#World_Science
Published 15 September 2024
▪️ လကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၂၀ လောက်တည်းက မီးတောင်များ ပေါက်ကွဲခဲ့ရာ ယခုထက်ထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ သုတေသန တွေ့ရှိလာပါတယ်။
▪️ တရုတ်ရဲ့ ချန်အီ-၅ လကမ္ဘာမစ်ရှင်မှ ရရှိတဲ့ နမူနာများကို ဆန်းစစ်ခဲ့ရာမှာ ယခုလို သုံးသပ်လာတာ ဖြစ်ပါတယ်။
▪️ ယခုနောက်ဆုံး လေ့လာရာမှာ ဖန်သီးလုံးလေးတွေကို တွေ့ရှိတာကြောင့် လကမ္ဘာမှာ မီးတောင်လှုပ်ရှားနေဆဲ ဖြစ်ပေမယ့် သိပ်ပြီးမကျယ်ပြန့်ပါဘူး။
▪️ ချန်အီ-၅ မှ ရရှိတဲ့ လကမ္ဘာနမူနာများထဲမှ ဖန်လုံးငယ်ပေါင်း ၃၀၀၀ ကျော်ကို သုတေသီများ လေ့လာခဲ့ကြပါတယ်။
▪️ ယင်းတို့ရဲ့ ဓာတုဖွဲ့စည်းပုံတွေ၊ ပုံပန်းသွင်ပြင်တွေ၊ ဆာလ်ဖာအိုင်ဆိုတုပ်တွေကို ဆန်းစစ်ခဲ့ပြီး ခွဲခြားခဲ့ပါတယ်။
▪️ ထိုထဲကမှ ဖန်လုံး ၃ ခုကသာ မီးတောင်ကနေ လာတာဖြစ်ပါတယ်။
▪️ ဒီထဲမှာ ပိုတက်ဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ဒါ့အပြင် ကမ္ဘာမြေမှာ ရှားပါးတဲ့ KREEP ဒြပ်စင်တွေ များစွာပါဝင်နေပါတယ်။
▪️ ဒီဒြပ်စင်တွေကြောင့် လပေါ်မှာ မီးတောင်ငယ်များ ဖြစ်ပေါ်လာရပြီး KREEP တွေက ရေဒီယိုသတ္တိကြွအပူတွေ ထုတ်လုပ်ပေးပါတယ်။
▪️ အပူထွက်ပေါ်တဲ့အခါ လကမ္ဘာမြေအပေါ်ယံလွှာမှ ကျောက်တုံးများ အရည်ပျော်ပြီး ကျောက်ရည်ပူအနည်းငယ် မျက်နှာပြင်သို့ ထွက်လာပါတယ်။
▪️ လကမ္ဘာမှာ ပထမဆုံး မီးတောင်ပေါက်ကွဲမှုက လွန်ခဲ့တဲ့နှစ်ပေါင်း ၄.၂ ဘီလီယံလောက်က စတင်ခဲ့ဟန်ရှိပြီး ၃.၈ နဲ့ ၃ ဘီလီယံကြားမှာ အပြင်းထန်ဆုံး ပေါက်ကွဲခဲ့ပါတယ်။
▪️ ဒီနောက် လပေါ်မှာ လှုပ်ရှားမီးတောင်များ မရှိတော့ပေမယ့် မျက်နှာပြင်အောက်မှာတော့ ကျောက်ရည်ပူတွေ ရှိနေနိုင်ပါသေးတယ်။
▪️ ၂၀၂၃ ဩဂုတ်လက လကမ္ဘာပေါ်ရောက်ခဲ့တဲ့ အိန္ဒိယ ချန်ဒရာယန်-၃ မစ်ရှင်မှာလည်း ကျောက်ရည်ပူ တွေ့ရှိတဲ့ အထောက်အထား တွေ့ရပါတယ်။
#Source: WION
#World_Science
Published 15 September 2024
▪️ စားစရာတွေမှာ အသုံးများတဲ့ အဝါရောင်ဆိုးဆေးတစ်မျိုးဟာ အရေပြား၊ တွယ်ဆက်တစ်ရှူးတွေနဲ့ ကြွက်သားတွေကို ယာယီထိုးဖောက်မြင်နိုင်စေတယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
