#World_Religion
Published 13 January 2023
နှစ်စဉ်နှစ်တိုင်း ဘီနင်နိုင်ငံကဒေသခံတွေဟာ နတ်ဝိဉာဉ်တွေကို ရှေးလူကြီးတွေ ယုံကြည်ကိုးကွယ်တဲ့ ဗူဒူးနတ်ဘုရားကို ဂုဏ်ပြုတဲ့ပွဲတော် ကျင်းပကြပါတယ်။
#Yangon_Media_Group
Published 13 January 2023
ထိုင်းနိုင်ငံမြောက်ပိုင်းက တောအုပ်တစ်ခုအတွင်း သေနတ်ပစ်ခတ်ရင်း မူးယစ်ဆေးဝါးတရားမဝင်ကုန်ကူးသူတွေလို့ သံသယဖြစ်ဖွယ်ရှိတဲ့ လူ(၅)ဦးကို ထိုင်းစစ်တပ်က သတ်ပစ်လိုက်တယ်လို့ ဇန်နဝါရီ ၁၃ရက်သောကြာနေ့မှာ ထိုင်းအရာရှိတွေက ပြောပါတယ်။ ဒါဟာ (၂)လအတွင်း တတိယအကြိမ်မြောက် ကြောက်ဖက်ဖွယ် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
ထိုင်း၊လာအိုနှင့်မြန်မာ သုံးနိုင်ငံနယ်စပ် တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာတွေနှင့် နာမည်ဆိုးနှင့် ကျော်ကြားတဲ့ ရွှေတြိဂံအနီး ထိုင်းနိုင်ငံနယ်စပ် ချင်းရိုင်မှာ ကြာသပတေးနေ့ မနက်စောစောပိုင်းက အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။
ထိုင်းစစ်တပ် ကင်းလှည့်အဖွဲ့တစ်ဖွဲ့ဟာ ကျောပိုးအိတ်တွေလွယ်ထားတဲ့ သံသယဖြစ်စရာ လူငါးဦးပါးအုပ်စုတစ်စုကို ရှာဖွေဖို့ ကြိုးစားရာမှာ သူတို့က အရှာမခံတဲ့အပြင် အမျိုးအမည်မသိလက်နက်နှင့် စတင်ပစ်ခတ်ခဲ့တာလို့ ထိုင်းစစ်တပ်က ပြောပါတယ်။
“ မူးယစ်ဆေးဝါးတွေဟာ နယ်စပ်မှာ အလွန်ပျံ့နှံ့နေတယ်။ ဒါပေမယ့် တိုင်းမှူးက တရားဥပဒေစိုးမိုးရေးကို အရှိန်မြှင့် ဆောင်ရွက်ကြဖို့ မကြာသေးခင်က အမိန့်ပေးထားပါတယ်” လို့ ဖမောင်းလုပ်ငန်းအဖွဲ့ အရာရှိ ပရမ်ချိုင်း ပရမ်ကာမိုက အေအက်ဖ်ပီကိုပြောပါတယ်။
ပစ်ခတ်မှုဟာ ငါးမိနစ်လောက်ပဲကြာပြီး ထိုင်းစစ်သားတစ်ဦးမျှ ထိခိုက်မှုမရှိခဲ့ဘူးလို့ လုပ်ငန်းအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။အဲဒီအုပ်စုထံမှ မီသမ်ဖက်တမင်း ဆေးလုံး ငါးသောင်းနှင့် သေနတ်တလက်သိမ်းဆည်းရမိပါတယ်။
ယခုပစ်ခတ်မှုမတိုင်ခင် ဒီတစ်ပတ်စောစောပိုင်းမှာ မူးယစ်ကုန်ကူးသူ (၆)ဦးနှင့် ဒီဇင်ဘာမှာ (၁၅)ဦးတို့ကိုလည်း အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပါတယ်။
အာရှဒေသမှာ ၂၀၂၁ခုနှစ်အတွင်း ဆေးပြားပေါင်း တစ်ဘီလျံအထိ စံချိန်တင်ဖမ်းဆီးရမိခဲ့တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
