#World_News
Published 09 October 2024
▪️ မုန်တိုင်းအမျိုးအစား နံပါတ် ၅ အဆင့်ရှိ မီလ်တန်ဟာရီကိန်းမုန်တိုင်းဟာ အင်္ဂါနေ့က ဖလော်ရီဒါမှ ပင်လယ်ကွေ့ကမ်းခြေကို ဦးတည်တိုက်ခတ်သွားသဖြင့် လမ်းခရီးသွားလာမှုများ ပိတ်ဆို့ကုန်ပြီး လောင်စာပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
▪️ တမ်ပါပင်လယ်အော်ဒေသသို့ မဝင်ရောက်ခင် လူ ၁ သန်းကျော်ကို ထွက်ပြေးတိမ်းရှောင်ဖို့ တာဝန်ရှိသူများက အမိန့်ပေးထားပါတယ်။
▪️ ဖလော်ရီဒါမှ လူဦးရေထူထပ်တဲ့ အနောက်ဘက် ကမ်းခြေနေရာဟာ လွန်ခဲ့တဲ့ သီတင်းပတ်တွေတည်းက ဟယ်လင်းဟာရီကိန်းဒဏ်ကို ခံစားနေရဆဲဖြစ်ပါတယ်။
▪️ ယခု မီလ်တန်မုန်တိုင်းဟာ အပြင်းထန်ဆုံး အတ္တလန္တိတ် ဟာရီကိန်းတွေထဲက တစ်ခုဖြစ်လာပြီး ဗုဒ္ဓဟူးနေ့နှောင်းပိုင်း ဒါမှမဟုတ် ကြာသပတေးနေ့ အစောပိုင်းမှာ မြေပြင်သို့ ကျရောက်နိုင်တယ်လို့ ခန့်မှန်းထားခဲ့ရာ ကမ်းခြေတလျှောက်ကို ခြိမ်းခြောက်နေပါတယ်။
▪️ တမ်ပါမြို့တော်ဝန် ဂျိန်းကက်စ်တာက ဟယ်လင်းမုန်တိုင်းဟာ အစပျိုးရုံဖြစ်ပြီး ပင်လယ်အော်နေရာတွေကနေ ထွက်ပြေးကြဖို့ သတိပေးထားပါတယ်။
▪️ တမ်ပါမှ ထွက်ပြေးလာသူ မိသားစုတွေဟာ အရေးကြီး စာရွက်စာတမ်း ငွေသားတွေကို ယူဆောင်ပြီး ကျန်တာတွေကို ထားရစ်ကာ ဘေးကင်းရာသို့ ထွက်ပြေးနေကြပါတယ်။
▪️ မီလ်တန်ဟာရီကိန်းဟာ တစ်နာရီကို အမြင့်ဆုံး ၁၆၅ မိုင်နှုန်းဖြင့် လေပြင်းတိုက်ခတ်ခဲ့ကာ Saffir-Simpson တိုင်းတာမှု အဆင့် ၅ ဆင့်မှာ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း အမေရိကန် အမျိုးသားဟာရီကိန်းဌာနက ပြောပါတယ်။
▪️ ဒေသစံတော်ချိန် ည ၇ နာရီမှာ မုန်တိုင်းက တမ်ပါအနောက်တောင်ပိုင်း ၄၄၀ မိုင်မှာ ဗဟိုပြုပြီး တစ်နာရီကို ၁၀ မိုင်နှုန်းဖြင့် အရှေ့မြောက်ဘက်သို့ ရွေ့လျားနေခဲ့ပါတယ်။
▪️ မီလ်တန်ရဲ့ လေပြင်းအကျယ်အဝန်းက ဖလော်ရီဒါသို့ ချဉ်းကပ်လာစဉ်မှာ ကျယ်ပြန့်လာမယ်လို့ ခန့်မှန်းရပြီး တရားဝင်ခန့်မှန်းချက်များအရ ဟာရီကိန်းနဲ့ လေပြင်းတိုက်ခတ်မှုဟာ မြေပြင်သို့ ကျရောက်တဲ့အခါ နှစ်ဆလောက် ပိုကြီးမားကျယ်ပြန့်လာမယ်လို့ ဟာရီကိန်းဌာနက ပြောထားပါတယ်။
▪️ အမေရိကန် ပြည်တွင်းအသားတင်ထုတ်ကုန်များရဲ့ ၂.၈ ရာခိုင်နှုန်းလောက်ဟာ မီလ်တန်တိုက်ခတ်မယ့် လမ်းကြောင်းမှာ တိုက်ရိုက်ရှိနေကြောင်း အောက်စ်ဖို့ဒ်စီးပွားရေးမှ ရိုင်ယန်ဆွိက အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။
▪️ လေကြောင်းလိုင်း၊ စွမ်းအင်ကုမ္ပဏီတို့ကတော့ ဖလော်ရီဒါမှာ လုပ်ငန်းများ စတင်ရပ်တန့်နေပြီ ဖြစ်ပါတယ်။