▪️ ကြွက်တစ်ကောင်မှာ သုတေသန ပြုလုပ်ခဲ့တာဖြစ်ပြီး ကြွက်ရဲ့ အတွင်းပိုင်းတွေကို အံ့အားသင့်ဖွယ် မြင်ခဲ့ကြရပါတယ်။
▪️ ဆိုးဆေးကို ကြွက်ရဲ့ဝမ်းဗိုက်မှာ လိမ်းလိုက်တဲ့အခါ အသည်း၊ အူ၊ ဆီးအိမ်တို့ကို ဖောက်ထွင်းမြင်ခဲ့ရပြီး ဦးရေပြားမှာ လိမ်းတဲ့အခါ ဦးနှောက်ထဲက သွေးကြောတွေကို မြင်ခဲ့ရပါတယ်။
▪️ ဆိုးဆေးကို ဖယ်ရှားတဲ့အခါမှာတော့ အရေပြားက ပုံမှန်သဘာဝအရောင် ပြန်ဖြစ်ခဲ့ပါတယ်။
▪️ ဒီနည်းပညာဖြင့် လူသားတွေမှာ သွေးကြောရှာဖွေခြင်း၊ ဒဏ်ရာရှာဖွေခြင်း၊ အကျိတ်ရှာဖွေခြင်းတို့ ပြုလုပ်နိုင်မယ့် အလားအလာ ရှိမယ်လို့ စတန်းဖို့ဒ်တက္ကသိုလ်မှ သုတေသီများ ယူဆနေပါတယ်။
▪️ ကိုယ်တွင်းခွဲစိတ်မှုတွေ ပြုလုပ်မယ့်အစား ဒီနည်းပညာနဲ့ဆိုရင် မနာမကျင်ရဘဲ ရှာဖွေနိုင်တယ်လို့ အကြီးတန်းသုတေသီ ဒေါက်တာ ကောဆောင်ဟောင်က ပြောပါတယ်။
▪️ အလင်းက တစ်ရှူးတွေကို ဖြတ်သန်းတဲ့အခါ အမြှေးပါးတွေရဲ့ ယိုင်ညွှန်းကိန်းအမျိုးမျိုးကြောင့် ပြန့်ကျဲသွားကြပါတယ်။
▪️ ဒီဖြစ်စဉ်က အပြန်အလှန် ဖြစ်နိုင်သလို အကြိမ်ကြိမ်လည်း ပြုလုပ်နိုင်ကာ ဆိုးဆေးကို ဖယ်ရှားလိုက်တာနဲ့ အရေပြားက ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်ပါတယ်။
▪️ ဆေးထိုးအပ်ငယ်များဖြင့် ထိုးသွင်းပါက ဆိုးဆေးကို အတွင်းထဲထိ ရောက်စေနိုင်တယ်လို့ ဒေါက်တာဟောင်က ဆိုပါတယ်။
▪️ ဒီနည်းပညာကို လူသားတွေမှာ မစမ်းသပ်ရသေးသလို ဆိုးဆေးက လူသားတွေအတွက် စိတ်ချမှုရှိဖို့ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
▪️ မြင်းကျားငါးလိုမျိုး သတ္တဝါတွေအပြင် တိရိစ္ဆာန်အမျိုးမျိုးမှာ စမ်းသပ်သွားဦးမှာ ဖြစ်ပါတယ်။
#Source: WION
IFA ဘာလင်(၂၀၂၄) ကမ္ဘာ့ထိပ်တန်းကုန်စည်ပြပွဲ၌ AI စနစ်ပါဝင်သော နည်းပညာမြင့်ကုန်ပစ္စည်းအမျိုးမျိုးပြသ
ကမ္ဘာ့လူသုံးကုန် အီလက်ထရွန်နစ်နဲ့ အိမ်သုံးပစ္စည်းများ ထိပ်တန်းကုန်စည်ပြပွဲဖြစ်တဲ့ IFAဘာလင်၂၀၂၄မှာ တစ်ကမ္ဘာလုံးမှ ကုမ္ပဏီတွေဟာ ခေတ်မီနည်းပညာမြင့် ပစ္စည်းများကို ပြသထားပြီး ဉာဏ်ရည်တု (AI)နဲ့ စိမ်းလန်းရေး နည်းပညာများရဲ့ အခန်းကဏ္ဍနဲ့အတူ ရေရှည်တည်တံ့ ဖွံဖြိုးတိုးတက်မှု ဆောင်ရွက်ကြရန် မီးမောင်းထိုးပြထားပါတယ်။
