၄ ဧပြီ ၂၀၂၄
တရုတ်နိုင်ငံ တောင်ပိုင်းတိုင်းတပ်ပေါင်းစုဟာ မြန်မာနိုင်ငံရဲ့ နယ်စပ်တလျောက်မှာ အင်္ဂါနေ့ကမြေပြင်နှင့်ဝေဟင် ကျည် အစစ်သုံး စစ်ရေးလေ့ကျင့်ခန်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။
စစ်ရေးလေ့ကျင့်မှုတွေကို အင်္ဂါနေ့ မနက် ၈နာရီမှာစတင်ခဲ့ကြပြီး ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီအထိ ကြာမြင့်မယ်လို့ ရည်မှန်း ထားကြပါတယ်။ စစ်ရေးလေ့ကျင့်ရာမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ တယ်ဟုန်နှင့်ဂျင်းဖော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တွေဖြစ်တဲ့ ရှီမာ၊နွန်ကျန်း၊ လောင်ပါနှင့် ကျန်ဖန်းတို့ ပါဝင်ပါတယ်လို့ တောင်ပိုင်းတိုင်း တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Source CCTV+
#World_News
Published 04 April 2024
ဗုဒ္ဓဟူးနေ့က ထိုင်ဝမ်မှာ ၂၅ နှစ်အတွင်း အင်အားအပြင်းထန်ဆုံး မြေငလျင်လှုပ်ခတ်သွားခဲ့ပြီး လူ ၉ ဦးသေဆုံးကာ ၉၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
အမျိုးသားဥယျာဥ်ရှိ ဟိုတယ်တစ်ခုသို့ မီနီဘတ်စ်များဖြင့် ခရီးသွားနေတဲ့ အလုပ်သမား ၅၀ ကတော့ ပျောက်ဆုံးနေပါတယ်။
အင်အား ၇.၂ အဆင့်ရှိ မြေငလျင်ရဲ့ ဗဟိုချက်အနီးရှိ ဟွေလျန်ကောင်တီဒေသမှာ အချို့အဆောက်အအုံများ ဘေးအန္တရာယ်ရှိလောက်တဲ့အထိ တိမ်းစောင်းသွားခဲ့ပါတယ်။
ဒေသစံတော်ချိန် နံနက် ၈ နာရီမှာ ကမ်းလွန်ကို ဝင်ရောက်လာပြီး အကြီးအကျယ် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ပါတယ်။
လူအချို့က တဲတွေ ခိုလှုံနေရာတွေမှာ ညအိပ်အနားယူနေရပြီး အရေးပေါ်ကယ်ဆယ်ရေးများက ထိခိုက်ပျက်စီးထားတဲ့ အဆောက်အအုံတွေကို ထောက်ခံထားဖို့ ကြိုးစားနေပါတယ်။
အန္တရာယ်ရှိနေတဲ့ အဆောက်အအုံတွေထဲက လူတွေအားလုံးကို ဖယ်ရှားထားပြီး တိုက် ၄ ခုကို ဖြိုချဖို့လုပ်နေပြီလို့ ဟွေလျန်မြို့တော်ဝန် ဆုချန်ဝေက ပြောပြပါတယ်။
နောက်ဆက်တွဲငလျင်ရိုက်ခတ်မှု အကြိမ် ၅၀ ကျော်ရှိခဲ့တယ်လို့ မိုးလေဝသဌာနက ဆိုပါတယ်။
သတင်းတွေကို တိုက်ရိုက်တင်ဆက်နေစဥ်မှာပဲ ငလျင်လှုပ်ခြင်းကို ရိုက်ကူးရရှိခဲ့ပါတယ်။
ပြည်သူတွေ အလုပ်၊ ကျောင်းများသို့ သွားနေစဥ်မှာ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး ဂျပန်တောင်ပိုင်းနဲ့ ဖိလစ်ပိုင်တို့မှာ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားတာကို နောက်ပိုင်းမှာ ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။
ဟွေလျန်မြို့အနီး လိုဏ်ဂူတွေမှာ ပိတ်မိနေသူ ၇၀ ခန့်ကို ကယ်ထုတ်ထားတယ်လို့ မီးသတ်အဖွဲ့က ဆိုပါတယ်။
အခုအချိန်မှာ အရေးကြီးဆုံးက လူတွေကို ကယ်ဆယ်ရမှာဖြစ်တယ်လို့ ရွေးချယ်ခံသမ္မတ လဲ့ချင်တေက တိုက်အပျက်အစီးတစ်ခုနားမှာ ပြောကြားသွားပါတယ်။