▪️ သမ္မတဂျိုးဘိုင်ဒင်က မုန်တိုင်းအခြေအနေကို ကြီးကြပ်ရန် နိုင်ငံခြားခရီးစဉ်တစ်ခုကို ရွှေ့ဆိုင်းထားပြီး သေရေးရှင်ရေးကိစ္စဖြစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်ရန် အမိန့်ပေးခံရသူတွေကို အမြန်ဆုံးချက်ချင်း ထွက်ပြေးဖို့ တိုက်တွန်းထားပါတယ်။
#Source: Reuters
#World_Science
Published 09 October 2024
▪️ 2024 TW2 လို့အမည်ပေးထားတဲ့ ဘတ်စ်ကားတစ်စီးအရွယ် ဂြိုဟ်မွှားတစ်ခုဟာ ကမ္ဘာဂြိုဟ်နဲ့ နီးကပ်တဲ့အနေအထား ရောက်လာမယ်လို့ နာဆာ(NASA)က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
▪️ ၂၁ ပေနီးပါးရှိတဲ့ အာကာသကျောက်တုံးဟာ တစ်နာရီကို ၆၀၉၆၈ ကီလိုမီတာနှုန်း ကြောက်မက်ဖွယ် အရှိန်ဖြင့် ရွေ့လျားနေပါတယ်။
▪️ ထိုဂြိုဟ်မွှားနဲ့ ကမ္ဘာမြေကြား အကွာအဝေးက စိုးရိမ်စရာရှိပေမယ့် ဘေးအန္တရာယ် ဖြစ်စေမှာမဟုတ်ဘူးလို့တော့ နာဆာက ဆိုပါတယ်။
▪️ 2024 TW2 ဟာ ကမ္ဘာမြေနဲ့ ၂၈၈၀၀၀ ကီလိုမီတာ အကွာအဝေးကနေ ဖြတ်သန်းသွားမှာဖြစ်ပြီး ဒါဟာ လနဲ့ ကမ္ဘာမြေကြား ပျမ်းမျှအကွာအဝေးထက် အနည်းငယ်သာ ပိုနည်းပါတယ်။
▪️ ဒီလောက်အထိ နီးကပ်စွာ ဖြတ်သန်းမှာဖြစ်ပေမယ့် ဘေးအန္တရာယ်ဖြစ်နိုင်မယ့် ဂြိုဟ်မွှားအမျိုးအစားထဲ မပါဝင်ပါဘူး။
▪️ အဆိုပါဂြိုဟ်မွှားမျိုးဟာ နာဆာကနေ ပုံမှန်စောင့်ကြည့်နေတဲ့ ကမ္ဘာဂြိုဟ်အနီး အရာဝတ္ထုများ အဖွဲ့ထဲမှာ ပါဝင်ပါတယ်။
▪️ ဂြိုဟ်မွှားရဲ့ အရှိန်နှုန်းနဲ့ အကွာအဝေးနီးစပ်မှုက ထင်ရှားပေမယ့် အရွယ်အစားသေးငယ်တာကြောင့် ကမ္ဘာ့လေထုထဲ ဝင်ရောက်ခဲ့ရင်တောင် ထိခိုက်မှုကြီးကြီးမားမား ဖြစ်နိုင်ခြေ အလွန်နည်းပါးပါတယ်။
▪️ ထိုကဲ့သို့ အရာဝတ္ထုတွေက ကမ္ဘာဂြိုဟ်နား အလွန်နီးနီးကပ်ကပ် မလာတတ်ပေမယ့် အချို့ကတော့ ကြောက်စရာ အရှိန်နှုန်းနဲ့ ရွေ့လျားနေကြတာကြောင့် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
#Source: WION
#World_Health
Published 09 October 2024
▪️ သွားနဲ့ခံတွင်း ကျန်းမာရေးကို ပုံမှန်မထိန်းသိမ်းပါက ကင်ဆာရောဂါ ၂ မျိုးဖြစ်နိုင်ခြေ မြင့်မားစေတယ်လို့ အမေရိကန် သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
▪️ ဒါ့အပြင် ဆီးချိုနဲ့ သွေးဖိအားများခြင်းတို့လည်း ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ သွားဖုံးရောဂါဖြစ်စေတဲ့ ပါးစပ်ထဲက ဘက်တီးရီးယားများကြောင့် ဦးခေါင်းနဲ့ လည်ပင်းဆဲလ်ကင်ဆာများ ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။