#World_Event
Published 14 September 2024
#ကမ္ဘာ့ထိပ်တန်းကုန်စည်ပြပွဲ #AIစနစ်ပါဝင်သောနည်းပညာမြင့်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 14 September 2024
၁။ ပုဂံဘုရားများမိုးရေကြောင့် ထပ်မထိခိုက်အောင်နှင့် ထိခိုက်ပျက်စီးခဲ့သည့်ဘုရား(၉)ဆူကို ရှေးမူမပျက်ပြုပြင်နေ
၂။ ရေကြီး၊ ရေလျှံမှုကြောင့် ရှမ်းကုန်တင်ပို့မှုရပ်နားထား၍ ရန်ကုန်၌ဈေးတက်
၃။ အခုရက်ပိုင်းအတွင်းမြစ်ရေများ စိုးရိမ်ရေအမှတ်အထက်ဆက်တက်နိုင်၍ သတိထားရန်လို
၄။ IFA ဘာလင်(၂၀၂၄)ကမ္ဘာ့ထိပ်တန်း ကုန်စည်ပြပွဲ၌ AIစနစ်ပါဝင်သော နည်းပညာမြင့်ကုန်ပစ္စည်းအမျိုးမျိုးပြသ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ချို ပါလော့စ်ဗာဒက်စ်၊ ကာလီဖိုနီးယား ၊ စက်တင်ဘာ ၁၄
သူသာသမ္မတဖြစ်လာပါက အမေရိကန်ပြည်ထောင်စုတွင် ဟေတီလူမျိုးအများစုမှာ တရားဝင်နေထိုင်နေကြသော်လည်း အိုဟိုင်းအိုပြည်နယ် စပရင်းဖီးလ်မြို့တွင်ရှိနေသည့် ရွှေ့ပြောင်းရောက်ရှိလာသော ဟေတီများကို အမြောက်အများ ပြည်နှင်ဒဏ်ပေးပစ်မယ်လို့ အမေရိကန် ရီပတ်ဗလီကန် သမ္မတလောင်း ဒေါ်နယ် ထရမ့်က ပြောကြားလိုက်ပါတယ်။
အဲဒီမှာရှိနေကြတဲ့ ဟေတီလူမျိုးတွေဟာ အိမ်မွေးတိရိစ္ဆာန်တွေကို သတ်စားကြတယ်လို့ ဆိုရှယ်မီဒီယာမှာ ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့တာဖြစ်ပါတယ်။
“အိုဟိုင်းအို စပရင်းဖီးလ်မှာ နေရပ်ကို အကြီးအကျယ်ပြန်ပို့တာကို ကျွန်တော်တို့လုပ်မယ်” လို့ သူ့ရဲ့ ဂေါက်ကွင်းအပန်း ဖြေစခန်းမှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်ကပြောခဲ့တာပါ။
စပရင်းဖီးလ်မှာရှိနေတဲ့ ဟေတီသား ၁၅,၀၀၀ထဲက အများစုဟာ တရားဝင်နေထိုင်ကြတာပါ။ နေရပ်ကို အမြောက်အများ ပြန်ပို့မယ်လို့ ကာလရှည်ကြာ ထရမ့်ရဲ့ ကတိဟာ နိုင်ငံမှာ တရားမဝင်နေထိုင်သူတွေကို ရည်ညွှန်းလေ့ရှိတာဖြစ်ပါတယ်။
“ စပရင်းဖီးလ်မှာ တရားမဝင်ရွှေ့ပြောင်းလာရောက်နေထိုင်သူတွေကို ကျွန်တော်စိတ်ဆိုးတယ်။ ဒါဟာအမှိုက်တွေပဲ။ ဟုတ်တယ်မဟုတ်လား” လို့ သောကြာနေ့က လားဗီဂါးစ်မှာကျင်းပတဲ့ လူထုစည်းရုံးပွဲမှာ ထရမ့်ကပြောခဲ့ပါတယ်။
