#World_News
Published 26 March 2024
အစ္စရေးလ်နဲ့ ပါလက်စ်တိုင်း စစ်သွေးကြွ ဟားမတ်စ်တို့ကြား ချက်ချင်းအပစ်အခတ် ရပ်စဲရေးကို တောင်းဆိုထားတဲ့ ဖြေရှင်းဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တနင်္လာနေ့မှာ အတည်ပြုလိုက်ပြီး အမေရိကန်ကတော့ ကြားနေမဲသာ ပေးခဲ့ကာ ယင်းရဲ့မဟာမိတ် အစ္စရေးလ်နဲ့ ကတောက်ကဆ ဖြစ်ခဲ့ရပါတယ်။
ကျန်တဲ့ကောင်စီအဖွဲ့ဝင် ၁၄ နိုင်ငံက ထိုဖြေရှင်းဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ပြီး ဓားစာခံအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေးလည်း တောင်းဆိုချက်ထဲမှာ ပါဝင်ပါတယ်။
ဖြေရှင်းဆုံးဖြတ်ချက်ကို မဖြစ်မနေ အသက်သွင်းရမှာဖြစ်ပြီး အသုံးမချနိုင်တာမျိုး လက်မခံနိုင်ဘူးလို့ ကုလအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဆိုရှယ်မီဒီယာမှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်မှ ဗီတိုအာဏာမသုံးလိုက်ခြင်းကြောင့် ယခင်ရပ်တည်ချက်ကနေ နောက်ဆုတ်သွားတယ်ဆိုတာ ရှင်းလင်းနေပြီး အစ္စရေးလ်တို့ရဲ့ စစ်ရေးအားထုတ်မှုတွေနဲ့ ဓားစာခံလွတ်မြောက်ရေး ကြိုးပမ်းမှုများကို ထိခိုက်စေတယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက ပြောပြပါတယ်။
ကုလသမဂ္ဂမှ မဲခွဲဆုံးဖြတ်ပြီးနောက် ဂါဇာတောင်ပိုင်းမြို့ရာဖာမှာ ပြုလုပ်မယ့် စစ်ဆင်ရေးအကြောင်း ဆွေးနွေးသွားမယ့် အမေရိကန်ခရီးစဥ်ကို အစ္စရေးလ်ဝန်ကြီးချုပ်က ပယ်ဖျက်လိုက်ပါတယ်။
ဂါဇာစစ်ပွဲ ၆ လနီးပါးကြာမြင့်လာချိန်မှာ အမေရိကန်က ဗီတိုအာဏာဖြင့် အစ္စရေးလ်လက်စားချေနိုင်ဖို့ကို ကာကွယ်ပေးနေခဲ့ပါတယ်။
ဒါပေမဲ့ ပါလက်စ်တိုင်းဘက်မှ လူပေါင်း ၃၂၀၀၀ ကျော်သေဆုံးထားကြောင်း ပါလက်စ်တိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်ကြားလာကာ စစ်ပွဲပြေငြိမ်းရန် နိုင်ငံတကာမှ ဖိအားပေးလာပြီးနောက် အမေရိကန်က ကြားနေမဲပေးခဲ့ကာ လုံခြုံရေးကောင်စီရဲ့ ချက်ချင်းအပစ်အခတ် ရပ်စဲရေးတောင်းဆိုချက်ကို ခွင့်ပြုခဲ့ရပါတယ်။
ဟားမတ်စ်တို့က ကုလဆုံးဖြတ်ချက်ကို လက်ခံကြိုဆိုလိုက်ပြီး နှစ်ဖက်စလုံးမှ အကျဥ်းသားလဲလှယ်ရေး အသင့်ပြင်ဆင်ထားကြောင်း ဖော်ပြသွားပါတယ်။
အမေရိကန်အနေနဲ့ ဆုံးဖြတ်ချက်ထဲက အချို့အရာများကို ထောက်ခံပေမယ့် အရာအားလုံးကို သဘောတူတာတော့ မဟုတ်ကြောင်း၊ ဓားစာခံအရင်လွှတ်ပေးပြီး အပစ်အခတ်ရပ်စဲရေး စတင်နိုင်ကြောင်း၊ ဒီလိုလုပ်ဖို့ ဟားမတ်စ်တို့ကို ဖိအားပေးသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ပြောပါတယ်။