Source: AFP
#Thai_oldiers_kill_drug_traffickers
#Golden_Triangle
#Drug_traffickers_Thailand_Myanmar_Laos
#DailyNews
Published_ 13 January 2023
၁။ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄၄ ဘီလီယံရရှိထား
၂။ ရှမ်းပြည်နယ်၊ ကျိုင်းတုံတွင်ချယ်ရီပန်းပွဲတော်(၅) ရက်တိုင်တိုင်ကျင်းပမည်
၃။ ဆေးဖြတ်ထားသူတစ်ဦးဆေးလွန်၍ သတိမေ့ကာရထားလမ်းတွင်လဲကျနေ
၄။ ဘီနင်နိုင်ငံတွင်ကျင်းပသည့် ဗူဒူးရိုးရာပွဲတော်၌ အာဖရိကနွယ်ဖွားလူမျိုးအများအပြား ပြန်ရောက်လာအောင်ဆွဲဆောင်နိုင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Politics
Published 13 January 2023
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ သမ္မတနေအိမ်နဲ့ ရုံးဟောင်းတို့မှာ စာရွက်စာတမ်းများ မလျော်မကန်သိမ်းဆည်းမှုကို စုံစမ်းစစ်ဆေးရန်အတွက် ဥပဒေအကျိုးဆောင်အထူးအဖွဲ့ကို ကြာသပတေးနေ့က ရွေးချယ်ခဲ့ကာ နိုင်ငံရေးအဓိကပြိုင်ဘက် 'ဒေါ်နယ်ထရမ့်'ကို အကြီးအကျယ်စုံစမ်းမေးမြန်းနေခြင်းကနေ ဆက်လက်ရိုက်ခတ်လာတဲ့သဘော ရှိနေပါတယ်။
ဒေါ်နယ်ထရမ့် ထိပ်တန်းစာရွက်စာတမ်းများ လက်ကိုင်ထားခြင်းနဲ့ပတ်သက်ပြီး ဘိုင်ဒင်က ဝေဖန်ခဲ့ကာ အခုလိုစစ်ဆေးခံရခြင်းက ဘိုင်ဒင်အတွက် အနှောင့်အယှက်ဖြစ်စေတဲ့အပြင် ၂၀၂၄ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုအပေါ် ထိခိုက်လာနိုင်ပါတယ်။
ထရမ့်လက်ထက်က ဖက်ဒရယ်ထိပ်သီးရှေ့နေအဖြစ် ထမ်းဆောင်ခဲ့တဲ့'ရောဘတ်ဟား'က ဒီကိစ္စကိုစစ်ဆေးဖို့ လွတ်လပ်မျှတဟန်ရှိတဲ့ရှေ့နေအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပြီး ဘိုင်ဒင်ဒုသမ္မတအဖြစ်ထမ်းဆောင်စဉ်က စာရွက်စာတမ်းများ မလျော်မကန်သိမ်းဆည်းထားခြင်းရှိ/မရှိ ဆုံးဖြတ်သွားမှာဖြစ်ကြောင်း၊ လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုက ဥပဒေချိုးဖောက်ရာ ကျသလားဆိုတာကို စစ်ဆေးသွားမှာဖြစ်ကြောင်း အမေရိကန်ရှေ့နေချုပ်'မာရစ်ဂါလန်း'က ပြောကြားခဲ့ပါတယ်။
ဘိုင်ဒင်နေအိမ်ရှိ သော့ခတ်ထားတဲ့ဂိုဒေါင်နဲ့ ကပ်လျက်အခန်းမှာ ပစ္စည်းအချို့တွေ့ရှိခဲ့ကာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အိမ်ဖြူတော်က ကတိပြုလိုက်ပါတယ်။
