Published 16 January 2024
နွားတွေ ကိုယ်ဝန်မွေးဖွားတော့မလားဆိုတာကို မွေးမြူသူများ သိရှိစေနိုင်မယ့် လူလုပ်အသိဉာဏ်တု AI နည်းပညာသုံးထားတဲ့ စနစ်တစ်ခုကို Nikon ကော်ပိုရေးရှင်းက ထုတ်လုပ်လိုက်ပါတယ်။
မွေးမြူရေးခြံတွေမှာ ကင်မရာများ တပ်ဆင်ပြီး နွားတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်သုံးသပ်နေတဲ့ စနစ်ဖြစ်ပါတယ်။
ဒီနည်းပညာကို ဂျပန်မှာ ယခုလအတွင်း ရောင်းချသွားမှာဖြစ်ပြီး မွေးဖွားခါနီး နွားမတွေကို ပုံမှန်စစ်ဆေးရေး လုပ်ဖို့လိုအပ်တဲ့ မွေးမြူသူများအတွက် အလုပ်တာဝန် လျှော့ချသွားနိုင်မှာဖြစ်ကာ ပိုမိုထိရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။
နွားအကောင်ရေ ၁၀၀ ရှိတဲ့ခြံအတွက် တစ်နှစ်ကို ဒေါ်လာ ၆၂၀၀ ခန့် ကျသင့်မှာဖြစ်ပါတယ်။
နွားပေါက်လေး မွေးခါနီးပြီဆိုရင် သက်ဆိုင်ရာ စမတ်ဖုန်းအက်ပ်လီကေးရှင်းကနေ မွေးမြူသူကို အချက်ပေးသွားမှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ထားတဲ့ နွားမတစ်ကောင်ဟာ မမွေးခင် ၅ နာရီလောက်အလိုမှာ သိသိသာသာ လက္ခဏာတွေ ပြလာပါတယ်။
AI အတွက် အချက်အလက်များ စုဆောင်းရေးကို ၂၀၂၁ ကတည်းက လုပ်ဆောင်နေခဲ့ကာ ၂၀၂၃ ဖေဖော်ဝါရီကစပြီး ကူမာမိုတိုစီရင်စုပြည်နယ်ရှိ ခြံ ၄ ခြံမှာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။
နွားမတစ်ကောင် အခြားအပြုအမူမျိုး ပြုလုပ်နေတာကိုလည်း သိရှိနိုင်စေမယ့် နည်းပညာကို အနာဂတ်မှာ ပြုလုပ်သွားဖွယ်ရှိတယ်လို့ Nikon အရာရှိ ကာဇူဟီရိုဟီရာနိုက စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
မွေးမြူရေးသမားတစ်ဦးဖြစ်တဲ့ ကီတာဟီဂူချီက ဒီနည်းပညာရဲ့ အသုံးဝင်မှုကို သဘောကျနေပါတယ်။
တစ်နှစ်အတွင်း နွားအကောင်ရေ ၆၀ လောက် မွေးနေရကြောင်း၊ မမွေးခင် တစ်လအလိုလောက်ကတည်းက မကြာမကြာ စစ်ဆေးနေရကြောင်း၊ ဒီနည်းပညာက အလွန်အသုံးဝင်ကြောင်း ပြောပြသွားပါတယ်။
Source: Kyodo News.