▪️ ကင်ဆာဖြစ်နိုင်ခြေများ လျှော့ချဖို့အတွက် ခံတွင်းသန့်ရှင်းရေး ပုံမှန်ထိန်းသိမ်းဖို့ အရေးကြီးကြောင်းကို နယူးယော့ခ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ရစ်ချတ်ဟေးယက်စ်က အလေးပေးဖော်ပြသွားပါတယ်။
▪️ အိန္ဒိယဟာ ခံတွင်းကင်ဆာ အဖြစ်အများဆုံး နိုင်ငံဖြစ်နေပြီး ဆေးလိပ်သုံးစွဲခြင်းက ခံတွင်းကင်ဆာ ဖြစ်ပွားခြင်းမှာ ၈၀ ကနေ ၉၀ ရာခိုင်နှုန်းအထိ ပတ်သက်နေပါတယ်။
▪️ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ လက္ခဏာများက နေရာနဲ့ ကင်ဆာအဆင့်အပေါ် မူတည်နေပါတယ်။
▪️ အဖြစ်များတဲ့ လက္ခဏာတွေထဲမှာ အဖုအပိမ့်၊ နာကျင်ခြင်း၊ မျိုချရ ခက်ခဲခြင်း၊ အသံပြောင်းလဲခြင်း၊ အဆက်မပြတ် လည်ချောင်းနာခြင်း၊ နာရွက်နာခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အကြောင်းအရင်းမရှိ ကိုယ်အလေးချိန်ကျခြင်း၊ သွေးထွက်ခြင်း၊ ထုံကျဉ်ခြင်းတို့ ပါဝင်ပါတယ်။
▪️ ဦးခေါင်းနဲ့လည်ပင်း ကင်ဆာတို့ဟာ လက္ခဏာမပေါ်တတ်တာကြောင့် ကင်ဆာနောက်ပိုင်းအဆင့်ရောက်မှ တွေ့ရှိပြီး ကုသရခက်ခဲစေပါတယ်။
▪️ အမေရိကန်မှ လူပေါင်း ၁၆၀၀၀၀ ကျော်ကို စားသောက်နေထိုင်မှုပုံစံများ၊ ခံတွင်းကျန်းမာရေးတို့ကို လေ့လာခဲ့ကြပြီး တံတွေးနမူနာများ ရယူခဲ့ကြပါတယ်။
▪️ ၁၅ နှစ်ကြာ စောင့်ကြည့်ပြီးနောက် ၂၃၆ ဦးဟာ ဦးခေါင်းနဲ့လည်ပင်း ဆဲလ်ကင်ဆာများ ဖြစ်ပွားခဲ့ပြီး သူတို့ရဲ့ ခံတွင်းဒီအင်န်အေကို ကင်ဆာမဖြစ်တဲ့ ၄၅၈ ဦးနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
▪️ ကင်ဆာဖြစ်နိုင်ခြေများစေတဲ့ ဘက်တီးရီးယား ၁၃ မျိုးကို တွေ့ရှိခဲ့ပြီး အချို့တွေဆိုရင် ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ မြင့်မားစေပါတယ်။
▪️ ဒီဘက်တီးရီးယားတွေကို တွေ့ရှိခြင်းက ရောဂါဘယ်လိုဖြစ်ပွားစေသလဲဆိုတာနဲ့ ဘယ်လိုဟန့်တားရမလဲဆိုတာ သိရှိစေနိုင်မယ်လို့ မှတ်ချက်ပြုသွားပါတယ်။
#Source: India Today
အီရန်ကိုတိုက်ခိုက်လာလျှင် ဆောင်ရွက်မည့်ကိစ္စများ အီရန်ဝန်ကြီးချုပ်ဆီးရီးယားသို့လာရောက်ဆွေးနွေး
အီရန်ဝန်ကြီးချုပ်ဆေယက်အက်ဘက်စ်အရက်ဂ်ချီက အီရန်ဟာ ဂါဇာနဲ့ လက်ဘနွန်တိုမှာ အပစ်အခတ်ရပ်စဲဖို့ကို ထောက်ခံကြောင်း၊ တိုက်ခိုက်မှုမှန်သမျှကို လိုအပ်လာပါက အင်အားပိုသုံးပြီး တုန့်ပြန်သွားမှာကို သတိပေးလိုကြောင်း စနေနေ့က ဒါမတ်စ်ကပ်စ်မှာ ပြောသွားပါတယ်။
#World_News
Published 8 October 2024
#အီရန်ဝန်ကြီးချုပ် #ဆေယက်အက်ဘက်စ်အရက်ဂ်ချီ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 8 October 2024