နှံ့စပ်စွာလေ့လာစစ်ဆေးပြီး ဒီပစ္စည်းတွေက လွဲမှားစွာရောက်ရှိနေတယ်ဆိုတာကို သက်သေပြနိုင်မယ်လို့ ယုံကြည်ကြောင်း အိမ်ဖြူတော်ရှေ့နေ'ရစ်ချတ်ဆော်ဘာ'က ထုတ်ပြန်ခဲ့ပါတယ်။
အခုဆိုရင် ဘိုင်ဒင်ရော ထရမ့်ကိုပါ အထူးရှေ့နေတွေ စုံစမ်းနေကြပါတယ်။
ဒီရှေ့နေတွေဟာ တရားရေးဌာနကနေ အတိုင်းအတာတစ်ခုထိ လွတ်လပ်စွာရှိနေရန်အတွက် အထိအခိုက်မခံနိုင်တဲ့ နိုင်ငံရေးကိစ္စတွေကိုစုံစမ်းဖို့ ခန့်အပ်ထားတာဖြစ်ပါတယ်။
ထရမ့်ဆီကနေ စာရွက်စာတမ်းအနည်းငယ် တွေ့ရှိပြီးနောက် သက်ဆိုင်ရာစာရွက်များကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဘိုင်ဒင်ရဲ့ရှေ့နေတွေက ပြောကြားခဲ့ပါတယ်။
ဩဂုတ်လက စာရွက်စာတမ်း ၁၀၀ ခန့်ကို FBI ကရှာဖွေမတွေ့ရှိခင်အထိ ထရမ့်က ထိုအကြောင်းတွေကိုငြင်းဆန်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးခြင်းဝတ္တရား နှောင့်ယှက်ရာကျသလားဆိုပြီး မေးခွန်းထုတ်လာကြပါတယ်။
အချက်အလက်တွေက ဒီထက်ပိုပြီးကွဲလွဲနေလို့မဖြစ်ကြောင်း၊ တူတာတစ်ခုက ဒီစာရွက်စာတမ်းတွေဟာ အိမ်ဖြူတော်ကနေ အခြားတစ်နေရာရာကို ရောက်ရှိသွားတာဖြစ်ကြောင်း အမျိုးသားလုံခြုံရေးဥပဒေအကျိုးဆောင်အဖွဲ့မှ အကြီးအကဲ'ကယ်လ်မက်ကလာနာဟန်'က ဆိုပါတယ်။
ထရမ့်ရဲ့စာရွက်စာတမ်းကိစ္စကို ကိုင်တွယ်နေတဲ့ အထူးစစ်ဆေးရေးအဖွဲ့ဟာ ၂၀၂၀ ခုနှစ်တုန်းက ဘိုင်ဒင်ကို ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ခြင်းအပေါ် ပြန်ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းခြင်းကိုလည်း ဦးဆောင်စစ်ဆေးနေပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 13 January 2023
ဆိုဒါပါတဲ့ အချိုရည်တွေသောက်ခြင်းဖြင့် ထိပ်ပြောင်နိုင်ချေများကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
တစ်နေ့ကို ဆိုဒါတစ်ဗူးမျှ သောက်လေ့ရှိသူအမျိုးသားတွေဟာ အချိုရည်မသောက်တဲ့သူတွေထက် ဆံပင်ကျွတ်နိုင်ချေ ၅၇ ရာခိုင်နှုန်းပိုများကြောင်း ပေကျင်းရှိ ဆင်ဟွာတက္ကသိုလ်မှ သုတေသီများက တွေ့ရှိခဲ့ကြပါတယ်။
ထိုထဲမှာ အားဖြည့်အချိုရည်၊ ကော်ဖီနဲ့ လက်ဖက်ရည်တို့လည်း ပါဝင်နေပါတယ်။
တွေ့ရှိချက်များအရ အမျိုးသားတဝက်လောက်ဟာ အသက် ၅၀ မှာ ဆံပင်ကျဲပါးလာကြပြီး ဆံပင်ကျွတ်ထိပ်ပြောင်သူ ၂၅ ရာခိုင်နှုန်းခန့်က အသက် ၂၁ အရွယ်ကစပြီး ဆံပင်ကျွတ်ခြင်းလက္ခဏာတွေ စတင်ကြုံတွေ့ခဲ့ရပါတယ်။