#World_Technology
#Published_ 16 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 16 January 2024
လုံလောက်စွာ အိပ်စက်ဖို့က အလုံးစုံကျန်းမာရေးအတွက် အရေးကြီးပါတယ်။
ခန္ဓာကိုယ် အနားယူ ပြုပြင် သက်သာလာစေရန် အိပ်စက်ခြင်းလိုအပ်သလို ခန္ဓာကိုယ်တွင်း စနစ်များစွာအတွက် အကျိုးကျေးဇူးများ ရှိနေပါတယ်။
သာမန်အရွယ်ရောက်ပြီးသူတွေဟာ တစ်နေ့ကို အိပ်ချိန် ၇ နာရီမှ ၉ နာရီရှိရန် လိုအပ်ပြီး အိပ်ရေးပျက်တာများလာပါက ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်လာစေပါတယ်။
အိပ်ချိန်မလုံလောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကတော့ …
(၁) မှတ်ဉာဏ်ပိုင်း၊ အသိဉာဏ်ပိုင်းမှာ ထိခိုက်လာကာ အာရုံစူးစိုက်ရ ခက်ခဲခြင်း၊ လုပ်ကိုင်နိုင်စွမ်း မရှိခြင်းတို့ ဖြစ်လာစေပါတယ်။
(၂) စိတ်နဲ့ကိုယ်မကပ်ခြင်း၊ တုန့်ပြန်မှု အားနည်းခြင်းတို့ဖြစ်ကာ ယာဥ်မောင်းနေစဥ် စက်ပစ္စည်းများမောင်းနှင်နေစဥ် အခြားအန္တရာယ်ရှိ အလုပ်များလုပ်နေစဥ်မှာ မတော်တဆဖြစ်နိုင်ခြေ များပါတယ်။
(၃) အိပ်ရေးပျက်တာများလာပါက ကိုယ်ခံအားစနစ် ကျဆင်းစေပြီး ရောဂါပိုး ကူးစက်ဝင်ရောက်တတ်ပါတယ်။
(၄) စိတ်အပြောင်းအလဲ ဖြစ်တတ်ကာ ဆတ်ဆတ်ထိမခံခြင်း၊ ပူပန်သောကဖြစ်ခြင်း၊ စိတ်ကျန်းမာရေး အခြေအနေတို့ ဖြစ်နိုင်ခြေ များပါတယ်။
(၅) အိပ်ရေးပျက်ခြင်းကြောင့် ဆာလောင်စိတ်နဲ့ ဟော်မုန်းမျှခြေကို ထိခိုက်စေကာ မကျန်းမာစေတဲ့ အစားအစာများ ပိုစားမိပြီး ကိုယ်အလေးချိန် တက်လာစေပါတယ်။
(၆) နှလုံးသွေးကြောရောဂါများ၊ ဆီးချို၊ ကင်ဆာတို့လို နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
(၇) သွေးတွင်းသကြားဓာတ် ထိန်းညှိနိုင်စွမ်းကို ထိခိုက်စေကာ အင်ဆူလင်မတိုးခြင်းနဲ့ ဆီးချိုရောဂါတို့ ဖြစ်လာနိုင်ပါတယ်။
(၈) ဆာလောင်စိတ်ကို ထိန်းချုပ်ခြင်း၊ ဖိစီးမှုတုန့်ပြန်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့နဲ့ သက်ဆိုင်တဲ့ ဟော်မုန်းများ ပုံမှန်ထိန်းညှိခြင်းကို ထိခိုက်စေပါတယ်။
(၉) ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းများ ဖြစ်ပေါ်စေကာ ကျန်းမာရေးပြဿနာ အမျိုးမျိုး ဖြစ်စေပါတယ်။
(၁၀) အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒ လျော့နည်းခြင်း၊ ထောင်မတ်နိုင်စွမ်း လျော့နည်းခြင်းတို့ ဖြစ်နိုင်ကာ အမျိုးသမီးတွေမှာ လိင်ကိစ္စပြီးမြောက်ရန် ခက်ခဲတာမျိုး ဖြစ်တတ်ပါတယ်။
(၁၁) အရေပြားပြုပြင်ထိန်းသိမ်းနိုင်စွမ်း ထိခိုက်တာကြောင့် အရေပြားမွဲခြောက်ခြင်း၊ တွန့်ခြင်း၊ ဝက်ခြံ နှင်းခူတို့လို အရေပြားပြဿနာများ ဖြစ်တတ်ပါတယ်။
(၁၂) အိပ်ရေးပျက်ခြင်းကြောင့် စိတ်သွားတိုင်း ကိုယ်မပါဖြစ်ကာ နေအိမ် အလုပ်ခွင်တို့လို နေရာတွေမှာ မတော်တဆထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။
တစ်ဦးချင်းစီရဲ့ အသက်အရွယ်၊ နေထိုင်စားသောက်မှုပုံစံ စတဲ့အချက်တွေကြောင့် အိပ်ချိန်လိုအပ်ချက် အနည်းငယ် အပြောင်းအလဲရှိတတ်ပါတယ်။
Source: DoctorNDTV
#World_Health
#Published 15 January 2024