ရာဖာမှာရှိနေတဲ့ စစ်ဘေးရှောင် ပါလက်စ်တိုင်းတွေကတော့ အပစ်အခတ်ရပ်စဲရေး ချက်ချင်းအသက်သွင်းပေးဖို့ မျှော်လင့်နေကြပါတယ်။
#World_News #ကုလသမဂ္ဂလုံခြုံရေးကောင်စီ #မဲခွဲအတည်ပြု #Source: Reuters
Published 26 March 2024
တစ်နေ့ကို စားသောက်ချိန် အပိုင်းအခြားကာလ ၈ နာရီအောက်ရှိသူတွေဟာ နှလုံးရောဂါတစ်ခုခုဖြင့် သေဆုံးနိုင်ခြေ ပိုမိုများပြားကြောင်း လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
မတ်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ချီကာဂိုမှာ တင်ပြခဲ့တဲ့ သုတေသနထဲမှာ စားသောက်ချိန်ကို အပိုင်းအခြားကာလ နည်းနည်းဖြင့် စားသောက်သူတွေဟာ တစ်နေ့ကို ၁၂ နာရီကာလအတွင်း စားသုံးသူတွေထက် နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေ ပိုများနေပါတယ်။
အစားစားချိန် ကန့်သတ်ခြင်းပုံစံက တစ်နေ့အတွင်း စားသောက်ချိန်ကို ၄ နာရီမှ ၁၂ နာရီအတွင်းသာ ထားရှိတာ ဖြစ်ပါတယ်။
ထိုလူအများစုဟာ တစ်နေ့ကို ၈ နာရီကာလအတွင်းသာ စားသုံးကြပြီး ကျန်တဲ့ ၁၆ နာရီမှာ အစားမစားကြပါဘူး။
ထိုသို့စားသုံးခြင်းက နှလုံးနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးဖြစ်စဥ်တွေ တိုးတက်စေတယ်လို့ ယခင်လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။
ကိုယ်အလေးချိန်ကျစေပြီး နှလုံးကျန်းမာရေး တိုးတက်စေကြောင်း ရှန်ဟိုင်းကျဲ့တုန်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဗစ်တာဝမ်ကျိကျောင်က ပြုစုရေးသားထားပါတယ်။
ယခုတွေ့ရှိချက်မှာတော့ တစ်နေ့ကို စားသောက်ချိန် ၈ နာရီကာလအတွင်း စားသုံးသူတွေဟာ နှလုံးရောဂါတွေကနေ သေဆုံးနိုင်ခြေ ၉၁ ရာခိုင်နှုန်း ပိုများနေပါတယ်။
ဒီလိုမျိုး အချိန်ကန့်သတ်စားသုံးခြင်းဖြင့် အကြောင်းတစ်စုံတစ်ရာကြောင့် အသက်သေဆုံးနိုင်ခြေကို လျှော့ချမပေးပါဘူး။
စားသုံးချိန်ကန့်သတ်ခြင်းက လတ်တလော လူပြောများနေပေမယ့် ပိုမိုကျန်းမာအသက်ရှည်စေတာတော့ မဟုတ်ဘူးလို့ ဝမ်ကျိကျောင်က ဆိုပါတယ်။
ပါဝင်စမ်းသပ်ခံသူတွေကို ၈ နှစ်ကနေ ၁၇ နှစ်လောက်အထိ လိုက်လံဆန်းစစ်ထားတာ ဖြစ်ပါတယ်။
သို့ပေမယ့် အချက်အလက်အများစုက ကိုယ်တိုင်တင်ပြထားတာကြောင့် ယုံကြည်စိတ်ချရမှုအပိုင်းမှာ စဥ်းစားစရာရှိပါတယ်။
ထိုသို့စားသုံးခြင်းပုံစံက ရေတိုမှာ အကျိုးရှိပေမယ့် ရေရှည်မှာတော့ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။
ဒီအကြောင်းကို နောက်ထပ်လေ့လာမှုများ ပြုလုပ်သွားဖို့ စတန်းဖို့ဒ်တက္ကသိုလ်မှ ဒေါက်တာ ခရစ္စတိုဖာဂါ့ဒ်နာက အလေးပေးဖော်ပြသွားပါတယ်။
Source: India Today.