သိပ္ပံပညာရှင်တွေက ဆံပင်ကျွတ်ခြင်းအတွက် ကုသတဲ့နည်းလမ်းတွေ ရှာတွေ့ခဲ့ကြသလို စမ်းသပ်ခန်းထဲမှာ ဆံပင်မွေးညင်းပေါက်များပင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။
နောက်ဆုံးစမ်းသပ်ချက်မှာ အချိုရည်သောက်သုံးခြင်းနဲ့ ဆံပင်ကျွတ်ခြင်းတို့ကြား ဆက်စပ်မှုတွေကို လေ့လာခဲ့ကြပါတယ်။
မေးမြန်းမှုတွေထဲမှာ သူတို့ရဲ့စားသောက်ပုံများနဲ့ စိတ်ခံစားမှုအခြေအနေတွေကိုပါ လေ့လာခဲ့ကြပါတယ်။
လူငယ်လူရွယ်တွေကြား အချိုရည်အသောက်များကြတာဟာ ဆိုးကျိုးတွေကို မသိကြတာကြောင့်လို့ တွေ့ရှိခဲ့ကြပါတယ်။
နောက်ထပ်လေ့လာချက်များအရ တစ်ပတ်ကို အချိုပါတဲ့အရည်တွေ ၁ ကြိမ်မှ ၃ ကြိမ်ခန့်သောက်သုံးခြင်းဖြင့် ဆံပင်ကျွတ်နိုင်ချေ ၂၁ ရာခိုင်နှုန်းပိုများစေပြီး ၄ ကြိမ်ကနေ ၇ ကြိမ်ခန့်သောက်သုံးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းဖြစ်နိုင်ချေ ၂၆ ရာခိုင်နှုန်းပိုများနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဆံပင်ကျွတ်နိုင်တဲ့အပြင် ဆံပင်ကျွတ်ခြင်းကြောင့် စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းစတဲ့ စိတ်ကျန်းမာရေးအခြေအနေတွေပါ ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် တစ်နေ့ကို ဆိုဒါ ၃ ဗူးသောက်သုံးလေ့ရှိသူတွေမှာ စိတ်ဓာတ်ကျခြင်းခံစားရနိုင်ချေ ၂၅ ရာခိုင်နှုန်းပိုများနေပါတယ်။
ထိုကဲ့သို့အချိုရည်တွေထဲက သကြားပါဝင်မှုက အသက် ၄၅ နှစ်အရွယ်စမ်းသပ်ခံသူတွေမှာ စိုးရိမ်ပူပန်စိတ်ကို မြင့်တက်စေနိုင်ပါတယ်။
အစားအသောက်နဲ့ ထိပ်ပြောင်ခြင်းအကြောင်း လေ့လာကြတာဟာ ဒါပထမဆုံးမဟုတ်တော့ပါဘူး။
အချို့သုတေသီတွေက ဗိုက်တာမင်၊ အားဆေးတွေစားပေးဖို့ အကြံပြုကြပေမယ့် တကယ်ထိရောက်လားဆိုတာ မသေချာပါဘူး။
Source: NY Post
#Yangon_Media_Group
#World_Health
Published 13 January 2023
ညဘက်သောက်စားပြီး နောက်နေ့မှာ အရက်နာကျပြီး စိတ်မအီမသာဖြစ်နေတာမျိုး ကြုံဖူးကြမှာပါ။
စိုးရိမ်ပူပန်မှုလည်း ဖုံးလွှမ်းနေပြီး စိတ်ပိုင်းဆိုင်ရာသာမက နှလုံးခုန်မမှန်ခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်းတို့ ခံစားရတတ်ပါတယ်။