#YMG #Yangon_Times #Yangon_Media_Group
တရုတ်ပြည်မှ စွမ်းအင်သစ်သုံးယာဥ် ထုတ်လုပ်သူတွေဟာ ပြည်ပဈေးကွက်မှာ တိုးချဲ့ရန် ပြည်တွင်းစက်ရုံတွေ တည်ဆောက်သွားမယ့် ဗျူဟာချမှတ်နေကြပါတယ်။
#World_Industry
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
#Daily_News
Published_ 15 January 2024
၁။ ရွှေတိဂုံစေတီတွင် Digital Directory စနစ် Touch Screen(၁၀)ခု တပ်ဆင်ရန်နှင့် နေပူခံကျောက်ပြားအရောင်တင်ခြင်များ ဆောင်ရွက်နေ
၂။ နှစ်ပေါင်း၁၆၀ခန့် က ကျွန်းပင်များကို လေ့လာနိုင်မည့် ပြည်ကျွှန်းတောဆင်စခန်း ဇန်န၀ါရီ ၁၆ ရက်မှစပြီး ပြန်လည် ဖွင့်လှစ်မည်
၃။ နယ်ဒေသများအပြင် ရန်ကုန်တိုင်းအတွင်း၌ပါ မြင်းမွေးသူများရှိနေပြီး ပွင့်လင်းရာသီဖြစ်သောကြောင့် အလုပ်အကိုင် ကောင်းလာ
၄။ ပြည်ပနိုင်ငံများတွင် စက်ရုံများဆောက်လုပ်ကာ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများအား တရုတ်နိုင်ငံက
ကမ္ဘာ့ဈေးကွက်သို့ ချဲ့ထွင်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 15 January 2024
မြောက်ကိုရီးယားနိုင်ငံဟာ အစိုင်အခဲလောင်စာသုံး အသံထက်မြန် တာလတ်ပစ်ဒုံးကျည်အသစ်တစ်မျိုးကို တနင်္ဂနွေနေ့က စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း KCNA သတင်းဌာနက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။
ထိုစမ်းသပ်ပစ်ခတ်မှုကို အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့က ဝေဖန်ရှုတ်ချလိုက်ကြပါတယ်။
အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုရဲ့ ရည်ရွယ်ချက်က အဆင့်များစွာပါဝင်သော တွန်းအားမြင့် အစိုင်အခဲလောင်စာသုံးအင်ဂျင်များနဲ့ ပဲ့ထိန်းနိုင်တဲ့ တာလတ်ပစ် အသံထက်မြန် ဒုံးကျည်ထိပ်ဖူးတို့ရဲ့ ယုံကြည်စိတ်ချရမှုကို စမ်းသပ်ရန် ဖြစ်ပြီး စမ်းသပ်ချက်ကြောင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ခဲ့ခြင်း မရှိဘူးလို့ KCNA က ဆိုပါတယ်။
ဒုံးကျည်ပစ်လွှတ်ခြင်းဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပဋိဉာဥ်စည်းမျဥ်းတွေကို ဖောက်ဖျက်ရာကျပြီး မြောက်ကိုရီးယားရဲ့ တိုက်ရိုက်ရန်စမှုကို အပြင်းအထန် တုန့်ပြန်သွားမယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။
ထိုပစ်ခတ်မှုဟာ ယခုနှစ်အတွင်း မြောက်ကိုရီးယားရဲ့ ပထမဆုံး စမ်းသပ်မှုဖြစ်ခဲ့ပြီး နောက်နေ့မှာပဲ နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြုံယမ်းကနေ ရုရှားသို့ ထွက်ခွာသွားတယ်လို့လည်း ဖော်ပြထားပါတယ်။
မြောက်နဲ့ တောင်ကိုရီးယားတို့ နှစ်နိုင်ငံကြား တင်းမာမှုမြင့်တက်နေချိန်မှ မြောက်ကိုရီးယားဘက်မှ ယခုလို ဒုံးကျည်စမ်းသပ်ခြင်းနဲ့ ရုရှားသို့ သွားရောက်လည်ပတ်ခြင်းတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။
ဒေသတွင်း တင်းမာမှုမြင့်တက်ရခြင်းဟာ တောင်ကိုရီးယားက စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းနဲ့ လက်နက်တပ်ဆင်ရေးများ တောင်းဆိုခြင်းတို့ကြောင့် ဖြစ်တယ်လို့ မြောက်ကိုရီးယားဘက်က စွပ်စွဲလိုက်ပါတယ်။