#World_Health
#Published_ 26 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 26 March 2024
သိပ္ပံပညာရှင်တွေဟာ ရောဂါကူးစက်ထားတဲ့ ဆဲလ်များမှ HIV ကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ပြီး ရောဂါကုသမှု ရရှိရန် မျှော်လင့်ချက် တိုးလာပြီဖြစ်ပါတယ်။
အမ်စတာဒမ် UMC မှ အဖွဲ့ဟာ မျိုးဗီဇပြုပြင်ခြင်းနည်းပညာကို အသုံးပြုပြီး ဓာတ်ခွဲခန်းထဲမှာ ဆဲလ်တွေထဲက ဗိုင်းရပ်စ်အစအနအားလုံးကို ဖယ်ရှားနိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
နယ်သာလန်သုတေသီအဖွဲ့က မျိုးဗီဇပြုပြင်ခြင်းနည်းပညာဖြင့် တိရိစ္ဆာန်တွေ၊ အပင်တွေ၊ အဏုဇီဝပိုးမွှားတွေရဲ့ ဒီအင်န်အေကို အလွန်တိကျစွာ ပြောင်းလဲနိုင်ပါတယ်။
ဒီအင်န်အေမှာ လိုချင်တဲ့နေရာကို အတိအကျဖြတ်တောက်ပြီး ဆဲလ်တွေမှာ HIV ကူးစက်ခြင်းကို လုံးဝဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်က ဒီအင်န်အေထဲမှာ အသေအချာ တွယ်ဝင်နေတာကြောင့် HIV ဟာ ကုသရ အလွန်ခက်ခဲပါတယ်။
အမျိုးမျိုးသော ဆဲလ်တွေထဲက HIV မျိုးကွဲတွေအားလုံးကို ဖျက်ဆီးနိုင်အောင် ဘေးကင်းစိတ်ချရတဲ့ နည်းလမ်းဖြစ်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြထားပါတယ်။
ဗိုင်းရပ်စ်ကို ဒီလိုမျိုး လက်တွေ့ဖျက်ဆီးဖို့အတွက် နောက်ထပ်သုတေသနများ ပြုလုပ်ရန် လိုအပ်သေးတယ်လို့ သိပ္ပံပညာရှင်များ သတိပေးထားပါတယ်။
နောက်ထပ်ဦးတည်ချက်ကတော့ ဗိုင်းရပ်စ်မကူးစက်တဲ့ဆဲလ်တွေကို မထိစေဘဲ HIV ကူးစက်ထားတဲ့ ဆဲလ်တွေကိုသာ ပစ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒီနည်းပညာက အောင်မြင်နိုင်ခြေရှိပေမယ့် ရေရှည်ကုသရာမှာတော့ ပိုးသတ်ဆေးတွေ လိုအပ်နိုင်ပါသေးတယ်။
Source: New York Post.
#World_Health
#Published_ 26 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကာကွယ်ရေးမူဝါဒများ၊ ယူကရိန်းထောက်ပံ့ရေးများ အပါအဝင် အရေးကြီးကိစ္စရပ်များအကြောင်းကို ကြာသပတေးနေ့က ဘရူဆဲလ်မှာ စတင်ပြုလုပ်လိုက်တဲ့ ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးမှာ ဥရောပနိုင်ငံ ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြပါတယ်။
#World_Politics
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 25 March 2024
၁။ ရန်ကုန်မှပုဂံ၊ မော်လမြိုင်၊ ကျိုက်ထီးရိုး၊ မန္တလေးမီးရထားခရီးစဉ်များ ပုံမှန်ထွက်နေ