၁။ ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော် အခုနှစ်လည်းကျင်းပရန်မသေချာသေး
၂။ ရေနစ်မြုပ်၍ပျက်စီးခဲ့ရသည့် ပဲကြော်ပဲလှော်ဖို (၄၈)ဖိုအနက်(၁၀)ဖို ပြန်လည်ပတ်နေပြီဟုဆို
၃။ စပါးသစ်ထွက်ရှိချိန် ဈေးကောင်းသော်လည်း တွက်ခြေကိုက်မှုနည်းပါး
၄။ အီရန်ကိုတိုက်ခိုက်လာလျှင် ဆောင်ရွက်မည့်ကိစ္စများ အီရန်ဝန်ကြီးချုပ်ဆီးရီးယားသို့လာရောက်ဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 08 October 2024
▪️ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက သူ့တိုင်းပြည်ဟာ နျူကလီးယားလက်နက်များဖြင့် စစ်ရေးအင်အား အလွန်ကြီးမားတဲ့မဟာ နိုင်ငံဖြစ်လာရေးအတွက် အရှိန်မြှင့်လုပ်ဆောင်သွားမှာ ဖြစ်ပြီး ရန်သူတစ်ဦးဦးမှ တိုက်ခိုက်လာပါက ထိုလက်နက်များ အသုံးပြုဖို့ စဉ်းစားသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြထားပါတယ်။
▪️ ဒါ့အပြင် တောင်ကိုရီးယားသမ္မတ ယွန်ဆော့ယောလ်ကိုလည်း နာမည်နဲ့တကွ ရှုတ်ချလိုက်ပြီး ယင်းတို့ဟာ သင့်တင့်တဲ့ ဗျူဟာမြောက်လက်နက်များ မရှိဘဲနဲ့ အမေရိကန်နဲ့ ပူးပေါင်းပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ကြိုးပမ်းနေတယ်လို့ ပြောသွားပါတယ်။
▪️ "ယွန်ဆော့ယောလ် မိန့်ခွန်းပြောကြားရာမှာ မြောက်ကိုရီးယား ဘယ်လိုအဆုံးသတ်မလဲဆိုတာကို စော်စော်ကားကား ပြောကြားခဲ့ပြီး ဒါဟာ အမေရိကန်အပေါ်မှာ စုံလုံးကန်း ယုံကြည်အားထားနေတာကို မြင်တွေ့ရတယ်" လို့ ကင်မ်ဂျုံအန်းက ပြောသွားပါတယ်။
▪️ ရိုးရိုးသားသားပြောရရင် တောင်ကိုရီးယားကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိကြောင်း စစ်ရေးလက်ရွေးစင်များအတွက် လေ့ကျင့်ရေးနေရာတစ်ခုမှာ မိန့်ခွန်းပြောသွားပါတယ်။
▪️ "ကျွန်ုပ်တို့တိုင်းပြည်ကို ရန်သူတွေ အင်အားသုံးဖို့ ကြိုးစားလာပါက ရှိသမျှလက်နက်အားလုံးဖြင့် တုန့်ပြန်သွားမှာဖြစ်ပြီး နျူကလီးယားလက်နက်တွေလည်း ဖယ်ထားမှာမဟုတ်ပါဘူး။ စစ်ရေးအင်အားကြီး နိုင်ငံဖြစ်လာရေးနဲ့ နျူကလီးယားလက်နက်ပိုင် နိုင်ငံကြီး ဖြစ်လာရေး ခြေလှမ်းတွေကို အရှိန်မြှင့်တင်သွားမယ်" လို့ မိန့်ကြားခဲ့ပါတယ်။
▪️ မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက် စီမံကိန်းကို ဆယ်စုနှစ်တွေကြာအောင် ကြိုးပမ်းနေခဲ့ပြီး လက်နက်ဒါဇင်ခန့် ပြုလုပ်ရန် ကုန်ကြမ်းပစ္စည်းများ အလုံအလောက် ရှိတယ်လို့ ယူဆရပါတယ်။
▪️ မြေအောက်နျူကလီးယား ဖောက်ခွဲရေးစမ်းသပ်ချက် ၆ ခုတော့ ပြုလုပ်ထားခဲ့ပါတယ်။
▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တောင်ကိုရီးယား တပ်မတော်နေ့ အခမ်းအနားမှာ ယွန်ဆော့ယောလ်က မြောက်ကိုရီးယား နျူကလီးယားလက်နက် အသုံးပြုမှာကို သတိပေးခဲ့ပြီး အသုံးပြုတဲ့နေ့ဟာ မြောက်ကိုရီးယားအစိုးရ အဆုံးသတ်တဲ့နေ့ပဲလို့ မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။
#Source: Reuters
#World_Health
Published 08 October 2024
▪️ ကိုဗစ်-၁၉ရောဂါနဲ့ ကျောက်ကပ်ပြဿနာများကြား အချိန်ကြာလာတာနဲ့အမျှ သက်ရောက်မှုရှိလာကြောင်း ဆက်စပ်မှုရှိနေတာကို တရုတ်အနောက်ပိုင်းဆေးရုံ စီချွမ်တက္ကသိုလ်မှ သုတေသီများ ဖော်ပြလာပါတယ်။
▪️ ဒေါက်တာ လီချန်ယန်းနဲ့ ဒေါက်တာ ကျန်းရှောက်ရှီတို့က ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။
▪️ ကိုဗစ်-၁၉က အသက်ရှူလမ်းကြောင်းကို အဓိကထိခိုက်တယ်လို့ သိထားကြပေမယ့် ကျောက်ကပ်လိုမျိုး အခြားအင်္ဂါတွေကိုလည်း ထိခိုက်စေပါတယ်။
▪️ ယူကေဇီဝဘဏ်မှ အချက်အလက်များ ရယူကာ အချိန်ကြာလာတာနဲ့အမျှ ကိုဗစ်-၁၉နဲ့ ကျောက်ကပ်ပြဿနာများရဲ့ သက်ရောက်မှုတွေကို စူးစမ်းခဲ့ကြပါတယ်။
▪️ ကိုဗစ်ရောဂါ ကူးစက်ပြီး ဒုတိယမြောက်သီတင်းပတ်မှာ ကျောက်ကပ်ပြဿနာများ ဖြစ်နိုင်ခြေ အမြင့်ဆုံးဖြစ်နေပြီး စတုတ္ထမြောက်သီတင်းပတ်မှာ စတင်ကျဆင်းလာပါတယ်။
▪️ ကိုဗစ်လူနာ ၁၀၁၂၁ ဦးနဲ့ နှိုင်းယှဉ်မယ့်သူ ၂၉၀၀၄ ဦးတို့ကို လေ့လာခဲ့ကြပါတယ်။
▪️ ထိုအခါမှာ ဒုတိယမြောက်အပတ်မှာ အန္တရာယ်အများဆုံး ဖြစ်နေပြီး စတုတ္ထမြောက်အပတ်မှာ ကျဆင်းလာတာကို တွေ့ရှိခဲ့ကြောင်း ဒေါက်တာလီက ဆိုပါတယ်။
▪️ ကိုဗစ်ရောဂါကို အပြင်းအထန် ခံစားရတဲ့သူတွေမှာသာ ကျောက်ကပ်လုပ်ဆောင်ချက် ပိုမိုဆိုးရွားခဲ့ကြပြီး ရောဂါအပျော့စားသာ ဖြစ်ပွားသူတွေကတော့ ဒီအန္တရာယ် မတွေ့ခဲ့ပါဘူး။
▪️ ကိုဗစ်ရောဂါ ကူးစက်ပြီး အစောပိုင်းရက်သတ္တပတ်တွေမှာ အပြင်းအထန် ခံစားရသူတွေကို ကျောက်ကပ်လုပ်ဆောင်ချက်များ သေချာစောင့်ကြည့်သင့်တယ်လို့ အလေးပေးဖော်ပြထားပါတယ်။
▪️ ဒါ့အပြင် အရှေ့အာရှနိုင်ငံတွေမှာ ကိုဗစ်ရောဂါက ကျောက်ကပ်ပြဿနာများနဲ့ ဆက်စပ်နေပုံကို လေ့လာသွားပြီး ဗိုင်းရပ်စ်နဲ့ ကျောက်ကပ်ပျက်စီးမှု ဆက်စပ်နေတဲ့ မော်လီကျူးဖြစ်စဉ်ကို စူးစမ်းသွားဖို့ စီစဉ်နေကြပါတယ်။
▪️ အနာဂတ်မှာ ဒီဆက်စပ်မှုကို ဖြေရှင်းလာနိုင်ဖို့ နောက်ထပ်သုတေသနများ လိုအပ်ကြောင်းလည်း ဒေါက်တာ ကျန်းရှောက်ရှီက ပြောသွားပါတယ်။
#Source: India Today
Page 224 of 1014