တောင်ကိုရီးယားစစ်တပ်ရဲ့ ပြောကြားချက်အရ ဒုံးကျည်ပစ်လွှတ်ခြင်းဟာ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်မှာ ပြုံယမ်းတဝိုက်ကနေ ၁ ထောင်ကီလိုမီတာအထိ ပျံသန်းခဲ့ပြီး တောင်ကိုရီးယား အရှေ့ဘက် ကမ်းရိုးတန်းနား ကျရောက်ခဲ့ကာ အများဆုံးအမြင့်ပေ ၅၀ ကီလိုမီတာခန့်အထိ ရောက်ရှိခဲ့ပါတယ်။
အသံထက်မြန်ဒုံးကျည်တွေကနေ ပစ်လွှတ်လိုက်တဲ့ ထိပ်ဖူးတွေဟာ အသံထက် ၅ ဆမြန်ကြပြီး အမြင့်ပေအနိမ့်ပိုင်းမှာ ပဲ့ထိန်းလေ့ရှိပါတယ်။
ဆန်းစစ်သူတွေရဲ့ ပြောကြားချက်အရ အသံထက်မြန်ဒုံးကျည်တွေရဲ့ အဓိကအင်္ဂါရပ်က အမြန်နှုန်းမဟုတ်ဘဲ ဒုံးကျည်ဖျက်စနစ်တွေကို ရှောင်ရှားနိုင်အောင် ထိပ်ဖူးကို ပဲ့ကိုင်ထိန်းချုပ်နိုင်စွမ်းပဲ ဖြစ်ပါတယ်။
တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တွေအတွက် အစိုင်အခဲလောင်စာသုံး အင်ဂျင်သစ်တွေကို နိုဝင်ဘာ၁ ၁ ရက်နေ့မှ ၁၄ ရက်အတွင်းက စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောပြခဲ့ဖူးပါတယ်။
Source: Reuters
#World_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 15 January 2024
ဆိုရှယ်မီဒီယာတွေပေါ်မှာ မဂ္ဂနီဆီယမ် သတ္တုဓာတ်အကြောင်း ဖော်ပြနေကြတာကို တွေ့မြင်ရမှာပါ။
မဂ္ဂနီဆီယမ်က လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်သတ္တုဓာတ်ဖြစ်ပြီး ကြွက်သားလုပ်ဆောင်ချက်ကစလို့ နှလုံးကျန်းမာရေးအထိ သက်ရောက်နေပါတယ်။
သူ့ရဲ့ ကျန်းမာရေးအကျိုးပြုပုံတွေက ကျယ်ပြန့်ပြီး အာရုံကြောနဲ့ ကြွက်သားလုပ်ဆောင်ချက် ပုံမှန်ထိန်းပေးခြင်း၊ ကိုယ်ခံအားစနစ် ထောက်ပံ့ပေးခြင်း၊ နှလုံးခုန်နှုန်း မှန်စေခြင်း၊ အရိုးသန်မာနေစေခြင်းတို့မှာ ကူညီပေးပါတယ်။
သွေးတွင်းဂလူးကို့စ်ကိုလည်း ထိန်းညှိပေးကာ စွမ်းအင်ဇီဝကမ္မဖြစ်စဥ်နဲ့ ပရိုတိန်းထုတ်လုပ်ခြင်းတို့မှာ ပါဝင်နေပါတယ်။
မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ဖရုံစေ့၊ ချီယာစေ့၊ ဟင်းနုနွယ်၊ ဗာဒံ၊ ထောပတ်သီးတို့ ဖြစ်ပါတယ်။
အစားအစာတစ်ခုတည်းနဲ့ မဂ္ဂနီဆီယမ် မလုံလောက်သူများအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဖြည့်စွက်စာ သုံးစွဲသင့်ပါတယ်။
မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့ပါက ဆီးချို၊ သွေးတိုး၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ စိတ်ဓာတ်ကျခြင်းစတဲ့ ရောဂါများ ဖြစ်လာနိုင်ပါတယ်။
လူအများအပြားဟာ မဂ္ဂနီဆီယမ် လုံလောက်စွာ မစားကြဘူးလို့ တွေ့ရှိထားပါတယ်။
လက်ရှိခေတ် စားသောက်ပုံစံအရ မဂ္ဂနီဆီယမ် ချို့တဲ့လာတာလည်း ဖြစ်ပါတယ်။
ချို့တဲ့တဲ့ လက္ခဏာတွေကတော့ စားချင်စိတ်မရှိခြင်း၊ မူးဝေအော့အန်ခြင်း၊ နွမ်းနယ်ခြင်း၊ ကြွက်တက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ အကြောစွဲခြင်းတို့ပင် ဖြစ်နိုင်ပါတယ်။
အစားအစာများကို အဆင့်ဆင့်ထုတ်လုပ်လာခြင်းက မဂ္ဂနီဆီယမ်ဓာတ် ၈၅ ရာခိုင်နှုန်းလောက် ချို့ယွင်းစေပြီး ပြည့်ဝဆီများက မဂ္ဂနီဆီယမ်စုပ်ယူမှုကို လျော့နည်းစေပါတယ်။
Source: India Today.