“ ကျွန်တော်တို့နိုင်ငံထဲကို အလွန်လွယ်ကူစွာနှင့် တရားမဝင်ဘဲ ရောက်လာကြတဲ့ လူ့အရိုင်းအစိုင်း ရာဇဝတ်သား ပြည်ပသားတွေဟာ အမေရိကန်မိန်းမပျိုတွေကို မုဒိမ်းပြုကျင့်ပြီး သတ်ပစ်နေကြတာကို ကျွန်တော်စိတ်ဆိုးတယ်” လို့ ထရမ့်က ဆက်ပြောပါတယ်။
အမေရိကန်နိုင်ငံတစ်လွှားက ဟေတီအသိုက်အဝန်းခေါင်ဆောင်တွေက ထရမ့်ရဲ့မှတ်ချက်စကားဟာ စပရင်ဖီးလ်မှာ အသက်အန္တရာယ်တွေ စိုးရိမ်ရပြီး တင်းမာမှုကို မီးထပ်မွှေးတာလို့ ပြောနေကြပါတယ်။
“ ကျွန်တော်တို့အကူအညီလိုပါတယ်။ အမုန်းတွေ မလိုပါ” လို့ စပရင်းဖီးလ်မြို့တော်ဝန် ရော့ရူးက အေဘီစီသတင်းဌာနကို ပြောပါတယ်။
အိမ်မွေးတိရိစ္ဆာန်တွေသတ်စားတယ်ဆိုတဲ့ မယုံကြည်ရတဲ့ သတင်းတွေရရှိနေတယ်လို့ မြို့ အရာရှိတွေကပြောကြပါတယ်။
ဟေတီဒေသခံတွေကို ပစ်မှတ်ထားတဲ့ မုန်းတီးမှုကြောင့်ဖြစ်တဲ့ ရာဇဝတ်မှုတွေအကြောင်း သတိမထားမိဘူးလို့ မြို့ ပြောရေးဆိုခွင့်ရ ကာရင်ဂရေ့ဗ်ကပြောပါတယ်။ ဒါပေမယ့် အချို့မှာ ခိုးမှုလို အခွင့်အရေး အသုံးချ ရာဇဝတ်မှုအချို့မှာ သားကောင်ဖြစ်ရသူတွေတော့ရှိတယ်လို့သူမကပြောပါတယ်။
သောကြာနေ့ကတော့ စပရင်းဖီးလ်မှာ ဗုံးဖောက်ခွဲမယ်ဆိုတဲ့ အမည်မသိ ခြိမ်းခြောက်မှုတွေကြောင့် မူလတန်းကျောင်း နှစ်ကျောင်းက ကလေးတွေကိုကယ်ထုတ်ခဲ့ရပြီး အလယ်တန်းကျောင်းတစ်ကျောင်းကို ပိတ်ပစ်ခဲ့ရပါတယ်။
ဘိုင်ဒင်အစိုးရဟာ အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ ဟေတီသား ထောင်ပေါင်းများစွာကို ထုတ်ပေးထားတဲ့ ယာယီအကာအကွယ်ပေးတဲ့ အဆင့်အတန်းကို သက်တမ်းတိုးခဲ့ပါတယ်။ အဲဒီအစီအစဉ်ဟာ တရားဝင်ရွှေ့ပြောင်း နေထိုင်လာကြသူများ နေရပ်ပြန်ပို့ပေးကို ကာကွယ်ပေးပြီး အလုပ်လုပ်ခွင့်လည်းပေးထားပါတယ်။ ဂိုဏ်း စစ်ပွဲတွေကြောင့် ဟေတီမှာ လူငါးသောင်းခန့်ဟာ နေရပ်ရွှေ့ပြောင်းခံခဲ့ကြရပြီး လူငါးသန်းခန့်ဟာ စားနပ်ရိက္ခာမပြည့်စုံမှုနှင့် ကြုံတွေ့နေကြရပါတယ်။
Source Reuters
#World_News
Published 14 September 2024