အမေရိကန်က လိုအပ်တဲ့ အကူအညီများ ပံ့ပိုးရန်အသင့်ရှိနေတယ်လို့ ဆိုပါတယ်။
၁၉၉၉ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၆ အဆင့် မြေငလျင်ပြီးနောက်ပိုင်း အကြီးမားဆုံးလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ ဗဟိုသတင်းဌာနက ထုတ်ပြန်လိုက်ပါတယ်။
Source: Reuters
#World_News
#Published 04 April 2024
#Yangon_Media_Group
#YMG_News #Yangon_Times
#World_Science
Published 04 April 2024
တရုတ်ပြည်ခေတ်ဆိုးစဥ်ကာလများအတွင်း အုပ်စိုးခဲ့တဲ့ ၆ ရာစုခေတ် တရုတ်ဘုရင်မင်းမြတ်တစ်ပါးရဲ့ ရုပ်ကြွင်းကျန်များမှ ရှေးဟောင်း ဒီအင်န်အေကို ရှေးဟောင်းသုတေသီများ ရှာဖွေတွေ့ရှိခဲ့ကြပြီး ဘုရင်ရဲ့ မျက်နှာကို ပြန်လည်ပုံဖော်တည်ဆောက်ခဲ့ကြပါတယ်။
ဧကရာဇ်ဝူဟာ တရုတ်ပြည် ကျိုးမြောက်ပိုင်းမင်းဆက် တစ်စိတ်တစ်ဒေသကို အုပ်စိုးခဲ့ပြီး ရုန်းရင်းဆန်ခတ်ကာလအတွင်း ရှေးခေတ်က တရုတ်မြောက်ပိုင်း စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ခဲ့ပါတယ်။
၁၉၉၆ တုန်းက တရုတ်အနောက်မြောက်ပိုင်းမှာ အုတ်ဂူတစ်ခု ရှာဖွေတွေ့ရှိခဲ့ပြီး ဧဏရာဇ်ရုပ်ကြွင်းများမှ မျိုးဗီဇအရာများ တွေ့ရှိခဲ့ကာ ဦးခေါင်းခွံအပြည့်အစုံနီးပါးလည်း ပါဝင်ပါတယ်။
ဧကရာဇ်ရဲ့ ပုံပန်းသွင်ပြင်၊ ကျန်းမာရေးအခြေအနေ၊ မျိုးရိုးများကို နားလည်နိုင်ရန် အချက်အလက်များ လေ့လာခဲ့ကြပါတယ်။
ရှေးဟောင်းသုတေသီများရဲ့ အဆိုအရ ဧကရာဇ်ဝူဟာ ရှန်ဘေလို့ခေါ်တဲ့ လူသိနည်းတဲ့မျိုးရိုးက ဖြစ်ပြီး ယနေ့ခေတ် တရုတ်နဲ့ မွန်ဂိုလီးယား အရှေ့မြောက်ဘက်နဲ့ အရှေ့ဘက်တို့ရှိနေရာမှာ နေထိုင်ခဲ့ပါတယ်။
ဒီအင်န်အေမျိုးဗီဇ အချက်အလက်များအရ ဧကရာဇ်ဝူဟာ ဆံပင်အနက်၊ မျက်လုံးအညို၊ အသားအရောင်ရင့်တဲ့ပုံစံ ရှိပါတယ်။
ဖူဒန်တက္ကသိုလ်ရှိ တွဲဖက်ပရော်ဖက်ဆာ ရှောင်ကျင်ဝမ်ပြောကြားရာမှာ ရှန်ဘေလူမျိုးတွေက မုတ်ဆိတ်မွှေးထူထူ၊ နှာတံရှည်ရှည်၊ ဆံပင်အဝါရှိကြပါတယ်။
ဆန်းစစ်ချက်များအရ ဧကရာဇ်ဝူဟာ အာရှအရှေ့ပိုင်း သို့မဟုတ် အာရှအရှေ့မြောက်ပိုင်း မျက်နှာသွင်ပြင်မျိုး ရှိမယ်လို့ သိထားပါတယ်။
ဒီအင်န်အေ လေ့လာချက်အရ ဧကရာဇ်ဟာ အသက် ၃၆ နှစ်မှာ ရုတ်တရက်နတ်ရွာစံခဲ့တာ ဖြစ်နိုင်ပါတယ်။
ကွယ်လွန်ခဲ့ရတဲ့ အကြောင်းအရင်း အတိအကျကို မသိရပေမယ့် သူ့မှာ လေဖြတ်ဝေဒနာဖြစ်နိုင်တဲ့ မျိုးရိုးဗီဇ တွေ့ခဲ့ရပါတယ်။
ဦးခေါင်းခွံအပါအဝင် မျိုးဗီဇအချက်အလက်များကို အသုံးပြုကာ ဧကရာဇ်က ဘယ်လိုပုံစံလဲဆိုတာကို ပုံဖော်ခဲ့ကြကာ 3D မျက်နှာပုံစံကို ပြန်လည်ဖန်တီးခဲ့ကြပါတယ်။
အရေပြား၊ ဆံပင်နဲ့ မျက်လုံးအရောင်တို့ကတော့ ရုပ်ကြွင်းတွေတစ်မျိုးတည်းနဲ့ ခန့်မှန်းလို့မရဘူးလို့ ဒန်ဒီးတက္ကသိုလ်မှ ပို့ချသူ တိုဘီယက်စ်ဟူလ်တန်က ပြောပြသွားပါတယ်။
Source: WION.