#World_Health
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 15 January 2024
ဖန်ပြွန်သန္ဓေနည်းလမ်းဖြင့် ဖန်တီးလိုက်တဲ့ သန္ဓေသားတွေရဲ့ အရည်အသွေးကို ခန့်မှန်းနိုင်မယ့် နည်းလမ်းတစ်မျိုးကို သုတေသီများ ထုတ်လုပ်နိုင်ပြီလို့ ဆိုလိုက်ကာ ကိုယ်ဝန်ရရန် ပိုမိုလွယ်ကူစေမယ်လို့ မျှော်လင့်နေကြပါတယ်။
ကယ်လီဖိုးနီးယား ဆန်ဒီယေဂိုတက္ကသိုလ် ကြိုးပမ်းတဲ့နည်းလမ်းက သန္ဓေသားများ ကြီးထွားတဲ့ အရည်ထဲက exRNA တွေဆိုတဲ့ မျိုးဗီဇအမှုန်လေးတွေကို ရှာဖွေတာပါပဲ။
အမေရိကန်မှာ အခြားသန္ဓေနည်းလမ်းများ အသုံးမဝင်တဲ့အခါ ဖန်ပြွန်သန္ဓေကို မျက်စိကျလာကြပါတယ်။
ပြုလုပ်ပုံကတော့ အမျိုးသမီးဆီမှ မျိုးဥများရယူကာ ဓာတ်ခွဲခန်းထဲမှာ သုတ်ပိုးဖြင့် သန္ဓေပြုစေတာ ဖြစ်ပါတယ်။
ရလာတဲ့သန္ဓေသားကို သားအိမ်ထဲသို့ ထည့်သွင်းကာ မွေးဖွားစေတာ ဖြစ်ပါတယ်။
အမေရိကန်မှာ ဖန်ပြွန်သန္ဓေကနေ အရှင်မွေးဖွားတဲ့နှုန်းက အသက် ၄၀ အောက် အမျိုးသမီးတွေမှာ ၂၀ ကနေ ၄၀ ရာခိုင်နှုန်းသာ ရှိပါတယ်။
အရည်အသွေးမြင့် သန္ဓေသားတွေက သန္ဓေတွယ်နိုင်ခြေ မြင့်မားပေမယ့် တိုင်းတာဖို့ ခက်ခဲပါတယ်။
ဒါကြောင့် ခန္ဓာကိုယ်အရည်တွေထဲမှာ တွေ့ရတဲ့ exRNA မော်လီကျူးများကို UCSD သုတေသီများက ပြောင်းလဲလေ့လာကြတာ ဖြစ်ပါတယ်။
ဒီနည်းလမ်းက ဆဲလ်ပြင်ပမှ နမူနာကို ခွဲခြားစိတ်ဖြာနိုင်ပြီး အထဲမှာဖြစ်ပျက်တာတွေကို သိရှိစေတာ ဖြစ်ပါတယ်။
exRNA ထုတ်လုပ်တဲ့အပေါ် မူတည်ပြီး သန္ဓေသားရဲ့ ဖွဲ့စည်းပုံကို ခန့်မှန်းနိုင်မယ့် မှတ်သားယန္တရားစနစ်ကို သုတေသီများ ဖန်တီးခဲ့ကြပါတယ်။
ဖန်ပြွန်သန္ဓေရလဒ်ကောင်းရရှိရန် ဖွဲ့စည်းပုံအချက်အလက်များ ရှိထားပေမယ့် အဓိကစမ်းသပ်ချက် အဆင်သင့်မဖြစ်ခင် နောက်ဆုံးကောက်နုတ်ချက်ချရန် လိုအပ်ပါသေးတယ်။
စမ်းသပ်ချက်ပြီးဆုံးတဲ့အခါ ဖန်ပြွန်သန္ဓေသားနည်းလမ်း တစ်ခုလုံးကို ပိုမိုရိုးရှင်းလွယ်ကူစေမှာ ဖြစ်တယ်လို့ ပြောပြသွားပါတယ်။
Source: New York Post.
#World_Health
#Published 15 January 2024
#YMG #Yangon_Times #Yangon_Media_Group
Page 367 of 968