၂။ အခြေခံစားသောက်ကုန် လှိုင်လှိုင်ထွက်ချိန် ဘုရင့်နောင်ဈေးကွက်သို့ ကုန်အဝင်များပြီး ဈေးနှုန်းများကျဆင်း
၃။ ရေသွင်းမိုးကြိုနှမ်းစိုက်ပျိုးသည့် တောင်သူများအတွက် တောင်သူတစ်ဦးလျှင် ချေးငွေ ကျပ် ၃သိန်းစီ ထုတ်ပေး
၄။ ဥရောပကာကွယ်ရေးမူဝါဒများနှင့် ယူကရိန်းထောက်ပံ့ကူညီရေးတို့အကြောင်း ဥရောပသမဂ္ဂအစည်းအဝေးတွင် အလေးပေးဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 25 March 2024
မော်စကိုဖျော်ဖြေပွဲတစ်ခုမှာ လူ ၁၃၀ ကျော်သေစေခဲ့တဲ့ တိုက်ခိုက်မှုကို ကျူးလွန်တဲ့ တရားခံ ၄ ဦးထဲက ၃ ဦးဟာ အပြစ်ရှိကြောင်း ရုရှားတရားရုံးတစ်ခုမှာ တနင်္ဂနွေနေ့က ဝန်ခံခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ် ဒယ်လာ့ဇွန်မာဇိုယက်ဗ်၊ အသက် ၃၀ အရွယ် ဆိုင်ဒါခရမ်မီရေချာဘယ်လီဇိုဒါ၊ အသက် ၁၉ နှစ်အရွယ် မူခမ်မက်ဒ်ဆိုဘီယာဖိုင်ဇော့၊ အသက် ၂၅ နှစ်အရွယ် ရှမ်ဆိုင်ဒင်ဖာရီဒူနီတို့ဟာ တစ်ပါးသူသေဆုံးစေတဲ့ အဖွဲ့လိုက် အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ခဲ့ကြောင်း မော်စကို ဘက်စ်မာနီခရိုင်တရားရုံးမှ တရားစွဲလိုက်ပါတယ်။
ထိုပြစ်မှုဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း အများဆုံး ကျခံရနိုင်ပြီး အဆိုပါ တာဂျစ်ကစ္စတန်နိုင်ငံသား တရားခံ ၄ ဦးစလုံးကို မေလ ၂၂ ရက်နေ့ တရားရုံးမတက်ခင်အထိ ထိန်းသိမ်းထားရန် တရားရုံးက အမိန့်ချခဲ့ပါတယ်။
တရားခံ ၃ ဦးဟာ ဒဏ်ရာဒဏ်ချက်များဖြင့် တရားရုံးသို့ ရောက်ရှိခဲ့ပြီး လုံခြုံရေးဝန်ထမ်းများက စစ်ဆေးမေးမြန်းစဥ် နှိပ်စက်ခံခဲ့ရတယ်လို့ သတင်းထွက်နေပါတယ်။
၄ ဦးမြောက်တရားခံကိုတော့ ဆေးရုံကနေ တရားရုံးသို့ ခေါ်ဆောင်လာကာ မျက်လုံးများကို ဖုံးအုပ်ထားပါတယ်။
တရားရုံးမှာ ကြားနေစဥ် ဆရာဝန်များ အနားမှာ စောင့်ဆိုင်းနေရပြီး ပြတ်ရှဒဏ်ရာအများအပြား တွေ့ရှိရပါတယ်။
တရားခံတစ်ဦးကတော့ စစ်ဆေးမေးမြန်းစဥ် နားရွက်တစ်ဖက် ဖြတ်ခံခဲ့ရတယ်လို့ ရုရှားမီဒီယာများ စနေနေ့က ဖော်ပြခဲ့ပါတယ်။
အစ္စလာမ်အကြမ်းဖက်အဖွဲ့ (IS)မှ ထိုတိုက်ခိုက်မှုကို ပြုလုပ်တာလို့ ကြေညာထားပြီး ရုရှားမြေပေါ်မှာ အသေအပျောက်အများဆုံး ဖြစ်ရပ်ဖြစ်နေပါတယ်။
ရုရှားအာဏာပိုင်များက စနေနေ့မှာ တိုက်ခိုက်မှု ကျူးလွန်သူလို့ သံသယရှိသူ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး နောက်ထပ် ၇ ဦးကိုတော့ ပါဝင်ပတ်သက်မှု သံသယရှိတယ်ဆိုပြီး ထိန်းသိမ်းထားပါတယ်။
အဆိုပါသံသယရှိသူတွေ ယူကရိန်းဘက်သို့ ထွက်ပြေးစဥ် ဖမ်းမိခဲ့တာဖြစ်တယ်လို့ ရုရှားသမ္မတပူတင်က ဆိုလိုက်ပါတယ်။