အရက်က ဦးနှောက်ရှိအာရုံကြောများကို သက်ရောက်နေပါတယ်။
လူမှုပေါင်းသင်းရေးအတွက် အရက်အနည်းငယ်သောက်ခြင်းဖြင့် အဆင်ပြေချောမွေ့စေနိုင်ပြီး စိတ်လက်ပြေပျောက်စေတဲ့ ဟော်မုန်းများထွက်ရှိစေပါတယ်။
ဒါပေမဲ့ အရက်အရှိန်ကုန်သွားရင်တော့ မူလအခြေအနေပြန်ရောက်သွားပြီး ဓာတုပစ္စည်းများရှုပ်ထွေးကုန်ကြပါတယ်။
သောက်ပြီးနောက်တစ်နေ့မှာ ဦးနှောက်က ဂလူတမိတ်ဓာတ်ကို ပြန်လည်ထိန်းညှိနေရာကနေ စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဆတ်ခြင်းတို့ ခံစားရတာ ဖြစ်ပါတယ်။
အရက်သေစာက စိတ်ငြိမ်ပြေလျော့စေတဲ့ အာနိသင်ရှိပြီး သောက်နေတဲ့အချိန်မှာ စိတ်ခံစားရသက်သာစေပေမယ့် ရပ်လိုက်တဲ့အခါ ဦးနှောက်က ထိန်းညှိလုပ်ဆောင်နေရကာ စိတ်မငြိမ်မသက်မခံသာဖြစ်ကြောင်း ယေးလ်တက္ကသိုလ်မှ စိတ်ပညာပရော်ဖက်ဆာ'အေရီယယ်ဘက်စ်ကင်ဆမ်းမား'က ပြောပြခဲ့ပါတယ်။
ဒါ့အပြင် အရက်သောက်တဲ့အခါ အန်ဒေါ်ဖင်ဟော်မုန်းများထွက်စေကာ ပျော်ရွှင်စိတ်၊ အကောင်းမြင်စိတ်တို့ ဖြစ်ပေါ်စေပါတယ်။
ဒါပေမဲ့ အန်ဒေါ်ဖင်ဟော်မုန်းများ ပြန်ကျတဲ့အချိန်မှာတော့ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေ ဖြစ်ပေါ်စေတယ်လို့ သတိပေးထားပါတယ်။
အရက်နာကျတဲ့အခါ သိသာတဲ့လက္ခဏာတွေက ခေါင်းကိုက်မူးဝေခြင်း၊ အလင်းရောင်တောက်တောက်နဲ့ ဆူညံသံတွေကို မခံသာခြင်းတို့အပြင် နဂိုကတည်းက ပူပန်တတ်သူတွေမှာ သောက်ပြီးနောက် ပိုမိုခံစားရတတ်ပါတယ်။
နှလုံးခုန်မြန်ခြင်း၊ ချွေးပြန်ခြင်း၊ ပူပန်စိုးရိမ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့အပြင် အိပ်ချိန်မမှန်ဖြစ်ကာ ဆုံးဖြတ်ချက်ချခြင်း၊ သာမန်လုပ်ငန်းဆောင်တာများ ဆောင်ရွက်ခြင်း၊ အာရုံစူးစိုက်ခြင်းတို့မှာပါ အခက်အခဲတွေရှိလာပါတယ်။
အလွန်အကျွံသောက်လေ့ရှိသူတွေဟာ ညကဖြစ်ခဲ့တာတွေကို မမှတ်မိတော့တာလည်း ဖြစ်လေ့ရှိပါတယ်။
အရက်နာကျခြင်းက ဘယ်လောက်အထိ ကြာကြာခံစားရသလဲဆိုတာ အသက်၊ ကိုယ်အလေးချိန်၊ သောက်နိုင်တဲ့ပမာဏ၊ ရေဓာတ်တို့အပေါ် မူတည်နေပါတယ်။
များသောအားဖြင့် တစ်ရက်လောက်ကြာတတ်ပေမယ့် ၂ ရက် ၃ ရက်လောက်ကြာရင်တော့ ခန္ဓာကိုယ်က တစ်ခုခုမှားယွင်းနေတဲ့သဘော ဖြစ်ပါတယ်။
အရက်နာကျခြင်းအတွက် အကောင်းဆုံးဖြေရှင်းခြင်းနည်းလမ်းက တိုင်းတာလျှော့သောက်ရန်ဖြစ်ပါတယ်။