▪️ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ရုရှားလုံခြုံရေးထိပ်သီးအရာရှိ ဆာဂျေးရွှိုင်ဂူတို့ တွေ့ဆုံခဲ့ကြကာ နှစ်နိုင်ငံကြား ဗျူဟာမြောက် ပူးပေါင်းရန်ကိစ္စကို ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ကြတယ်လို့ မြောက်ကိုရီးယား သတင်းဌာန KCNA က စနေနေ့မှာ ဖော်ပြလိုက်ပါတယ်။
▪️ နှစ်ဦးစလုံးက ဒေသတွင်းနဲ့ နိုင်ငံတကာ အခြေအနေများအကြောင်း ရှုမြင်ပုံတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖလှယ်ခဲ့ကာ လုံခြုံရေးအကျိုးစီးပွား အပြန်အလှန် ကာကွယ်ကြရန်အတွက် ပိုမိုပူးပေါင်းဆောင်ရွက်ခြင်း အပါအဝင် အခြားကိစ္စရပ်များမှာလည်း ကျေနပ်လောက်တဲ့ ဘုံသဘောတူညီချက်များ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
▪️ နှစ်နိုင်ငံကြား ဗျူဟာမြောက် မိတ်ဖက်ရေးလမ်းစဉ်အတိုင်း တိုးမြှင့်ပူးပေါင်းရေးကို ဆက်လက်ချဲ့ထွင်သွားမယ်လို့ ကင်မ်ဂျုံအန်းက ပြောပါတယ်။
▪️ အမေရိကန်နဲ့ ယူကရိန်းတို့အပြင် ဘက်မလိုက်သော ဆန်းစစ်သူများကလည်း မြောက်ကိုရီးယားဟာ ရုရှားထံမှ စီးပွားရေးနဲ့ အခြားစစ်ရေး ထောက်ပံ့မှုများ ရယူဖို့ အပြန်အလှန်အနေနဲ့ ယူကရိန်းကို ရုရှားကျူးကျော်ရာမှာ ဒုံးကျည်တွေ ထောက်ပံ့ကူညီနေတယ်လို့ ဆိုကြပါတယ်။
▪️ နှစ်နိုင်ငံစလုံးက ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ထားပေမယ့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကတိပြုလိုက်ကြပြီးနဲ့ ဇွန်လက ထိပ်သီးအစည်းအဝေးတစ်ခုမှာ ဗျူဟာမြောက်မိတ်ဖက်ရေးတစ်ခု သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
▪️ ယခင်က ရုရှားကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့တဲ့ ရွှိုင်ဂူက အခုအခါ လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဖြစ်လာပြီး ယမန်နှစ် ဇူလိုင်လက မြောက်ကိုရီးယားသို့ သွားရောက်ကာ နှစ်နိုင်ငံကြား ဆက်ဆံရေးနီးစပ်လာတဲ့ သဘောကို ပြသခဲ့ပါတယ်။
▪️ ထိုအချိန်တုန်းက ကင်မ်ဂျုံအန်းနဲ့ တူယှဉ်တွဲ တွေ့ဆုံသွားလာခဲ့ပြီး မြောက်ကိုရီးယား စစ်ရေးအခင်းအကျင်းများကို ကြည့်ရှုခဲ့ကာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း မြောက်ကိုရီးယားသို့ ရောက်လာတဲ့ ပထမဆုံး ရုရှားထိပ်သီးကာကွယ်ရေးအရာရှိ ဖြစ်ခဲ့ပါတယ်။