ပျောက်ဆုံးနေဆဲလူတွေ ရှိနေသေးပြီး ရုရှားမှာ တနင်္ဂနွေနေ့ကို နိုင်ငံတော်ပူဆွေးဝမ်းနည်းခြင်းနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။
Source: South China Morning Post
#World_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 25 March 2024
ယနေ့ခေတ် နောက်ဆုံးလူငယ်မျိုးဆက် ဂျန်ဇီတွေရဲ့ နေပုံထိုင်ပုံ၊ ပြုမူပုံ၊ စားသောက်ပုံ၊ သဘောထား၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုတို့နဲ့ ပတ်သက်ပြီး ရှေ့မျိုးဆက်များနဲ့ ကွဲပြားနေကြပါတယ်။
၁၉၉၅ မှ ၂၀၀၈ ခုနှစ်အတွင်း မွေးဖွားခဲ့တဲ့ ဂျန်ဇီ ၅၉ ရာခိုင်နှုန်းလောက်က မေတ္တာရေးရာကိစ္စမျာ သာမန်တိုင်းမဟုတ်ဘဲ ပွင့်လင်းတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။
မကြာသေးမီက စစ်တမ်းကောက်ယူချက်အရ ဂျန်ဇီ ၂၈ ရာခိုင်နှုန်းလောက်ဟာ လိင်တူချစ်သူ အသိုင်းအဝိုင်းမှာ ပါဝင်နေတယ်လို့ ယူဆရပါတယ်။
ဒီအတွက် ပလူတိုဂြိုဟ်နဲ့ ဓနုရာသီခွင် တိုက်ဆိုင်နေတာကို အကြောင်းအရင်းလို့ ဖော်ပြလာပါတယ်။
ပလူတိုဆိုတာဟာ ငရဲကမ္ဘာမှ နတ်ဘုရားနာမည်ကို အစွဲပြုထားတာဖြစ်ပြီး လိင်ကိစ္စ၊ သေခြင်းတရား၊ ပြစ်ဒဏ်စီရင်ခြင်းတို့နဲ့ ပတ်သက်နေပါတယ်။
ဂျန်ဇီတွေက သူတို့ရဲ့အသံတွေကို လူတွေသိအောင် ပိုမိုပြုလုပ်လာကြပြီး ပလူတိုလာနေပြီဆိုတဲ့ ပုံစံအတိုင်း မြင်တွေ့နေရပါတယ်။
ပလူတိုက အသစ်ကိုတည်ဆောက်ဖို့အတွက် အဟောင်းကို ဖြိုဖျက်ရတဲ့ သဘောသက်ရောက်ပါတယ်။
ဒါ့အပြင် ပလူတိုက ဖျက်ဆီးခြင်းနဲ့ ဖန်တီးခြင်း ဟိန္ဒူနတ်ဘုရား ရှီဗာ၊ ကိလေသာနဲ့ ဓာတ်ပြောင်းလဲခြင်း နတ်ဘုရားမများဖြစ်တဲ့ ကာလီ၊ ရှက်ခ်တီတို့နဲ့လည်း ဆက်စပ်နေပါတယ်။
ဓနုရာသီခွင်က အကောင်းမြင်တတ်ခြင်း၊ စွန့်စားခြင်း၊ စိတ်ကူးခြင်း၊ ပုန်ကန်ခြင်း၊ အမှန်တရားနဲ့ ချစ်ခြင်းမေတ္တာ လိုက်စားခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
ဂျန်ဇီတွေအပေါ် ပလူတိုရဲ့ သက်ရောက်မှုက အခြားမျိုးဆက်တွေထဲမှာ အများဆုံးလူဦးရေ ဖြစ်နေပြီး ကမ္ဘာ့လူဦးရေရဲ့ ၃၂ ရာခိုင်နှုန်း ရှိနေပါတယ်။
ပလူတိုရဲ့ သဘောတရားက သူနဲ့ထိတွေ့သမျှအားလုံးကို အစွန်းတစ်ဖက်ဖက် ရောက်စေပြီး ဒါကြောင့်ပဲ ဂျန်ဇီအများစုဟာ လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် ပွင့်လင်းလာကြတာ ဖြစ်နိုင်ပါတယ်။
Source: New York Post.
#World_Astrology
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 172 of 824