Source: South China Morning Post
#Yangon_Media_Group
Published 13 Jan 2023
အဲလ်ဗစ်ပရက်စ်လေရဲ့ သမီးနှင့် အဆိုတော် သီချင်းရေးဆရာမ လီဆာ မာရီ ပရက်စလေဟာ ကာလီဖိုနီးယားပြည်နယ် ကာလာဘာဆာက နေအိမ်မှာ နှလုံးရပ်ပြီး သေဆုံးသွားပါတယ်။ အိမ်သန့်ရှင်းရေးအလုပ်သမားက လှုပ်ရှားမှုမရှိတော့တဲ့ သူမကိုတွေ့ရတဲ့အတွက် ဆေးရုံကိုအမြန်တင်ပို့ခဲ့ရတာဖြစ်ပါတယ်။ ယခုအခါသူမနှင့်တစ်ခါတစ်ခါ အတူလာနေတတ်တဲ့ သူမရဲ့ ခင်ပွန်းဟောင်း ဒန်နီကော့တ်က ဆေးအကူအဖွဲ့ရောက်မလာခင်သူမကို CPR လုပ်ပေးခဲ့ပါသေးတယ်။
လီဆာဟာ ရော့ခ်အင်န်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေနှင့် ဇနီး ပရက်စီလာပရက်စလေတို့ကနေ မွေးဖွားခဲ့တဲ့ သမီးဖြစ်ပါတယ်။ ပရက်စီလာက သူမရဲ့သမီးကွယ်လွန်ခဲ့တာကိုကို ကြေညာချက်ထုတ်ပြန်ပြီး အတည်ပြုပေးခဲ့ပါတယ်။
သူမကွယ်လွန်ချိန်မှာ အသက် ၅၄နှစ်ရှိပါပြီ။
“ ကျွန်မရဲ့ ချောမောလှပတဲ့ သမီး လစ်ဇာမာရီယာ ကျွန်မတို့ကို ထားခဲ့ပြီဆိုတဲ့ ကြေကွဲဖွယ်သတင်းကို ကျွန်မ နှလုံးကြေကွဲစာနှင့် မျှဝေပါတယ်” လို့ သူမကပြောပါတယ်။
“ ကျွန်မသိသူတွေအထဲမှာ သမီးဟာ ချစ်စိတ်ပြင်းပြပြီး ချစ်မက်စရာအကောင်းဆုံး အမျိုးသမီးဖြစ်တယ်။ ဒီလိုဆုံးရှုံးမှုနှင့် ကြိုးစားရင်ဆိုင်နေရတြ့အချိန်မှာ ကျွန်မတို့ကို သီးသန့်နေခွင့်ပေးပါလို့တောင်းဆိုပါတယ်။ ချစ်မေတ္တာတွေနှင့် ဆုတောင်း တွေအတွက်ကျေးဇူးတင်ပါတယ်။ ဒီအချိန်မှာ ကျွန်မအနေနှင့် နောက်ထပ်ပြောစရာမရှိပါ” လို့ မိခင်ပရက်စီလာကရေးသား ခဲ့ပါတယ်။
လီဆာဟာ ကလေးသုံးဦးမိခင်ဖြစ်ပါတယ်။ သူ့သားသမီးတွေက ရုပ်ရှင်မင်းသမီး ရီလီကော့တ် Riley Keough နှင့် အမြွှာ ဟာပါနှင့် ဖင်လေတို့ပါ။ သူမမှာ ဘင်ဂျမင်ဆိုတဲ့သားတစ်ဦးရှိခဲ့ပြီးသူကတော့ ၂၀၂၀ ခုနှစ်မှာ ကိုယ့်ကိုကိုယ်သေနတ်ပစ် ခံရပြီးသေဆုံးခဲ့ရတာဖြစ်ပါတယ်။
မကြာသေးခင်ကပဲ လီဆာနှင့် ပရက်စီလာတို့ဟာ ရွှေကမ္ဘာလုံးဆုပေးပွဲ ၂၀၂၃ အခမ်းအနားကို တက်ရောက်ပြီး အဲလ်ဗစ် ဆိုတဲ့ အဲလ်ဗစ်ပရက်စလေရဲ့ အတ္တုပတ္တိဇာတ်ကားမှာ သရုပ်ဆောင်တဲ့ ဩစတင်ဘတ်တလာကို အားပေးဖို့ တက်ရောက် ခဲ့ကြပါတယ်။
Source WION
#Lisa_Marie_Presley
#Lisa_Marie_Presley_died
#Elvis_Presley's_daughter
Page 531 of 867