#Source: Reuters
#World_Health
Published 14 September 2024
▪️ အရပ်ရှည်တဲ့သူတွေက ကင်ဆာဖြစ်နိုင်ခြေ အနည်းငယ် ပိုများတယ်လို့ ကမ္ဘာ့ကင်ဆာသုတေသန ရန်ပုံငွေအဖွဲ့က ဖော်ပြလိုက်ကာ ပန်ကရိယ၊ အူမကြီး၊ သားအိမ်၊ မျိုးဥအိမ်၊ ဆီးကျိတ်၊ ကျောက်ကပ်၊ အရေပြား၊ ရင်သားကင်ဆာတို့ ပိုဖြစ်တတ်ကြတဲ့ အထောက်အထားတွေ ရှိတယ်လို့ ဆိုပါတယ်။
▪️ အရပ်အမြင့် ၁၀ စင်တီမီတာ ပိုရှည်လာတိုင်း ကင်ဆာဖြစ်နိုင်ခြေ ၁၆ ရာခိုင်နှုန်း ပိုများလာတယ်လို့ တွေ့ရှိထားပါတယ်။
▪️ နောက်ထပ်လေ့လာချက် တစ်ခုမှာ ကင်ဆာ ၂၃ မျိုးထဲက ၂၂ မျိုးဟာ အရပ်ပိုရှည်သူတွေမှာ ပိုအဖြစ်များနေပါတယ်။
▪️ ဘာကြောင့် အရပ်ရှည်ခြင်းနဲ့ ကင်ဆာဖြစ်နိုင်ခြေ များခြင်းတို့ ဆက်စပ်နေရတဲ့ အကြောင်းအရင်းကို သေချာမသိရသေးပေမယ့် သိပ္ပံပညာရှင်တွေ ယူဆချက်အများအပြား တင်ပြလာကြပါတယ်။
▪️ အများစုကတော့ ဆဲလ်တစ်ခုက ဆဲလ်အသစ်တွေ ဖြစ်လာအောင် ကွဲတဲ့အခါမှာ မျိုးဗီဇထိခိုက်မှုများ တဖြည်းဖြည်းစုလာကာ ကင်ဆာဖြစ်လာရတယ်လို့ ယူဆနေကြပါတယ်။
▪️ IGF-1 ဟော်မုန်းက ကလေးဘဝမှာ ကြီးထွားမှုကို အားပေးပြီး လူကြီးဘဝမှာ ဆဲလ်ကွဲပြားစေပါတယ်။
▪️ ဆဲလ်များ ပျက်စီးသွားတဲ့အခါ အစားထိုးဖို့ ဆဲလ်အသစ်တွေ အမြဲလိုအပ်ပါတယ်။
ဒါပေမဲ့ IGF-1 အလွန်များသွားတဲ့အခါ အန္တရာယ်ဖြစ်နိုင်ပြီး ရင်သားနဲ့ ဆီးကျိတ်ကင်ဆာများ ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ ဒါကြောင့် ဆဲလ်များပြားခြင်းနဲ့ IGF-1 များပြားခြင်းတို့က အရပ်ရှည်သူတွေမှာ ကင်ဆာဖြစ်နိုင်ခြေ ပိုများစေတဲ့ အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။
▪️ ဒီအတွက် ကင်ဆာဖြစ်နိုင်ခြေ လျှော့ချဖို့အတွက်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ကိုယ်အလေးချိန် ကောင်းစွာထိန်းသိမ်းခြင်း၊ အရက်သေစာ ထိန်းချုပ်ရှောင်ရှားခြင်း၊ ဆေးလိပ်ရှောင်ရှားခြင်းတို့ ပြုလုပ်သင့်သလို ကင်ဆာစစ်ဆေးခြင်းများလည်း ပြုလုပ်သင့်တယ်လို့ သုတေသီများ အကြံပြုသွားပါတယ်။
#Source: India Today
Page 168 of 940