္မတဟောင်း'ဂျာယဲဘိုလ်ဆိုနယ်ရို'ကို ထောက်ခံသူလူအုပ်ကြီးက မြို့တော်ဘရာဇီလီယာအနှံ့ရှိ အစိုးရအဆောက်အအုံတွေမှာ အဓိကရုဏ်းဖြစ်ပွားအောင် လုပ်ခဲ့တဲ့နေ့မှာပဲ 'ဘိုလ်ဆိုနယ်ရို'ဟာလည်း ဝမ်းဗိုက်အောင့်ခြင်းဝေဒနာကြောင့် အမေရိကန်ရှိ ဖလော်ရီဒါဆေးရုံတစ်ရုံသို့ တက်ရောက်ခဲ့ရပါတယ်။
အဆိုပါလက်ယာစွန်းရောက်ခေါင်းဆောင်ကို အော်လန်ဒိုမြို့အပြင်ဘက်ရှိ AdventHealth Celebration ကုသစောင့်ရှောက်ရေးဆေးရုံမှာ တင်ခဲ့ရကြောင်း ဇနီးဖြစ်သူ'မစ်ရှဲလ်ဘိုလ်ဆိုနယ်ရို'က အတည်ပြုပြောကြားခဲ့ပါတယ်။
"ပြည်သူပြည်သားအပေါင်းတို့... ကျွန်မခင်ပွန်း'ဂျာယဲဘိုလ်ဆိုနယ်ရို'ကို ဆေးရုံမှာစောင့်ကြည့်နေရပါတယ်၊ အကြောင်းရင်းကတော့ ၂၀၁၈ ခုနှစ်က ဆိုရှယ်လစ်နဲ့ လွတ်လပ်ရေးပါတီ အဖွဲ့ဝင်ဟောင်းတစ်ယောက်က ဓားထိုးခဲ့တဲ့အကျိုးဆက်ကြောင့် ဝမ်းဗိုက်မအီမသာဖြစ်လာလို့ပါ၊ သူ့ကျန်းမာရေးအတွက်ရော ဘရာဇီးလ်နိုင်ငံအတွက်ပါ ဆုတောင်းနေပါတယ်၊ ဘုရားသခင်ကောင်းချီးပေးပါစေ" လို့ ပြောကြားခဲ့ပါတယ်။
ဖော်ပြချက်များအရ 'ဘိုလ်ဆိုနယ်ရို'ရဲ့ အခြေအနေက စိုးရိမ်ရခြင်းမရှိပါဘူး။
၂၀၁၈ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတုန်းက ဓားထိုးခံခဲ့ရတဲ့အခြေအနေကြောင့် ခွဲစိတ်မှု ၆ ကြိမ်ပြုလုပ်ထားရပြီးဖြစ်ပါတယ်။
ဓားထိုးခဲ့သူဟာ တရားရုံးတက်ရန်အတွက် စိတ်မနှံ့သူဖြစ်နေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။
'ဘိုလ်ဆိုနယ်ရို'ဟာ သူ့ရဲ့သမ္မတသက်တမ်းမပြည့်မီ ၂ ရက်အလို ဒီဇင်ဘာ ၃၁ ရက်နေ့မှာပဲ အမေရိကန်သို့ သွားရောက်ခဲ့ပါတယ်။
အခုလို သက်တမ်းမပြည့်ခင် ထွက်ခွာသွားခြင်းက သမ္မတအသစ်'လူးဝစ်ဇ်အင်နာစီယိုလူလာဒါဆေလ်ဗာ'ထံ အစဉ်အလာအတိုင်း ရာထူးလွှဲအပ်ရေးကိစ္စ မပြီးမြောက်ရာကျပါတယ်။
အောက်တိုဘာလကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို 'ဘိုလ်ဆိုနယ်ရို'က လက်သင့်မခံနိုင်ဘဲ အကြိမ်ကြိမ်မေးခွန်းထုတ်နေခဲ့ကာ အခုလို အာဏာလွှဲပြောင်းရေးအခမ်းအနားကို မပြုလုပ်ခြင်းက 'ဘိုလ်ဆိုနယ်ရို'ရဲ့လက်ယာစွန်းရောက်ထောက်ခံသူတွေကို အချက်ပေးလိုက်တဲ့သဘော သက်ရောက်နေကြောင်း ကျွမ်းကျင်သူများက ထောက်ပြနေကြပါတယ်။
'ဘိုလ်ဆိုနယ်ရို'ကတော့ ယခုဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတိုက်ခိုက်မှုများကို ရှုတ်ချကြောင်း တွစ်တာပေါ်ကနေ ဖော်ပြခဲ့ကာ ဒီအတွက်သူ့မှာ တာဝန်မရှိကြောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြခြင်းကိုသာ ထောက်ခံကြောင်း ဆိုပါတယ်။
'ဘိုလ်ဆိုနယ်ရို'ထောက်ခံသူတွေ ဆန္ဒပြတာဟာ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့က ကပ်ပီတိုလ်ဟေးလ် ကွန်ဂရက်လွှတ်တော်အဆောက်အအုံမှာ 'ဒေါ်နယ်ထရမ့်'ထောက်ခံသူတွေ ပုန်ကန်ရန်ကြိုးပမ်းခဲ့ခြင်းနဲ့ အလားတူနေပါတယ်။