#World_Science
#Daily_News
Published_ 03 April 2024
၁။ သင်္ကြန်အတွင်းတွင် ပြင်ဦးလွင်ရှိရေတံခွန်များ၌ လာရောက်အပန်းဖြေသူများပြားနိုင်ဟုဆို
၂။ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ရော်ဘာတန်ချိန်နှစ်သိန်းနီးပါးတင်ပို့ထား
၃။ နယ်မြေအခြေအနေနှင့်လမ်းပန်းဆက်သွယ်ရေးကြောင့် ယခုဧပြီလအတွင်း ရေခဲတောင်တတ်ခရီးစဉ်များ ယာယီရပ်နားထားဟုဆို
၄။ တရုတ်ပြည်၌လုပ်ငန်းအမျိုးမျိုးတွင် ဒရုန်းများအသုံးပြုကာ စီးပွားရေးကောင်းမွန်နေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
အနိမ့်ပျံသန်းမှုစီးပွားရေးနဲ့ လေကြောင်းကဏ္ဍတို့မှာ တိုးတက်ရန် လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံမှာ ဒရုန်းတွေကို နည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုနေကြပြီး ပိုမိုထိရောက်မှုရှိစေရန် ကြိုးပမ်းလာပါတယ်။
ဝန်ကြီးဌာန ၄ ခုမှထုတ်ပြန်တဲ့ ၂၀၂၄ -၂၀၃၀ လေကြောင်းကိရိယာပစ္စည်း ဆန်းသစ်တီထွင်ခြင်းနဲ့ အသုံးချခြင်းအတွက် အစီအစဥ်မှာ လေကြောင်းစက်မှုလုပ်ငန်း ဂေဟစနစ်ကို ထိရောက်မှုရှိစေရန် ရည်ရွယ်ကာ အနိမ့်ပျံသန်းခြင်း စီးပွားရေးမှာ တွန်းအားပေးသွားမှာ ဖြစ်ပါတယ်။
#Asia_Development
#Published_ 03 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 03 April 2024
ဦးနှောက်ကို အပြင်းအထန် ထိခိုက်ဖူးသူတွေဟာ ထိခိုက်ဒဏ်ရာအပြင် စိတ်ဓာတ်ကျခြင်းနဲ့ အခြားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ခံစားရနိုင်ပါတယ်။
အမေရိကန်မှာ လေ့လာမှုအသေးစားတစ်ခု ပြုလုပ်ခဲ့ရာမှာ ဒဏ်ရာရရှိပြီးနောက် စိတ်ကျရောဂါပျောက်ဆေးများ အသုံးပြုရာ ဝေဒနာသက်သာကြကြောင်း တွေ့ရှိထားပါတယ်။
အသက် ၂၄ နှစ်ရှိ ရှန်နွန်ဟာ ၂၀၂၀ ခုနှစ်က လန်ဒန်အရှေ့ဘက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေစဉ် မြေတူးစက်ဖြင့် ဦးခေါင်းဘေးကို ထိခိုက်ခဲ့ပါတယ်။
မျက်နှာအစိတ်အပိုင်းများကို ခွဲစိတ်မှုများ ပြုလုပ်ခဲ့ရပြီး မေးရိုးများကို ကြိုးများဖြင့် ချိတ်ဆက်ထားရပါတယ်။
စိတ်ကျန်းမာရေးကိုလည်း အလွန်သက်ရောက်ခဲ့ပြီး အလွန်စိတ်ဓာတ် ကျခဲ့ကြောင်း၊ အပြင်မသွားနိုင် ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်ဘဲ ကိုယ်အလေးချိန်တက်လာကြောင်း ရှန်နွန်က ပြောပြပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ကုသကာ ပြန်လည်ထူထောင်ခြင်းများ ဦးတည်လုပ်ဆောင်ခဲ့ပေမယ့် စိတ်ဓာတ်ကျခြင်း အခြေအနေကလည်း များစွာသက်ရောက်နေပါတယ်။
သုတေသန လေ့လာချက်အရလည်း ဦးခေါင်းထိခိုက်မှုကြောင့် ဆေးရုံတက်ရသူ တဝက်လောက်မှာ စိတ်ကျခြင်းဝေဒနာ ခံစားရကြောင်း ဝန်ခံထားကာ ပုံမှန်လူတွေထက် ခံစားရနိုင်ခြေ ၁၀ ဆလောက် ပိုများနေပါတယ်။
အလုပ်အကိုင်၊ ပညာရေး၊ မေတ္တာရေးတို့မှာ ဆိုးဆိုးရွားရွား ကြုံတွေ့ပြီးနောက်မှာလည်း စိတ်ထိခိုက်မှု အတိုင်းအတာတစ်ခုအထိ ခံစားရနိုင်ပါတယ်။
ဦးနှောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်မိပါက ဦးနှောက်ထဲက အာရုံကြောကွန်ရက်တွေ ထိခိုက်နိုင်ပါတယ်။
စိတ်ကျရောဂါပျောက်ဆေး SSRI တွေက စမ်းသပ်ချက်ထဲမှာ ဘယ်လိုအလုပ်လုပ်လဲဆိုတာ မသိရပါဘူး။
ထိုဆေးတွေက စိတ်ကျဝေဒနာ အလွန်ပြင်းထန်သူတွေမှာ ရေတိုအလုပ်ဖြစ်ပေမယ့် ဦးနှောက်ရောင်ရမ်းခြင်းနဲ့ ဆက်စပ်နေနိုင်ပါတယ်။
စိတ်ဓာတ်ကျတဲ့အခါ ကိုယ်တိုင်ခံစားရရုံမက မေတ္တာရေး၊ အလုပ်အကိုင်၊ ပညာရေးတို့မှာပါ သက်ရောက်လာနိုင်ပါတယ်။
Source: BBC News.
#World_Health
#Published_ 03 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 03 April 2024
ဆီးရီးယားမြို့တော် ဒါမတ်စ်ကပ်စ်ရှိ အီရန်သံရုံးဝင်းကို အစ္စရေးလ်လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရာမှာ အမေရိကန်က ယင်းတို့ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အီရန်ဗိုလ်မှူးချုပ် ၂ ဦးနဲ့ စစ်ရေးအကြံပေးပုဂ္ဂိုလ် ၅ ဦး သေဆုံးခဲ့ပါတယ်။
ဒီအတွက် အမေရိကန်ကို စွပ်စွဲနေတာတွေဟာ အဓိပ္ပာယ်မရှိဘူးလို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောလိုက်ပြီး လက်စားချေတိုက်ခိုက်မှုများကို အမေရိကန်အနေနဲ့ တုန့်ပြန်သွားမယ်လို့ သတိပေးလိုက်ပါတယ်။
အစ္စရေးလ်ဟာ အီရန်နဲ့ စစ်သွေးကြွများနဲ့ နှစ်ရှည်လများ ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိနေရာမှာ အောက်တိုဘာလကစခဲ့တဲ့ ဂါဇာအရေးကြောင့် ပိုမိုပြင်းထန်နေတဲ့အချိန်မှာပဲ ယခုလို သံရုံးတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး တင်းမာမှုပိုမိုမြင့်တက်လာစေပါတယ်။
အမေရိကန်က အစ္စရေးလ်ကို ထောက်ပံ့တဲ့အတွက် အီရန်နောက်ခံပြု စစ်သွေးကြွေတွေက အီရတ်၊ ဆီးရီးယား၊ ဂျော်ဒန်တို့မှာရှိတဲ့ အမေရိကန် စစ်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။
ယခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစ္စရေးလ်ဘက်က ကြိုတင်အသိပေးထားတာမျိုး မရှိဘူးလို့ ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ဆာဘရီနာဆင်းရ်က ဆိုပါတယ်။
တိုက်ခိုက်မှုမတိုင်မီအချိန်လေးက အစ္စရေးလ်ဟာ ဆီးရီးယားမှာ စစ်ရေးလှုပ်ရှားမှု ပြုလုပ်မယ်လို့ အမေရိကန်ကို အသိပေးခဲ့ပေမယ့် နေရာအတိအကျ၊ ပစ်မှတ်တို့ကို သေချာမသိရဘဲ အဆိုပါ အသိပေးချက်က အမေရိကန်အစိုးရဆီ မရောက်ခင်မှာ တိုက်ခိုက်ဖို့ သွားနေပြီဖြစ်တယ်လို့ အရာရှိတစ်ဦးက ပြောပြပါတယ်။
အီရန်သံရုံးမှ ကောင်စစ်ဝန်အဆောက်အအုံ ပျက်စီးသွားပြီး Quds Force အဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့ရတဲ့အတွက် အစ္စရေးလ်ကို လက်တုန့်ပြန်သွားမယ်လို့ အီရန်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
ထိုတိုက်ခိုက်မှုအတွက် အစ္စရေးလ်က ယင်းတို့ပြုလုပ်တယ်လို့ ကြေညာထားခြင်း မရှိပါဘူး။
Source: Reuters
#World_News
#Published_ 03 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 165 of 823