ယခုလိုအခြေအနေတွေကြောင့် သမ္မတ'လူလာ'အနေနဲ့ အရေးပေါ်အမိန့်များထုတ်ပြန်ခဲ့ရကာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်းအေးချမ်းရေးအတွက် မြို့တော်သို့ လုံခြုံရေးတပ်များစေလွှတ်ခဲ့ရပါတယ်။
AFP တင်ပြချက်အရ ဘရာဇီးလ်တရားရုံးချုပ်၊ ဘရာဇီးလ်ကွန်ဂရက်နဲ့ ပလေနယ်တိုသမ္မတအိမ်တော်တို့ကို ဝင်ရောက်စီးနင်းခဲ့သူတွေထဲက အယောက် ၄၀၀ ထက်မနည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
Source: WION
#Yangon_Media_Group
#World_Science
Published 10 January 2023
နွားချေးမှရရှိတဲ့စွမ်းအင်ကိုအသုံးပြုပြီး ကမ္ဘာ့ပထမဆုံးထွန်စက်ကို ဗြိတိန်ကုမ္ပဏီတစ်ခုက ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။
မီသိန်းအရည်ဓာတ်ငွေ့စွမ်းအင်သုံး T7 ယာဉ်ဟာ ထိုကဲ့သို့ပထမဆုံးအမျိုးအစားဖြစ်ပြီး ယူကေလယ်ယာခြံတွေမှာ ထိရောက်တဲ့စွမ်းအင်ရရှိစေမှာဖြစ်ပါတယ်။
အဆိုပါထွန်စက်က လယ်ယာတွေရှိ နွားချေးတွေကနေရရှိတဲ့ စွမ်းအင်ကိုအသုံးချမောင်းနှင်နေပြီး ဒီဇယ်စွမ်းအင်သုံးကဲ့သို့ စွမ်းဆောင်နိုင်တယ်လို့ဆိုပါတယ်။
နွားကောင်ရေ ၁၀၀ ခန့်ကနေ စွန့်ပစ်ပစ္စည်းတွေကိုရယူကာ ဇီဝမီသိန်းအဖြစ် ပြောင်းလဲပစ်တာဖြစ်ပါတယ်။
ဒီဓာတ်ငွေ့ကို ဖိနှိပ်ပြီး ထုတ်လွှတ်မှုနည်းတဲ့လောင်စာအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။
ထွန်စက်တိုင်ကီထဲမှာ မီသိန်းကိုအရည်အနေဖြင့် အနှုတ် ၁၆၂ ဒီဂရီမှာထိန်းသိမ်းအေးခဲထားပြီး ဒီဇယ်ကဲ့သို့ စွမ်းအင်ပေးနိုင်ပေမယ့် ဓာတ်ငွေ့ထုတ်လွှတ်မှု သိသိသာသာ သက်သာစေပါတယ်။
ဒီစက်ကို ကော်နစ်ရှ်ကုမ္ပဏီဘင်နာမန်းက ထုတ်လုပ်ခဲ့ပြီး သူဟာ ဇီဝမီသိန်းထုတ်လုပ်မှုကို ဆယ်စုနှစ်တစ်ခုတာ ရှာဖွေလေ့လာနေသူဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးလုပ်ငန်းမှာ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးခြေလှမ်းဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
နှစ် ၂၀ ကျော်တဲ့အထိ မီသိန်းဟာ လေထုကြီးမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် ပူနွေးလာခြင်းရဲ့ အဆ ၈၀ လောက်များပြားပြီး ဒါကိုဖယ်ရှားကာ အကျိုးရှိစွာအသုံးချခြင်းဖြင့် ကမ္ဘာကြီးပူနွေးလာမှုကို ထိရောက်စွာဟန့်တားနိုင်မှာ ဖြစ်ပါတယ်။
ဇီဝမီသိန်းရဲ့စွမ်းအားကိုရယူပြီး လယ်ယာခြံတွေမှာ စွမ်းအင်မှီခိုစရာမလိုဘဲ ကာဗွန်ပပျောက်စေမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက အမေရိကန်ရှိ ပြပွဲတစ်ခုမှာ New Holland T7 Methane Power LNG ထွန်စက်ကို စတင်ပြသခဲ့ပါတယ်။
ကုမ္ပဏီက ဒီနည်းပညာကို ကျယ်ပြန့်စွာချဲ့ထွင်နိုင်ဖို့ လေ့လာနေပြီး တစ်ချိန်ကျရင် ကျေးလက်ဒေသတွေမှာ လျှပ်စစ်မော်တော်ယာဉ်များကို အားသွင်းစေနိုင်ဖို့ မျှော်လင့်ထားပါတယ်။
Source: Daily Mail
#Yangon_Media_Group
Page 533 of 867